အခြေခံလူတန်းစားအတွက် ဆုပ်လည်းဆူး၊ စားလည်းရူး ငွေကြေးဖောင်းပွမှု

အစိုးရတိုင်းကြောက်ရသည့် ငွေကြေးဖောင်းပွမှု တစ်ကျော့ပြန်လာပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ဂဏန်းနှစ်လုံးနားသို့ ကပ်လာပြီဖြစ်ကြောင်း သတိပေးဝေဖန်သံများ ထွက်လာသည်။

ယခုနှစ်၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၅၃ ရာခိုင်နှုန်းအထိရှိနေပြီး ပြည်တွင်းရှိ ငွေစုဘဏ်အတိုးနှုန်းမှာ တစ်နှစ်လျှင် ၈ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းအတွင်းသာရှိသည့်အတွက် ဘဏ်အတိုးနှုန်းထက်ပင် များနေပြီဖြစ် သည်။

ဆိုလိုသည်မှာ ဘဏ်တွင်အပ်ထားသော ငွေတစ်ရာအတွက်ရသည့် အတိုးထက်ပင် ငွေဖောင်းပွမှုက ပိုများသည့်အတွက် အတိုးမရဘဲ အရှုံးပေါ်သည့်သဘော ဖြစ်သည်။

သို့သော် ဘဏ်တွင်မအပ်ဘဲ ငွေသားကိုင်ထားမည်ဆိုလျှင်မူ ပိုဆုံးရှုံးရမည့် အခြေအနေပင်။

ကာလတူ နှစ်အလိုက်နှိုင်းယှဉ်မည်ဆိုလျှင် ယမန်နှစ် ဩဂုတ်လတွင်ရှိခဲ့သည့် ငွေကြေးဖောင်းပွမှုထက် ယခုနှစ် ဩဂုတ်လတွင်ရှိခဲ့သည့် ငွေကြေးဖောင်းပွမှုက ၁၀ ဒသမ ၃၇ ရာခိုင်နှုန်း ပိုများလာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ကိန်းဂဏန်းများအရ သိရသည်။

လက်ရှိအစိုးရ စတင်တာဝန်ယူစဉ်က ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းအထက်တွင်ရှိနေပြီး တစ်နှစ်အကြာ ၂၀၁၇ ခုနှစ် ဧပြီလတွင် ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၄ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့သည်။

ထိုနောက်ပိုင်းတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၅ ရာခိုင်နှုန်းအောက်သို့ ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လတွင် ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၀၃ ရာခိုင်နှုန်းအထိ လက်ရှိအစိုးရလက်ထက် အနိမ့်ဆုံးနှုန်းသို့ ရောက်ခဲ့သည်။

အကြောင်းမှာ လက်ရှိအစိုးရ၏ အသုံးစရိတ်လျှော့ချပြီး အခွန်များများရရန်ကောက်ခံသည့် ချွေတာရေးဘဏ္ဍာရေးမူဝါဒကြောင့် ငွေကြေးဖောင်းပွမှု လျော့ကျသွားခြင်းဖြစ်သည်။

သို့သော် လက်ရှိအစိုးရတာဝန်ယူပြီးနောက် ၂ နှစ်ဆက်တိုက် ကျဆင်းခဲ့သော ငွေကြေးဖောင်းပွမှုမှာ ၂၀၁၈ ခုနှစ် ဧပြီလမှစတင်ကာ တရိပ်ရိပ်ပြန်လည်မြင့်တက်လာပြီး သုံးနှစ်ခန့်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး ဖြစ်လာသည်။

မြန်မာ့စီးပွားရေးမှာ ရေရှည်တွင် အလားအလာကောင်းများစွာရှိသော်လည်း ရေတိုကာလတွင် အရှိန်ပျက်သွားပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ယခုနှစ် ဧပြီလကထုတ်ပြန်သည့် Artile IV အစီရင်ခံစာ တွင် သတိပေးထားပြီးဖြစ်သည်။

ထိုအစီရင်ခံစာတွင် ငွေကြေးဖောင်းပွမှုနှုန်းကို တည်ငြိမ်အောင် ထိန်းကျောင်းကိုင်တွယ်ရန် လိုအပ်ကြောင်းနှင့် ရှေ့လာမည့်ကာလတွင် ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ယခုနှစ် အောက်တိုဘာလကုန်တွင်ထွက်ရှိလာသည့် IMF ၏ ၂၀၁၉ ခုနှစ် World Economic Outlook အစီရင်ခံစာတွင်မူ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ အမြင့်ဆုံးဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံက ၂ ဒသမ ၂ ရာခိုင်နှုန်း၊ လာအိုနိုင်ငံက ၃ ဒသမ ၁ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံက ၃ ဒသမ ၆ ရာခိုင်နှုန်း အသီးသီးရှိကြသည်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာရသည့်အကြောင်းရင်းများစွာ ရှိသည်။

ပထမတစ်ချက်မှာ ငွေကြေးဖောင်းပွမှု ပြန်လည်မြင့်တက်လာသည့်ကာလမှာ အစိုးရဝန်ထမ်းများကို လစာတိုးပေးသည့်အချိန်ဖြစ်သည်။

ယမန်နှစ် ဧပြီလတွင် အစိုးရဝန်ထမ်း အရာထမ်းအဆင့်ကို လစာ၏ ၁၀ ရာခိုင်နှုန်း၊ အမှုထမ်းအဆင့်ကို ၂၀ ရာခိုင်နှုန်း လစာတိုးမြှင့်ပေးခဲ့သည်။

မြင့်တက်လာသည့်ကုန်ဈေးနှုန်းကို အမီလိုက်နိုင်ရန် ဝန်ထမ်းများကို လစာတိုးပေးခဲ့သော်လည်း ကုန်ဈေးနှုန်းက ရှေ့က ထပ်မံပြေးတက်သွားသည်။

အစိုးရဝန်ထမ်းများ လစာတိုးသည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနှင့်လည်း အတိုင်းအတာတစ်ခုအထိ ဝန်ထမ်းများကို လစာတိုးပေးရန် လိုအပ်လာပြီး ယင်းအတွက် ကုန်ကျစရိတ်ကို ၎င်းတို့၏ ကုန်စည်၊ ဝန်ဆောင်မှုများတွင်ပေါင်းထည့်လိုက်ချိန်တွင် ကုန်ဈေးနှုန်းက ထပ်မံမြင့်သွားကြောင်း ဘဏ္ဍာရေးဒုတိယဝန်ကြီးဟောင်း ဒေါက်တာမောင်မောင်သိမ်း က ပြောသည်။

“ကုန်ဈေးနှုန်းကို တည်ငြိမ်အောင် မထိန်းနိုင်ဘဲ သူတက်တိုင်း လစာလိုက်တိုးနေလို့ကတော့ ငွေရိုက်တဲ့စက်ပဲ ပျက်သွားမယ်” ဟု ၎င်းက ဆိုသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း အစိုးရဝန်ထမ်းများကို သုံးကြိမ်တိုင်တိုင် လစာတိုးမြှင့်ပေးခဲ့ပြီး ဖြစ်သည်။

ဤသည်မှာ ငွေကြေးဖောင်းပွမှုနှုန်း ပြန်လည်မြင့်တက်လာခြင်း၏ ကနဦးကာလဖြစ်သည်။

မြန်မာ့စီးပွားရေး၏ ရှေ့လာမည့်ခြောက်လ၊ တစ်နှစ်တာအတွင်း အခြေအနေမှာ မကောင်းနိုင်ကြောင်း လုပ်ငန်းရှင်များနှင့် ပညာရှင်အချို့က မှတ်ချက်ပေးသည်။

စီးပွားရေးစနစ်အတွင်း ငွေကြေးပမာဏတိုးတက်ရန် လုပ်ဆောင်နေသော်လည်း အလုပ်အကိုင်အခွင့်အလမ်း မဖန်တီးနိုင်၊ ထုတ်လုပ်မှုမမြှင့်တင်နိုင်လျှင် အစိုးရ၏ စီးပွားရေးလှုံ့ဆော်မှုမှာ လက် တွေ့ဖြစ်လာနိုင်မည် မဟုတ်ကြောင်း စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခတစ်ဦး (အမည်မဖော်လိုကြောင်းမေတ္တာရပ်ခံချက်အရ) က ပြောကြားသည်။

“ပြောရမယ်ဆိုရင်တော့ စီးပွားရေးက မကောင်းဘူးပဲပြောရမယ်။ မသေချာတာတွေများနေရင် ထုတ်လုပ်မှုက တက်မလာတော့ဘူး။ နောက်တစ်ခါ လူတွေကလည်း ဈေးတက်ဦးမယ်ဆိုတဲ့ မျှော်မှန်းချက်ရှိနေရင် ရှေ့လျှောက်တော့ ကုန်ဈေးနှုန်းက ဆက်တက်နေဦးမယ်ထင်တယ်” ဟု ၎င်းက သုံးသပ်သည်။

စီးပွားရေးစနစ်အတွင်း ငွေကြေးပမာဏများလာပြီး ထုတ်လုပ်မှုမတက်လာပါက အပိုကုန်ကျစရိတ်များကာ ကုန်ဈေးနှုန်းတက်ခြင်းသာ အဖတ်တင်မည်ဖြစ်သည်။

လက်ရှိငွေကြေးဖောင်းပွမှုပုံစံမှာ ပြည်သူများ စားသုံးနိုင်စွမ်း ဝယ်လိုအားမြင့်လာခြင်းကြောင့် မဟုတ်ဘဲ ကုန်ကျစရိတ်ပိုများလာသည့်အတွက် ငွေကြေးဖောင်းပွမှု မြင့်တက်လာသည့်အခြေအနေ ဖြစ်သည်။

ပြည်တွင်းတွင် ဝယ်လိုအားများသည့် ကုန်ပစ္စည်းများ ထုတ်လုပ်မှုများလာလျှင်၊ ပြည်သူများသုံးစွဲသည့်ကုန်စည်ကို များများထုတ်လုပ်နိုင်လျှင် ကုန်ဈေးနှုန်း တည်ငြိမ်မှုကို ထိန်းထားနိုင်ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။

ခက်နေသည်မှာ ယင်းကုန်စည်များ ထုတ်လုပ်မှု မြင့်တက်မလာခြင်းပင်။

“ထုတ်လုပ်မှုတက်လာအောင် တွန်းအားပေးရမယ့်မူဝါဒတစ်ခုခုကို ရဲရဲတင်းတင်း လုပ်ဖို့လိုနေပြီ” ဟု စီးပွားရေး ပါမောက္ခတစ်ဦးက ဆိုသည်။

ရဲရဲတင်းတင်းလုပ်ရန် အကြံပေးသည့် စီးပွားရေးပါမောက္ခကိုယ်တိုင်ပင် မည်သူမည်ဝါဆိုသည်ကို ရဲရဲဝံ့ဝံ့ မဖော်ပြနိုင်ခြင်းကလည်း လက်ရှိအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများမှာ ချိနဲ့နေဆဲဖြစ်ကြောင်း လှစ်ဟပြနေသည်။

“သူတို့က ဘဏ္ဍာရေးမူဝါဒ ကျင့်သုံးနေတာကလည်း Contractionary ဖြစ်နေတယ်။ အခွန်များများကောက်တဲ့ နည်းလမ်းကြီးဖြစ်နေတယ်။ တစ်ဖက်မှာလည်း ငွေကြေးမူဝါဒတော့ ကျင့်သုံးနေတယ်။ ဒါပေမဲ့ ထုတ်လုပ်မှုကို တိုးစေတဲ့ ဟာမျိုး တစ်ခုမှဖြစ်မလာဘူး” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ ပြည်တွင်းထုတ်ကုန်များနေရာတွင်လည်း ပြည်ပထုတ်ကုန်များက ပိုမိုနေရာယူလာသည်ကို ဈေးဆိုင်များ၊ ဈေးဝယ်စင်တာကြီးများတွင် မြင်တွေ့နေရသည်။

ပြည်ပသွင်းကုန် အစားထိုးရေး တကြော်ကြော်အော်နေသော်လည်း သွင်းကုန်များက ပြည်တွင်းထုတ်ကုန်များကို အစားထိုးနေရာယူသွားသည်။

နေ့စဉ်စားသုံး၊ သုံးစွဲနေရသော ပစ္စည်းများတွင် အဆာပြေစားသည့်မုန့်၊ အအေးမှအစ ခေါင်းကိုက်၊ လေအောင့်ပျောက်ဆေးအထိ ပြည်ပမှတင်သွင်းလာသည့် ကုန်ပစ္စည်းများကိုသာ အများဆုံးသုံးစွဲနေကြသည်။

ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေးတွင် ထုတ်လုပ်မှုကဏ္ဍမူဝါဒနှင့် ပညာရေး၊ လူ့စွမ်းအားအရင်းအမြစ်မူဝါဒ ချိတ်ဆက်မှုကွင်းဆက်များ ပျောက်နေကြောင်း စီးပွားရေးပါမောက္ခက ဆိုသည်။

“နိုင်ငံခြားလုပ်ငန်းတွေဝင်လာပေမယ့် ပြည်တွင်းလုပ်ငန်းတွေ ချိတ်ဆက်လုပ်ဖို့၊ အလုပ်သမားတွေ အလုပ်ရဖို့၊ လုပ်ငန်းခွင်ဝင်အရည်အချင်းတွေရဖို့ဆိုတဲ့ ကွင်းဆက်ကြီးချိတ်မိအောင် ထုတ်လုပ်မှုနဲ့ ပညာရေးမူဝါဒတွေကို ချိတ်ဆက်ပေး ရမှာ။ ဒါပေမဲ့ အခု အဲ့ဒါတွေမှာ တော်တော်လေးကို လိုနေသေးတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ကမ္ဘာ့စီးပွားရေးဇာတ်ခုံတွင်လည်း အမေရိကန်နှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးတင်းမာမှုများကြောင့် တခြားနိုင်ငံများသို့ပါ ဂယက်ရိုက်ခတ်မှုရှိခဲ့သလို ဥရောပနိုင်ငံအချို့အပါအဝင် အာရှနိုင်ငံအချို့ပါ စီးပွားရေးကျဆင်းမှုဒဏ်ကို ခံလာရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

စင်ကာပူ၊ ဟောင်ကောင်ကဲ့သို့ နိုင်ငံများပင် စီးပွားရေးကျဆင်းမှုကို အစွမ်းကုန်ထိန်းကျောင်းနေရချိန်တွင် မြန်မာနိုင်ငံကဲ့သို့ ခုခံနိုင်စွမ်းနည်းသည့်နိုင်ငံများတွင် စီးပွားရေးအရ ထိခိုက်မှုများရှိလာကြောင်း ၎င်းက ပြောဆိုသည်။

“ငွေကြေးဖောင်းပွမှုကတော့ ခုလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မြင့်တက်တာတော့ ထုံးစံပါ။ ဒါပေမဲ့ ကိုယ့်မှာ သေချာပြင်ဆင်ထားတဲ့ ရေရှည်မဟာဗျူဟာတွေ မရှိရင်တော့ ခံရမှာပါပဲ။ ခုလောင်စာဆီဈေးတွေကျနေလို့ နည်းနည်းတော်သေးတယ် ပြောရမယ်” ဟု ၎င်းက ဆိုသည်။

စားသုံးသူဈေးဆညွှန်းကိန်း တစ်နည်းအားဖြင့် ကုန်ဈေးနှုန်းအခြေအနေကို သုတေသနပြုကောက်ခံသည့် ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ ဆက်သွယ်ရေးကဏ္ဍတွင် မိုဘိုင်းလ်ဖုန်းဟမ်းဆက်များ ဈေးကျဆင်းသည်မှလွဲ၍ ကျန်ကုန်စည်၊ ဝန်ဆောင်မှုဈေးနှုန်းများမှာ ဆက်တိုက်မြင့်တက်လာနေကြောင်း သိရသည်။

အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၏ စားသုံးသူဈေးဆညွှန်းကိန်းသည် တစ်နှစ်အတွင်း ၃၁ ရာခိုင်နှုန်းခန့် မြင့်တက်လာပြီး အဓိကအကြောင်းရင်းမှာ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံလိုက်ခြင်းကြောင့် ယခင်ထက် သိသာစွာမြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ၂၀၁၉ ခုနှစ် ဩဂုတ်လ ငွေကြေးဖောင်းပွမှုနှုန်းအစီရင်ခံတွင် ဖော်ပြထားသည်။

ရွှေထည်၊ လက်ဝတ်ရတနာ စသည့် လူသုံးကုန်ပစ္စည်းပါဝင်သည့် အထွေထွေကုန်ပစ္စည်းအုပ်စု၏ စားသုံးသူဈေးဆညွှန်းကိန်းမှာ တစ်နှစ်အတွင်း ၁၄ ရာခိုင်နှုန်း မြင့်တက်လာပြီး အဓိကအချက်မှာ ရွှေထည်နှင့် လက်ဝတ်ရတနာဈေးနှုန်းများ သိသာစွာမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အရပ်ရပ်ကုန်ဈေးနှုန်းများ တက်လာချိန်တွင် အဓိကခါးစည်းခံရသည်က အခြေခံလူတန်းစားများသာ ဖြစ်သည်။

ဝင်ငွေနည်းပါး အခြေခံလူတန်းစားများအနေနှင့် ဝင်ငွေခွန်ထမ်းဆောင်ရလောက်သည့် ဝင်ငွေမရှိလျှင်သော်မှ စားသုံးသူအပေါ်တွင် ကျသင့်ကောက်ခံစေသည့် ဖုန်းဘေလ်၊ စားသောက်ဆိုင်ခွန် စသည့် သွယ်ဝိုက်ခွန်များကြောင့် အခွန်ဝန် ကို ထမ်းထားရပြီးဖြစ်သည်။

ထိုအခွန်ဆိုသည်မှာလည်း ငွေကြေးဖောင်းပွမှုကို ထိန်းကျောင်းရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကောက်ခံခြင်းဖြစ်ရာ ငွေကြေးဖောင်းပွမှု ထိန်းကျောင်းရန် အခွန်ဆောင်ရင်း၊ မြင့်တက်လာသည့် ငွေကြေးဖောင်းပွမှုဒဏ်ကိုလည်း ရင်ဆိုင်ရမည့် အခြေအနေဖြစ်သည်။

ပိုင်ဆိုင်မှုမည်မည်ရရမရှိဘဲ ငွေသားကိုသာ လက်ကိုင်သုံးစွဲရသည့် အခြေခံလူတန်းစားအတွက် ဆုပ်လည်း စူး၊ စားလည်းရူးရမည့် ငွေကြေးဖောင်းပွမှု ဖြစ်သည်။

‘ရွှေ၊ မြေ၊ ပစ္စည်းဝယ်နိုင်သူတွေထက် ဘာမှမဝယ်နိုင်တဲ့ ကိုယ့်ဝင်ငွေရဲ့အတော်များများကို ငွေသားပဲကိုင်ထားနိုင်တဲ့ အခြေခံလူတန်းစားတွေကတော့ ဒီငွေဖောင်းပွမှုဒဏ်ကို ပိုခံရမှာပေါ့” ဟု စီးပွားရေးပါမောက္ခက ဆိုလေသည်။ 

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *