၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် 21 Lessons for the 21st Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။

 သင်ခန်းစာ (၁၀)

အကြမ်းဖက်ဝါဒ (Terrorism) (အပိုင်း-၂) အကြောက်မလွန်ကြပါနဲ့

အဘယ့်ကြောင့် နိုင်ငံအစိုးရ (State) အနေနှင့် (အကြမ်းဖက်သမားများ လိုလားသလို) ဖဲချပ်များကို ကုလားဖန်ပြန်ထိုး၊ ဖဲပြန်ချိုးဖို့ သဘောတူရပါသနည်း။ အကြမ်းဖက်ဝါဒကြောင့်ဖြစ်သော ရုပ်ဝတ္ထုအပျက်အစီးမှာ မဆိုစလောက်သာဖြစ်ရာ သီအိုရီအားဖြင့် အစိုးရအနေနှင့် ဘယ်လိုမှမတုံ့ပြန်ဘဲ နေလို့ရသည်။ သို့မဟုတ် အစိုးရအနေနှင့် ကင်မရာများ၊ မိုက်ခ်များ မမြင်ကွယ်ရာမှာ သိုသိုသိပ်သိပ်နှင့် ပြင်းထန်သည့် တုံ့ပြန်မှုများ ဆောင်ရွက်လို့ ရလေသည်။ လက်တွေ့အားဖြင့်လည်း အစိုးရများအနေနှင့် ယင်းကဲ့သို့ပင် တုံ့ပြန်လေ့ရှိပါသည်။ သို့သော် တစ်ခါတစ်ခါ စိတ်မထိန်းနိုင်ဘဲ အမျက်ထွက်ကာ အစိုးရက လူသိရှင်ကြား အင်အားသုံးဖြေရှင်းပြီး တုံ့ပြန်တာမျိုး ဖြစ်လေ့ရှိပါသည်။ ထိုအခါ အကြမ်းဖက်သမားများ စိတ်ကြိုက်ကစားလို့ရသည့်အခြေအနေ ဖြစ်သွားတော့သည်။ အဘယ့်ကြောင့် နိုင်ငံအစိုးရများအနေနှင့် အကြမ်းဖက်သမားများ၏ ဆွပေးမှုများကို ဆတ်ဆတ်ထိမခံ ဖြစ်ရပါသနည်း။

အစိုးရများအနေနှင့် ယင်းကဲ့သို့ ဆွပေးမှုများကို သည်းမခံနိုင်ဖြစ်ရခြင်းမှာ ခေတ်သစ်နိုင်ငံတော်များ၏ တရားနည်းဆီလျော်မှု (Legitimacy) နှင့် သက်ဆိုင်ပါသည်။ တရားသဖြင့်တည်ရှိသည့်နိုင်ငံတော် အယူအဆမှာ နိုင်ငံတော်က အများဆိုင်ရာရပ်ဝန်း (Public Sphere) ကို နိုင်ငံရေးအကြမ်းဖက်မှုများ ကင်းရှင်းအောင် ကာကွယ်ပေးမည်ဟူသော ကတိကဝတ်ကို အခြေခံထားခြင်းကြောင့် ဖြစ်သည်။ အစိုးရက သူ၏ တရားသဖြင့်တည်ရှိမှု၊ တရားဝင်မှုက ဤအကြမ်းဖက်မှုများကို ကာကွယ်ပေးရရေးနှင့် မသက်ဆိုင်ပါလျှင်မူ ဘယ်လိုပင်ဆိုးရွားသော ကပ်ဘေးဖြစ်ပါစေ ကြံ့ကြံ့ခံပြီး၊ မသိချင်ယောင်ဆောင်နေလို့ပင် ရလေသည်။ သို့သော်လည်း ပြဿနာက မည်မျှပင် သေးငယ်စေကာမူ ယင်းပြဿနာသည် အစိုးရ၏ တရားနည်းဆီလျော်မှုကို ထိပါးတိုက်ခိုက်နိုင်သည်ဆိုပါက ပြဿနာသေးသေးလေး တစ်ခုနှင့်ပင် အစိုးရ ပြိုလဲသွားနိုင်စရာ ရှိနေလေသည်။ ၁၄ ရာစုတွင် ပလိပ်ရောဂါဘေးကြောင့် ဥရောပလူဦးရေ၏ လေးပုံတစ်ပုံမှ ထက်ဝက်ပမာဏခန့်အထိ သေဆုံးခဲ့သော်လည်း ဘယ်ဘုရင်မှ နန်းစွန့်ရသည့် အဖြစ်မရောက်ချေ။ ဘယ်ဘုရင်ကမှလည်း ပလိပ်ရောဂါကပ်ဘေးကို ကျော်လွှားနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း မရှိချေ။ ပလိပ်ရောဂါကို ကာကွယ်ရမည့်တာဝန်မှာ ရှင်ဘုရင်၏ တာဝန်ဟုလည်း ထိုအချိန်က ဘယ်သူကမှ မယူဆချေ။ တစ်ဖက်တွင်မူ ဘာသာရေးအရ မိစ္ဆာအယူဝါဒများ နိုင်ငံတော်အတွင်း ပြန့်ပွားနေသည်ကို ခွင့်ပြုမိလျှင်မူကား ရှင်ဘုရင်အနေနှင့် နန်းစွန့်ရရုံသာမက ဇက်ပါပြုတ်သွားနိုင်သည့်အဖြစ်မျိုးနှင့် ကြုံရနိုင်လေသည်။

ယနေ့ခေတ်တွင် အစိုးရတစ်ရပ်အနေနှင့် အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို အကြမ်းဖက်ဝါဒလောက် တင်းတင်းကျပ်ကျပ် ကိုင်တွယ်တုံ့ပြန်ခြင်း မရှိချေ။ #MeToo ကဲ့သို့သော လှုပ်ရှားမှု များမှာ အကျိုးသက်ရောက်မှုရှိသည့်တိုင် မုဒိမ်းမှုမှာ အစိုးရ၏ တရားနည်း ဆီလျော်မှု၊ တရားသဖြင့်တည်ရှိမှု (Legitimacy) ကို လျော့ပါးစေခြင်း မရှိချေ။ ဥပမာအားဖြင့် ပြင်သစ်တွင် တစ်နှစ်လျှင် မုဒိမ်းမှုပေါင်း တစ်သောင်းကျော် အာဏာပိုင်များထံ တိုင်ကြားကြပြီး သတင်းပို့တိုင်ကြားခြင်းမရှိသည့်အမှုပေါင်း သောင်းနှင့်ချီ၍ ရှိနိုင်လေသည်။

သို့သော် မုဒိမ်းသမားများနှင့် မယားကိုရိုက်သော ခင်ပွန်းယောက်ျားများမှာ ပြင်သစ်နိုင်ငံတော်၏ တည်ရှိမှုကို ခြိမ်းခြောက်သည့် အန္တရာယ်အဖြစ် ရှုမြင်ခံရခြင်း မရှိချေ။ အဘယ့်ကြောင့်ဆိုသော် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကင်းရှင်းစေရမည်ဆိုသည့် ကတိဖြင့် နိုင်ငံတော်ကို တည်ဆောက်ထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် ရှားရှားပါးပါး တစ်ခါတစ်ရံဖြစ်သည့် အကြမ်းဖက်မှုများမှာမူ ပြင်သစ်သမ္မတနိုင်ငံတော်၏ သေရေးရှင်ရေးကို ခြိမ်းခြောက်သည့် အန္တရာယ်အဖြစ် ရှုမြင်ခံရသည်။ အကြောင်းမှာ လွန်ခဲ့သည့် ရာစုနှစ်အနည်းငယ်အတွင်း ခေတ်သစ် အနောက်နိုင်ငံများမှာ နိုင်ငံအတွင်း နိုင်ငံရေးအကြမ်းဖက်မှုကို လုံးဝသည်းမခံဟူသည့် ကတိကဝတ်ပေါ် လုံးလုံးအခြေခံ၍ ၎င်းတို့၏ တရားနည်းဆီလျော်မှုကို တဖြည်းဖြည်းချင်း တည်ဆောက်လာသောကြောင့် ဖြစ်သည်။

အလယ်ခေတ်များကမူ အများဆိုင်ရာရပ်ဝန်းမှာ နိုင်ငံရေးအကြမ်းဖက်မှုများနှင့် ပြည့်နှက်နေသည်။ အမှန်စင်စစ်အားဖြင့် အကြမ်းဖက်နည်းလမ်း သုံးနိုင်စွမ်းရှိခြင်းကိုက နိုင်ငံရေးကစားပွဲထဲသို့ ဝင်ရောက်ရန် ဝင်ခွင့်လက်မှတ် ဖြစ်ခဲ့သည်။ ထိုသို့ သုံးနိုင်စွမ်းမရှိပါက နိုင်ငံရေးအရ အရေးမပါချေ။ တော်ဝင်မိသားစု အများအပြားမှာ လက်နက်ကိုင်တပ်ဖွဲ့များရှိပြီး မြို့များ၊ အစည်းအရုံးများ၊ ဘုရား ကျောင်းတော်များနှင့် ဘုန်းတော်ကြီးကျောင်းများမှာလည်း လက်နက်ကိုင် တပ်များ ရှိလေသည်။ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်တော်မူပြီး သူ့ကို ဆက်ခံရန် အငြင်းပွားမှု ပေါ်ပေါက်ပါက ဘုန်းကြီးများ၊ ဒေသခံခေါင်းဆောင် ဗိုလ်များနှင့် သက်ဆိုင်သူအိမ်နီးနားချင်းများ ပါဝင်သည့် ပြိုင်ဘက်အဖွဲ့များမှာ လက်နက်ကိုင်ပြီး ပြဿနာဖြေရှင်းလေ့ရှိကြသည်။

အကြမ်းဖက်ဝါဒ (Terrorism) မှာ ထိုသို့သော အခြေအနေတွင် အရေးမပါ အရာမရောက်ချေ။ ရုပ်ဝတ္ထုပစ္စည်း ပျက်စီးထိခိုက်အောင် သိသာစွာ အင်အားမသုံးနိုင်သောသူများအတွက် နေရာမရှိချေ။ ၁၁၅၀ ပြည့်နှစ်တွင် မွတ်ဆလင်အယူသီးလူအချို့က ဂျေရုစလင်တွင် လက်တစ်ဆုပ်စာ အရပ်သားအချို့ကိုသတ်ပြီး ခရူးဆိတ်စစ်ပွဲဖြင့် ကျူးကျော်လာသူများ မြင့်မြတ်သောမြေမှ ထွက်သွားကြရန် တောင်းဆိုပါက ဘယ်သူကမှ ကြောက်မည်မဟုတ်ပါ။ ငိုအားထက်ရယ်အားသန်ဆိုသလို ဖြစ်ပေမည်။ စာဖတ်သူအနေနှင့် မိမိတောင်းဆိုချက်ကို လူအများ အမှန်တကယ် အာရုံစိုက်ခံချင်သည်ဆိုပါက အနည်းဆုံး ခံတပ်ရဲတိုက် တစ်လုံး၊ နှစ်လုံးလောက် သိမ်းပြနိုင်ရမည် ဖြစ်သည်။ အကြမ်းဖက်ဝါဒမှာ ကျွန်ုပ်တို့၏ အလယ်ခေတ်ဘိုးဘေးများ အာရုံစိုက်လောက်စရာကိစ္စ မဟုတ်ခဲ့ပေ။ အကြောင်းမှာ သူတို့အနေနှင့် ပိုကြီးသော ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနေရသောကြောင့် ဖြစ်သည်။

ခေတ်သစ်ကာလတွင်မူ နိုင်ငံတော်များမှာ ဗဟိုချုပ်ကိုင်ပြီး ၎င်းတို့၏ နယ်နိမိတ်အတွင်း နိုင်ငံရေးအကြမ်းဖက်မှုကို တဖြည်းဖြည်းချင်း လျှော့ချလာခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း အနောက်နိုင်ငံများမှာ နိုင်ငံရေးအကြမ်းဖက်မှုများကို အကုန်အစင်နီးပါး ရှင်းလင်းနိုင်ခဲ့သည်။ ပြင်သစ်နိုင်ငံသားများ၊ ဗြိတိန်နိုင်ငံသားများ၊ အမေရိကန်များမှာ လက်နက်အင်အား သုံးစရာမလိုဘဲ မြို့များ၊ ကော်ပိုရေးရှင်းများ၊ အဖွဲ့အစည်းများနှင့် အစိုးရကိုပင် ထိန်းချုပ်ရန် ကြိုးပမ်းနိုင်သည်။ ထရီလီယံနှင့်ချီသော ဒေါ်လာများ၊ သန်းနှင့်ချီသော စစ်သားများ၊ ထောင်ချီသော သင်္ဘောများ၊ လေယာဉ်ပျံများနှင့် နျူကလီးယား ဒုံးကျည်များကို ထိန်းချုပ်နိုင်စွမ်းမှာ နိုင်ငံရေးသမားအုပ်စုတစ်စုထံမှ အခြားတစ်စုထံသို့ သေနတ်တစ်ချက် ဖောက်စရာမလိုဘဲ လွှဲပြောင်းပေးနိုင်သည်။ ပြည်သူလူထုမှာ ဤသို့သော အခြေအနေနှင့် အလျင်အမြန် အသားကျလာပြီး သူတို့၏ မွေးရာပါ အခွင့်အရေးအနေဖြင့် ယူဆလာသည်။ သို့ဖြစ်ရာ တစ်ခါတစ်ရံကြုံသည့် နိုင်ငံရေးအကြမ်းဖက်မှုမျိုးကြောင့် လူအနည်းငယ် ဆယ်ဂဏန်းလောက် သေဆုံးရုံနှင့်ပင် နိုင်ငံတော်၏ တရားနည်းဆီလျော်မှု (Legitimacy) ရော၊ နိုင်ငံတော်၏ ရပ်တည်နိုင်စွမ်းကိုပါ ခြိမ်းခြောက်သည့် အန္တရာယ်အဖြစ် ရှုမြင်လာကြခြင်းဖြစ်သည်။ ဘာမှမရှိသည့် ဖန်ဘူးအလွတ်ကြီး ဖြစ်သောကြောင့် ဒင်္ဂါးပြားတစ်စေ့ထဲနှင့်ပင် အသံအကျယ်ကြီး မြည်ခြင်း ဖြစ်ပါသည်။

ထို့ကြောင့်ပင် အကြမ်းဖက်မှုထိုးဇာတ်မှာ အောင်မြင်မှုရခြင်း ဖြစ်သည်။ အစိုးရက နိုင်ငံရေးအကြမ်းဖက်မှု လုံးဝကင်းရှင်းသည့်နေရာဖြစ်အောင် အကျယ်ကြီး ဖန်တီးထားနိုင်သောကြောင့် မည်မျှပင် သေးငယ်သည့် လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်ပါစေ၊ မိုက်ခရိုဖုန်းကြောင့် အသံ အကျယ်ကြီး ထွက်လာသကဲ့သို့ ရလဒ်က ချဲ့ကားသွားခြင်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးအကြမ်းဖက်မှု နည်းပါးလေလေ၊ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအပေါ် ပြည်သူလူထု၏ ချောက်ချားတုန်လှုပ်မှု ကြီးမားလေလေ ဖြစ်သည်။ လူအနည်းငယ် ဘယ်လ်ဂျီယံတွင် ထိခိုက်သေဆုံးမှုက နိုင်ဂျီးရီးယား သို့မဟုတ် အီရတ်တွင် လူရာနှင့်ချီ၍ သေဆုံးမှုထက် ပိုပြီး လူစိတ်ဝင်စားခံရလေသည်။ သို့ဖြစ်ရာ ဝိရောဓိဖြစ်ရသည်မှာ ခေတ်သစ်နိုင်ငံတော်များ၏ နိုင်ငံရေးအကြမ်းဖက်မှုကို ကာကွယ်ထားနိုင်သည့် အောင်မြင်မှုကြောင့်ပင် အကြမ်းဖက်ဝါဒနှင့် ရင်ဆိုင်ရသောအခါ ခေတ်သစ်နိုင်ငံတော်များအတွက် အထူးပျော့ကွက်ဖြစ်နေရခြင်းဖြစ်သည်။

အစိုးရက နိုင်ငံ၏ နယ်နိမိတ်အတွင်း နိုင်ငံရေးအကြမ်းဖက်မှုကို သည်းခံမည်မဟုတ်ဆိုတာကို ထပ်တလဲလဲ ထုတ်ဖော်ပြသထားသည်။ နိုင်ငံသားများအနေနှင့်လည်း နိုင်ငံရေးအကြမ်းဖက်မှု လုံးဝမရှိသည့် အခြေအနေနှင့် အသားကျနေပြီဖြစ်သည်။ သို့ဖြစ်ရာ အကြမ်းဖက်ဝါဒ ထိုးဇာတ်၊ လုပ်ဇာတ်က လူအများ၏ စိတ်ထဲတွင် မင်းမဲ့စရိုက်၊ ပရမ်းပတာ ဖြစ်တော့မည်ဟု အလိုလို ချောက်ချားထိတ်လန့်လာသည်။ လူ့အဖွဲ့အစည်းအတွင်း လူမှုနေသားကျမှု၊ လူမှုအစီအစဉ် (Social Order) ပျက်ပြားတော့မည်ဟု ခံစားလာရသည်။ ရာစုနှစ်များစွာ သွေးမြေကျ ရုန်းကန်လှုပ်ရှားရပြီး အကြမ်းဖက်မှု တွင်းနက်ကြီးထဲက ထွက်လာခဲ့သော်လည်း ကျွန်ုပ်တို့၏ စိတ်ထဲတွင် ယင်းတွင်းနက်ကြီးက ရှိနေဆဲ၊ ပြန်လည်ဝါးမျိုသွားဖို့ စောင့်နေဆဲဟု ခံစားနေရလေသည်။ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်း သည့် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်မျိုး နည်းနည်းမြင်ရုံနှင့် ကျွန်ုပ်တို့၏ စိတ်ထဲတွင် ယင်းတွင်းနက်ကြီးထဲ ပြန်ကျသွားပြီဟု ထင်လေတော့သည်။

ပြည်သူလူထု၏ ဤကဲ့သို့ အကြောက်တရားကို သက်သာရာရစေရန် အကြမ်းဖက်မှုထိုးဇာတ်ကို အစိုးရက လုံခြုံရေးအင်အားသုံးခြင်းဟူသည့် ဇာတ်ကွက်ခင်းပြီး တုံ့ပြန်တော့သည်။ အကြမ်းဖက်ဝါဒကို ထိရောက် မြန်ဆန်မှုအရှိဆုံး တိုက်ဖျက်နိုင်သည့်နည်းလမ်းမှာ ထောက်လှမ်းရေး ကောင်းကောင်းနှင့် အကြမ်းဖက်မှုကို ထောက်ပံ့နေသည့် ဘဏ္ဍာရေးကွန်ရက်များကို လျှို့ဝှက်ချေမှုန်းခြင်းနည်းလမ်း ဖြစ်နိုင်ပါသည်။ သို့သော် ယင်းကဲ့သို့သော နည်းလမ်းမှာ နိုင်ငံသားများအနေနှင့် တီဗီဖန်သားပြင်ပေါ်တွင် မြင်ရကြားရသည့် နည်းလမ်းမဟုတ်ချေ။ နိုင်ငံသားများမှာ ဝေါလ်ထရိတ်စင်တာကြီး ပြိုလဲသွားသည့် အကြမ်းဖက်သမားများ၏ ဒရာမာထိုးဇာတ်ကို မြင်ခဲ့ရသည်ဖြစ်ရာ အစိုးရကလည်း အလားတူ မီးတွေလောင်၊ မီးခိုးတွေထွက်ကာ ပိုခမ်းနား ကြီးကျယ်သည့် ဇာတ်ကွက် ပြန်ခင်းပြပြီး တုံ့ပြန်လိုစိတ်ဖြစ်တော့သည်။ သို့ဖြစ်ရာ အစိုးရက တိတ်တဆိတ် ထိရောက်မှုရှိစွာ တုံ့ပြန်ခြင်းမျိုး လုပ်မည့်အစား အင်အား ကြီးမားသည့် မုန်တိုင်းတွေထန်၊ မီးဟုန်းဟုန်းတောက်သည့် တုံ့ပြန်မှုမျိုး လုပ်လေသည်။ ထိုအခါ အကြမ်းဖက်သမားများ မျှော်လင့်ထားသည့် စိတ်ကူး အိပ်မက်များ အမှန်တကယ် အကောင်အထည်ပေါ်လာတော့သည်။

ထိုသို့ဆိုလျှင် အစိုးရအနေနှင့် အကြမ်းဖက်ဝါဒကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်ပါသနည်း။ အကြမ်းဖက်မှုကို အောင်မြင်စွာ တိုက်ဖျက်ရန်မှာ မျက်နှာစာသုံးခုမှ ဆောင်ရွက်ရန်လိုပါသည်။ ပထမမျက်နှာစာမှာ အစိုးရက အကြမ်းဖက်ကွန်ရက်များကို တိတ်တဆိတ် ထောက်လှမ်းချေမှုန်းခြင်းဖြစ်ပါသည်။ ဒုတိယမျက်နှာစာမှာ မီဒီယာများက ကိစ္စများကို သင့်တော်ဆီလျော်သော ရှုထောင့်မှချဉ်းကပ်ခြင်းဖြစ်ပြီး တစ်စိတ်ကို တစ်အိတ်မလုပ်ရန် ဖြစ်ပါသည်။ မီဒီယာများအနေနှင့် လူအများလိုသည်ထက်ပိုပြီး ထိတ်လန့်စိုးရွံ့အောင် မဆောင်ရွက်မိဖို့ လိုပါသည်။ အကြမ်းဖက်သမားများ၏ ထိုးဇာတ်မှာ လူတွေကြားထဲ ကျော်ကြားမှုမရလျှင် အောင်မြင်မည်မဟုတ်ပါ။ သို့သော် ကံဆိုးသည်မှာ မီဒီယာများက ယင်းထိုးဇာတ်ကို လူသိရှင်ကြားဖြစ်အောင် အလကားမတ်တင်း လုပ်ပေးနေခြင်းပင်ဖြစ်ပါသည်။ မီဒီယာများက အကြမ်းဖက်မှုများကို လွန်လွန်ကဲကဲ အာရုံစိုက်သတင်းတင်ဆက်ကာ ၎င်းတို့၏ အန္တရာယ်ကို ရှိရင်းစွဲထက် ချဲ့ကားပြောဆို နေကြပါသည်။ သတင်းစာကလည်း ဆီးချိုအကြောင်းတို့၊ လေထုညစ်ညမ်းမှုတို့ကို ရေးသားတင်ဆက်တာထက်အကြမ်းဖက်မှုအကြောင်းရေးပါက ပိုအရောင်းထွက်သည်ကိုး။

တတိယမျက်နှာစာမှာ ကျွန်ုပ်တို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ၏ စိတ်အထင်ကို ချုပ်ထိန်းရမည့်ကိစ္စ ဖြစ်ပါသည်။ အကြမ်းဖက်သမားများမှာ ကျွန်ုပ်တို့၏ စိတ်အာရုံကိုဖမ်းစားပြီး ကျွန်ုပ်တို့ကို ပြန်ခြောက်လှန့်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်ထဲတွင် အကြမ်းဖက် တိုက်ခိုက်မှုများကို ထပ်တလဲလဲ တဝဲလည်လည် ပြန်မြင်ယောင်ပါသည်။ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုလိုမျိုး၊ အသေခံဗုံးကွဲ တိုက်ခိုက်မှုလိုမျိုး ကိစ္စများကို ထပ်တလဲလဲ ပြန်အမှတ်ရပါသည်။ အကြမ်းဖက်သမားများက လူ ၁၀၀ လောက် သတ်ပြပြီး လူသန်းရာနှင့်ချီ၍ နောက်ကျောမလုံဘဲ တစ်ယောက်ယောက်က နောက်ကနေ လာသတ်တော့မယောင် ထင်အောင် လုပ်ပါသည်။ အကြမ်းဖက်သမားများ၏ရန်ကို စိတ်ထဲမှ စွဲထင်နေခြင်းမှ လွတ်ကင်းအောင် ဆောင်ရွက်ရမည့်တာဝန်မှာ နိုင်ငံသားများတွင် ရှိပါသည်။ ကျွန်ုပ်တို့အနေနှင့် အကြမ်းဖက်မှုက ခြိမ်းခြောက်နိုင်စွမ်း အမှန်တကယ် ဘယ်လောက်ပဲရှိကြောင်းကို အမှတ်ရဖို့ လိုပါသည်။ ကျွန်ုပ်တို့၏ အဇ္ဈတအတွင်းမှာရှိသော အကြောက်တရားကြောင့် မီဒီယာများက ကဲကဲသဲသဲ သတင်းဖော်ပြနေခြင်းဖြစ်ပြီး အစိုးရများက လွန်လွန်ကဲကဲတုံ့ပြန်နေခြင်း ဖြစ်ပါသည်။

သို့ဖြစ်ရာ အကြမ်းဖက်ဝါဒ အောင်မြင်မည်လား၊ ကျဆုံးသွားမည်လားမှာ ကျွန်ုပ်တို့အပေါ်တွင် မူတည်ပါသည်။ အကြမ်းဖက်သမားများကို စိတ်ကူးအာရုံကို ဖမ်းစားခွင့်ပြုလိုက်ပြီး ကျွန်ုပ်တို့၏ ကိုယ်ပိုင်အကြောက်တရားများဖြင့် အလွန်အကျူး တုံ့ပြန်မိပါက အကြမ်းဖက်ဝါဒ အောင်မြင်သွားမည် ဖြစ်ပါသည်။ စိတ်အာရုံမှာ အကြမ်းဖက်သမားများကို ကြောက်လန့်ခြင်းမှ လွတ်ကင်းပြီး သမမျှတသော စိတ်နေစိတ်ထားဖြင့် အေးအေးဆေးဆေး တုံ့ပြန်နိုင်ပါက အကြမ်းဖက်ဝါဒကျရှုံးမည် ဖြစ်ပါသည်။ 

 

သီဟဝင့်အောင်
(ဆက်လက်ဖော်ပြပါမည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *