“နေပူထဲကနေပြန်လာရင် နေရိပ်ထဲမှာ ခဏနား၊ ချွေးတွေ ဘာတွေတိတ်တဲ့အထိ နား၊ ရေသောက် အမောဖြေပြီးတော့မှ ရေချိုးတာက ပိုသင့်တော်တယ်”

အသက်အရွယ် ကြီးရင့်သူများအနေနှင့် လူငယ်များထက်ပို၍ ကျန်းမာရေး စောင့်ရှောက်မှုရှိထားရန် လိုအပ်ပြီး ယခုကဲ့သို့ ပူပြင်းသောရာသီဥတုတွင် မည်သို့ နေထိုင်စားသောက်သင့်သည် ဆိုသည်ကို အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးကို မေးမြန်းထားခြင်းဖြစ်ပါသည်။

The Voice Journal – နေအပူရှိန်ကြောင့် အသက်အရွယ်ကြီးသူတွေအနေနဲ့ဆိုရင် ဘယ်အချိန် ရေချိုးသင့်ပါသလဲ။

Dr.KSO – ရာသီဥတုက ပူလာတော့  အသက်ကြီးတဲ့သူတွေအနေနဲ့ ရေချိုးမယ်ဆိုရင် မနက်ပိုင်းမှာ ချိုးတာက ပိုသင့်တော်တာပေါ့နော်။ မနက်ပိုင်းဆိုတာက ၁၂ နာရီ မထိုးခင်လောက်ပေါ့။

The Voice Journal – အစားအစားကရော ဘယ်လို စားသောက်သင့်ပါသလဲ။

Dr.KSO – ရာသီဥတုကပူတော့ အစားအစာတွေက သိုးလွယ်တယ်လေ။  အဲဒါကြောင့် အစားအသောက်တွေကို  လတ်လတ်ဆတ်ဆတ်နဲ့ ပူပူနွေးနွေး စားသုံးသင့်တယ်။ ဟင်းသီးဟင်းရွက်နဲ့  အသီးအနှံတွေကို များများစားသင့်တယ်။

The Voice Journal – ဘယ်လို ကျန်းမာရေးလေ့ကျင့်ခန်းတွေကို လုပ်သင့်ပါသလဲ။

Dr.KSO – လမ်းတွေ ဘာတွေလျှောက်ပေးတာ၊ အခြားအားကစားတွေ လုပ်ပေးတာမျိုးက သင့်တော်တယ်။ ချွေးထွက်သိပ်မလွန်တဲ့ဟာပေါ့။ ပေါ့ပေါ့ ပါးပါး အားကစားလေးတွေ လုပ်ပေးမယ်ဆိုရင်တော့ ကောင်းပါတယ်။

The Voice Journal – သွေးတိုး၊ ဆီးချိုရှိတယ်ဆိုရင် ဒီရာသီဥတုကြောင့် ပိုဆိုးစေတတ်ပါသလား။

Dr.KSO – ဒီရောဂါတွေက ရာသီဥတုနဲ့လည်း ဆက်စပ်ပါတယ်။ ရာသီဥတုပူပြင်းရင် သွေးတိုး၊ ဆီးချိုရှိတဲ့သူတွေက ပိုပြီး  ဂရုစိုက်ရတာပေါ့။ ရာသီဥတုကြောင့်ရယ် မဟုတ်ဘူး။ ရောဂါရှိတဲ့သူတွေအနေနဲ့ ဆိုရင် ပုံမှန်အချိန်မှာကို ချိုလွန်း၊ ငန်လွန်း၊ အဆီအဆိမ့်များလွန်းတဲ့ အစားအစာတွေကို တတ်နိုင်သလောက် လျှော့စားသင့် တယ်။ မတည့်တဲ့ အစားအစာတွေရှိရင်လည်း ဆင်ခြင်ပြီး မစားဘဲနေတာ သင့်တော်တာပေါ့။ တစ်ခုခုစားလိုက်ရင်  သွေးတိုးတတ်တယ်၊ အချိုစားလိုက်ရင် ဆီးချိုတက်တယ်။ အဲဒီလိုအနေအထား ရှိရင်တော့ ဂရုစိုက်ဆင်ခြင်သင့်တာပေါ့။

The Voice Journal – ပူပြင်းတဲ့ရာသီ တွေမှာ ဘယ်လိုရောဂါတွေ အဖြစ်အများ ဆုံးပါလဲ။

Dr.KSO – အပူရှိန်ကြောင့် မောပန်းနွမ်းနယ်တာ၊ အပူရှိန်ကြောင့် အရေပြားမှာ အင်ပြင်ထတာတွေ၊ မိတ်ဖုထတာတွေ၊  နောက်အပူရှိန်ကြောင့် ကြွက်တက်တာမျိုးတွေ ဖြစ်တတ်တယ်။ မူးမိုက်တာတွေ ဖြစ်တယ်။ အပြင်းထန်ဆုံးကတော့ အပူရှပ်ခြင်း ဖြစ်တာပေါ့။ အစားအသောက်နဲ့  ပတ်သက်ရင်လည်း ဝမ်းပျက်ဝမ်းလျှော တာမျိုးဖြစ်တတ်တယ်။ အသားအရေမှာ  နေလောင်တာနဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားနဲ့ မျက်စိအမြင်အာရုံကို  ထိခိုက်တာမျိုးတွေလည်း ဖြစ်တတ်တယ်။  နေပူထဲကနေ ပြန်လာပြီး ချက်ချင်းရေချိုး တာတွေ၊ အရမ်းပူလွန်းတဲ့အချိန် လွင်တီးခေါင်ပြင်မှာ ရေချိုးတာ၊ တချို့ ကာယအလုပ်သမားတွေဆိုရင်လည်း နေပူထဲမှာ အလုပ်လုပ်ပြီး ချက်ချင်းရေချိုးလိုက်မယ်ဆိုရင်လည်း အပူရှပ်ခြင်းက ဖြစ်နိုင်တယ်။ အဲဒါကြောင့် နေပူထဲကနေ ပြန်လာတယ်ဆိုရင် နေရိပ်ထဲမှာ ခဏနား၊ ချွေးတွေ ဘာတွေ တိတ်တဲ့အထိနား၊ ရေသောက်  အမောဖြေပြီးတော့မှ ရေချိုးတာက ပိုသင့်တော်တယ်။

The Voice Journal – ဘယ်လို ဆင်ခြင်နေထိုင်သင့်ပါသလဲ။

Dr.KSO – အခုရာသီဥတုကတော့ အပူရှိန်က မြင့်တက်လာတယ်။ ဒါပေမဲ့ တချို့ဒေသတွေမှာကျတော့ ဆောင်းဝင်ပြီး အေးနေတယ်။ တချို့နေရာတွေကျတော့လည်း ပူနေတယ်ဆိုတော့ အေးတဲ့ဘက်ကလည်း ဆောင်းတွင်းနဲ့ ပတ်သက်တဲ့ ဖြစ်တတ်တဲ့ရောဂါတွေကို ဂရုစိုက်သင့်တယ်။ ပူတဲ့ဘက်ကလည်း ပူတဲ့ရာသီဥတု  အတိုင်း ဂရုစိုက်သင့်တယ်။

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *