ပေးကားပေး၏ မရသည့် ကျောက်မျက်လုပ်ကွက်များ

ကျောက်မျက်လုပ်ကွက် တရားဝင်ချထားပေးရန် ဒေသခံတို့က တောင်းဆိုသည်။ အစိုးရက ကျောက်မထွက်သည့် နေရာများသို့ ချထားပေးလိုက်သည်။ ပေးကားပေး၏ မရသည့် အခြေအနေပင်။

“ကျောက် ဘယ်နေရာမှာ ထွက်တယ်ဆိုတာ ဝန်ကြီးဌာန အသိဆုံး၊ မိုးကုတ်သားတွေ အသိဆုံး” ဟု ဦးဇော်ဝင်းက ဆိုသည်။

မိုးကုတ်ထာပွဲ ကျောက်ကုန်သည် ပွဲစားများအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည့် ဦးဇော်ဝင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်မြို့ပေါ်တွင် ဆန္ဒပြရာ၌ ကျောက်သမားတစ်ဦးအနေနှင့် ပါဝင်ခဲ့သည်။

ဆန္ဒပြရာသို့ မိုးကုတ်မြို့ရှိ လက်လုပ်လက်စားကျောက်သမား ရာနှင့်ချီ၍ ပါဝင်ခဲ့ကြသည်။ လက်လုပ်လက်စား ကျောက်သမားအများစုသည် မိုးကုတ်ဒေသခံများ ဖြစ်သည်။

“ကျောက်ထွက်ကျဲတဲ့ အစွန်အဖျားတွေကို ပေးလို့ ကျွန်တော်တို့က မကျေနပ်တာပါ” ဟု ဦးဇော်ဝင်းက ဆိုသည်။

ကျောက်မထွက်သည့် နေရာများတွင် နေရာချထားပေးသဖြင့် ယင်းနေရာများ၌ ကျောက်မရှာဖွေလိုကြဟု မိုးကုတ်ဒေသခံကျောက်သမားများကိုယ်စား ၎င်းကဆိုသည်။

မြန်မာ့ကျောက်မျက်ရတနာဥပဒေသစ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေသစ်အရ အလတ်စားလုပ်ကွက်များကို ပြည်ထောင်စုက စီမံခန့်ခွဲမည်ဖြစ်ပြီး အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်များကိုမူ ပြည်နယ်နှင့်တိုင်းအစိုးရအဖွဲ့များက စီမံခန့်ခွဲရမည်ဖြစ်သည်။

သို့သော် နည်းဥပဒေမထွက်ရှိသေးသဖြင့် ယင်းလုပ်ကွက်များကို တရားဝင်ချထားခြင်းမပြုနိုင်သေးသော်လည်း ဒေသခံအများစုဖြစ်သည့် လက်လုပ်လက်စား ကျောက်သမားများကို ကျောက်ထွက်ရှိမှု နည်းပါးသည့်နေရာများတွင် နေရာချထားပေးမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံတို့က ယင်းနေရာများကို လက်မခံနိုင်သည့်အကြောင်း ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။

မိုးကုတ်မြို့သည် ရတနာနယ်မြေဟု သတ်မှတ်ခံထားရသည့် ပတ္တမြားမြို့တော် ဖြစ်သည်။ ပတ္တမြား၊ နီလာ၊ ဥဿဖရား၊ မြ၊ ဂေါ်မိတ်၊ စလင်း စသည့် ကျောက်မျက်ရတနာပေါင်း ၃၅ မျိုးခန့်အထိ ထွက်ရှိသည်ဟု ဒေသခံတို့က ဆိုသည်။

ဘိုးစဉ်ဘောင်ဆက် ဒေသခံတို့ တစ်ပိုင်တစ်နိုင် လုပ်ကိုင်လာကြသော်လည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်တွင် ကုမ္ပဏီများကို ဝင်ရောက်လုပ်ကိုင်ခွင့် ပြုရာမှစ၍ ဒေသခံ လက်လုပ်လက်စားသမားများ နေရာ ပျောက်ခဲ့ကြရသည်။

၁၉၉၅ ခုနှစ် ကျောက်မျက်ဥပဒေပြဋ္ဌာန်းပြီးချိန်တွင်တော့ ဒေသခံများအတွက် တစ်ပိုင်တစ်နိုင် ကျောက်မျက်တူးဖော်ခွင့် မရတော့ပေ။

၂၀၁၂ ခုနှစ်တွင်မူ ဒေသခံများတောင်းဆိုမှုကြောင့် တစ်ပိုင်တစ်နိုင်ကျောက်မျက်တူးဖော်ခွင့်ပြုခဲ့ပြီး လုပ်ကွက်ပေါင်း ၄၅ ကွက်ကို ခွင့်ပြုခဲ့သည်။ တစ်ဧကအကျယ်လုပ်ကွက်များဖြစ်ပြီး တစ်နှစ်အတွက် အခွန်ငွေ ကျပ်ငါးသိန်း ပေးဆောင် ရသည်။

သို့သော်လည်း မြေကွက်ပိုင်ဆိုင်သူများသာ လျှောက်ထားလုပ်ကိုင်ခွင့်ရရှိသဖြင့် အခြေခံလူတန်းစားကျောက်သမားများအတွက် အခွင့်အလမ်း မရရှိခဲ့ပေ။ ဒေသခံများကို ပိုင်ရှင်အဖြစ်မှ နင်းပြားအဖြစ်သို့ ရောက်ရှိစေခဲ့သည့် အချိန်ကာလ များ ဖြစ်သည်။

“မိုးကုတ်မြို့မှာ မြန်မာစကားမတတ်တဲ့၊ မြန်မာစာကို ကောင်းကောင်းမကျွမ်းကျင်တဲ့ လူတစ်စုရဲ့ လုပ်ငန်းတွေအပေါ် ခြယ်လှယ်မှုရဲ့အောက်မှာ ရှင်သန်ခဲ့ရတဲ့အတွက် ဆယ်စုနှစ်တာအတွင်း မိုးကုတ်မြို့နယ်သူ မြို့နယ်သားတွေဟာ လုပ်ငန်းရှင်တွေရဲ့ အလုပ်သမားတွေအဖြစ် မသိမသာ ရောက်မှန်းမသိ ရောက်ခဲ့ရပါတယ်” ဟု မိုးကုတ်မြို့ ဘောလုံးလေးကျေးရွာမှ ဦးအောင်ကျော်က ဒေသခံတို့၏ အဖြစ်ကို ပြောဆိုသည်။

မိုးကုတ်မြို့၏ ကျောက်ထွက်ကောင်းသည့် လုပ်ကွက်အားလုံးကို ကုမ္ပဏီများက ရယူထားကြပြီး စက်ယန္တရားများဖြင့် တူးဖော်ကာ ထွက်ရှိသမျှ အကုန်ယူသွားကြကြောင်း ၎င်းကဆိုသည်။

“သူတို့ ရက်ရက်စက်စက် စက်ယန္တရားကြီးတွေနဲ့ တူးဖော်သွားတဲ့နေရာရဲ့ အကြွင်းအကျန်တွေကို ဒေသခံပြည်သူလူထုတွေက ရှာဖွေလုပ်ကိုင်စားသောက်ခွင့်ကိုတောင်မှ ပိတ်ပင်တဲ့အခြေအနေရောက်လာပြီ။ ဒါကို လက်မခံနိုင်ဘူး” ဟု ဦးအောင်ကျော်က ပြောသည်။

စွန့်ပစ်မြေစာများတွင် ရှာဖွေလုပ်ကိုင်သည့် ဒေသခံ ၁၀ ဦးတွင် တစ်ဦး အဆင်ပြေရန်မှာ ခက်ခဲပြီး စားဝတ်နေရေးအဆင်မပြေသည့်အချိန်တွင် ကျောက်မထွက်သည့် နေရာများ၌ လက်လုပ်လက်စားဇုန်အဖြစ် သတ်မှတ်ချထားပေးမည်ဟု ဆိုခြင်းသည် ဒေသခံများ ဆင်းရဲတွင်း နက်သထက်နက်အောင် တွန်းပို့နေသည်နှင့်တူကြောင်း ဦးအောင်ကျော်က ထပ်လောင်း ပြောဆိုသည်။

မိုးကုတ်မြို့နယ်အတွင်းရှိ ကျောက်မျက်လုပ်ကွက်များသည် လွန်ခဲ့သည့် ခြောက်လဝန်းကျင်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီး သက်တမ်းထပ်မံမတိုးမီ ဒေသခံလက်လုပ်လက်စားသမားများက ယင်းလုပ်ကွက်များတွင် ဝင်ရောက်လုပ်ကိုင်မှုများ ရှိသည်။

ယင်းသို့ တူးဖော်မှုသည် တရားမဝင်သော်လည်း စားဝတ်နေရေးအတွက် မဖြစ်မနေလုပ်ကိုင်ရသည်ဟု ဒေသခံတို့က ပြောသည်။

သို့သော် ကုမ္ပဏီများစိတ်ကြိုက် တူးဖော်ပြီးမှ စွန့်ပစ်ခဲ့သည့်မြေစာများတွင် တစ်လလျှင် တစ်ကြိမ် အဖိုးတန်ကျောက်ရရှိရန် မလွယ်ကူဟု ကျောက်ပြဿာဒ်ကျေးရွာဒေသခံ ဦးလှမိုးက ပြောဆိုသည်။

“အရင် ကုမ္ပဏီတွေတုန်းကတော့ သိန်းကြီးကျောက်တွေ ရကြတာပေါ့။ ကျွန်တော်တို့ကတော့ ဈေးပေါတဲ့ကျောက်လေးတွေ ရကြတယ်။ စားဝတ်နေရေးအတွက် လုပ်ရတာပဲ” ဟု ၎င်းက ဆိုသည်။

လက်လုပ်လက်စားကျောက်သမားများသည် ဥပမာ – ငါးဦးတစ်ဖွဲ့ ဖွဲ့စည်းထားကြပြီး ကျောက်တွင်းတစ်တွင်းကို တူးဖော်ကြသည်။ ပေအနက် ၈၀ ခန့်အထိ ရှိတတ်သည်။

ကျောက်မရမီကာလအတွင်း ငွေကြေးတတ်နိုင်သူက ကြိုသုံးစရိတ်အဖြစ် ထုတ်ပေးထားကာ ကျောက်ရလာလျှင် ၎င်းအတွက်ပါ ဝေစုခွဲကြသည်။ ယင်းစနစ်ဖြင့် လက်လုပ်လက်စားသမားများက ကျောက်ရှာဖွေနေကြသည်ဟု ဦးလှမိုးက ရှင်းပြသည်။

မိုးကုတ်မြို့နယ်တွင် လူဦးရေ တစ်သိန်းခုနစ်သောင်းခန့်ရှိသည့်အနက် ရှစ်သောင်းခန့် (ထက်ဝက်ခန့်) မှာ လက်လုပ်လက်စားသမားများ ဖြစ်သည်။

ဝင်ရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်းမှာ ရာဂဏန်းဝန်းကျင်အထိ ရှိသည်။

“လက်လုပ်လက်စားကတော့ ပျံကျသဘောပေါ့။ ပေါက်တူးပါမယ်။ ဆန်ခါလေးပါမယ်။ စွန့်ပစ်မြေစာတွေကို ပြန်ရှာပြီး ကျောက်အသေးလေးတွေ ရလာရင် စားသောက်ကြရတယ်” ဟု မိုးကုတ်မြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောသည်။

လက်လုပ်လက်စားဘ၀သည် ခေါင်းရွက်ဈေးသည်ကဲ့သို့ပင် ကြုံသည့်နေရာ၊ အဆင်ပြေသည့်နေရာများတွင် သွားရောက်လုပ်ကိုင်ကြရသည်ဟု ဘောလုံးလေးကျေးရွာသား ဦးအောင်ကျော်ကလည်း ဆိုသည်။

ယခင်က နေရာအတည်တကျ မရှိသဖြင့် ကုမ္ပဏီများ၏ စွန့်ပစ်မြေစာများ၊ အခြား လွတ်ကင်းရာနေရာများတွင် တစ်ပိုင်တစ်နိုင်ရှာဖွေခဲ့ကြရပြီး နေရာအတည်တကျပေးရန် တောင်းဆိုခဲ့မှုများကြောင့် နေရာချထားပေးမည်ဟုဆိုသော်လည်း ကျောက်ထွက်ရှိမှု နည်းပါးသည့် နေရာများတွင်မူ ကျောက်မလုပ်လိုကြဟု မိုးကုတ်ဒေသခံတို့က ပြောဆိုကြသည်။

မိုးကုတ်မြို့နယ်အတွင်း ပြည်ထောင်စုက စီမံခန့်ခွဲမည့် အလတ်စားကျောက်မျက် လုပ်ကွက်အတွက် ဧရိယာ ၁၆,၁၆၀ ဧကနှင့် တိုင်းအစိုးရအဖွဲ့က စီမံခန့်ခွဲမည့် အသေးစားနှင့် လက်လုပ်လက်စား ကျောက်မျက်လုပ်ကွက် ဧရိယာ ၈၂,၂၁၉ ဧကရှိကြောင်း သတ္တုတွင်းဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ဒေသခံများ လုပ်ကိုင်ရမည့် လုပ်ကွက်များတွင် လောင်းစင်၊ ရေဝေ၊ ရွှေညောင်ပင်၊ ကျောက်ပုံကြက်နဖ၊ ထင်းရှူးတောင် စသည့်နေရာများ ပါဝင်ပြီး လူနေအိမ်၊ ကျေးရွာ၊ ယာခင်းများ ပါဝင်နေသည်ဟု ဒေသခံတို့က ဆိုသည်။

ယင်းနေရာများတွင် အသေးစားများအတွက် သုံးဧကထက်မပိုသည့် အကျယ်အဝန်းနှင့် သက်တမ်းတစ်နှစ်၊ လက်လုပ်လက်စားများအတွက် တစ်ဧကထက်မပိုသည့် အကျယ်အဝန်းနှင့် သက်တမ်း တစ်နှစ်သတ်မှတ်ခွင့်ပြုပေးမည် ဖြစ်သည်။

ယခင် ကျောက်မျက်ဥပဒေဟောင်းတွင် ကျောက်မျက်လုပ်ကွက်များကို အကြီးစား၊ အလတ်စားနှင့် အသေးစားဟု သတ်မှတ်ခဲ့သော်လည်း ဥပဒေသစ်တွင်မူ အလတ်စား၊ အသေးစားနှင့် လက်လုပ်လက်စားဟူ၍ ပြောင်းလဲခဲ့သည်။

အစိုးရအနေနှင့် မိုးကုတ်တစ်မြို့နယ်လုံးကို ရတနာနယ်မြေဟု သတ်မှတ်ထားသည့်အတွက် လုပ်ကွက်အသစ်များ ပြန်လည်သတ်မှတ်သည့်အခါ မည်သည့်နေရာတွင် မည်သည့်လုပ်ကွက်များ ချထားပေးမည်ဟု သိရှိလိုကြသော်လည်း လုပ်ကွက်သတ်မှတ်ချိန်တွင် ဒေသခံများ မပါဝင်သကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များလည်း မပါဝင်ခဲ့ရဟု ဦးစောသောင်းတင်က ရှင်းပြသည်။

နေပြည်တော် ကျောက်မျက်အဖွဲ့၊ ဘူမိအဖွဲ့ စသည့်အဖွဲ့များ လာရောက်တိုင်းတာ၍ သတ်မှတ်သွားကြခြင်းဟု ၎င်းက ဆိုသည်။

လုပ်ကွက်များကို တရားဝင်သတ်မှတ်ခြင်း မရှိသေးသော်လည်း လက်ရှိထွက်ပေါ်နေသည့် လုပ်ကွက်နေရာများသည် သေချာသလောက်ရှိသဖြင့် ဒေသခံများက လက်မခံနိုင်ခြင်းဟု ၎င်းက ပြောသည်။

“မြို့နဲ့ ဝေးတဲ့နေရာတွေဖြစ်တဲ့အပြင် ကျောက်မထွက်သလောက်ရှားပါးတဲ့နေရာတွေ ဖြစ်ပါတယ်။ လက်လုပ်လက်စားတွေအတွက် သွားဖို့လာဖို့ တူးဖော်ဖို့ တော်တော်ခက်ခဲတဲ့နေရာတွေ ဖြစ်နေပါတယ်။ လူထုလက်မခံတဲ့ နေရာတွေဖြစ်နေပါတယ်” ဟု ဦးစောသောင်းတင်က ရှင်းပြသည်။

လက်ရှိ တိုင်းဒေသကြီးလွှတ်တော်တွင် အသေးစားနှင့် လက်လုပ်လက်စား ကျောက်မျက်ရတနာဥပဒေကို ရေးဆွဲနေပြီး ပြည်သူ့အသံများကို ကွင်းဆင်းကောက်ခံထားပြီးကြောင်း ၎င်းက ပြောသည်။

ယင်းဥပဒေတွင် ဒေသခံများကို အကာအကွယ်ပေးနိုင်မည့် အရောင်းအဝယ်လိုင်စင်နှင့် လုပ်ငန်းလိုင်စင်တို့ကို အဓိကထည့်သွင်းထားသည်ဟု အဆိုပါဥပဒေကြမ်းရေးဆွဲရေးကော်မတီထံမှ သိရသည်။

အင်္ဂလိပ်ခေတ်တွင် ကျောက်မျက်တူးဖော်ခွင့်လိုင်စင်ကြေးပြားကို ပေးခဲ့ဖူးပြီး ယင်းကြေးပြားဖြင့် မည်သည့်နေရာတွင်မဆို တူးဖော်နိုင်ကာ ရလာသည့် ကျောက်အတွက် အခွန်ငွေပေးဆောင်လျှင် အဆင်ပြေသည်ဟု ဦးစောသောင်းတင် က ပြောသည်။

မိုးကုတ်ဒေသခံတို့၏ ဆန္ဒသည် ကျောက်မျက်လုပ်ကွက်များကို အလတ်စားသမားများကို မပေးရန်မဟုတ်ဘဲ မျှမျှတတ ခွဲဝေပေးရန် ဖြစ်သည်။

လက်ရှိ သတ်မှတ်ထားသည့် လုပ်ကွက်များအတိုင်း အတည်ဖြစ်သွားမည်ကို စိုးရိမ်နေကြပြီး ဝန်ကြီးဌာန၏ ကျောက်လုပ်ကွက်များထဲမှ အချိုးကျ ချထားပေးရန် ဆန္ဒရှိကြသည်ဟု မိုးကုတ်ထာပွဲ ကျောက်ကုန်သည် ပွဲစားများအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက ဆိုသည်။

ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကျောက်မျက်လုပ်ကွက်သည် ကျောက်ထွက်ကောင်းသည့်နေရာဟု ဒေသခံတို့က နားလည်ထားကြသည်။

“အလတ်စား၊ အသေးစားတွေကို မလုပ်နဲ့ မပေးနဲ့လို့ ပြောတာမဟုတ်ဘူး။ နှစ်ပေါင်း ၅၀၊ ၆၀ လောက် လုပ်ခွင့်မရှိတဲ့ ဒီလက်လုပ်လက်စားတွေကိုလည်း အချိုးကျလေးတော့ ပေးပါလို့ တောင်းတာ” ဟု ၎င်းကပြောသည်။

ကျောက်မျက်ထွက်ရှိသည့် နေရာများအနက် ၃၀ ရာခိုင်နှုန်းခန့်ကို ဒေသခံလက်လုပ်လက်စား ကျောက်သမားများက ရရှိလိုကြသည်ဟု ဦးစောသောင်းတင် က ဆိုသည်။

ယခင်က လက်လုပ်ကျင်းများ တူးဖော်၍ ကျောက်ရှာဖွေခဲ့သည့်ကာလတွင် မိုးကုတ်မြို့သည် ပျော်စရာကောင်းသည့် ဒေသတစ်ခုဖြစ်ခဲ့ကြောင်း၊ လုပ်ငန်းရှင်ကုမ္ပဏီများကို ဦးစားပေး၍ ကျောက်လုပ်ကွက် ချထားပေးချိန်မှစ၍ ဒေသခံတို့၏ လုပ်ပိုင်ခွင့်များ ဆုံးရှုံးသွားခဲ့ရကြောင်း မိုးကုတ်မြို့နယ် ဘောလုံးလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးထင်လှက ပြောသည်။

ကုမ္ပဏီလုပ်ကွက်အတွင်းဖြစ်စေ၊ တားမြစ်ထားသည့်နေရာတွင်ဖြစ်စေ ကျောက်ခိုးတူးလျှင် ဖမ်းဆီးအရေးယူခြင်းများ ရှိခဲ့သော်လည်း ကျောက်လုပ်ငန်းမှလွဲ၍ မလုပ်ကိုင်တတ်သဖြင့် တရားမဝင်ခိုးတူးရသည့်အဖြစ်သို့ ဒေသခံများရောက်ခဲ့ရသည်ဟု ၎င်းကဆိုသည်။

“အဲဒီလိုနဲ့ ကျွန်တော်တို့က တဖြည်းဖြည်းနဲ့ ခိုးတွင်းလုပ်စားတဲ့ လူထုဖြစ်လာတာပေါ့။ ဒါကြောင့် ခိုးတွင်းလုပ်စားတဲ့ အခြေအနေက လွတ်မြောက်အောင်၊ တရားဝင် လုပ်ကိုင်ခွင့်ရအောင် ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်။ တောင်းဆိုတော့ ချပေးတယ်။ ချပေးတော့လည်း အဝေးကို ပို့တယ်” ဟု ဦးထင်လှက မိုးကုတ်ဒေသခံများကိုယ်စား ရင်ဖွင့်ပြောဆိုလေသည်။

မိုးကုတ်ဒေသခံတို့အတွက် ပေးကားပေး၏ မရသည့် ကျောက်မျက်လုပ်ကွက်များပင် ဖြစ်လေသည်။ 

မြတ် (ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *