ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး တွဲရေးလော …. ခွဲရေးလော

ငြိမ်းချမ်းရေး

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မှာ ဇာစ်မြစ် (Root) နှစ်ရပ်ကြောင့် ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ အိုင်ဒီအိုလိုဂျီဇာစ်မြစ်နှင့် ဖက်ဒရယ်ဇာစ်မြစ် တို့ ဖြစ်ပါသည်။ ‘အိုင်ဒီအိုလိုဂျီ ဇာစ်မြစ်’ မှာ ကမ္ဘာ့နိုင်ငံရေး (တစ်နည်း) စစ်အေးနှင့် ဆက်စပ်နေသည်။ ‘တိုင်းပြည်သစ်ကို မည်သည့်စနစ်ဖြင့် ထူထောင်ကြမည်နည်း’ ဆိုသောပြဿနာကို ဒီမိုကရေစီဘောင် အတွင်း မဖြေရှင်းနိုင်ရာမှ လက်နက်ကိုင်တိုက်ပွဲအဖြစ် ပေါက်ကွဲလျှံကျ လာခြင်းဖြစ်သည်။ စစ်အေးတိုက်ပွဲ မဆုံးသေးမီမှာပင် အိုင်ဒီအိုလိုဂျီ အခြေခံသော လက်နက်ကိုင်အင်အားစုများမှာ တဖြည်းဖြည်း ပွန်းပြတ်ပြတ်သွားခဲ့ကြသည်။ ကမ္ဘာပေါ်တွင် စစ်အေးတိုက်ပွဲ ပြီးသွားသည်မှာလည်း အနှစ် (၃၀) တိုင်ခဲ့ပြီဖြစ်ရာ အဆိုပါ အိုင်ဒီအိုလိုဂျီ ဇာစ်မြစ်မှာ ပွဲပြီးသလောက် ဖြစ်နေပါပြီ။

ယခုထက်တိုင် ဖြေရှင်းလို့မရသေးသည်မှာ ‘ဖက်ဒရယ်ဇာစ်မြစ်’ ပင်ဖြစ်သည်။ ၁၉၄၇ ပင်လုံစာချုပ်ပါ ကတိကဝတ်များကို ပင်လုံ စိတ်ဓာတ်ဖြင့် ‘တိုင်းပြည်တည်ဆောက်ရေး’ (Nation Building) မလုပ်နိုင်ရာမှ ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခမှာ ယခုဆိုလျှင် (၇၁) နှစ် ကျော်ခဲ့ပြီဖြစ်သည်။ ဤသို့ နှစ်ပေါင်းများစွာ စစ်ဖြစ်နေခဲ့ရာ ‘စစ်ဘောင်’ မှာ ကျယ်သထက် ကျယ်လာပြီး ‘ဒီမိုကရေစီဘောင်’ မှာ တဖြည်းဖြည်း ကျဉ်းကျုံ့လာခဲ့ရသည်။ သည်လိုနှင့် နောက်ဆုံး တည်ဆောက်ဆဲ ဒီမိုကရေစီစနစ်မှာ ဆယ်နှစ်သာသာ သာခံပြီး မြန်မာနိုင်ငံမှာ ‘စစ်ဘက်အာဏာပိုင်စနစ်’ အောက် ကျရောက်သွားခဲ့ရတော့သည်။

အကျိုးဆက်ကား လာခြင်းကောင်းသော တပ်မတော်နှင့် ပြည်သူလူထုကြား သံသယအစိုင်အခဲများ ကြီးမားဖြစ်တည်လာခြင်းပင် ဖြစ်သည်။ တစ်နည်းဆိုရလျှင် ‘အရပ်ဘက် စစ်ဘက်ဆက်ဆံရေး’ ယိုယွင်းလာခြင်း ဖြစ်ပါသည်။ ဤသည်ပင် မြန်မာ့ဒီမိုကရေစီရေး၏

‘ဆုံချက်’ ဖြစ်တော့သည်။

ဒီမိုကရေစီရေး

မျက်မှောက်ခေတ်သမိုင်းပညာရှင်များက စစ်အေးတိုက်ပွဲအတွက် အတိတ်ကာလ ၁၉၆၀ တစ်ဝိုက်ကို ‘စစ်ဘောင်သွင်းသော နိုင်ငံရေး’ (Militariation of Politics) ဟု သတ်မှတ်ကြသည်။ ဤကာလအတွင်း မြန်မာနိုင်ငံတွင် စစ်ဘက်မှ အာဏာသိမ်းသည်။ ၁၉၆၂ မတ်လ ၂ ရက်။ အလားတူ စစ်အေးတိုက်ပွဲအပြီးကာလ ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ နောက်ပိုင်းကိုမူ ‘စစ်ဘောင်လျှော့သော နိုင်ငံရေး’ (De-militarization of Politics) ဟု သတ်မှတ်ကြသည်။ ဤကာလအတွင်းမှာပင် ‘၂၀၀၈ အခြေခံဥပဒေ’ ဖြင့် ‘၂၀၁၀ ရွေးကောက်ပွဲ’ ကို ကျင်းပပေးခဲ့သည်။

တပ်တော်အစိုးရက ဦးဆောင်ရေးဆွဲပေးခဲ့သော ၂၀၀၈ အခြေခံဥပဒေတွင် အောက်ပါသံသယများ ရှိလိမ့်မည်ဟု မှန်းဆရသည်။

၁။        လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေဆဲ လူမျိုးစုလက်နက်ကိုင်အဖွဲ့များ၊

၂။        အဆိုပါအဖွဲ့များနှင့် တရားဝင်မှတ်ပုံတင်ထားသော လူမျိုးစုပါတီများ၏ ဆက်ဆံရေး၊

၃။        မြေပြန့်အခြေစိုက်အင်အားကြီးပါတီတစ်ခုနှင့် လူမျိုးစုပါတီများ၏ ဆက်ဆံရေး၊

၎။        ဆိုခဲ့ပါ ပြည်တွင်းပါတီများနှင့် ပြည်ပအစိုးရများ၏ ဆက်ဆံရေး။

အဆိုပါ သံသယများကြောင့်ပင် ‘အမျိုးသား နိုင်ငံရေး ဦးဆောင်မှုတွင် တပ်မတော်ပါဝင်ရေး’ ဆိုသည်ကို ၂၀၀၈ အခြေခံဥပဒေတွင် တရားဝင်ထည့်ထားခြင်း ဖြစ်နိုင်သည်။

သို့အတွက် ၂၀၀၈ အခြေခံဥပဒေမှာ ဒီမိုကရက်တိုင်ဇေးရှင်းအတွက် ‘အဖွင့်ကျားကွက်’ ဖြစ်ခဲ့သော်လည်း ဤဥပဒေကို မပြင်ဘဲနှင့်တော့ ဒီမိုကရေစီအပြည့်အဝရဖို့ မဖြစ်နိုင်ပါ။ ပြည်တွင်းငြိမ်းချမ်းရေးရဖို့လည်း မလွယ်ပါ။

တွဲရေးလော၊ ခွဲရေးလော

ပကတိအရှိ

၁။        မြန်မာ့တပ်မတော်မှာ အရှေ့တောင်အာရှတွင် ဗီယက်နမ် ပြီးလျှင် ဒုတိယအကြီးဆုံး ဖြစ်သည်။

၂။        မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (ယခုလောလောဆယ်) ၂၁ ဖွဲ့ ရှိသည်။

၃။        တပ်မတော်ရော၊ လက်နက်ကိုင်အဖွဲ့များပါ ဖွဲ့စည်းထားသော ပြည်သူ့စစ်အဖွဲ့ပေါင်း ၅၀ ကျော်ရှိသည်ဟုလည်း သိရသည်။

ရွေးချယ်ခံမှုများ

၎။        အချို့က ‘ငြိမ်းချမ်းရေး’ ကို အရင်ဆောင်ရွက်စေချင်သည်။ ပြီးမှ ‘ဒီမိုကရေစီရေး’ကို ဆက်ဖို့ပြောသည်။ သတိပြုရန်မှာ ဒီမိုကရေစီရေးကို မဆက်နိုင်လျှင် အန္တရာယ် ရှိနိုင်သည်။ လက်နက်ကိုင်များသာ အပေါ်စီးရပြီး ဒီမိုကရေစီနှင့် ဝေးသွားနိုင်သည်။

၅။        အချို့က ‘ဒီမိုကရေစီရေး’ ကို အရင်လုပ်စေချင်သည်။ ပြည်တွင်းစစ်တန်းလန်းနှင့်တော့ တပ်မတော်ဘက်မှ လျှော့မည့်ပုံမရှိပါ။ ပြည်တွင်းစစ်၏ ဇာစ်မြစ်ကို မရှင်းနိုင်လျှင် အကျိုးဆက် (အရပ်ဘက် – စစ်ဘက် ဆက်ဆံရေး) ကို ရှင်းနိုင်ပါ့မလား … စဉ်းစားကြဖို့ လိုလိမ့်မည်။

ဘာလုပ်ကြမလဲ

၆။        ‘ငြိမ်းချမ်းရေးဖြစ်စဉ်’ နှင့် ‘အခြေခံဥပဒေပြင်ဆင်ရေး ‘ဒီမိုကရေစီရေး’ ကို တွဲသွားသည်ကသာ ဖြစ်သင့် ဖြစ်ထိုက်သော လမ်းကြောင်းမှန်ဟု ယူဆပါသည်။

၇။        ငြိမ်းချမ်းရေးဖြစ်စဉ်၏ တိုးတက်မှုတစ်စုံတစ်ရာကို ကြည့်ပြီး တပ်ပါဝင်မှုကို တဖြည်းဖြည်း လျှော့ချဖို့ ဆွေးနွေးသည်က အကောင်းဆုံးဖြစ်လိမ့်မည် ထင်သည်။

ကျော်ဝင်း

၂၈ အောက်တိုဘာ၊ ၂၀၁၉ – မှတ်ချက်

ဤအကြောင်းအရာကိုပင် ၂၄၊ စက်တင်ဘာ ၂၀၁၅ ခုနှစ်က

‘ငြိမ်းချမ်းရေးလား၊ ဒီမိုကရေစီရေးလား၊ မဟာဗျူဟာ ဦးစားပေး ဘာရွေးမလဲ’ ခေါင်းစဉ်ဖြင့် ရေးခဲ့ဖူးပါသည်။ ယခုစာစုမှာ ‘ဗားရှင်း’ အသစ် ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *