မူးယစ်ထောင်ချောက်

ငွေကျပ် ၁၅၀၀ ဖြင့် ကြေးအိုးတစ်ပွဲဝယ်သောက်ရန် မလွယ်။ သို့သော် မူးယစ်ဆေးဝါးသုံးစွဲလိုလျှင်တော့ ရနိုင်သည့် အခြေအနေ ဖြစ်လာသည်။

စိတ်ကြွမူးယစ်ဆေးဝါးတစ်ပြားလျှင် ကျပ် ၁၅၀၀ ဖြင့် ရပ်ကွက်အတွင်းရရှိနေပြီဟု မူးယစ်ဆေးသုံးစွဲဖူးသူများက ဆိုသည်။

သုံးစွဲသူအများစုမှာ အသက်၂၀ ဝန်းကျင်အရွယ်ကောင်းများ ဖြစ်သည်။ မိန်းကလေးငယ်များလည်း သုံးစွဲလာကြသည်။ အချို့ဆိုလျှင် အသက် ၁၈ နှစ်ပင် မပြည့်သေးသည့် လူငယ်များက မူးယစ်ဆေးသားကောင်များ ဖြစ်နေလေပြီ။

လွန်ခဲ့သည့် ရှစ်နှစ်ခန့်က ကျပ် ၅၀၀၀ ခန့်ဖြင့် လွယ်လွယ်ကူကူ ဝယ်မရသည့် စိတ်ကြွမူးယစ်ဆေးပြားများသည် ယခုအချိန်တွင်တော့ ကျပ် ၁၅၀၀ ဖြင့် ရရှိနေကြောင်း မူးယစ်ဆေးသုံးစွဲဖူးသူများထံမှ သိရသည်။

မူးယစ်ဆေးဝါးများသည် လူငယ်များကြားတွင် နည်းမျိုးစုံဖြင့် ပျံ့နှံ့လျက်ရှိနေပြီး လွယ်လွယ်ကူကူဈေးပေါပေါနှင့် ရရှိနေခြင်းကလည်း လူငယ်များကို မူးယစ်ဆေးဝါးသုံးစွဲရန်အတွက် အကြောင်းတရားဖြစ်လာကြောင်း ၎င်းတို့က ဆိုသည်။

ထိုသူများထဲတွင် ကိုကျော်ကြီး(အမည်လွှဲ)လည်း ပါသည်။ လက်ရှိအခြေအနေမှာလူငယ်များ၏ လက်တစ်ကမ်းသို့ မူးယစ်ဆေးဝါးများ ရောက်ရှိနေချေပြီ။

“ဒီမှာဆို ကလေးတွေကို ဝယ်ခိုင်းရင် ပိုတောင်လွယ်နေသေးတယ်။ ကလေးတွေကို ပိုက်ဆံပေးလိုက်ရင် သူတို့က ဆေးပြားတွေ ပါလာတယ်။ အသက်က ကြည့်တော့ ဘာမှမရှိသေးဘူး”ဟု ဒေါပုံမြို့နယ်တွင် နေထိုင်သည့် ကိုကျော်ကြီးက ဆိုသည်။

ရပ်ကွက်ထဲတွင် WY မူးယစ်ဆေးဝါးများကို ဆေးပြားတစ်ပြားကျပ် ၁၀၀၀၊ ကျပ် ၁၅၀၀ ဖြင့် ရောင်းချနေခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးများကို သုံးစွဲဖူးသည့် လူငယ်များသည် မူးယစ်ဆေးဝါးဖြတ်ရန် ခက်ခဲကြောင်းလည်း ၎င်းတို့က ပြောဆိုသည်။

မူးယစ်ဆေးကို ဈေးပေါပေါဖြင့် လွယ်လွယ်ကူကူရရှိခဲ့ခြင်းကြောင့် မူးယစ်းဆေးသားကောင်အဖြစ် ရောက်ရှိခဲ့ဖူးသူများတွင် ကိုအသေးလေးဆိုသူလည်း ပါဝင်လေသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က ကိုအသေးလေးတစ်ယောက် အပျော်ခရီးထွက်ရင်း မူးယစ်နွံထဲသို့ ရောက်ခဲ့ရသည်။

အချိန်က ဒီဇင်ဘာလ။

ခရီးသွားရာသီဖြစ်သောကြောင့် လူငယ်များစု၍ ခရီးထွက်နေချိန်လည်းဖြစ်သည်။ ယင်းသို့ ဘုရားဖူးထွက်စဉ် သူငယ်ချင်းတစ်ဦးမှာ ငွေကြေးမပါဘဲ လူငယ်များကြားတွင် ရေပန်းစားနေသည့် WY စိတ်ကြွမူးယစ်ဆေးအချို့ ပါလာကြောင်း ပြောဆိုခဲ့သည်ဟု ကိုအသေးလေးက ပြန်ပြောပြသည်။

“ကျွန်တော် အဲဒါတွေကို မယူလာဖို့၊ လွှင့်ပစ်ဖို့ ပြောလိုက်သေးတယ်။ ဒါပေမဲ့ ဘုရားတောင်ခြေရောက်တော့မှ မလွှင့်ပစ်ဘဲ ယူလာမှန်း ထပ်သိရတာ”ဟု ၎င်းက ဆိုသည်။

ယင်းအခြေအနေကပင် ကိုအသေးလေးကို မူးယစ်သားကောင်ဖြစ်ရန်အတွက် စတင်ဖန်တီးလာခြင်းပင်။ ကျိုက်ထီးရိုးဘုရားတောင်ခြေရောက်သည့် အချိန်တွင် တောင်ပေါ်တက်ရန်အတွက် ပါလာသည့် စိတ်ကြွမူးယစ်ဆေးပြားများကို အသုံးပြုလေတော့သည်။

“အဲဒီ ဆေး( မူးယစ်ဆေး) သုံးပြီးရင် တောင်တက်ရင် မညောင်းတော့ဘူး၊ လန်းမယ်ဆိုပြီးပြောတော့ ကျွန်တော်လည်း တစ်ခါမှ မသုံးဖူးလို့ စမ်းသုံးလိုက်မိတာ”ဟု ကိုအသေးလေးက ပြောဆိုသည်။

ဘုရားဖူးသွားသည့် သူငယ်ချင်းငါးဦးတွင် မူးယစ်ဆေးသုံးစွဲတတ်သူ သုံးဦးနှင့် မသုံးစွဲတတ်သူ နှစ်ဦးပါဝင်နေသည်။ ထိုခရီးစဉ်ပြီးနောက်တွင်မူ မူးယစ်ဆေးဝါးသုံးစွဲသူမှာ လေးဦးဖြစ်သွားခဲ့သည်။

WY စိတ်ကြွမူးယစ်ဆေးသုံးစွဲရန်အတွက် လုံခြုံသည့်နေရာ တစ်နေရာလည်း လိုအပ်နေသည်။ ဘုရားဖူးခရီးစဉ်ဖြစ်လာပြီးနောက် အိမ်တွင်းအဆင်မပြေမှုများ၊ မိဘများ၏ လျစ်လှူရှုမှုများ၊ ပတ်ဝန်းကျင်က မူးယစ်ဆေးမသုံးဘဲ သုံးနေသည်ဟု မဟုတ်မမှန်ပြောဆိုမှုများကြောင့် သူငယ်ချင်းတစ်ဦး၏နေအိမ်တွင် မူးယစ်ဆေးကို ပုံမှန်သုံးစွဲဖြစ်ခဲ့ကြောင်း ကိုအသေးလေးက ရှင်းပြသည်။

ယင်းနောက်ပိုင်းမှစ၍ ကိုအသေးလေးသည် စိတ်မွန်းကြပ်မှုများ၊ ဘေးပတ်ဝန်းကျင်၏ ပြောစကားများကို ခေတ္တမေ့ပျောက်သွားစေရန် သူငယ်ချင်းများနှင့်အတူ မူးယစ်ဆေးဝါးကို စွဲစွဲမြဲမြဲသုံးစွဲဖြစ်လာခဲ့သည်။

“တစ်ခုခုစိတ်ညစ်ရင် သူငယ်ချင်းတွေနဲ့ အဲဒါ ( မူးယစ်ဆေး) သုံးလိုက်တယ်။ သုံးနေတဲ့ အချိန်တော့ လန်းနေတာပဲ။ နောက်နေ့ထပ်သုံးမယ်။ ထပ်လန်းတယ်။ မအိပ်ဘူး။ မစားဘူး။ ဆေးကျတဲ့ အချိန်ကျရင်တော့ အသေခံရတော့တာပဲ”ဟု မူးယစ်ဆေးဝါးသုံးစွဲစဉ်က ကြုံတွေ့ခဲ့ရသည့် အခြေအနေကို ကိုအသေးလေးက ပြန်ပြောပြသည်။

မူးယစ်ဆေးသုံးစွဲရန်အတွက် လုံခြုံသည့် နေအိမ်တစ်အိမ်တွင် သုံးစွဲလေ့ရှိကြောင်း ကိုအသေးလေးက ပြောဆိုသည်။ မူးယစ်ဆေးသုံးစွဲပြီးနောက်တွင် ပါတီများ၊ Night Club  များသွားရာတွင် လန်းဆန်းနေသည်ဟု ထင်နေကြောင်း၊ ညဘက်ပျော်ပွဲရွင်ပွဲသွားသူများတွင် မူးယစ်ဆေးသုံးစွဲသူများလာကြောင်း သုံးစွဲဖူးသူများထံမှ သိရသည်။

“မူးယစ်ဆေးသုံးချင်ပြီဆို လူမရှိတဲ့ အိမ်တစ်အိမ်မှာ လူစုပြီး သူငယ်ချင်းတွေ ဆေးသုံးတယ်။ အိမ်တစ်အိမ်တော့ လိုတယ်။ အိမ်မရှိရင် ဟိုတယ်မှာ သွားသုံးရတာ”ဟု ကိုအသေးလေးက ဆိုသည်။

ကိုအသေးလေးသည် မူးယစ်နွံထဲတွင် နှစ်နှစ်ကျော်ကြာ ပျော်ဝင်ပြီးနောက် ယခုအချိန်တွင်မူ မူးယစ်ဆေးဝါးသုံးစွဲခြင်းကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။ ဘိန်းစားဟု ခေါ်ဆိုခံလိုက်ရပြီးနောက်ကို အသေးလေးတစ်ယောက် မူးယစ်ဆေးသုံးစွဲနေခြင်းကို ဖြတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။

“ကျွန်တော့်ကို ဘိန်းစားလို့ ခေါ်တယ်။ ကိုယ့်ကိုယ်ကိုယ်တော်တော်စိတ်ပျက်သွားတယ်။ အဲဒီတော့ မူးယစ်ဆေးဖြတ်ဖို့ ကြိုးစားတယ်။ အိမ်ထဲမှာ နေတယ်။ ဘယ်သူငယ်ချင်းလာခေါ်ခေါ် မလိုက်ဘူး။ တစ်ယောက်ထဲရအောင် နေတယ်။ မူးယစ်ဆေးသုံးတဲ့ သူတွေနဲ့ မတွဲဖြစ်အောင် နေလိုက်တယ်”ဟု ၎င်းက ဆိုသည်။

လူငယ်အများစုသည် မရင့်ကျက်ခြင်း၊ စူးစမ်းလိုခြင်း၊ စိတ်ခံစားချက်များ မွန်းကြပ်လာသည့်အခါ ထွက်ပေါက်ရှာလိုခြင်းတို့ကို အသုံးချကာ ၎င်းတို့ကြားတွင် မူးယစ်ဆေးဝါးရောင်းချလာမှုမှာ ဈေးကွက်တစ်ခုဖြစ်လာကြောင်း မူးယစ်ဆေးသုံးစွဲဖူးသူ ကိုရန်အောင်က ပြောဆိုသည်။

ကိုရန်အောင်သည် ယခင်က လူမိုက်ဂိုဏ်းတစ်ခုအဖြစ် နာမည်ထွက်ခဲ့သည့် စကော်ပီယံဂိုဏ်းဝင်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် မူးယစ်ဆေးဝါးဖြတ်လိုသည့် လူငယ်များကို ကူညီပေးသော JC Myanmar ပြန်လည်ဖွံဖြိုးရေးစင်တာကို ဦးဆောင်ဖွင့်လှစ်ကာ ကူညီနေသူလည်း ဖြစ်သည်။

“လောကဓံတရားကို မရင့်ကျက်သေးတဲ့ လူငယ်တွေအတွက် လွတ်လပ်ခွင့်ဆိုတာကို တစ်မျိုးထင်အောင် ပြောဆိုမြှူဆွယ်ပြီးတော့ ဆေးရောင်းချတဲ့သူတွေက လူငယ်တွေဘက်ကို ချဉ်းကပ်တာ များလာတယ်”ဟု ၎င်းက ဆိုသည်။

မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်သွားသူအချို့သည် မူးယစ်ဆေးဝါးရရှိရေးကိုသာ စိတ်ထဲရှိပြီး မိမိအိမ်တွင်းရှိ ပိုက်ဆံများပစ္စည်းများ ခိုးယူရောင်းချခြင်း၊ ပေါင်နှံခြင်းအပြင် အချို့ဆေးစွဲနေသူများသည် အခြားသူများထံမှ ပစ္စည်းများခိုးယူခြင်း၊ လုယက်ခြင်းများအထိပင် ကျူးလွန်ကာ မူးယစ်ဆေးဝါးကို ဝယ်ယူသုံးစွဲလာကြကြောင်း မူးယစ်တိုက်ဖျက်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

မြန်မာနိုင်ငံအနှံ့အပြားရှိ တောရော မြို့ပါမကျန် လူငယ်အများစု မူးယစ်ထောင်ချောက်အတွင်း ဆင်းသက်နေကြပြီလော။

ရခိုင်ပြည်နယ်ဘက်ရှိ ကျောင်းအချို့တွင်လည်း ကျောင်းသားများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများရှိကြောင်း ကျောက်ဖြူမြို့နယ်တွင် အလယ်တန်းပြဆရာမ တာဝန်ထမ်းဆောင်နေသည့် ဒေါ်ဆုမြတ်က ပြောဆိုသည်။

“အလယ်တန်းကျောင်းသားလေးတွေ တချို့က မူးယစ်ဆေးဝါးတွေ သုံးတယ်။ ရောင်းတာတောင် ရှိတယ်။ ရောင်းတော့ ကျောင်းမှာတောင် ရဲတွေက လာဖမ်းတာမျိုးတွေရှိတယ်။ ကျောင်းသားတွေ၊ တက္ကသိုလ်ကျောင်းသားတွေကို အဓိကပစ်မှတ်ထားပြီး ရောင်းတယ်”ဟု ၎င်းက ပြောဆိုသည်။

ထိုသို့လူငယ်ထုအတွင်းပါ လှိုက်စားလာသော မူးယစ်ဈေးကွက်ကြီးပပျောက်ရေး မည်သို့လုပ်ဆောင်မည်နည်း။

လူငယ်များကြားတွင် မူးယစ်ဆေးပြသနာကြီးထွားနေကြောင်းကို ပြည်သူ့ကိုယ်စားလှယ်များ စုဝေးရာ လွှတ်တော်ကြီးဆီသို့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက စက်တင်ဘာလ ၃၀ ရက်နေ့တွင် သတင်းစကားသယ်ဆောင်လာခဲ့လေသည်။

ကျောင်းနေအရွယ်ကလေးလူငယ်များအကြားပျံ့နှံ့နေသော WY စိတ်ကြွဆေးပြားပပျောက်စေရေးအတွက် အစီအမံကောင်းတစ်ရပ် ရေးဆွဲတိုက်ဖျက်ပေးရေးအဆိုကို ၎င်းက ရန်ကုန်တိုင်းလွှတ်တော်တွင် တင်သွင်းခဲ့သည်။

ငွေကြေးချမ်းသာသော လူငယ်များနှင့် ပိုနီးစပ်သည့်အရာဟု သတ်မှတ်ခဲ့သော မူးယစ်ဆေးဝါးရောင်းဝယ်ရေးဈေးကွက်မှာ ယခုခေတ်တွင်မူ ဆင်းရဲသောမြို့နယ်များရှိ စာသင်ကျောင်းများတွင် ပြသနာပိုမိုဆိုးရွားနေကြောင်း ၎င်းက လွှတ်တော်တွင် လက်ရှိအခြေအနေကို ပြောပြခဲ့သည်။

ဆင်းရဲသည့် ကျောင်းသားများသည် ကိုယ်တိုင်မူးယစ်ဆေးသုံးစွဲသူအဖြစ်သာမက မူးယစ်ဆေးဖြန့်ဖြူးသူပါ ဖြစ်လာသည်ဟု ဦးညီညီက ဆိုသည်။

သုံးစွဲရုံတင်မကရောင်းချခြင်းမှ အပိုဝင်ငွေရရှိလာခြင်းက လူငယ်များကို မူးယစ်ထောက်ချောက်အတွင်း ဆင်းသက်စေရန် မက်လုံးဖြစ်လာခဲ့သည်။

ရာဘထောင်ချောက်အောက်သို့ လူငယ်များစွာ ထိုကဲ့သို့နည်းလမ်းဖြင့် ကျရောက်ကုန်သည်ဟု ဦးညီညီက ပြောလေသည်။

မူးယစ်ဆေးပျံ့နှံ့မှုကိစ္စ ရန်ကုန်တိုင်းလွှတ်တော်တွင်သာ ဆွေးနွေးသည်မဟုတ်၊ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ လွှတ်တော်အချို့တွင်လည်း လူငယ်များကြား မူးယစ်ဆေးဝါးပျံ့နှံ့မှုဆိုးရွားနေကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များက အဆိုများ တင်သွင်းဆွေးနွေးနေခဲ့ကြသည်မှာ အချိန်ကာလအတန်ပင် ကြာမြင့်နေပေသည်။

ကိုင်းအခက်ခုတ်ရုံနှင့် မရ၊ အမြစ်ပါလှန်ရမည့် မူးယစ်ဆေးဝါးဈေးကွက်ကြီးသည် မြန်မာနိုင်ငံအနှံ့အပြားတွင် စွဲကပ်နေသည့် ရောဂါဆိုးကြီး ဖြစ်နေပေသည်။

မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်သော်လည်း မူးယစ်ဆေးဝါးပမာဏ ကြီးကြီးမားမားထုတ်လုပ်ဖြန့်ဖြူး ရောင်းဝယ်ဖောက်ကားခြင်းနှင့် ပတ်သက်၍ သတင်းရရှိမှုအားနည်းနေကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ယခုနှစ် ဇွန်လက ပြောကြားခဲ့သည်။

နိုင်ငံတော်အဆင့် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုဟက်တာလေးသောင်းကျော် (၄၁,၀၀၀) ရှိပြီး ၅၅၀ မက်ထရစ်တန် ထုတ်လုပ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ၃၇,၃၀၀ ဟက်တာစိုက်ပျိုးပြီး ၅၂၀ မက်ထရစ်တန်ထုတ်လုပ်ခဲ့သဖြင့် ဘိန်းစိုက်ပျိုးမှု ကိုးရာခိုင်နှုန်းကျော်၊ ထုတ်လုပ်မှုငါးရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောဆိုသည်။

မျိုးဆက်သစ်လူငယ်များကို လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို မတိုက်ဖျက်နိုင်လျှင် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ၏ အနေအထားသည် မတွေးဝံ့ဖွယ်ရာ အခြေအနေသို့ ဆိုက်ရောက်လာနိုင်ကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သတိပေးထားသည်။

မည်သို့ပင်ဆိုစေ လူငယ်များကြားတွင် မူးယစ်ဆေးဝါးပျံ့နှံ့နေမှု လျော့နည်းလာစေရန်အတွက် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများတွင် တာဝန်ရှိပြီး ပြည်သူများကလည်း ပူးပေါင်းဆောင်ရွက်ပေးသင့်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောဆိုသည်။

ထို့အပြင် မူးယစ်ဆေးဝါး၏ဆိုးကျိုးများကို သိစေရန် အစိုးရအနေဖြင့် ကျောင်းတွင်း ကျောင်းပြင်ပညာပေးအစီအစဉ်များ လုပ်ဆောင်ပေးသင့်ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေသူများက အကြံပေးသည်။

လက်ရှိအခြေအနေတွင် သတင်းအရ သွားရောက်ဖမ်းဆီးစဉ် အဓိကလက်သည်ကြီးများကို မဖမ်းမိဘဲ လက်ခွဲကိုယ်စားလှယ်များကို ဖမ်းမိခြင်းကလည်း လူငယ်များကြားတွင် မူးယစ်ဆေးဝါးပျံ့နှံ့နေမှုကို တားဆီးရန်အခက်အခဲတစ်ခုဖြစ်နေကြောင်း မူးယစ်ဆေးဝါးသုံးစွဲခဲ့ဖူးသူများက ပြောဆိုသည်။

 “ဒီမူးယစ်ဆေးတွေက ဘယ်က ဝင်လဲ။ အဲဒါကို ထိန်းနိုင်ရင် ရပ်ကွက်ထဲ ထိရောက်စရာမရှိဘူး။ သူတို့ (ရဲတွေ) က ဖမ်းမိရင် ဝယ်သုံးတဲ့ သူနဲ့ တစ်ဆင့်ရောင်းခိုင်းတဲ့ သူလောက်ပဲ ဖမ်းမိတာ။ အမြစ်ကို မတူးနိုင်ဘူး။ များများစားစား ဖမ်းမိတော့လည်း ပိုင်ရှင်မဲ့ဖြစ်သွားတယ်။ အကြီးစားတွေကို မမိဘဲ ဘယ်လိုလုပ်မလဲ”ဟု မူးယစ်ဆေးသုံးစွဲဖူးသူ ကိုအောင်လေးက ပြောဆိုသည်။

ဇေကမ္ဘာဝင်းအတွင်း မူးယစ်ဆေးဝါးဖမ်းမိမှုနှင့် မလေးရှားနိုင်ငံက စံချိန်တင်ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးမှုတွင်လည်း အဓိကတရားခံအချို့မှာ လွတ်မြောက်နေသေးသည်။ အဆိုပါဖြစ်စဉ်များသည် စိတ်ကြွမူးယစ်ဆေးပြားများအပါအဝင် ဖမ်းမိသည့် မူးယစ်ဆေးဝါးအမှုများတွင် မူးယစ်ဆေးပမာဏ အများဆုံးဖြင့် စံချိန်တင်ဖမ်းမိခဲ့သော အမှုများဖြစ်သည်။ ယင်းအမှုများတွင် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ခြင်းကြောင့် ပြည်သူများကြားတွင် ဝေဖန်သံများမြင့်တက်ခဲ့သေးသည်။

လက်ရှိတွင် နေ့စဉ်နှင့်အမျှ မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းမိနေဆဲပင်။

ယင်းကဲ့သို့ဆိုလျှင် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးပျံနှံ့နေမှုသည် အလွန်ကြောက်မက်ဖွယ်ပင် မဟုတ်ပါလော။ အနာဂတ်တွင် တိုင်းပြည်ကို ဦးဆောင်ရမည့် လူငယ်များကြားတွင် မူးယစ်ဆေးဝါးပျံနှံ့နေမှုကို ထိန်းချုပ်ရန်မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်ကြမည်နည်း။

မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း တိုင်ကြားသော်လည်း သွားရောက်ဖမ်းဆီးရာတွင် မူးယစ်ဆေးရောင်းနေသူများမရှိခြင်းနှင့် ကြုံတွေ့ရကြောင်း မူးယစ်တိုက်ဖျက်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

လူငယ်များကြားတွင် မူးယစ်ဆေးပျံနှံ့နေမှုနှင့် လျော့ကျစေရန်နှင့် ပတ်သက်ပြီး ဒေါ်ဖြူဖြူသင်းက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“မူးယစ်ဆေးတိုက်ဖျက်ဖို့က တစ်ဖက်ထဲလုပ်လို့ မရဘူး။ အားလုံးပါဝင်မှ ။ အစိုးရရော၊ ရဲတပ်ဖွဲ့ရော၊ ပြည်သူနဲ့ ပူးပေါင်းပြီး ပိုက်စိပ်တိုက်လုပ်ရင် ရတယ်။ အဲဒီလိုလုပ်မှ မူးယစ်ဆေးကြောင့် ဖျက်ဆီးခံလိုက်ရမယ့် လူငယ်တွေ နည်းလာမှာ”

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *