လူမျိုး၊ တိုင်းရင်းသားနဲ့ နိုင်ငံသား

နိုင်ငံသားနဲ့ တိုင်းရင်းသား ဘာကွာလဲဆိုတာ မေးမြန်းပြောဆိုနေကြတာတွေ့ရလို့ ဒီအကြောင်းလေး ပြောကြည့်ချင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ တော်တော်များများက လူမျိုးနဲ့ နိုင်ငံသား သိပ်မကွဲကြတာ၊ တိုင်းရင်းသားတိုင်း နိုင်ငံသားလို့ ထင်ကြတာ သတိထားမိလို့ပါ။ ဒီမြေဒီရေမှာမွေး၊ ကြီးပြင်းပြီး ဒီနိုင်ငံသားပဲဖြစ်၊ တခြားနိုင်ငံသားတွေနဲ့လည်း အထိအတွေ့နည်းတော့ ဒီလိုဖြစ်တာလည်း မဆန်းပါဘူး။

လူမျိုးဆိုတာ သူ့ရဲ့မိဘ ဆင်းသက်လာတဲ့ မျိုးရိုးနဲ့ ဆက်စပ်ပါတယ်။ မွေးတုန်းကအတိုင်းမျိုးရိုးပဲ သေသည်အထိ မပြောင်းပါဘူး။ မွေးတုန်းက ဗမာလူမျိုး၊ ကြီးလာတော့ရှမ်းလူမျိုး ဖြစ်သွားလို့မရပါဘူး။ ဒါပေမဲ့ နိုင်ငံသားကတော့ သူသစ္စာခံတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တရားဝင်ရရှိထားတဲ့ အဆင့်အတန်းတစ်ခုပါ။ အပြောင်းအလဲလုပ်လို့ရပါတယ်။ မွေးတုန်းက ရခိုင်၊ အမေရိကရောက်သွားပြီး အခြေကျနေတယ်၊ အမေရိကန်နိုင်ငံသား ခံယူချင်တယ်၊ နည်းလမ်းတကျ လျှောက်ထားပြီး သူ့နိုင်ငံသား ဖြစ်ထိုက်တယ်လို့ တာဝန်ရှိသူတွေက လက်ခံရင် နိုင်ငံသားအဖြစ် ရမယ်၊ ရရင် သူကရခိုင်လူမျိုး၊ အမေရိကန်နိုင်ငံသားဖြစ်မယ်။ ခုဆို ကမ္ဘာတစ်လွှားမှာ တခြားနိုင်ငံသား ခံယူထားတဲ့ ဗမာ၊ ချင်း၊ ကချင် တိုင်းရင်းသား တော်တော်များများ ရှိပါတယ်။

နိုင်ငံတိုင်းမှာ နိုင်ငံသားတွေရတဲ့ အခွင့်အရေးနဲ့ နိုင်ငံခြားသားတွေရတဲ့ အခွင့်အရေးမတူပါဘူး။ နိုင်ငံသားအခွင့်အရေးဆိုတာ နိုင်ငံသားဖြစ်မှရတယ်၊ လူမျိုးနဲ့ မဆိုင်ပါဘူး။ အမေရိကန်မှာတော့ အမေရိကန်နိုင်ငံသားသာရှိပြီး အမေရိကန်လူမျိုးမရှိတော့ သူတို့တွေဆိုရင်လည်း မြန်မာပြည်မှာ နိုင်ငံသားနဲ့ လူမျိုး ကွဲပြားတာ သဘောမပေါက်နိုင်တာတွေ ရှိနိုင်ပါတယ်။ တရုတ်လူမျိုးဆိုရင် ကမ္ဘာအရပ်ရပ်မှာရှိနေပြီး ကမ္ဘာ့နိုင်ငံသားအသီးသီး ခံယူထားကြတော့ သူတို့ဆိုရင် လူမျိုးနဲ့ နိုင်ငံသားခွဲခြားမှုမှာ တရုတ်နဲ့ ပြည်ပရောက်တရုတ်လို့ ခွဲပါတယ်။ မြန်မာနိုင်ငံမှာ ရွှေတိဂုံဘုရားပေါ်ကို နိုင်ငံသားတွေ အခမဲ့တက်နိုင်ပြီး နိုင်ငံခြားသားတွေ ဝင်ကြေးပေးရပါတယ်။ ဗမာလူမျိုးဖြစ်ပေမယ့် တခြားနိုင်ငံသားခံယူထားသူဆိုရင် ဗမာလို ပြောဆိုနားလည်သည့်တိုင်၊ ဗုဒ္ဓဘာသာ ဘုရားရှိခိုးသည့်တိုင် ရွှေတိဂုံ ဘုရားမှာ ဝင်ကြေးပေးရပါမယ်။ ဒါအသေးအမွှား အခွင့်အရေးလေးပဲ ရှိပါသေးတယ်။

ကျွန်မတို့က နိုင်ငံသားနဲ့ လူမျိုး မကွဲပြားတဲ့အခါ အမေရိကန်နိုင်ငံသား ဗမာတစ်ယောက်ကို မြန်မာနိုင်ငံသား တရုတ်တစ်ယောက်ထက် ပိုခင်မင်ရင်းနှီးယုံကြည် စိတ်ချရှိနေတတ်ပါတယ်။ စိတ်ခံစားမှုကို ဥပဒေနဲ့ တားမြစ်လို့မရပေမယ့် သူတို့နှစ်ယောက်ရဲ့ ရပိုင်ခွင့်ကို ကြည့်မယ်ဆိုရင်တော့ အမေရိကန်နိုင်ငံသား ဗမာလူမျိုးတစ်ယောက်က ဘာနိုင်ငံသားအခွင့်အရေးမှ ခံစားခွင့်မရှိဘဲ တရုတ်လူမျိုး မြန်မာနိုင်ငံသားကသာ နိုင်ငံသားအခွင့်အရေး အပြည့်အဝခံစားရလိမ့်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိထားဖို့ လိုအပ်ပါတယ်။

တိုင်းရင်းသားဆိုတာကတော့ နေရာဒေသတစ်ခုမှာ နှစ်ရှည်လများ မူရင်းဒေသအဖြစ် နေထိုင်လာတဲ့ လူမျိုးတွေပါ။ နိုင်ငံသားဆိုတာ ရွေးချယ်ပေးအပ်လို့ ရပါတယ်။ ညီအစ်ကို မောင်နှမအရင်းတွေ၊ မိဘနဲ့ သားသမီးတွေ အတူတူ နိုင်ငံသားလျှောက်သည့်တိုင် သူ့ကို နိုင်ငံသားပေးတယ်၊ သူကတော့ နိုင်ငံသားမရသင့်ဘူးဆိုတာမျိုး ရွေးချယ်ပေးအပ်လို့ ရပါတယ်။ တိုင်းရင်းသားကတော့ ရွေးချယ်ပေးအပ်လို့ မရပါဘူး။ ဒီနေရာမှာ ခက်လာတာက အိမ်နီးချင်းနိုင်ငံတွေအကြား လူမျိုးတူကြရင် တိုင်းရင်းသားဆိုတဲ့ အဓိပ္ပာယ်က ပျောက်ကွယ်သွားပြီး နိုင်ငံသားက ပိုအရေးပါလာပါတယ်။

ဆိုလိုတာက နိုင်ငံတွေရဲ့ နယ်နိမိတ်တွေဆိုတာ လူတွေက လုပ်ကြတာပါ။ နိုင်ငံ့သက်တမ်းက လူ့သက်တမ်းထက် ပိုရှည်ပေမယ့် နိုင်ငံသက်တမ်းထက် လူမျိုးသက်တမ်းက ပိုရှည်ပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ဟာ သမိုင်းကြောင်းတစ်လျှောက် တစ်သမတ်တည်းရှိခဲ့တာ မဟုတ်ပါဘူး။ တချို့နယ်မြေတွေကို အရင်က မြန်မာပိုင်တယ်။ အခုမဟုတ်တော့ဘူး။ တချို့နေရာက အရင်ကမြန်မာမပိုင်ဘူး၊ အခု မြန်မာပိုင်တယ်ဆိုတာမျိုး ရှိတတ်ပါတယ်။ လူမျိုးတွေက နိုင်ငံတွေရဲ့ နယ်နိမိတ်တွေ မပေါ်ခင်၊ မတိုင်းရခင်တည်းက ရှိနေကြတော့ လူမျိုးတူသူတွေဟာ နိုင်ငံတစ်ခုရဲ့ နယ်နိမိတ်မျဉ်း ဟိုဘက် ဒီဘက်မှာ ရှိတတ်ပါတယ်။ ဂျိန်းဖောတွေဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ်ထဲမှာနေသလို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာလည်း ရှိပါတယ်။ စကားတစ်မျိုးတည်း ပြောကြတယ်။ ဆွေမျိုးဆက်စပ်ရင် အမျိုးလည်း တော်တယ်။ ဒါပေမဲ့ နိုင်ငံသားမှာတော့ ကွဲပြားသွားပါပြီ။ ဂျိန်းဖောကို မြန်မာတိုင်းရင်းသားလို့ လက်ခံထားပေမယ့် တရုတ်နိုင်ငံသားဖြစ်နေတဲ့ ဂျိန်းဖောတစ်ယောက်ကို မြန်မာတိုင်းရင်းသားလို့ ပြောလို့မရနိုင်ပြန်ပါဘူး။ ဒါကြောင့် ကျွန်မတို့ လက်ခံထားတဲ့ တိုင်းရင်းသား အဆင့်အတန်းဆိုတာကို နိုင်ငံခြားသားတွေကို ရှင်းပြတဲ့အခါ တချို့နားမလည်နိုင် ဖြစ်တတ်ကြတာပါ။

ကျွန်မတို့တစ်တွေကလည်း အရင်က ပြည်ပထွက်တာနည်း၊ နိုင်ငံခြားသားခံယူတာနည်းတော့ လူမျိုးနဲ့ နိုင်ငံသားအတူတူထင်၊ တိုင်းရင်းသားဆိုရင် နိုင်ငံသားထင်တတ်ကြပါတယ်။ နိုင်ငံခြားသားက ဗမာစကား ပြောရင်ကို ဗမာတစ်ယောက်အဖြစ် ရင်းနှီးတတ်ကြတာမျိုးပါ။ ကိုယ့်ချည်းနေလာတာကြာတဲ့အခါ ကိုယ့်အနီးအနား၊ ကိုယ့်ပတ်ဝန်းကျင် လေးပဲသိပြီး အစဉ်အဆက်မှတ်ထားခဲ့တဲ့အတိုင်းပဲ နေခဲ့ကြတာပါ။ ဒါပေမဲ့ အခုတော့ ပြည်ပအလုပ် ထွက်လုပ်သူတွေ၊ အလည်အပတ်သွားသူတွေပါ ရှိနေပြီး ပြည်တွင်းမှာလည်း လာအလုပ်လုပ်သူကော၊ အလည်လာသူတွေပါ ရှိလာပြီ။ ကိုယ့်အမျိုးထဲမှာပဲ နိုင်ငံခြားသားခံယူထားတာ၊ ကိုယ့်လူမျိုးပေမယ့် တခြားနိုင်ငံသားဖြစ်နေတာတွေ ရှိနေပါပြီ။ ကိုယ့်အမျိုး ကိုယ့်လူမျိုးဆို ကောင်းမှာပဲလို့ တစ်ယူသန်လက်ခံထားလို့ မရသလို၊ ကိုယ့်အမျိုးမဟုတ်ရင် လူဆိုးတွေ၊ တခြားလူမျိုးတွေက လူရိုင်းတွေဆိုတာမျိုးလည်း ပြောမရပါဘူး။ ခင်ရာဆွေမျိုးဆိုတဲ့စကားလို မိတ်ဆွေတွေကို ဆွေမျိုးလို နေနိုင်သူတွေလည်း ရှိကြတာပါပဲ။ သေချာတာတော့ ကိုယ့်လောက ကိုယ့်ပတ်ဝန်းကျင်ဟာ ကိုယ်ငယ်ငယ်ကလောက် ရိုးသားရှင်းလင်းမှု မရှိတော့ဘူး။ ပိုရှုပ်ထွေးပြီး သိသိသာသာ ခြားနားတာတွေ၊ မသိမသာ ကွဲပြားတာတွေ၊ ထပ်တူ တူတာတွေ၊ မတူတတူ ဖြစ်နေတာတွေ ပိုသိဖို့ ပိုပါးနပ်ဖို့ လိုလာပါပြီ။ အဖြူမဟုတ်ရင် အမည်းလို့ မပြောနိုင်ဘဲ မီးခိုးရောင်ဖြစ်နိုင်သလို မဖြူမမည်း အရိပ်အယောင်တွေလည်း ရှိနေနိုင်တာပါ။

ဗမာ = မြန်မာနိုင်ငံသားလို့ ပြောမရသလို၊ တိုင်းရင်းသား = နိုင်ငံသားလို့လည်း မပြောနိုင်ပါဘူး။ ဗမာ၊ရှမ်း၊ ကချင် အစရှိသဖြင့် တိုင်းရင်းသားဖြစ်ပေမယ့် နိုင်ငံသားမဖြစ်တာတွေရှိသလို၊ တိုင်းရင်းသား မဖြစ်ပေမယ့် နိုင်ငံသားဖြစ်နေတာတွေလည်း ရှိမှာပါ။

ခေတ်ကာလတွေ ပြောင်းလဲသလို လူမျိုးတွေလည်း ပြောင်းလဲတတ်ပါတယ်။ ပျူတွေ ဘယ်ရောက်သွားသလဲ ဆိုသလို၊ တစ်ချိန်ချိန်မှာ ဗမာတွေ ဘယ်ရောက်သွားသလဲဆိုတာ ရှိလာမှာပါ။ အခုအခါ တချို့တိုင်းရင်းသားတွေထဲမှာ ဗမာက လူမျိုးကြီးဝါဒက လူမျိုးငယ်တွေကို လွှမ်းမိုးတယ်။ လူနည်းစုက နစ်နာတယ် ပြောကြတာတွေ ရှိပါတယ်။ တကယ်တော့ နှစ်ဖက်စဉ်းစားရင် သူ့နေရာနဲ့သူ အခက်အခဲက ရှိတာပါပဲ။ လူမျိုးကြီးဆိုတဲ့ ဗမာတွေလည်း နစ်နာတာတွေရှိပါတယ်။ ပျူတွေပျောက်သလို ပျောက်သွားမှာ အစိုးရိမ်ရဆုံးက ဗမာတွေပါ။ ဒီလိုပြောလို့ မအံ့ဩစေချင်ပါဘူး။ သေချာစဉ်းစားကြည့်ရင် ဒီတိုင်းပြည်မှာ တိုင်းရင်းသားလူမျိုးစုတွေနေလာကြတာ နှစ်တွေကြာပြီ၊ တစ်မျိုးနဲ့တစ်မျိုး လက်ထပ်ဖြစ်ကြတာပါပဲ။ ဗမာနဲ့ ရှမ်း လက်ထပ်တယ်ဆိုပါတော့။ အဖေ အမေက ရှမ်း-ဗမာ ရာနှုန်းပြည့်ဆိုရင် ကလေးက ရှမ်း-ဗမာ ဖြစ်မယ်၊ နောက်တစ်ဆက်ကျတော့ ကရင်-မွန်နဲ့ အိမ်ထောင်ကျရင် မွေးလာတဲ့ကလေးက ရှမ်း-ဗမာ-ကရင်-မွန် ဖြစ်မယ်၊ မျိုးဆက်တွေ မျိုးဆက်တွေ အများကြီး ရောသွားတဲ့အခါ အများစုက အလွယ်တကူပဲ ဗမာလို့ ပြောလိုက်ကြတယ်။ အဲဒီတော့ အခု ဗမာလို့ဆိုသူတွေ ဘယ်လောက်များများ မူရင်းဗမာစစ်မလဲ။ ဘယ်တုန်းက DNA စစ်ထားဖူးသလဲ။ အခု တရားဝင်အတည်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုး ဆိုတာတောင် တူနေတာတွေ၊ ထပ်နေတာတွေ၊ မပါသေးတာတွေ ရှိနေဆဲပဲ။ ဒီထဲက တချို့တွေ ဘယ်လောက် ရောနှောကုန်ပြီလဲ စာရင်း မရနိုင်သေးဘူး။ လူမျိုးတွေ မရောနှောရဘူး၊ သွေးမနှောရဘူးလို့ ကမ္ဘာဦးအစတည်းက ပြောမရ၊ တားမရလို့ သမိုင်း ကြောင်းတစ်လျှောက် လူမျိုးတွေ အစဉ်အဆက် ပျောက်လိုက်၊ အသစ်ပေါ်လာလိုက် ဖြစ်နေ ကြတာပါ၊ သွေးနှောတာ အပြင်းအထန် ဆန့်ကျင်တဲ့ သာကီဝင်မျိုးတွေလည်း မရှိကြတော့ဘူး။ ကိုယ့်ဇာစ်မြစ် ကိုယ့်ဇာတိ ကိုယ့်ယဉ်ကျေးမှုကို သိရှိလေးစား တန်ဖိုးထားရမှာ မှန်ပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်သမိုင်းကြောင်းတစ်လျှောက်ကို မှန်မှန်ကန်ကန် သိဖို့လိုသလို လတ်တလော ဖြစ်နေတာတွေ၊ နောင်ဖြစ်လာနိုင်တာတွေကိုလည်း သိရပါလိမ့်မယ်။ လူမျိုးတွေ နိုင်ငံသားတွေ ကွဲပြားတာထက် လူတိုင်းရဲ့ အမျှော်အမြင်နဲ့ ဆင်ခြင်ဉာဏ်ပညာ အဆင့်အတန်းက နိုင်ငံတစ်ခုရဲ့ လှပတဲ့ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဖန်တီးနိုင်ပါလိမ့်မယ်။

ပညတ်တွေရဲ့ ကွဲပြားမှုကို နားလည် သိရှိကြပါစို့။ 

 

မေနှင်းအေး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *