စတုတ္ထမြောက်ပညာရေးနှင့် မြန်မာ

ဘန်ကောက်တွင်ကျင်းပသည့် အာဆီယံရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော Myanmar 4.0 အောင်မြင်ရန်အတွက် Education 4.0 ကို အကောင်အထည်ဖော်ရမည်။

နေရာမရွေး၊ အရွယ်မရွေး ပညာရေးဖြစ်သည့် Education 4.0 သည် Workplace 4.0 ၏ လိုအပ်ချက်ကို ဖြေရှင်းရန် ပေါ်ပေါက်လာသည်။ Workplace 4.0 သည် စတုတ္ထမြောက်စက်မှုတော်လှန်ရေး Industrial Revolution 4.0 အရ ဖြစ်ပေါ်ပြောင်းလဲလာသော လုပ်ငန်းခွင်ဖြစ်သည်။

ရေနွေးငွေ့သုံးအင်ဂျင်နှင့်အတူ ပထမစက်မှုတော်လှန်ရေး ဖြစ်ထွန်းလာသည်။ Assembly Line သည် ဒုတိယစက်မှုတော်လှန်ရေး ဖြစ်သည်။ တစ်ဦးတည်းက အကုန်လုပ်စရာမလိုဘဲ အလုပ်သမားတစ်ဦးချင်းက သူ့သက်ဆိုင်ရာအပိုင်းကို လုပ်ပေးလိုက်ရုံနှင့် ဟိုဘက်တွင်ကား၊ ကုန်ချော ထွက်သွားသည်။ ကွန်ပျူတာများပေါ်လာခြင်းသည် တတိယစက်မှုတော်လှန်ရေး ဖြစ်သည်။ ကွန်ပျူတာအချင်းချင်း၊ စက်အချင်းချင်း ဆက်သွယ်နိုင်ခြင်းသည် စတုတ္ထစက်မှုတော်လှန်ရေး ဖြစ်လာသည်။

Workplace 4.0 သည် နေရာပေါ် မူမတည်တော့။ နယ်ခြားစည်းများ ပျောက်သွားသဖြင့် ကမ္ဘာ့တစ်ဖက်ခြမ်းမှသူနှင့် ကမ္ဘာ့ဟိုဘက်ခြမ်းမှသူတို့ အတူတူအလုပ်လုပ်ခွင့်ရလာသည်။ နယ်စည်းမထားအလုပ်ခွင်ဟုပြောရမလား။ ၁၂နာရီ၊ ၁၂နာရီခွဲ၊ နေ့တစ်ဝက်ကွာသော အမေရိကန်ပြည်ထောင်စုမှ သူနှင့် မြန်မာပြည်မှသူတို့ သူနိုးကိုယ်ထ၊ သူဝင်ကိုယ်ထွက်၊ အလုပ်စီးကြောင်းမပျက် အလုပ်လုပ်နိုင်သည့် ၂၄ နာရီလုပ်ငန်းခွင်ဖြစ်သည်။

စတုတ္ထမြောက် လုပ်ငန်းခွင်အတွင်းတွင် အလုပ်အကိုင်ဟောင်းများပျောက်ပြီး အလုပ်အကိုင်သစ်များ ပေါ်လာမည်။ သွေးနှင့်သားနှင့် မဟုတ်သော စက်ဉာဏ်ရည်ရှင် AI (artificial intelligence) များဖြင့် အလုပ်လုပ်ကြမည်။ လုပ်ငန်းများ ပြီးမြောက်ရန် လူတို့သည် စက်စကားပြောရမည်၊ စက်အချင်းချင်း စကားပြောကြမည်။ အလုပ်အကိုင်သစ်များကို စတုတ္ထမြောက်ပညာရေးက ဖြည့်ဆည်းရမည်။ စတုတ္ထမြောက်ပညာရေးတွင် မြန်မာတို့ကျန်ခဲ့လျှင် အလုပ်သစ်အကိုင်သစ်များ မြန်မာတို့ထံ ရောက်လာမည်မဟုတ်တော့။ အစစအရာရာ အဆက်ပြတ်သွားမည်။

ထိုသို့ အဆက်မပြတ်အောင် မြန်မာ့ပညာရေးသည် ဗဟုသုတကို အခြေခံသော ပညာရေးထက် စဉ်းစားနည်း တွေးတောနည်းကို လေ့ကျင့်ပေးသော ပညာရေး ဖြစ်လာရမည်။ ဗဟုသုတများသည် Google တစ်ခေါက်စာ အကွာအဝေးတွင် ရှိသည်။ ပို့ချချက်များကို စာသင်ခန်းသို့ သွားနားထောင်စရာ မှတ်သားစရာမလိုတော့။ Online ရှိ ပို့ချချက်များကို နေရာမရွေ့ အသင့်လေ့လာသင်ယူနိုင်သည်။

လူအများနှင့် ဆက်ဆံရေးတို့ကဲ့သို့သော Soft Skill များ ပိုအရေးကြီးလာမည်။ လူလူချင်းအကြား ညှိနှိုင်းခြင်း Negotiation ကောင်းသူများ အခရာကျလာမည်။ စက်ဉာဏ်ရည်ရှင် စက်များနှင့် စက်စကားပြောတတ်အောင်၊ စက်များနှင့် တွဲလုပ်နိုင်အောင် မဖြစ်မနေ လေ့ကျင့်သင်ကြားရမည်ကိုမူ တကူးတကပင် ပြောစရာမလိုပါ။

လုပ်ငန်းခွင် လိုအပ်ချက်သည် အချိန်နှင့်အမျှ ပြောင်းလဲနေမည်ဖြစ်ရာ တစ်ခါဘွဲ့ရလျှင် ထိုပညာနှင့်ပင် တစ်သက်လုံး လုပ်၍ မရတော့။ လုပ်ငန်းခွင်တွင် အသစ်အသစ်များ ပြန်သင်ယူကြရမည်။ ထို့ကြောင့် လုပ်ငန်းခွင်ကလိုအပ်သောပညာအသစ်အသစ်များကို သင်ယူနိုင်စွမ်းရှိရမည်။ ပညာအဟောင်းများကိုအန်ထုတ်၊ အသစ်ကိုပြန်သင်သည့် Learn။ Unlearn။ Relearn ကျွမ်းကျင်သူများအတွက်သာ နေရာရှိသည်။ သမားရိုးကျပညာရေးမဟုတ်တော့။

မြန်မာနိုင်ငံသည် စတုတ္ထမြောက်ပညာရေးဖြစ်ပေါ်ရန် အခြားနိုင်ငံများ သွားသည့်အဆင့်တိုင်း တစ်ထစ်ချင်း ပြန်လိုက်တက်စရာမလိုပါ။ ဖားခုန် ခုန်ပျံကျော်လွှားတက်နိုင်သည် leap-frogging။ ယင်းသည် latecomer’s advantage ခေါ် ‘နောက်ကျသူတို့ ကံကောင်းချက်’ လည်းဖြစ်သည်။

ထို့ကြောင့် Myanmar 4.0 အတွက် မြန်မာ့ Education 4.0။

အယ်ဒီတာ
၇.၁၁.၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *