နေပူ ကျောပူဘ၀များ

အလှည့်ကမရောက်၊ နေကမြင့်လာသဖြင့် ဦးကျော်ခိုင် ချွေးစို့လာသည်။ နံနက် ၈ နာရီကတည်းက အပူဒဏ်ကို စခံစားနေရသဖြင့် တစ်နေ့တာအတွက် ကြိုတွေးရင်း ရင်မောသွားသည်။ ကာယဖြင့် အသက်မွေးရသူမို့ ရာသီဥတုဒဏ်ကိုအံတုရင်း ဝမ်းရေးဖြေရှင်းနေရသည်မှာ မလွယ်လှ။

မျှော်သာမျှော် ပေါ်မလာသော ခရီးသည်ကို ပျဉ်းမပင်အောက်ရှိ စားပွဲခုံပေါ်တွင်ထိုင်ရင်း လမ်းမဘက်သို့ သူငေးမျှော်နေရသည်မှာ အကြိမ်ပေါင်းမနည်း။

“မနက် ၉ နာရီနောက်ပိုင်းဆို အပူဒဏ်ကို ခံစားရတယ်။ ခရီးသည်တစ်ခါပို့ပြီးရင် ချွေးပြိုက်ပြိုက်ထွက်တယ်။ ကျန်းမာရေးမကောင်းတဲ့အချိန်ဆို မောတာပေါ့” ဟု ဦးကျော်ခိုင်က ဆိုက်ကားနင်းရင်း ဆိုလေသည်။

ဦးကျော်ခိုင်သည် အနှေးယာဉ် (ဆိုက်ကား)နင်းသည့် သက်တမ်းနှစ် နှစ်ဆယ်ရှိပြီဖြစ်ကာ ကျောင်းနေအရွယ်ကလေးများပါဝင်သည့် မိသားစုငါးဦးကို ရှာဖွေကျွေးမွေးနေရသူဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုဒဏ်ကို အမြင့်ဆုံးခံစားနေရသော မြန်မာနိုင်ငံတွင် အပူဒဏ်ကို နဖူးတွေ့ဒူးတွေ့ ခံစားနေကြရသည်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့နိုင်ငံများအသီးသီးတွင် အပူချိန်မြင့်မားလျက်ရှိသည်။ ဂျာမနီနိုင်ငံအခြေစိုက် German Watch က နိုင်ငံပေါင်း ၁၉၃ နိုင်ငံ၏ အပူချိန်ကို ၁၉၉၈ မှ ၂၀၁၇ ခုနှစ်အတွင်း လေ့လာထားသော Global Climate Risk Index ၂၀၁၉ အရ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို တတိယအဆိုးဆုံးခံစားရမည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါနိုင်ငံများတွင် ပွာတိုရီကိုနိုင်ငံ ပထမ၊ ဟွန်ဒူးရပ်စ်နိုင်ငံ ဒုတိယနှင့် မြန်မာနိုင်ငံက တတိယဖြစ်သည်။

Global Climate Risk Index ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်များအရ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပိုခံစားရကြောင်း၊ ကမ္ဘာကြီးပူနွေးမှုကြောင့် အပူလှိုင်းများ၊ ဟာရီကိန်းမုန်တိုင်းများအပြင် မိုးခေါင်ခြင်းနှင့် ရေလွှမ်းမိုးခြင်းတို့ လာမည့်နှစ်များတွင် ပိုများလာမည်ဖြစ်ကြောင်း ဆိုထားသည်။

အဆိုပါအဖွဲ့၏ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့သော Global Climate Risk Index တွင်မူ မြန်မာနိုင်ငံက ရာသီဥတုပြောင်းလဲမှုဒဏ်ကို ဒုတိယအဆိုးရွားဆုံးခံစားနေရကြောင်း ဖော်ပြထားသည်။

ယင်းကြောင့် လေးနှစ်အတွင်း အဆင့်တစ်ဆင့်လျော့သွားသည်ဟု ဆိုနိုင်သော်လည်း မြန်မာနိုင်ငံသည် အနီရောင်အဆင့် အန္တရာယ်ဇုန်အတွင်းရှိနေခြင်းက ပြည်သူများအတွက် စိုးရိမ်မှုကို မြင့်တက်စေသည်။

လေးနှစ်အတွင်း ရာသီဥတုပြောင်းလဲမှုလျော့ကျရေးအတွက် မူဝါဒများချမှတ်ထားခြင်းကြောင့် အဆင့်ကျသွားခြင်းဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အပူချိန်ပိုခံစားလာရသည်မှာ အဆန်းမဟုတ်တော့ချေ။

ထိုသို့အပူချိန်မြင့်မားမှုကို မည်သို့လျှော့ချမည်နည်း။

ရာသီဥတုပြောင်းလဲမှုအကျိုးဆက်ကြောင့် ဖြစ်ပွားလာခြင်းဖြစ်၍ မြန်မာနိုင်ငံအနေနှင့် ထိုအကြောင်းတရားများကို ရှာဖွေကာ အပူဒဏ်ကို လျှော့ချရမည်ဟု သုံးသပ်သူက အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းဆောင်ရွက်နေသည့် လူနှင့် သစ်တောများဗဟိုဌာန (RECOFTC) မြန်မာမှ မြန်မာဌာနေကိုယ်စားလှယ် ဒေါက်တာ မောင်မောင်သန်းဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုဖြစ်စေသည့် အကြောင်းတရားများတွင် သစ်တောပြုန်းတီးမှု၊ လယ်ယာကဏ္ဍပြောင်းလဲမှု၊ ဖန်လုံအိမ်ဓာတ်ငွေ့ (Green House Gas) ထုတ်လွှတ်မှုအခြေအနေများကို လေ့လာဆန်းစစ်ရမည်ဟု ဒေါက်တာ မောင်မောင်သန်းက သတိပေးသည်။

သို့သော် ယင်းနှင့် မပြီးသေး။ မော်တော်ယာဉ်အသုံးပြုမှု၊ ဆိုင်ကယ်သုံးစွဲမှုအပေါ်မူတည်ကာ ထိန်းချုပ်သင့်သည်များကို လုပ်ဆောင်ရမည်ဟု ၎င်းက အကြံပေးသည်။

“အပူဒဏ်က တစ်နေ့ထဲဖြစ်လာတာ မဟုတ်ဘူး။ ဆယ်စုနှစ် နှစ်စု၊ သုံးခုစာ လောက်ဖြစ်လာတာဆိုတော့” ဟု ၎င်းက ဆိုသည်။

ဦးကျော်ခိုင်နည်းတူ နေပူထဲ ဝမ်းစာရှာဖွေရသူများတွင် သစ်သီးဝလံနှင့် ပန်းမာန်မျိုးစုံ လက်လီလက်ကားရောင်းချသည့် သီရိမင်္ဂလာဈေးသစ်ထိပ်တွင် ဈေးရောင်းချနေသော မခိုင်လည်း ပါဝင်သည်။

ခေါက်ထီးအကွက်ကို လက်တစ်ဖက်က ကိုင်ထားကာ သနပ်ခါးပါးကွက်ကြား၊ အင်္ကျီအကွက်ဝတ်ဆင်ထားသူ မခိုင်မှာ အပူဒဏ်ကိုအံတုရင်း ဈေးဝယ်သူကို တစ်ကြော်ကြော် အော်ခေါ်နေသည်။

ကလေးသုံးယောက်အမေဖြစ်သော မခိုင်သည် လက်ရှိတွင် လှိုင်သာယာမြို့နယ် ၃ ထိပ်တွင် နေထိုင်သူဖြစ်ပြီး မပြေလည်သော စားဝတ်နေရေးကို ဖြေရှင်းရန် ဈေးထွက်ရောင်းနေသူလည်း ဖြစ်သည်။

နံနက် ၄ နာရီကျော်လျှင် သီရိမင်္ဂလာဈေးသို့ သူရောက်ပြီ။ ရောင်းမည့်အသီးများကိုဝယ်ရင်း ဈေးထိပ်တွင် နေရာဦးကာ ဝယ်သူမျှော်ရပြန်သည်။ အပူဒဏ်ကို အသားတကျဖြတ်သန်းရင်း ဖောက်သည်မျှော်သည့်နေ့ရက်တို့ တရွေ့ရွေ့ကုန်ဆုံးလာသည်မှာ ၂ နှစ်ခန့်ပင် ရှိလာပြီ။

“၉ နာရီလောက်ဆို အပူထွက်လာပြီ။ နေပူထဲဈေးရောင်းနေကျဆိုတော့ နည်းနည်းခံနိုင်ရည်ရှိတာပေါ့။ ၁၀ နာရီကျော်ရင် မခံနိုင်ဘူး” ဟု မခိုင်က ပြောဆိုသည်။

သီရိမင်္ဂလာဈေးထဲတွင် ဆိုင်ခန်းဝယ်ယူခ၊ ငှားရမ်းခ စရိတ်တို့မှာ သိန်းချီနေသဖြင့် မခိုင် မတတ်နိုင်။ ဈေးထိပ်တွင် ဈေးရောင်းခွင့်ရနေခြင်းကပင် သူ့အတွက် ကံကောင်းမှုဟု သူက ယူဆထားသည်။

နေပူဒဏ်ကို ကာကွယ်နိုင်မည့် ကြီးမားသည့်ထီးလည်း မခိုင် မဝယ်ရဲ။

“နောက်ပိုင်းပိုပူလာမယ်။ ထီးဝယ်ချင်ပေမယ့် စည်ပင်ကို ကြောက်လို့။ သူလိုက်ဖမ်းရင် ကိုယ်ကဒါတွေ (သစ်သီးများ) သိမ်းရင်း ထီးတွေ့ ထီးဖမ်းတာ” ဟု မခိုင်က ဆိုသည်။

မိုးရာသီကုန်ဆုံးကာ ဆောင်းရာသီရောက်ရှိလာပြီဖြစ်သော်လည်း မြို့ကြီးများတွင် ဆောင်း၏အငွေ့အသက်ကို မခံစားရသေးပေ။

ထိုသို့ ရာသီဥတုပြောင်းလဲမှုကြောင့် ပြောင်းလဲလာသည့် အပူချိန်ကို အောက်ခြေလူတန်းစားများမှစကာ ပြည်သူအားလုံးခံစားရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) နှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာ (၂၀၁၈-၂၀၃၀) များ ချမှတ်ကာ ဆောင်ရွက်နေသည်။

အပူချိန်မြင့်မားလာမှုကို လျှော့ချရန်အတွက် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒကို ထုတ်ပြန်ထားသည်။

ထိုမူဝါဒတွင် မြို့ပြနှင့် မြို့တွင်း ပို့ဆောင်ရေးကွန်ရက်များနှင့် အခြေခံအဆောက်အဦများကို ရေရှည်တည်တံ့ပြီး ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသော၊ ရာသီဥတုဒဏ်ခံနိုင်သည့် ပို့ဆောင်ရေးစနစ်ကို ဦးစားပေးမည်ဖြစ်ကြောင်းပါဝင်သည်။

မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် ၂၀၁၈ – ၂၀၃၀ ခုနှစ် ချမှတ်ပြီး လုပ်ငန်းစဉ်များ သတ်မှတ်ထားကာ လတ်တလောနှင့် ရေရှည်တွင် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုများကို ကြိုတင်ကာကွယ်ရန်၊ ပြန်လည်ထူထောင်ရန်နှင့် လိုက်လျောညီထွေဖြစ်ရန် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်မည်ဖြစ်ကြောင်း ပါဝင်သည်။

ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးနှင့်လျှော့ချရေးလုပ်ငန်းများကို နိုင်ငံတော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ ဘဏ္ဍာငွေမှ လုံလောက်သောရန်ပုံငွေအရင်းအမြစ် ခွဲဝေချထားရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း လုပ်ငန်းအစီအစဉ်တွင် ရေးသားထားသည်။

ယင်းအပြင် နေရာသတ်မှတ်ကာ သစ်ပင်စိုက်ပျိုးရေးလည်း လုပ်သင့်ကြောင်း၊ အများပိုင်နေရာများ၊ ပန်းခြံများတွင်လည်း သစ်ပင်စိုက်ပျိုးထားရမည်ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သန်းက သုံးသပ်သည်။

မြန်မာနိုင်ငံ၏ ပျှမ်းမျှအပူချိန်သည် ၁၉၈၁ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်အတွင်း ၀ ဒသမ ၂၅ ဒီဂရီ စင်တီဂရိတ် မြင့်တက်လာသည်။

မြန်မာနိုင်ငံသည် လာမည့်ဆယ်စုနှစ်များအတွင်း ၂၁ ရာစုအလယ် (၂၀၅၀ ပြည့်နှစ်ခန့်) တွင် အပူချိန်သိသိသာသာ ပြောင်းလဲမည်ဟု ခန့်မှန်းထားရာ ဒေသတိုင်းတွင် အပူချိန် ၁ ဒသမ ၃ ဒီဂရီစင်တီ ဂရိတ်မှ ၂ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ ပိုမိုပူပြင်းလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအား ဆန်းစစ်ခြင်း(၂၀၁၇ ခုနှစ်) အစီရင်ခံစာအရ သိရသည်။

အဆိုပါပူနွေးမှုကို ကမ်းရိုးတန်းဒေသများထက် ကုန်းတွင်းပိုင်းဒေသများက ပိုမိုမြန်ဆန်စွာခံစားရမည်ဖြစ်ကြာင်း အဆိုပါထုတ်ပြန်ချက်တွင် ပါဝင်သည်။

သစ်ပင်စိုက်ပျိုးခြင်းကြောင့် အရိပ်ရကာအေးမျှခြင်းကိုပေးနိုင်သည်။ သို့ရာတွင် သစ်ပင်တစ်ပင်ကြီးထွားရန်မှာ အချိန်လိုအပ်လှပေသည်။

သစ်ပင်အရိပ်ထဲထိုင်ကာ ခရီးသည် မျှော်နေသည့် ဦးကျော်ခိုင်က ခရီးသည်တစ်ခါပို့ပြီးတိုင်း သစ်ပင်ရိပ်တွင် အမောဖြေရပြန်သည်။ ကွင်းပြင်ထဲဈေးရောင်းချနေရသည့် မခိုင်ကမူ အရိပ်မရှိ၍ ထီးတစ်လက်ကို လက်ကကိုင်ရင်း ဈေးရောင်း ချနေရသည်။

ထိုသူများအပြင် အပူဒဏ်ကို ခါးစည်းခံနေရသည့် ဈေးသည်တစ်ဦးလည်း ရှိသေးသည်။ ဒေါက်တိုင်မှာ ထီးကိုချည်ထားပြီး ခိုစာရောင်းနေသည့်အဖွားအို ဖြစ်သည်။ နေပူထဲ ဈေးထိုင်မရောင်းချင်သော်လည်း မုဆိုးမသားအမိဖြစ်သည့် အတွက်ကြောင့် ဝမ်းရေးအတွက် ဈေးရောင်းနေရခြင်း ဖြစ်သည်။

“အဆင်မပြေလို့လုပ်နေရတာ။ နေပူလာတော့ မောတာပေါ့။ အရိပ်ထဲ နေချင်တာပေါ့။ နေ့ခင်းဆို ချွေးတပြိုက်ပြိုက်ကျတယ်” ဟု အသက် ၇၄ နှစ်အရွယ် ဒေါ်ရွှေညာက ဆိုသည်။

ချွေးထွက်များရာမှ ရေဓာတ်ခန်းခြောက်လာသဖြင့် ဒေါ်ရွှေညာသည် အသက်အရွယ်ကြောင့်အပြင် ရာသီဥတုဒဏ်ကြောင့်ပါ အလိုလိုမောပန်းနေတတ်သည်။

ရှောင်လွှဲမရသော ရာသီဥတုဒဏ်ကို ခါးစည်းခံကာ ဦးကျော်ခိုင်၊ ဒေါ်ရွှေညာ၊ မခိုင်တို့ ဘ၀ဝမ်းရေးအတွက် ခါးချိအောင် ရုန်းကန်နေကြရသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများကြောင့် စတင်ဖြစ်ပေါ်လာသည့် စက်မှုတိုးတက်မှုနောက်ဆက်တွဲဆိုးကျိုး၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများသဖြင့် ကမ္ဘာကြီးပူနွေးလာမှုအကျိုးဆက်များကို ဖွံဖြိုးဆဲနိုင်ငံများပါ ဒဏ်ခံနေရခြင်းက တရားပါ၏လော။

မတရားသော်လည်း မျက်နှာလွှဲမရ၊ ရှောင်လွှဲမရသော ရာသီဥတုပိုမိုဆိုးရွားလာသည့် အမွေဆိုးကို ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံက ရင်ဝယ်ပိုက်ထားရပြီပင်။

ယင်းအတွက် အဖြေကား ရာသီဥတုပြောင်းလဲခြင်းကို လျှော့ချပေးမည့် နည်းလမ်းများအပြင် ဖြစ်လာသည့်အခြေအနေကို လိုက်လျောညီထွေနေထိုင်ရင်း ဖြတ်သန်းခြင်းဖြစ်သည်။

တစ်နေ့ထက်တစ်နေ့ ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုကလည်း ကြောက်ခမန်းလိလိပင်။ အရေပြားကင်ဆာထိ ဖြစ်စေနိုင်သည်ဟု ပညာရှင်များက သတိပေးလင့်ကစား နေပူစပ်ခါး ဝမ်းရေးဖြေရှင်းနေရသူများအတွက် သတိမမူအားပေ။

အပူချိန်မြင့်တက်မှု၏ ဘေးထွက်ဆိုးကျိုးဖြစ်သော ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အလူးအလဲခံရင်း ဦးကျော်ခိုင်သည် ဆိုက်ကားနင်းမြဲနင်းနေရဦးမည်ပင်။

မအေးမြသော ဆောင်းက နှစ်တိုင်း ဦးကျော်ခိုင်ကို ကြိုဆိုနေဦးမည်ဖြစ်သည်။

“ဆောင်းလည်း မရှိတော့ပါဘူး။ ဦးထွန်းလွင်ပြောထားတယ်လေ။ နွေနဲ့ မိုးပဲ ရှိတော့တယ်လို့” ဟု ဦးကျော်ခိုင်က ဆိုက်ကားနင်းရင်း ဆိုလေသည်။ 

 

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *