“AA ရဲ့ဥပဒေအတိုင်းနေဖို့ကတော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ညှိနှိုင်းရေးမှူးဦးစောမြနှင့် တွေ့ဆုံခြင်း

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း၊ ကုလားတန်ဘက်စုံပို့ဆောင်ရေးစီမံကိန်းမှ အိန္ဒိယနိုင်ငံသား ငါးဦး၊ စကားပြန် နှစ်ဦး၊ ရေယာဉ်မောင်း နှစ်ဦး စုစုပေါင်း ၁၀ ဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့က AA က နိုဝင်ဘာလ ၃ ရက်တွင် ဖမ်းဆီးသွားသည်။ အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူအပါအဝင် စုစုပေါင်းကိုးဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်သော်လည်း ဦးဝှေ့တင်းမှာ ယနေ့ နိုဝင်ဘာလ ၆ ရက်ထိတိုင် ပြန်လည်မလွတ်မြောက်သေး။

တပ်မတော်နှင့် ပူးပေါင်း၍ သတင်းထောက်လှမ်းခြင်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ခူမီးနှင့် ရခိုင်တိုင်းရင်းသားအကြား ပဋိပက္ခဖြစ်စေရန် သွေးထိုးခြင်းကြောင့် ဦးဝှေ့တင်းကို ဆက်လက်စစ်ဆေးလျှက်ရှိသည်ဟု AA အဖွဲ့က စွပ်စွဲပြောဆိုထားသည်။ ဦးဝှေ့တင်းသည် အမျိုးသားလွှတ်တော်အစည်းအဝေး တက်ရောက်ရန် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်သို့ ရေကြောင်းဖြင့် အသွားတွင် AA အဖွဲ့၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နိုဝင်ဘာလ ၅ ရက်တွင် ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) က ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။ ပလက်ဝမြို့နယ်အတွင်း AA ၏ လှုပ်ရှားမှုများ၊ AA က ဟန့်တားလျက်ရှိသည့် ကုလားတန်ဘက်စုံပို့ဆောင်ရေးစီမံကိန်းအပေါ် ဒေသခံတိုင်းရင်းသားများ၏ မျှော်လင့်ချက်၊ ချင်းနှင့် ရခိုင်တိုင်းရင်းသားများအကြား ဖြစ်တည်ခဲ့သော သဟဇာတဖြစ်မှု ၊ လက်ရှိအခြေအနေနှင့် ဦးဝှေ့တင်းပြန်လည်လွတ်မြောက်ရေးကိစ္စများကို KACC ညှိနှိုင်းရေးမှူးဦးစောမြနှင့် The Voice Journal က မေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal : ပလက်ဝမြို့နယ်ဘက်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းရဲ့ ဆောင်ရွက်ချက်တွေက ဘယ်လိုရှိလဲဗျ။ လူထုကြားထဲမှာ ထင်ရှားမှုရှိလား။

USM : အင်း ဘယ်လိုပြောရမလဲ။ သူတို့က NLD လေ။ ကျွန်တော်က KACC မှာ ညှိနှိုင်းရေးမှူးတာဝန်နဲ့ နှစ်နှစ်လုပ်နေတာပေါ့။ ကျွန်တော်တို့ ပါတီကျတော့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗျ။ ဆိုတော့ သူ့ရဲ့ လုပ်ဆောင်ချက်က ဘယ်လိုရှိလဲဆိုတာ ကျွန်တော်တို့ သုံးသပ်ပြောရင် ပါတီမတူလို့ တစ်မျိုးများဖြစ်မလားပေါ့။ ဒါပေမဲ့ အရမ်းကြီး ထူးထူးခြားခြားကြီးပေါ်လွင်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူငယ်လည်း ဖြစ်တယ်။ အရင်ကလည်း သွေးလှူတဲ့ အသင်းတွေ၊ နောက်လူငယ်အသင်းတွေမှာလည်း လုပ်ဖူးကိုင်ဖူးတယ်။ သာရေးနာရေးတွေလည်းပါဖူးတဲ့ အခါကျတော့ သူ့ကို လူသိများတာတော့ရှိတယ်။ တက်ကြွတဲ့ လူငယ်တစ်ဦးလို့ ပြောရင်ရပါတယ်။

The Voice Journal : AA ဖမ်းဆီးသွားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ ပတ်သက်ပြီး မနေ့ (နိုဝင်ဘာလ၅ရက်) တုန်းကတော့ KACC က ကြေညာချက်တစ်စောင်ထုတ်ပြန်တယ်။ ဘယ်အချက်ကို စိုးရိမ်လို့ အခုလို ကြေညာချက်ထုတ်ပြန်ရတာလဲဗျ။

USM : ကျွန်တော်တို့ အဓိက စိုးရိမ်တာက သူက လူထုကိုယ်စားလှယ်တစ်ယောက်လည်း ဖြစ်တယ်။ အဲဒီလို လူထုကိုယ်စားလှယ်တစ်ယောက် မဟုတ်သည့်တိုင် သာမန်လူတစ်ယောက်အနေနဲ့တောင်မှ ရိုးရိုးသွားလာတဲ့ ကိစ္စမှာ လုံခြုံမှုရှိစေချင်တယ်။ ဘာလို့လဲဆို AA က သူဘာသာ သူ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဘာညာ သူ့ ရည်မှန်းချက်နဲ့ သူ တော်လှန်ရေးလုပ်တယ်ဆိုတာက တစ်ပိုင်းပဲလေ။ ဒီမှာက အားလုံးလည်း သိတာပဲ။ တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးလုပ်နေကြတာပဲလေ။ ခရီးသွားရေးလာရေးအတွက် လုံခြုံရေးကိုတော့ မထိပါးဖို့ လိုချင်တယ်။ နောက် သူတို့ဖမ်းသွားတဲ့အချိန်မှာပဲ AA ဘက်က ဦးဝှေ့တင်းအပေါ် စွပ်စွဲပြောဆိုလာတာတွေ ရှိတယ်လေ။ အစိုးရတပ်မတော်ကို သတင်းပေးတယ်တို့။ တိုင်းရင်းသားတွေဖြစ်တဲ့ ရခိုင်နဲ့ ချင်းအကြားမှာ ဘာသာရေး၊ လူမျိုးရေးသွေးထိုးတာတွေ ရှိတယ်ဆိုပြီး ထုတ်ပြန်တာတွေ တွေ့တယ်။ တွေ့တော့ အဲဒီအပေါ်မှာ နည်းနည်းစိုးရိမ်တယ်။ ကျွန်တော်တို့သိတာကတော့ အဲဒီလို သွေးထိုးတာမျိုးတော့ မရှိဘူး။ ဥပမာ ပလက်ဝဘက်မှာ ကျတော့ ချင်းနဲ့ ရခိုင်ရှိတယ်။ ချင်းထဲမှာလည်း ခရစ်ယာန်မဟုတ်တဲ့ ဗုဒ္ဓဘာသာကိုးကွယ်သူ ရာခိုင်နှုန်း ၃၀ လောက် ကျန်သေးတာကိုး။ အဲဒီအထဲမှာ ဦးဝှေ့တင်းက ပါတယ်။ ပါတော့ ဘာသာရေးပွဲနေ့မှာလည်း ရခိုင်အသိုင်းအဝိုင်းနဲ့ အရမ်းနီးစပ်တဲ့ သူလေ။ သူက အဲဒီလိုသွေးထိုးတာမျိုး ဘယ်လိုလုပ် ရှိမတုန်း။ နောက်ပြီးတော့ တပ်ရဲ့ သတင်းပေးဆိုတာလည်း မဖြစ်နိုင်ဘူး။ သူက ပုံမှန် မဲဆန္ဒနယ်ကို သွားမယ်။ ပုံမှန် လွှတ်တော်တက်မယ်။ ဒီအပေါ်မှာ AA က တမင်တကာ ဘာလုပ်ချင်လို့များလဲပေါ့နော်။ အဲဒါကြောင့် ထုတ်ပြန်ချက်ထုတ်တာ ဖြစ်ပါတယ်။

The Voice Journal : KACC ထုတ်ပြန်ချက်မှာလည်း ပါတယ်။ AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခရဲ့ ပြောဆိုချက်အပေါ် KACC က ဘဝင်မကျဘူးဆိုတာမျိုးပေါ့။ ဆိုတော့ သူ့ရဲ့ပြောဆိုချက်က ချင်းနဲ့ ရခိုင်အကြား ရှိနှင့်ပြီးသား ချစ်ကြည်ရင်းနှီးမှုကို သွေဖည်သွားစေနိုင်လား။

USM : အခုကတော့ ကျွန်တော်တို့ အချိန်မီပြန်ထိန်းဖို့တော့ လိုတာပေါ့။ အချိန်မီ ပြန်မထိန်းဘဲနဲ့ ဒီလိုမျိုးဆက်လုပ်နေမယ်ဆိုရင် နားလည်မှုလွဲနိုင်တာပေါ့။ နားလည်မှုအများကြီး လွဲနိုင်တာပေါ့။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပြီဆိုကတည်းက ကျွန်တော်တို့က ကြားမှာ မြေဇာပင်လိုမျိုး ဖြစ်တာကိုး။ ကျွန်တော်တို့ လက်ထဲမှာ လက်နက်မရှိဘူးဗျာ။ ရခိုင်တွေ လက်ထဲမှာ လက်နက်ရှိမယ်။ အစိုးရဆီမှာ လက်နက်ရှိမယ်။ အစိုးရဘက်က အထိနာရင် ရခိုင်အမျိုးသားတွေ သတင်းပေးလို့ အဲဒီလိုထင်မှာပဲ။ AA တွေ ဘက်ကလည်း သူတို့အထိနာရင် ကျွန်တော်တို့ကို မဲမှာလေ။ မင်းတို့ ချင်းတွေ အစိုးရနဲ့ပေါင်းပြီ ဆိုပြီး ထင်မှာလေ။ အခုတောင် အွန်လိုင်းပေါ်မှာ မြင်မှာပါ။ ကျွန်တော်တို့ ကြေညာချက်ထုတ်တော့ အစိုးရလော်ဘီတဲ့။ စစ်တပ်ကို ဖားတယ်တဲ့ အဲဒီလိုပြောနေကြတယ်။ ကျွန်တော်တို့ တမင်တကာ ဖားစရာမလိုဘူးလေနော့။ ဒါက ပုံမှန်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့တောင် လုံခြုံမှုမရှိဘူးဆိုရင် ရိုးရိုး သာမန်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ်မတုန်း။ နောက်ပြီး သူတို့ဘက်က ပြောဆိုချက် ရခိုင်ပြည်နယ်ထဲ သွားတာလာတာမှာ ပလက်ဝပါ ပါတယ်။ သူတို့ဘက်က ရည်ညွှန်းတာ။ သူတို့(AA) ကို သတင်းပို့ပါဆိုတာ အဲဒါ လုံးဝမဖြစ်နိုင်ဘူးလေ။ ဘာလို့ဆိုရင် ကျွန်တော်တို့က အခုရွေးကောက်တင်မြှောက်ထားတဲ့ အောက်မှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ တည်ဆဲဥပဒေနဲ့ပဲ နေရမှာကိုး။ AA ရဲ့ ဥပဒေအတိုင်းနေဖို့ကတော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲဒီလိုပါဗျာ။

The Voice Journal : ထုတ်ပြန်ချက်မှာလည်းပါတယ်။ ပလက်ဝ ဒေသခံ ချင်းလူမျိုးတွေ ဗမာစကား မပြောဖို့၊ စာသင်ကျောင်းတွေမှာ ရခိုင်စကားနဲ့ပဲ သင်ကြားဖို့၊ တော်လှန်ရေးပြီးမှပဲ ခူမီးတိုင်းရင်းသားတွေဆီက ယူသွားတဲ့ စားနပ်ရိက္ခာတွေကို ပြန်ပေးမယ်ဆိုတာတွေ၊ ချင်းတိုင်းရင်းသားခေါင်းဆောင်တွေကို သတ်မယ်ဆိုပြီး AA  က ခြိမ်းခြောက်တာတွေပေါ့။ ဒါတွေက တကယ်ဖြစ်ခဲ့တာလား။ ဒါမှမဟုတ် ကြေညာချက်မို့ ထည့်ထားတာလား ခင်ဗျ။

USM : တကယ်ရှိခဲ့တာပါ။ မြေပြင်မှာ တကယ်ရှိတာပါ။ ကျွန်တော့်အမြင်အရတော့ ဒါမျိုးက AA ဗဟိုဘက်က ရည်ရွယ်ချက်ရှိရှိလုပ်တာတော့ မဖြစ်နိုင်ဘူး။ တကယ့်မြေပြင်မှာ စစ်သည်တွေ၊ တပ်မှူးတွေကတော့ သူတို့ရဲ့ အမျိုးသားရေးစိတ်နဲ့ ဖြစ်သွားတာ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ဆီ လာပြောတာရှိတယ်။ သူတို့က ကျွန်တော်တို့ကို ရခိုင်စာရင်းထဲ ထည့်ထားတယ်။ ကျွန်တော်တို့ကလည်း ရခိုင်စကားကို ပြောနိုင်တယ်လေ။ ဆိုတော့ မင်းတို့က ရခိုင်ပဲ။ ဘာလို့ ဗမာစကား ပြောရမလဲ။ ဗမာကို တော်လှန်တာ ဘာညာပေါ့လေ။ အရိုက်ခံရတာတွေ ဘာတွေလည်း ရှိတယ်လေ။ နောက် သူတို့ ၂၀၁၅ ကနေ အခုထိပေါ့လေ။ ဝက်တွေ ယူသွားတာရှိတယ်။ သူတို့ တောင်းတာတွေလည်း ရှိတယ်။ တချို့လည်း ပိုက်ဆံပေးတာရှိတယ်။ တချို့လည်း သူတို့တော်လှန်ရေးအောင်တဲ့အခါ ကျွန်တော်တို့ ပလက်ဝဒေသပါ လွတ်လပ်ရေးရမှာဆိုတော့ အဲဒီကျမှပဲ လျော်ကြေးရမယ် ဘာညာပေါ့။ ဒါတွေကတော့ နှုတ်အားဖြင့် Abuse လုပ်တာပေါ့လေ။ ဒါတွေကတော့ ရှိပါတယ်။

The Voice Journal : နောက်တစ်ခုက ကုလားတန်ဘက်စုံ စီမံကိန်းပေါ့လေ။ ဒါကို ပလက်ဝဒေသခံတွေက သဘောကျတဲ့ ပုံစံရှိတယ်။ AA ကတော့ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ သင်္ဘောတွေ၊ လူတွေကို ဖမ်းဆီးတာရှိတယ်။ ဆိုတော့ ဒီစီမံကိန်းကို ဒေသခံတွေအတွက် တကယ်အကျိုးဖြစ်စေတဲ့ စီမံကိန်းဖြစ်လို့ သဘောကျတာလားဗျ။

USM : ကျွန်တော်တို့ ပလက်ဝဒေသက လွတ်လပ်ရေးရပြီးချင်း ဝိသေသတိုင်းမှာ ပါလာပြီးကတည်းက မြန်မာနိုင်ငံမှာတကယ့် Isolated ဧရိယာဗျ။ ကျွန်တော်တို့ ချင်းပြည်နယ်မြို့တော် ဟားခါး။ ပလက်ဝကနေ ဟားခါးကို သွားမယ်ဆိုရင် ကျွန်တော်တို့ ရခိုင်၊ ရန်ကုန်၊ မန္တလေး၊ မကွေးတွေကို ဖြတ်သွားရတာ။ ဆိုတော့ ကားလမ်းကို မရှိခဲ့ဖူးဘူး။ ရေလမ်းတစ်ခုတည်းကိုပဲ အသုံးချနေရတာ။ ဆိုတော့ ဦးသိန်းစိန်အစိုးရ တက်လာတယ်။ အဲဒီနောက်မှာ စီမံကိန်းတွေ ဘာတွေဆွဲလာတယ်။ အခု NLD အစိုးရတက်လာတယ်။ အဲဒီအခါကျ ကျောက်တော်ကနေ လမ်းတွေ စဖောက်လာတယ်။ ချင်းပြည်နယ် မတူပီမှာလည်း လမ်းတွေ ဖောက်လာတယ်။ အဲဒီလိုအပ်ချက်အရ ကုလားတန်မြစ်ကူးတံတားဆိုတာလည်း ဖြစ်လာတယ်။ အဲဒါကနေဆက်စပ်ပြီးတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ် စစ်တွေကနေ သင်္ဘောနဲ့ လာပြီးတော့ ဆိပ်ခံဘောတံတားလုပ်ပြီး အိန္ဒိယပြည် မီဇိုရမ်အထိသွားမယ်ဆိုတော့ ကျွန်တော်တို့ဒေသက လူတွေက အဲဒါကို အရမ်းမျှော်လင့်ချက်ကြီးကြီးထားတာ။ အခု မြစ်ကူးတံတားဆိုရင်လည်း သူတို့ အရမ်းသဘောကျတာ။ ဆိုတော့ အဲဒီ ကုလားတန်ဘက်စုံပို့ဆောင်ရေးစီမံကိန်းကို တကယ့်လက်တွေ့မှာ ဖြစ်လာမလားဆိုတာကို မပြောတတ်ပေမယ့် အရမ်းမျှော်လင့်ချက်ထားခဲ့တာ။ ကျွန်တော်တို့ ဒေသဖွံဖြိုးမယ့် စီမံကိန်းဖြစ်တယ်။ အိန္ဒိယကိုလည်း ကုန်သွယ်ပြီး သွားလာနိုင်မယ်။ နောက်နယ်စပ်ကုန်သွယ်ရေးစခန်းတွေလည်း ဖြစ်လာတဲ့အခါ ကျွန်တော်တို့ အလုပ်အကိုင်တွေလည်းရလာမယ်ဆိုပြီး မျှော်လင့်ချက်ထားခဲ့တယ်။ အဲဒီမှာဖြစ်ချင်တော့ ဒီစီမံကိန်းအတွက် သံဘောင်သယ်လာတာကို AA က မီးရှို့တာရှိတယ်။ နောက်ပြီး လမ်းလုပ်သားတွေကို ဖမ်းတာရှိတယ်။ အဲဒီတုန်းကလည်း သူတို့က ထောက်လှမ်းရေးဆိုပြီး ဖမ်းတာ။ အဲဒီ လမ်းလုပ်သားတွေထဲမှာ ချင်းအမျိုးသားက နှစ်ယောက်လောက် ပါသွားတယ်။ ကျန်တာတွေက ဗမာတွေပါ။ အဲဒါဆိုတော့ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့က သံသယဝင်တာပေါ့လေ။ တကယ့် AA ရဲ့အိပ်မက် Arakan Dream 2020 ဆိုပြီး လုပ်လာတာက ပလက်ဝမှာများ ရှိလို့လားလို့ အဲဒီလိုမျိုး ကျွန်တော်က ပြန်မေးချင်တယ်။ ဒါက ရခိုင်လူထုရဲ့ နှလုံးသားထဲမှာ ရှာရမယ့် ကိစ္စလေ။ အဲဒါကြောင့် ကျွန်တော့်တို့ကိုများ အနှောင့်အယှက်ပေးနေလားလို့ ခံစားရပါတယ်။

The Voice Journal : ဦးဝှေ့တင်းကို စစ်တပ်ရဲ့သတင်းပေးဆိုပြီး AA က စွပ်စွဲပြောဆိုမှုအပေါ် ချင်းတိုင်းရင်းသားတစ်ယောက်အနေနဲ့ ဘာပြောဖို့ရှိမလဲ။

USM : အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ သူက ဥပဒေပြုရေးမဏ္ဍိုင်လေ။ ဟိုက အုပ်ချုပ်ရေးမဏ္ဍိုင်လေ။ ဆိုတော့ သူတို့ပေါင်းလုပ်တာ ရှိကောင်းလည်း ရှိနိုင်တာပေါ့။ အဲဒါ ကျွန်တော်တို့တော့ မသိဘူးပေါ့လေ။ ပါတီချင်းလည်း တူမှ မတူတာပဲလေ။ ဆိုတော့ ဥပမာအစိုးရတပ်က အရာရှိနဲ့အတူ အစည်းအဝေးထိုင်တာလည်း ရှိနိုင်တယ်။ ထမင်းစားတာတို့ အတူသွားတာတို့လည်း ရှိနိုင်တယ်။ နောက် ကျွန်တော်တို့ဒေသမှာ လက်နက်ကိုင်တော်လှန်ရေးပြောမယ်ဆိုရင် သူပုန်တွေပေါ့ဗျာ။ အဲဒါတွေကတော့ ဘယ်နေရာ ဘယ်နေရာတော့ ရောက်နေပြီဆိုပြီး အဲဒါတွေပြောတာလည်း ရှိကောင်းရှိနိုင်တယ်လေ။ ဒါက သတင်းပေးတာမှ မဟုတ်တာ။ အဲဒီလို သတင်းပေးတယ်ဆိုရင်တောင် သူ မှန်တယ်လို့ ကျွန်တော်က ယူဆတယ်။ သူက ဥပဒေဘောင်အတွင်းမှာ နေရတဲ့ လူလေ။ ဥပဒေအတိုင်း အကောင်အထည်ဖော်ရတာလေ။ အဲဒီ ဥပဒေဆိုတာကလည်း ရွေးကောက်တင်မြှောက်တဲ့ အစိုးရ၊ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေကို သူ လိုက်နာရမှာပေါ့။ ဒါက သူ့လုပ်ငန်းသဘောတရားနဲ့ ကိုက်ညီနေတာပဲ။ အဲဒီအပေါ် AA က ဘယ်လိုလုပ်အရေးယူလို့ရမှာလဲ။ AA ရဲ့ ဥပဒေကို လိုက်နာပါ့မယ်ဆိုပြီး ကျွန်တော်တို့ ပလက်ဝဒေသခံတွေ သဘောတူထားတာမှ မဟုတ်တာ။

The Voice Journal : ဦးဝှေ့တင်းကိစ္စနဲ့ ပတ်သက်ပြီး ပလက်ဝဒေသမှာရှိတဲ့ ချင်းတိုင်းရင်းသားတွေနဲ့ ရခိုင်တိုင်းရင်းသားတွေအကြား အခြေအနေဘယ်လိုရှိနေလဲဗျ။

USM : လောလောဆယ်တော့ မရှိပါဘူး။ ဒီလိုပါပဲ။ ဒီ ရခိုင်တိုင်းရင်းသားတွေနဲ့ ချင်းတိုင်းရင်းသားတွေကြားလည်း သိပ်တော့ မရှိပါဘူး။ ပုံမှန်ပါပဲ။

The Voice Journal : ဆိုတော့ ပလက်ဝကို AA တွေ ရောက်လာတယ်ဆိုရင်ရော အခြေအနေတွေ ပြောင်းလဲသွားတာမျိုးရှိလား။ ဒီကြေညာချက်မှာ AA က ပလက်ဝမှာလည်း လူသစ်စုဆောင်းတယ်ဆိုပြီး ဖော်ပြထားတာ တွေ့လို့လေ။ ဆိုလိုတာက AA ရောက်လာတဲ့အခါ ချင်းတိုင်းရင်းသားတွေဖြစ်လို့ ပိုပြီး ဆိုးရွားသွားတဲ့ အခြေအနေမျိုးရှိလား။

USM : ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ကတော့ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာပဲ နေချင်တယ်လေ။ အဲဒီဆိုရင် သဘောပေါက်မှာပါဗျာ။

The Voice Journal : အခုနှစ် ဖေဖော်ဝါရီလလောက်ကလည်း ခူမီးတိုင်းရင်းသား ၅၄ ယောက်ကို AA က ခေါ်သွားသေးတယ်နော်။ အဲဒီလူတွေ အကုန်ပြန်လွတ်ကြပြီလား။

USM : ဟုတ်ပါတယ်။ ခေါ်သွားပါတယ်။ သူတို့ အကုန်ပြန်လွတ်လာပြီဗျ။ တစ်ဦးကတော့ ဆုံးသွားရှာတယ်။

The Voice Journal : ဦးဝှေ့တင်းကို ပြန်လည်လွတ်မြောက်ရေး ချင်းတိုင်းရင်းသားတွေရဲ့ သဘောထားက ဘယ်လိုရှိမလဲ။ KACC က ဘယ်လိုဆောင်ရွက်မှုတွေရှိလဲ။

USM : ကျွန်တော်တို့က သူ ကျန်းကျန်းမာမာနဲ့ အမြန်ဆုံးပြန်လွတ်စေချင်တယ်ဗျာ။ တခြား ကျွန်တော်တို့ တတ်နိုင်သလောက်တော့ ချင်းပြည်နယ်အစိုးရကို ပြောတာပဲ။ အကူအညီလည်း တောင်းတယ်။ အစိုးရကလည်း ပြောပါတယ်။ သူက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ အတွက် အစိုးရရော၊ သူတို့ပါတီကရော ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ပါလိမ့်မယ်လို့ ပြောပါတယ်။

The Voice Journal : အချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။           

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *