ကျောင်းသားနှင့် စိတ်ပညာ

စိတ်ကျန်းမာရေးဆိုတာ စိတ်ရွှင်လန်းချမ်းမြေ့ပြေပြစ်မှုကို ဆိုလိုတာပါ။ စိတ်ရွှင်လန်းမှုနဲ့ တင်းတိမ်ကျေနပ်မှုရှိတာ၊ နေ့စဉ် တွေ့ကြုံနေရတဲ့ ပြဿနာအမျိုးမျိုးကို ပြေလည်အောင် ဖြေရှင်းနိုင်တာ၊ ပတ်ဝန်းကျင်ရဲ့ ချစ်ခင်လေးစားမှုကို လက်ခံရရှိတာ၊ မိမိရဲ့ ရည်ရွယ်ချက် လိုအင်ဆန္ဒ ပြည့်ဝတာ၊ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ဆက်ဆံတတ်တာ၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ နားလည်လိုက်နာ ကျင့်သုံးတတ်တာတွေပဲ ဖြစ်ပါတယ်။

စိတ်ကျန်းမာခြင်းကိုအခြေခံသော အကြောင်းရင်းများ

စဉ်းစားတွေးတောတာ (Thought)၊ ခံစားထိတွေ့တာ (Feeling)၊ စကား၊ စာပေတို့နဲ့ တင်ပြတာ (Action) တို့ ဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးရပ်ကို အစဉ်အဆက်ကောင်းတဲ့ အယူအဆ၊ အတွေးအခေါ်နဲ့ နီးနီးကပ်ကပ် ပြုမူစီစဉ်စဉ်းစားလုပ်ကိုင်သွားသူတစ်ဦးကို စိတ်ကျန်းမာသူတစ်ဦးလို့ အကြမ်းအားဖြင့် ခေါ်ဆိုနိုင်ပါတယ်။

စိတ်ကျန်းမာနေတဲ့သူတစ်ယောက်မှာ လူမှုရေးရာ လုံခြုံမှုခိုင်မြဲတည်တံ့မှု (Security) ရှိတယ်လို့ဆိုတယ်။ အဓိပ္ပာယ်ကတော့ ဒီလို လူတစ်ယောက်က အထိုက်အလျောက် ပျော်ရွှင်လန်းဆန်းနေလို့ မိသားစုသာသာယာယာနဲ့ မိတ်သင်္ဂဟတွေနဲ့ ပြေပြစ်အောင် ဆက်ဆံ ပေါင်းသင်းသွားနိုင်တဲ့အခြေအနေ ခိုင်ခိုင်လုံလုံ ရှိတာဖြစ်တယ်။ လူမှာ အမြဲတမ်းသာယာရွှင်လန်းနေတယ်လို့ တရားသေမဆိုသင့်ပါ။

စိတ်ညစ်တာ၊ မုန်းတီးတာ၊ စိုးရိမ်ကြောင့်ကြတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ရင်ဆိုင်ရရင် တတ်နိုင်သရွေ့ ပြေလည်အေးဆေးစွာ ဖြေရှင်းနိုင်တဲ့စွမ်းအား (Ability) ရှိသူလို့ ဆိုပါတယ်။ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိတာကို ဆိုနိုင်ပါတယ်။

စိတ်ကျန်းမာသူတစ်ဦးဟာ အစစအရာရာမှာ လျော်ကန်သင့်မြတ်မျှတပြီး တက်ညီလက်ညီ အစွန်းမထွက် ဝေဖန်ပိုင်းခြား ဆက်ဆံပေါင်းသင်းတတ်သူ၊ မှန်ကန်တဲ့တာဝန်ဝတ္တရား စတာတွေ တတ်မြောက်ကျွမ်းကျင်လုပ်ကိုင်ဆောင်ရွက်သွားနိုင်သူ၊ အောင်နိုင်သူ၊ ကျော်လွှားနိုင်သူ၊ ရင်ဆိုင်နိုင်သူတစ်ဦးဖြစ်ကာ ဖြေရှင်းပြီးတဲ့ ပြဿနာရဲ့ အောင်မြင်မှုကို ကျေကျေနပ်နပ် ခံစားသူတစ်ဦးဖြစ်တယ်လို့ ဆိုရပါမယ်။

ထို့ပြင်မက ငယ်ရွယ်စဉ် ကလေးဘ၀ကတည်းက အစပြုပြီး ပျော်ရွှင်တဲ့ကလေးဘ၀ကို စခဲ့ဖူးသူ၊ စိတ်ကျန်းမာတဲ့ မိသားစုကနေ ပျိုးထောင်ပေါက်ဖွားလာခဲ့သူ၊ သာယာဖြောင့်ဖြူးတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းနေထိုင်ခဲ့သူဖြစ်တယ်လို့ ဆိုတယ်။ အရေးကြီးဆုံးအချက်ကတော့ စိတ်ကျန်းမာတဲ့သူတစ်ဦးဖြစ်ဖို့ အခြေခံအနေနဲ့ ခံစားရမယ့်အကြောင်းအရာမှာ ချစ်ခြင်းမေတ္တာ၊ နှစ်သက်ကြည်နူးတာ၊ မြှောက်စားချီးမွမ်းထောပနာပြုတာ၊ တိုက်တွန်းအားပေးအားမြှောက်ပြုတာတို့ပဲ ဖြစ်ပါတယ်။

ကျောင်းသားလူငယ်တွေ စိတ်ကျန်းမာရေးအစဟာ ပထမ လူမှုဆက်ဆံရေးခေါ် Socialism မိဘသားသမီးဆက်ဆံရေး (Family Relationship) ကနေ စတင်ပျိုးထောင် ပေါက်ဖွားလာခဲ့ကြတယ်လို့ ဆိုပါတယ်။ ကျန်းမာတဲ့မိသားစုမှာ ပေါက်ဖွားလာတဲ့ ကလေးသူငယ်ဟာ စိတ်ကျန်းမာမယ်၊ ကိုယ်ကျန်းမာမယ်၊ ကာယစိတ္တ အားလုံးကျန်းမာပြေပြစ်မယ်။ ကျောင်းသားဘ၀ ရောက်လာပြီဆိုရင် ဒုတိယလူမှုဆက်ဆံရေး (Secondary Socialization) နဲ့ ကျောင်းသားလူငယ်တွေ တွေ့ကြုံလာကြပြီဖြစ်ပါတယ်။

ဆရာ၊ ဆရာမတွေ သင်ကြားပေးလို့ရတဲ့ အသိဉာဏ်ဟာ ငါးနှစ်သားအရွယ်ကစပြီး ရပါပြီ။ မိဘကသင်ပေးတဲ့ အသိတရားနဲ့ပါ ထပ်ပြီး မွမ်းမံပေးရင် ပညာတတ်လာမယ်။ ကျောင်းကျန်းမာရေးကနေရတဲ့ အသိနဲ့ ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံကို သိနေပြီဖြစ်လို့ စိတ်ကျန်းမာတာ၊ ကိုယ်ကျန်းမာတာကို ခံစားနေရပြီ ဖြစ်တယ်။ ပြည့်ပြည့်၀၀ ခံစားသိတတ်မှသာ စိတ်ကျန်းမာရေးကောင်းတဲ့ ကလေးငယ်လို့ သိမြင်မှာဖြစ်တယ်။

ကလေးဘ၀ စိတ်ပညာဟာ အလွန်နူးညံ့ပါတယ်။ ပတ်ဝန်းကျင်ကို စိတ်မဝင်စားဘဲ ချောင်တစ်ချောင်မှာ ကုပ်နေတတ်တဲ့ အော်တစ်ဇင်ဆန်တဲ့ ကလေးတွေ၊ ကြည့်လိုက်ရင် တစ်ချက်မှ အငြိမ်မနေဘဲ တစ်ချိန်လုံး လှုပ်ရှားနေတဲ့ ဂနာမငြိမ်ကလေးတွေ တွေ့ဖူးကြပါလိမ့်မယ်။

ပြည့်ပြည့်၀၀ ခံစားသိတတ်တဲ့ စိတ်ကျန်းမာနေတဲ့ကလေးသူငယ် ကျောင်းသား ကျောင်းသူတွေဟာ မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှုအပြည့်ရှိပြီး လောကကြီးရဲ့ လူမှုရေးပြဿနာတွေမှာလည်း လုံခြုံမှုရှိဖို့ ကြိုးစားတတ်ကြပါပြီ။ ကလေးတွေဟာ မိမိပတ်ဝန်းကျင်နဲ့ ပြေလည်အောင် ဆက်ဆံတတ်သူတွေ ဖြစ်လာကြတယ်။

စိတ်ကျန်းမာမှု ပြည့်ဝရေးဟာ အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်နေတယ်။ ကျောင်းသားကျောင်းသူတွေဟာ မိမိတို့ စာသင်ခန်းမှာ အစစအရာရာ စည်းကမ်းရှိရင်၊ မိမိတို့ကိုယ်ကျင့်တရားလည်း ထိန်းသိမ်းနိုင်ပြီး ကောင်းတဲ့လမ်းဆီ ဆက်လက်သွားနိုင်ကြမှာ ဖြစ်တယ်။

မိမိကိုယ်မိမိ ထိန်းချုပ်နိုင်တာ (Self Control and Self Direction) နဲ့ အဲဒီလို စည်းကမ်းရှိတဲ့ စိတ်ကျန်းမာရေးဆိုင်ရာအချက်တွေကို လိုက်နာကျင့်သုံးလာတဲ့ ကျောင်းသားကျောင်းသူတွေဟာ နောင်တစ်ခေတ်မှာ ခေါင်းဆောင်တွေဖြစ်လာကြမှာပဲ ဖြစ်ပါတယ်။

တတိယလူမှုဆက်ဆံရေး (Tertiary Socialization) နဲ့ တွေ့ကြုံရပါဦးမယ်။ လုပ်ငန်းခွင်အတွင်းက အတွေ့အကြုံတွေ၊ ကောင်းကျိုးဆိုးပြစ်တွေနဲ့ ရင်ဆိုင်လာရဦးမယ်။ လုပ်ငန်းမှာ စည်းကမ်းတွေ ဆက်လက်ကြိုးစားလိုက်နာသွားတာက လုပ်ငန်းခွင်အတွင်းမှာ စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့ တတိယလူမှုဆက်ဆံရေးအောင်မြင်နေဦးမှာ ဖြစ်ပါတယ်။

ကျောင်းသားဘ၀မှာ စဉ်ဆက်မပြတ် ပညာရေးဆိုတာ ကလေးရဲ့စိတ်ပညာကို အခြေပြုလို့ ဆရာ၊ ဆရာမတို့က နောက်တစ်တန်းအောင်နိုင်မယ့် အရည်အချင်းရှိသူတွေကိုသာ နောက်တစ်တန်းအောင်မြင်တက်လှမ်းခွင့်ပေးတာပဲ ဖြစ်ပါတယ်။ ကေဂျီတန်းကစလို့ စဉ်ဆက်မပြတ် ပညာရေးစတင်ခဲ့ရာမှာ စတုတ္ထတန်း (ခရိုင်စစ်)၊ အဋ္ဌမတန်း (ပြည်နယ်/တိုင်းဒေသကြီးစစ်)၊ ဒသမတန်း (တက္ကသိုလ်ဝင်တန်း) (အစိုးရစစ်) သတ်မှတ်လိုက်တဲ့နောက်ပိုင်းမှာ အရည်အချင်းမရှိသူ၊ ပညာရေးမှာ ပါရမီမရှိသူတွေ၊ အောင်မြင်ဖို့ မထိုက်သူတွေ တက္ကသိုလ် ပညာရေးအထိ ရောက်လာဖို့ မလွယ်တော့ပါဘူး။ အဲဒီအခါမှာတော့ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနိုင်ပါတယ်။

အခြေခံပညာကျောင်းတွေမှာ ကျောင်းသားတို့ကို စိတ်ပညာဘာသာရပ်နှင့် ပတ်သက်ပြီး သက်ကြားပေးတာ မရှိသလောက်ပါပဲ။ ကျောင်းကျန်းမာရေးအဖွဲ့က လာရောက်စစ်ဆေးတဲ့အခါမှ ပုံစံမမှန်တဲ့ စိတ်ရောဂါရှိ ကျောင်းသားများ ကြိုကြားကြိုကြား တွေ့ရတတ်ပါတယ်။ တစ်ချက်မှာ မျိုးရိုးလိုက်ခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးမှာ ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးဘ၀ တက်ခြင်း၊ အဖျားတက်ခြင်း၊ ငှက်ဖျား စသော အဖျားကြီးလွန်းခြင်း၊ ကူးစက်ရောဂါဖြစ်ခြင်းတို့ကြောင့် ဦးနှောက်ထိခိုက်မှုမျိုး ရှိတတ်ပါတယ်။ စိတ်ကျန်းမာရေးဆရာဝန်များနှင့် သေချာစစ်ဆေးပြသသင့်ပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကာ ကျောင်းသွားသင့်တဲ့ကလေးတွေကို သီးခြား ကျောင်းများမှာ သင်ကြားပေးဖို့ စီစဉ်ပေးသင့်ပါတယ်။ ဆရာ၊ ဆရာမ နဲ့ မိဘတိုင်ပင်ပြီး ကလေးအနာဂတ် ဆုံးဖြတ်ပေးသင့်ပါတယ်။ 

ဒေါက်တာလွင်သန့်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *