အိမ်အကူတို့အတွက် မျှော်လင့်ရောင်နီ

“အိမ်အကူတွေက အလုပ်သမားဟုတ်သလားဆိုတော့ ဟုတ်တယ်။ မဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူး” ဟု မတင်မကျပြောဆိုလာသူက တရားလွှတ်တော်ရှေ့နေ ဦးနေဝင်းနိုင် ဖြစ်သည်။

အဘယ့်ကြောင့် ယင်းကဲ့သို့ ပြောရသနည်းဆိုလျှင် မြန်မာနိုင်ငံရှိ အလုပ်သမားဥပဒေများထဲတွင် အိမ်အကူ၊ ထမင်းချက်၊ သန့်ရှင်းရေး စသည့် အလုပ် လုပ်ကိုင်နေသူများအတွက် ထည့်သွင်းဖော်ပြထားသော်လည်း ယင်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် အခွင့်အရေးများကို တစ်ခုမျှရနေခြင်းမဟုတ်သဖြင့် ယင်းကဲ့သို့ ပြောဆိုရခြင်းဖြစ်သည်ဟု ဦးနေဝင်းနိုင်က ရှင်းပြသည်။

ဥပမာအားဖြင့် အနည်းဆုံးအခကြေးငွေဥပဒေတွင် အိမ်အကူအလုပ်သမားများကို အလုပ်သမားအဖြစ် သတ်မှတ်ထားသော်လည်း အနည်းဆုံးလုပ်ခလစာ တစ်ရက်လျှင် ၄၈၀၀ ကျပ် ခံစားခွင့်သည် အလုပ်သမားဦးရေ ၁၀ ဦးအောက်ရှိသည့် လုပ်ငန်းများနှင့် မသက်ဆိုင်ဟု ပြောဆိုထားသဖြင့် အိမ်အကူများသည် အနည်းဆုံးလုပ်ခလစာခံစားခွင့် ရှိမနေပေ။

ထို့ကြောင့်ပင် လုပ်အားခကို အဆင်ပြေသလို ပေး၍ရနေသည့်အခြေအနေမျိုး ဖြစ်ပေါ်နေသည်။

အိမ်အကူဟူသည် ထမင်းချက်၊ သန့်ရှင်းရေး၊ ကလေးထိန်း စသည့် အိမ်မှုကိစ္စရပ်များကို လုပ်ကိုင်သူများဟု ယေဘုယျသတ်မှတ်နိုင်သော်လည်း မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေများတွင်မူ အိမ်အကူအလုပ်သမားများအတွက် တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း မရှိသေးပေ။

အိမ်အကူ၊ အိမ်ဖော် စသည်ဖြင့် ခေါ်ဆိုတတ်ပြီး အများအားဖြင့် ငယ်ရွယ်သည့် အမျိုးသမီးများနှင့် အသက်ကြီးသည့် အမျိုးသမီးများက လုပ်ကိုင်တတ်သည်ဟု အိမ်အကူအရေး ဆောင်ရွက်နေသူများက ဆိုသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့အစည်းများ ကွန်ရက်၏ လေ့လာထားမှုများအရ အိမ်အကူများသည် အနည်းဆုံးလုပ်ခလစာ၊ အလုပ်လုပ်ကိုင်ရမည့် အနည်းဆုံး အသက်အရွယ်သတ်မှတ်ချက်၊ အချိန်ပိုခိုင်းစေခြင်းကိစ္စ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်၊ အသက်ဘေးအန္တရာယ်ဖြစ်စေနိုင်သော လုပ်ငန်းများ၊ လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်ချိန်၊ ခွင့်ရက်၊ နားရက် စသည့် အခွင့်အရေးများ ပျောက်ဆုံးနေသည်ဟု ဆိုသည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေ၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတို့တွင် တိတိကျကျ ပြဋ္ဌာန်းထားခြင်းမရှိဟု ဆိုသည်။

အလုပ်သမားများအတွက် အလုပ်ချိန်၊ ခွင့်ရက်၊ နားရက်တို့သည် အဓိကကျပြီး ယင်းသို့ရရှိရန် အာမခံပေးသည်က ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေဖြစ်သည်။

“အဲဒီဥပဒေမှာ အိမ်အကူအလုပ်သမားတွေကို အသိအမှတ်ပြုထားတာ မရှိဘူး။ ဒါ့အပြင် အိမ်အကူနဲ့ လုပ်ငန်းသဘောသဘာဝတူတဲ့ ထမင်းချက်တို့၊ သန့်ရှင်းရေးတို့လည်း အဲဒီဥပဒေနဲ့ အကျုံးမဝင်ဘူးလို့ ပြောထားတာ ဖြစ်တဲ့အတွက်ကြောင့် အိမ်အကူအလုပ်သမားတွေမှာ ခွင့်ရက် နားရက် သတ်မှတ်ထားတဲ့အလုပ်ချိန် မရှိဘူးဖြစ်နေတယ်” ဟု ဦးနေဝင်းနိုင်က ရှင်းပြသည်။

အိမ်အကူများအတွက် တစ်ရက်လျှင် အလုပ်ချိန်မည်မျှလုပ်ကိုင်ရမည်ဟု တိတိကျကျ ပြဋ္ဌာန်းသတ်မှတ်ထားခြင်းမရှိ၊ တစ်ပတ်လျှင် နားရက်မည်မျှရရှိမည်ဟုလည်း မရှိ။ တစ်နှစ်တာ ၃၆၅ ရက်ပတ်လုံး မိုးလင်းမှ မိုးချုပ်အထိလုပ်ကိုင်ရကာ လုပ်ခလစာကို အဆင်ပြေသည့်နှုန်းထားတစ်ခုပေး၍ ရနေခြင်းသည် မဖြစ်သင့်ပေ။

“အိမ်တစ်အိမ်မှာ အိမ်အကူအဖြစ် လုပ်ပြီဆိုရင် မနက်ကနေ မိုးချုပ်ထိ လုပ်ပေးရတဲ့အပြင် အိမ်ရှင်တွေ ဘာခိုင်းမလဲဆိုတာ အရန်သင့် နေပေးရတာမျိုး။ ဒါက အလုပ်ချိန်သတ်မှတ်တာမရှိတော့” ဟု ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) မှ ဒေါ်လှလှရီက ဆိုသည်။

အိမ်အကူများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် အကြမ်းဖက်ခံရမှုသည် မြန်မာနိုင်ငံရှိ မည်သည့်ဒေသတွင် အများဆုံးဖြစ်ပေါ်နေသည်ကို စစ်တမ်းကောက်ယူထားခြင်းမရှိသဖြင့် တိတိကျကျ မပြောနိုင်သော်လည်း ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) ရုံးစိုက်သည့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ပဲခူး၊ မွန်၊ ရခိုင်၊ ကချင်နှင် ကယားဒေသတို့အနက် ရန်ကုန်တိုင်းသည် အများဆုံးဟု ယင်းအဖွဲ့ထံမှ သိရသည်။

“အိမ်အကူလုပ်သားတွေ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ အကူအညီတောင်းတာ ရန်ကုန်ဖြစ်တာ အများဆုံးဖြစ်တာ တွေ့ရတယ်” ဟု ဒေါ်လှလှရီက ပြောသည်။

အိမ်အကူလုပ်သားအများစုသည် ရွှေ့ပြောင်းလုပ်သားများဖြစ်ပြီး ယင်းအနက် အမျိုးသမီးနှင့် အမျိုးသမီးငယ်များ အများဆုံးပါဝင်နေသည်။ ထို့ကြောင့် အိမ်အကူများ၏ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ဆက်ဆံခံရခြင်းများ ကြုံရတတ်သည်။

အိမ်ရှင်၏ ကလေးများကအစ နာမည်ထုတ်၍ ခေါ်ဆိုခံရခြင်း၊ အိမ်ရှင်ထမင်းစားပြီးနောက်မှ ထမင်းစားရခြင်း၊ အချို့သည် ထမင်းဟင်းအကျန်များကို စားသောက်ရခြင်းတို့ ကြုံရသည့်အပြင် အရိုက်ခံရခြင်း၊ ရေနွေးပူလောင်းခံရခြင်း၊ မီးပူဖြင့် အကပ်ခံရခြင်းတို့ ကြုံရတတ်သည်။

ပို၍ဆိုးသည်က လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်းများအပြင် အကြမ်းဖက်မှုများကို ကျူးလွန်ခံရသည်များအထိပါ ကြုံတွေ့ရနိုင်သည်အထိ အန္တရာယ်ရှိနေသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားများနှင့်သက်ဆိုင်သည့်ဥပဒေ အနည်းဆုံး ၁၅ ခုခန့် ရှိသော်လည်း အိမ်အကူအလုပ်သမားများကို အပြည့်အဝအကာအကွယ်မပေးနိုင်။ ထို့ကြောင့် ယင်းဥပဒေများတွင် အိမ်အကူများအတွက် ထည့်သွင်းရေး ဆွဲရန် အကြံပြုသူများရှိသော်လည်း ယင်းမှာ ခက်ခဲသည်ဟု ပဉ္စမမဏ္ဍိုင်အဖွဲ့၏ လုပ်ငန်းအစီအစဉ် ဒါရိုက်တာလည်းဖြစ်သည့် ဦးနေဝင်းနိုင်က ပြောသည်။

“အဲဒီ ဥပဒေတွေထဲမှာ အိမ်အကူအလုပ်သမားတွေ အကျုံးဝင်အောင် သွားပြင်မယ်ဆိုရင် ဥပဒေတိုင်း ဥပဒေတိုင်း အများကြီး သွားပြင်ရမှာ။ ပိုရှုပ်ထွေးပြီး လက်လှမ်းမမှီ ဖြစ်နိုင်တယ်။ အချိန်လည်း ပိုကြာနိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။

ထို့ကြောင့် အိမ်အကူအလုပ်သမားများနှင့်သက်ဆိုင်သည့် ဥပဒေအသစ်တစ်ရပ် ရေးဆွဲခြင်းက အကောင်းဆုံးဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းလိုက်လျှင် အိမ်အကူများအတွက်သာမက အိမ်ရှင်များအတွက်ပါ အကျုံးဝင်လာမည်ဖြစ်ပြီး အိမ်အကူနှင့် အိမ်ရှင်များအကြား ပြဿနာတို့ကိုပါ ရှင်းလင်းပေးနိုင်မည်ဖြစ်သည်ဟု အိမ်အကူ အလုပ်သမားများအတွက် ဥပဒေအကာအကွယ်စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့က ဆိုသည်။

အိမ်ရှင်များမှလည်း အိမ်အကူများသည် လခယူပြီး အလုပ်ပြည့်မီအောင်မလုပ်ဘဲ ထွက်ခြင်း၊ အိမ်ရှိပစ္စည်းများကို ခွင့်ပြုချက်မရှိ ယူငင်ခြင်း၊ အိမ်ရှင်အမျိုးသားများနှင့် စွပ်စွဲခြင်းများကို စိုးရိမ်မှုများရှိနေသည်ဟု ဒေါ်လှလှရီက ပြောသည်။

ယင်းအပြင် အိမ်အကူရှာဖွေပေးသည့် ကြားပွဲစားများ၏ လူလည်ကျမှုများကို ဥပဒေဖြင့် ကာကွယ်နိုင်မည် ဖြစ်သည်။ ယင်းအပြင် ဥပဒေတွင် တားမြစ်ကန့်သတ်ထားသည့်အချက်များကြောင့် ခွင့်ရက်၊ လုပ်ခလစာ၊ ငွေကြေးဖြတ်တောက်ခွင့် စသည့် အခွင့်အရေးများက ကျွဲကူးရေပါသဖွယ် ပါလာနိုင်မည်လည်း ဖြစ်သည်။

အိမ်အကူအလုပ်သမားများအတွက် ဥပဒေအကာအကွယ်စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ်၊ အနာဂတ်အလင်းတန်းဆုံမှတ်၊ ကျားမ တန်းတူညီမျှရေးကွန်ရက်၊ ကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်၊ ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ)၊ အမျိုးသမီးများအဖွဲ့ကွန်ရက်၊ ပဉ္စမမဏ္ဍိုင် စသည့် အဖွဲ့ခုနစ်ဖွဲ့ဖြင့် ၂၀၁၈ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ကူညီပံ့ပိုးမှုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

လက်ရှိတွင် ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) နှင့် ပဉ္စမမဏ္ဍိုင် အဖွဲ့တို့က ILO အဖွဲ့မှ ၂၀၁၁ ခုနှစ်တွင် ချမှတ်ပြဋ္ဌာန်းခဲ့သည့် အိမ်အကူအလုပ်သမားများအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဆိုင်ရာပြဋ္ဌန်းချက် အမှတ် ၁၈၉ နှင့် အကြံပြုတိုက်တွန်းချက်အမှတ် ၂၀၁ တို့တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် မြန်မာနိုင်ငံ၏ဥပဒေများအား နှိုင်းယှဉ်ထားသည့် ‘အိမ်အကူလုပ်သားများဆိုင်ရာ မြန်မာနိုင်ငံ၏ ဥပဒေများကို ဆန်းစစ်လေ့လာ သုံးသပ်ချက်’ ကို ရေးသားပြုစုပြီး လွှတ်တော်အပါအဝင် တာဝန်ရှိသူများထံ ဖြန့်ဝေထားသည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။

‘အခုတော့ အမျိုးသားလွှတ်တော်မှာ (အိမ်အကူ) ဥပဒေကြမ်းကို ရေးဆွဲနေပြီလို့ သိထားရတယ်။ မူကြမ်းကို ပြည်သူတွေကို ချပြတာမျိုးတော့ မရှိသေးဘူးပေါ့။ ဒီဥပဒေကြမ်းထဲမှာ ကျွန်တော်တို့ လေ့လာထားတဲ့ ဥပဒေတွေ ပါစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါတွေကလည်း မြန်မာနိုင်ငံဥပဒေကို အခြေပြုပြီး လေ့လာထားတာဖြစ်တဲ့အတွက် ဒါကိုကြည့်ခြင်းအားဖြင့် လွှတ်တော်အမတ်တွေလည်း ဘယ်ဟာ ဘယ်လိုဖြစ်တယ်ဆိုတာ လွယ်ကူမယ်လို့ထင်တယ်” ဟု ဦးနေဝင်းနိုင်က ဆိုသည်။

ထို့ကြောင့် လွှတ်တော်တာဝန်ရှိသူများက ယင်းဥပဒေကြမ်းကို ရေးဆွဲနေပြီဖြစ်ကာ အမြန်ဆုံးပြဋ္ဌာန်းနိုင်လျှင် အကောင်းဆုံးဟု ၎င်းကပြောသည်။

မန္တလေးမြို့သို့ ဈေးဆိုင်အကူအဖြစ် လုပ်ကိုင်ရန် ရွာငံမြို့ဘက်မှ ရောက်ရှိလာခဲ့သည့် အသက် ၁၆ နှစ်အရွယ် နန်းမေဇင်ဦးသည် အိမ်ရှင်မိသားစု၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုများကို ရှစ်နှစ်ခန့် ခံစားခဲ့ရသူ ဖြစ်သည်။

အက်ဆစ်ဖြင့် ပက်ခဲ့သဖြင့် ခန္ဓာကိုယ်ဝဲဘက်တစ်ခြမ်းလုံး ပျက်စီးခဲ့သည့်အပြင် ဝဲဘက်နား၊ ဝဲဘက်မျက်လုံး အသုံးပြု၍ မရနိုင်တော့ပေ။ နေအိမ်အတွင်း ရှစ်နှစ်ခန့် ပိတ်လှောင်ကာ လုပ်ခလစာမရဘဲ ကျွန်သဖွယ် အခိုင်းအစေခံခဲ့ရသော်လည်း နေအိမ်မှထွက်ပြေးကာ လူကုန်တားရဲတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့၏ အကူအညီဖြင့် အိမ်ရှင်မိသားစုတို့ကို တရားစွဲဆိုနိုင်ခဲ့သည်။

သို့သော် အိမ်အကူများကို အကာအကွယ်ပေးသည့် ဥပဒေမရှိသဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ၊ အပြင်းအထန်နာကျင်စေမှု ဥပဒေတို့ဖြင့် တရားစွဲဆိုခဲ့ရပြီး အိမ်အကူဥပဒေကို ထွက်ပေါ်လာစေချင်သည်ဟု နန်းမေဇင်ဦးက ပြောသည်။

ဥပဒေပေါ်ပေါက်လာလျှင် အိမ်အကူများအတွက် အခွင့်အလမ်းများ ပါလာမည်ဖြစ်ပြီး ပိုမို၍လည်း လုံခြုံလာမည်ဖြစ်၍ ဝမ်းသာရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဥပဒေမှာ ပြစ်ဒဏ်ထိထိရောက်ရောက်ပေးတဲ့ဟာမျိုး ပါစေချင်တယ်” ဟု ၎င်းကဆိုသည်။

အလုပ်လုပ်ကိုင်သည့်နေအိမ်တွင် အန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့လာရလျှင် ပတ်ဝန်းကျင်ကို အကူအညီတောင်းခံရန် ရှက်ကြောက်မနေသင့်ဟု ကိုယ်တွေ့နှင့်ယှဉ်၍ နန်းမေဇင်ဦးက ပြောဆိုသည်။

“သတ္တိမရှိဘဲ ကြောက်နေရင်တော့ ဘ၀က အမှောင်ထဲမှာပဲ နစ်မြုပ်နေမယ်။ ရင်ဆိုင်မယ်ဆိုရင်တော့ ဘ၀အလင်းရောင်ကို မြင်ရမယ်။ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ်နေရမယ်” ဟု အန္တရာယ်နှင့် ကြုံတွေ့လျှင် ရင်ဆိုင်နိုင်ရန် နန်းမေဇင်ဦးက တိုက်တွန်းသည်။

လူမြင်ကွင်းတွင် ပညာနောက်ခံဖြင့် အလုပ်လုပ်ကိုင်နေသူများပင် လုပ်ခလစာ၊ ခွင့်ရက် စသည်တို့တွင် အခက်အခဲဖြစ်ပေါ်နေလျှင် ပညာအားနည်းပြီး နေအိမ်အတွင်း အလုပ်လုပ်ကိုင်နေရသည့် အိမ်အကူများသည် ပို၍ အကာအကွယ် လိုအပ်သည်ဟု ဦးနေဝင်းနိုင်က ယူဆသည်။

ထိုသို့ ဥပဒေပြဋ္ဌာန်းလိုက်လျှင် အိမ်အကူများအတွက် အမှန်တကယ်လုံခြုံမည်လား။

မြန်မာနိုင်ငံတွင် အိမ်အကူနှင့် အိမ်ရှင်တို့အကြား ချိုးဖောက်မှုများဖြစ်လျှင် ထိရောက်သည့်ကုစားပေးမှုများလုပ်ဆောင်ရန် ထိရောက်သည့် ဥပဒေမူဝါဒများ ပြဋ္ဌာန်းထားခြင်း မရှိသောကြောင့် နှစ်ဖက်စိုးရိမ်မှုများ ပိုလာနေသည် ဟု ဒေါ်လှလှရီက သုံးသပ်သည်။

အကယ်၍ ဥပဒေ မပြဋ္ဌာန်းနိုင်သေးလျှင်ပင် အိမ်အကူများကို ကာကွယ်နိုင်မည့် လမ်းညွှန်၊ မူဝါဒတစ်ခုခု ရေးဆွဲအတည်ပြုသင့်သည်ဟု ၎င်းက အကြံပြုသည်။

အိမ်အကူဖြစ်စေ၊ အိမ်ဖော်ဖြစ်စေ အလုပ်သမားဖြစ်သည့်အတွက် အလုပ်သမားတစ်ဦး ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရရှိသင့်သည်။ လက်ရှိ လွှတ်တော်တွင် ဥပဒေကြမ်းရေးဆွဲနေပြီဖြစ်သည့်အတွက် အိမ်အကူတို့အတွက် မျှော်လင့်ရောင်နီသန်းပြီဟု ဆိုနိုင်သော်လည်း အပြည့်အဝ မပျော်ရွှင်နိုင်ကြသေးပေ။

လက်ရှိ အလုပ်သမားဥပဒေများအရ အိမ်အကူများကို အပြည့်အဝ အကာအကွယ်မပေးနိုင်ခြင်းသည် အိမ်အကူများအတွက် များစွာနစ်နာနေသည်ဟု ဦးနေဝင်းနိုင်က ဆိုသည်။

“ဒါကြောင့် သီးသန့်ရေးဆွဲထားတဲ့ဥပဒေမျိုး လိုကိုလိုအပ်တယ်” ဟု ၎င်းက ဆိုလေသည်။ 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *