မြန်မာရနံ့သင်းသော ရပ်ဝန်းဆီ

အများသူငှာစိတ်အာရုံကို ဆွဲဆောင်နိုင်စေရန် အမြင်အာရုံနှင့် ထပ်တူစကားလုံးအသုံးအနှုန်း၊ အမည်နာမသည်လည်း အရေးကြီးလှသည်။

သူကြီးသမီး၊ ဒို့အိမ်၊ တောကျောင်း၊ အညာအိမ်၊ လယ်သူမ၊ သမီးတော်၊ စာဥ … ထိုထိုသော အသုံးအနှုန်းများကို ကြည့်လိုက်သည်နှင့် ရိုးစင်းမှုကိုသာမက မြန်မာအငွေ့အသက်များခံစားနိုင်မည့် တစ်နည်းအများစုမှာ တောရနံ့သင်းသည့် အသုံးအနှုန်းများအဖြစ်ခံစားမိမည်သာ။

ထိုအသုံးအနှုန်းများမှာ အစားအစာဆိုင်၊ လက်မှုပစ္စည်းဆိုင်၊ လူမှုအထောက်အကူပြုအဖွဲ့အစည်း၊ စာအုပ်ဆိုင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာနိုင်မည့် သင်တန်းကျောင်းတို့၏ နာမည်များ ဖြစ်သည်။

လူတစ်ဦးအတွက် နာမည်သည် ထိုသူ၏ တစ်သက်စာတည်ဆောက်ရမည့် ၊ လူအများ၏ အသိအမှတ်ပြုခေါ်ဆိုခံရမည့် အရာဖြစ်သည်။ လုပ်ငန်းတစ်ခု၏ နာမည်မှာလည်း ထို့အတူပင်။ လူအများ၏ စိတ်ထဲစွဲထင်မှတ်မိသိရှိစေရန်မှာ အလွန်အရေးကြီးလှသည်။

“ကျွန်တော်တို့က အညာထွက်ကုန်တွေကို ဈေးကွက်ထဲမှာ သေချာပါကင်လုပ်ပြီး ရောင်းချင်လို့မို့ အညာဆန်ဆန်နာမည်လေး မှည့်ဖြစ်တာပါ။ ဒေသတွင်းထွက်ကုန်တွေ၊ ပြည်တွင်းထွက်ကုန်တွေကို လူတွေသုံးချင်လာအောင်နဲ့ ထုတ်ကုန်တွေက တန်းတစ်ခုမှာရှိတယ်ဆိုတာ သိစေချင်လို့ ဒီနာမည်ရွေးဖြစ်တာပါ” ဟု ဆိုသူက အညာအိမ် – Anyar Eain အမည်ဖြင့် မုံရွာအခြေစိုက်ပြည်တွင်းထုတ် ချည်ထည်လေးများနှင့် လက်မှုပစ္စည်းများရောင်းချသည့် ဆိုင်ဖွင့်လှစ်ထားသည့် ကိုသက် ဖြစ်သည်။

နာမည်ကြားလိုက်သည်နှင့် နွေးထွေးမှုရှိပြီး အညာဒေသထွက်ထုတ်ကုန်များနှင့် ပတ်သက်သည့် ထုတ်ကုန်များကို ရောင်းချမည်ကို သိရှိစေရန် စိတ်ကူးဖြင့် အညာအိမ်ဟူသည့် နာမည်ကို ပေးဖြစ်သည်ဟု ကိုသက်က ထပ်ဆင့်စကားဆိုသည်။

ထို့ကြောင့် လူတစ်ဦးချင်းစီ သို့မဟုတ် လုပ်ငန်းတစ်ခုအတွက် နာမည်မှာ အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည် မဟုတ်ပါလား။ လုပ်ငန်းတစ်ခုတည်ထောင်မည်ဆိုလျှင် မိမိလုပ်ဆောင်မည့် ကိစ္စကို သေချာကျွမ်းကျင်အောင် သိရှိရန် အရေးကြီးလှသလို ထိုလုပ်ငန်းနှင့်ပတ်သက်၍ လူအများခေါ်ဝေါ်ကြမည့် နာမည်မှာလည်း အလွန်အရေးကြီးသည်။

ယခင်က လုပ်ငန်းနာမည်အများစုမှာ အင်္ဂလိပ်စာလုံးများ၊ ခေတ်ပေါ်အသုံးအနှုန်းများကသာ ကြီးစိုးထားသည်။

ထို့ကြောင့် ခေတ်ဆန်ဆန်နာမည် တစ်နည်း ခေတ်စားသည့် နာမည်ဟုဆိုလိုက်သည်နှင့် လူအများစု စိတ်ထဲတွေးထင်မိသည်မှာ အင်္ဂလိပ်နာမည်များ၊ ခေတ်ပေါ်အသုံးအနှုန်းများနှင့် နာမည်များကို ပြေးမြင်မိနိုင်သည်။

လမ်းဘေးလက်ဖက်ရည်ဆိုင်မှသည် ဟိုတယ်လုပ်ငန်းအထိ လုပ်ငန်းစုံမှာ အနောက်တိုင်းဆန်သော သို့မဟုတ် ခေတ်ပေါ်အသုံးအနှုန်းများကသာ ကြီးစိုးထားသည်။

“တော်တော်များများက နာမည်စစဉ်းစားမယ်ဆိုရင် ခေတ်ဆန်ဆန်လေးတွေ စဉ်းစားကြတယ်။ ဒါပေမဲ့ ခုနောက်ပိုင်း ပြည်တွင်းထုတ်ကုန်တော်တော်များများကလည်း ဒီလိုမျိုး အညာဆန်တဲ့ နာမည်လေးတွေ ပေးလာတာများတယ်”ဟု ကိုသက်က ယခင်နှင့် ယခုအမည်ပေးပြောင်းလဲပုံနှင့်ပတ်သက်ပြီး သူ့အမြင်ကို ပြောဆိုသည်။

သို့သော် …။

ရွှေရိုးဧည့်ရိပ်သာ၊ သူကြီးသမီး၊ လယ်သူမ၊ ပခန်း၊ ကနုတ်၊ ငပိချက်၊ ဆေးမယ် … စသည်တို့မှာ ယနေ့ခေတ်လုပ်ငန်းအချို့၏ နာမည်များ ဖြစ်သည်။

အဆိုပါနာမည်များကို တွေ့လိုက်သည်နှင့် သမားရိုးကျမြန်မာအသုံးအနှုန်းများဖြစ်နေပြီး ထိုအထဲတွင် အချို့နာမည်များမှာ တောရနံ့သင်းသင်းပါ ခံစားရနိုင်မည်။

ခေတ်ဆန်သည့်နာမည်များကို လူများစုကစဉ်းစားရွေးချယ်ကြသော်လည်း ပြည်တွင်းထုတ်ကုန်အများစုတွင်မူ မြန်မာဆန်အညာဆန်သည့် နာမည်ပေးမှုများလာသည်ဟု ကိုသက်က ဆိုသည်။

ထိုသို့ မြန်မာဆန်သည့် ၊ တောရနံသင်းသည့် နာမည်များကို ပေးကြသည့် လုပ်ငန်းအများစုမှာ အစားအသောက်နှင့် Fashion လုပ်ငန်းများတွင် အဓိကတွေ့မြင်ရသည်ဟုဆိုသူက ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မမြတ်ထက်မွန်ဖြစ်သည်။

“ဈေးကွက်ရဲ့လိုအပ်ချက်ပြောင်းလာတာနဲ့အမျှ အခုနောက်ပိုင်းမှာ မြန်မာဆန်တဲ့နာမည်တွေ ပိုသုံးလာကြသလိုပဲ။ မြန်မာအစားအစာကို Value- added လုပ်ပြီး Healthy Food ဖြစ်အောင်လည်း ကြိုးစားလာကြတယ်။ အဲဒီတော့ ဆိုင်တွေက သူတို့ပေးမယ့် Standard နဲ့အညီ ဆိုင်နာမည်လေးတွေကပါ မြန်မာဆန်လာကြတယ်လို့ ထင်တယ်”ဟု မြန်မာဆန်သည့် နာမည်များအပေးများလာသည့်အပေါ် မမြတ်ထက်မွန်က သူ့အမြင်ကို ပြောဆိုသည်။

မြန်မာဆန်သည့် အသုံးအနှုန်းများကို အဓိကသုံးနှုန်းကြသည်မှာ အစားအသောက်ရောင်းချသည့် လုပ်ငန်းများတွင် သုံးနှုန်းမှုရှိပြီး အထူးသဖြင့် မြန်မာအစားအစာကို အထူးပြုရောင်းချသည့် ဆိုင်များတွင် အတွေ့ရများသည်။

“မြန်မာနာမည်တွေ ပေးတဲ့အခါမှာ ကိုယ့်မြန်မာလူမျိုးဖြစ်တဲ့အတွက် ဒါဟာ စိတ်ထဲမှာ စွဲစေတယ်။ ပြီးတော့ ဒီတောဓလေ့ပုံစံလေးတွေဆိုတော့ လူမှတ်မိလွယ်တယ်။ ချစ်စရာကောင်းတဲ့ အသွင်အပြင်လည်း ဆောင်တယ်လို့ ထင်တယ်”ဟု မြန်မာနာမည်အသုံးအနှုန်းတွေအပေါ် သူကြီးသမီးစားသောက်ဆိုင်လုပ်ငန်းရှင် ဒေါ်ကေသီမြင့်က ပြောဆိုသည်။

မြန်မာအစားအစာရောင်းချရန် ရည်ရွယ်ချက်ဖြင့် မြန်မာဆန်ဆန်နာမည်ပေးရန် စဉ်းစားဖြစ်ကြောင်း၊ အချင်းချင်းတိုင်ပင်ဆွေးနွေးရင်း ‘သူကြီးသမီး’ဟူသည့် နာမည်ကိုရွေးချယ်ဖြစ်ခဲ့ကြောင်း၊ အဆိုပါနာမည်မှာ Unique နှင့် Power နှစ်ခုလုံးခံစားရကြောင်း ဒေါ်ကေသီမြင့်က နာမည်ရွေးချယ်မှုနှင့်ပတ်သက်၍ ပြောဆိုသည်။

ဒေါ်ကေသီမြင့်နည်းတူ Facebook လူမှုကွန်ရက်တွင် စာဥ(Sar Ou) အမည်နှင့် မော်လမြိုင်မုန့်ဟင်းခါးရောင်းချနေသည့် မမြဒါလီကလည်း မြန်မာအစာအစားဖြစ်သည်နှင့်အတူ နားယဉ်မည့်၊ ခေါ်၍ ကောင်းမည့်၊ တောဓလေ့ဆန်သည့် နာမည်ကို စဉ်းစားရင်း စာဥကို ရွေးချယ်ဖြစ်ခဲ့သည်ဟုဆိုသည်။

လုပ်ငန်းရှင်များဘက်က ထိုထိုသော အကြောင်းအချက်များကြောင့် မြန်မာနာမည်များကို ရွေးချယ်မှည့်ခေါ်မှုအပေါ် စားသုံးသူများဘက်က အမြင်မှာ မည်သို့ရှိနေမည်နည်း။

“၂၀၀၀ ခုနှစ် အရှေ့ဘက်ကဆိုရင်တော့ ဒီလိုမြန်မာနာမည်တွေ မပေးဖြစ်လောက်ဘူးထင်တယ်။ မြန်မာဆန်ပြီး ရိုးရှင်းတဲ့ နာမည်လေးတွေက လူတွေအတွက် ပိုမှတ်မိလွယ်ပြီး သတိထားမိစေလို့ လို့ ထင်တယ်ဗျ။ ဥပမာ ကနုတ်လိုမျိုးပေါ့။ အဲ့ဒီနာမည်ကို ကြားရင်ကို မြန်မာမှုအငွေ့အသက်ရနေပြီး နာမည်လေးက ရိုးရိုးလေးနှင့် မှတ်မိနေရော”ဟု မမြတ်ထက်မွန်က သူ့အမြင်ကို ပြောဆိုသည်။

တစ်ကိုယ်ရေဆုံးဖြတ်ချက်နှင့် စိတ်ခံစားမှုအရ မြန်မာဆန်ပြီး ရိုးရှင်းသည့် နာမည်များက ပို၍ဆွဲဆောင်နိုင်ကာ နွေးထွေးမှုပါ ခံစားရကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

သွယ်ဝိုက်နူးညံ့သည့် အသုံးအနှုန်းမျိုးထက် မြန်မာဝေါဟာရကို လုပ်ငန်းအမျိုးမျိုးတွင် တိုက်ရိုက်သုံးစွဲမှုတိုးလာနေပြီး TV ကြော်ငြာတွင်ပါ ထည့်သွင်းသုံးစွဲမှုများရှိလာသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ၏ကြော်ငြာတစ်ခုတွင် ‘ ထိရင်ပေါက်’ ‘ ထိရင်ပေါက်’ ဟူသည့် ရိုးရှင်းပြီး သွယ်ဝိုက်သုံးနှုန်းခြင်း မပါသည့် စကားလုံးကို သုံးစွဲထားမှုရှိသကဲ့သို့ ‘Sayy-Mal’ ဟု မြန်မာအသံထွက် (ဆေးမယ်) နှင့် နာမည်ပေးထားသည့် ကားရေဆေးလုပ်ငန်းလည်း ရှိနေသည်။

မြန်မာဆန်နားလည်လွယ်သည့် အသုံးအနှုန်းများ ရှေ့တန်းရောက်လာသော်လည်း မိမိထုတ်လုပ်မည့် ထုတ်ကုန်နှင့် လိုက်ဖက်မှုရှိရန်မှာ အရေးကြီးသည့်အချက်ပင်။

“မြန်မာနာမည် တောဓလေ့နာမည်တွေ မှည့်မယ်ဆိုရင် ကိုယ့် Product ၊ ကိုယ့် Brand နဲ့ လိုက်ဖက်ဖို့လည်း လိုပါတယ်။ ကိုယ့်ကုန်ပစ္စည်းက အရည်အသွေးလည်း မကောင်း၊ နာမည်ကလည်း တအားတောဆန်နေရင်လည်း လူ စိတ်ဝင်စားမှုနည်းနိုင်ပါတယ်”ဟု မမြဒါလီက ပြောပြသည်။

သို့သော် မြန်မာဆန်သည့် အသုံးအနှုန်းများ၊ တောဓလေ့အသုံးများ အသုံးပြုလာကြသည်မှာ ဈေးကွက်၏ သဘောအရလော၊ ခဏတာစိတ်ဝင်စားမှုအတွက်လောဆိုသည်မှာမူ စဉ်းစားရန်ပင်။

ထို့အတွက် Marketing ဒီပလိုမာသင်တန်းတက်ရောက်နေသူ မငုဝါကမူ ယခုလိုဆိုသည်။

 “အဲဒါခေတ်ပေါ် Trend တစ်ခုပဲ။ ဂယက်ခဏ ထဖြစ်တာပဲ။ မကြာခင် အဲဒီလိုနာမည်တွေ ပေးတာများလာရင်တော့ ပြန်ပျောက်သွားလိမ့်မယ် ”

မည်သို့ပင်ဆိုစေကာမူ မြန်မာဆန်သည့် နာမည်များ၊ တောရနံ့သင်းသည့် နာမည်များအသုံးပြုမှုနှင့် ထပ်တိုးအားသာချက်တစ်ခုလည်း ရှိနေနိုင်သေးသည်။

အဆိုပါအားသာချက်နှင့်ပတ်သက်ပြီး မမြဒါလီက ယခုကဲ့သို့ဆိုသည်။

“ပြည်တွင်းထုတ်ကုန်တွေထဲမှာ အရည်အသွေးလည်းကောင်းတယ်ဆိုရင် မြန်မာဆန်တဲ့ နာမည် တောဓလေ့နာမည်တွေက နောက်ပိုင်းနိုင်ငံတကာအဆင့်အထိ ထိုးဖောက်နိုင်ပြီဆိုရင်တော့ ကိုယ့် Product ရဲ့နာမည်က မြန်မာနိုင်ငံကိုပါ တွဲပြီး လူသိများသွားစေမယ်လို့ ထင်ပါတယ်”

ဆွေငြိမ်းအေး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *