မြန်မာ့ကျောက်စိမ်းဈေးကွက် အရွေ့

တရုတ်ကုန်သည်အချို့၏ ဝီချက်(We Chat App) ဒဏ်ကို အလူးအလဲခံနေရချိန်တွင် မြန်မာ့ကျောက်စိမ်းများကို အွန်လိုင်းပေါ်တင်၍ ကမ္ဘာအနှံ့သို့ ရောင်းချမည့် အစီအစဉ်က ဖြစ်ပေါ်လာသည်။

တရုတ်နိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးတို့ တည်ထောင်ထားသည့် MGST (Myanmar Global South Internet- TEC) ကုမ္ပဏီလီမိတက်က တရုတ်နိုင်ငံဘေဂျင်း (ပီကင်း) အခြေစိုက်နည်းပညာကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ်ဆောင်ရန်စီစဉ်နေခြင်းဖြစ်ကြောင်း MGST ဒါရိုက်တာဦးဝင်းမော်က ပြောကြားသည်။

ယင်းသို့ လုပ်ဆောင်ရန်အတွက် ကုမ္ပဏီနှစ်ခုသဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းကို အောက်တိုဘာလ ၂၅ ရက်နေ့က မန္တလေးမြို့ကွန်ဗင်းရှင်းစင်တာ(MCC) ၌ ပြုလုပ်ခဲ့ကြသည်။

“ဒီနေ့က အတူတူအလုပ်လုပ်ဖို့ ဆုံးဖြတ်ကြတဲ့ နေ့ပေါ့”ဟု ဦးဝင်းမော်က ဆိုသည်။

MGST ကုမ္ပဏီသည် တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး လွန်ခဲ့သည့် ခြောက်လခန့်က တည်ထောင်ခဲ့ကြောင်း ကုမ္ပဏီဆိုင်ရာအချက်အလက်များအရ သိရသည်။

ကုမ္ပဏီ၏အဓိကရည်ရွယ်ချက်သည် မန္တလေးကို အခြေခံသည့် မြန်မာ့ကျောက်စိမ်းဈေးကွက်ကို ဖွံဖြိုးစေရန် အင်တာနက်အွန်လိုင်းမှတစ်ဆင့် နိုင်ငံတကာသို့ ဈေးကွက်တင်ရောင်းချသည့် စနစ်မျိုးကို လုပ်ဆောင်မည်ဟုဆိုသည်။

ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများနှင့်အညီ စည်းကမ်းတကျလုပ်ဆောင်မည်ဟု ဦးဝင်းမော်က ပြောသည်။

“ကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ကတော့ ရောင်းသူဝယ်သူနှစ်ဖက်ကြားမှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်။ နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ဘဏ္ဍာငွေတွေလည်း မဆုံးရှုံးစေရဘူး”ဟု ၎င်းက ရှင်းပြသည်။

ပြည်တွင်းရှိ ကျောက်စိမ်းလုပ်ငန်းရှင်များသည် ထိရောက်သည့် ဈေးမရခြင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများမရခြင်းတို့ကို ဖြေရှင်းပေးနိုင်ရန်အတွက် ရောင်းသူ ဝယ်သူကြား အာမခံချက်ရှိသည့် အွန်လိုင်းဈေးကွက်စနစ်ကို တည်ထောင်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ပြည်တွင်းသာမက နိုင်ငံတကာကျောက်ကုန်သည်များနှင့်ပါ ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်၍ မန္တလေးရှိကျောက်မျက်လုပ်ငန်းရှင်များအတွက် အကျိုးရှိနိုင်မည်ဟု ဦးဝင်းမော်က ပြောဆိုသည်။

မန္တလေးကွန်ဗင်းရှင်းစင်တာ(MCC) စီမံခန့်ခွဲခွင့်ကို ပုဂံမြန်မာကုမ္ပဏီက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ တင်ဒါအောင်မြင်ထားပြီး MCC အခြေစိုက်ကာ အွန်လိုင်းကျောက်စိမ်းဈေးကွက်စနစ်ကို လုပ်ဆောင်ရန်အတွက် MCC ၏ မြေညီထပ်နှင့် တတိယထပ်ကို ဇူလိုင်လ ၁ ရက်နေ့မှစ၍ လေးလတစ်ဖြတ်စနစ်ဖြင့် MGST ကုမ္ပဏီက ငှားရမ်းခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က မန္တလေးမြို့သည် ကျောက်စိမ်းဈေးကွက် ခိုင်ခိုင်မာမာရှိသည့် မြို့ ဖြစ်စေချင်သည်ဟု ပြောဆိုခဲ့ဖူးပြီး ယင်းကို အကောင်အထည်ဖော်ဆောင်ပေးခြင်းဟုလည်း MGST ကုမ္ပဏီက ဆိုသည်။

MGST ကုမ္ပဏီနှင့် ပူးတွဲလုပ်ဆောင်သည့် တရုတ်နည်းပညာကုမ္ပဏီ Beijing Zhuanzhuan Spirit Technology Co.,Ltd. သည် ဟူနန်ပြည်နယ် ချန်ရှားမြို့အခြေစိုက်ပြီး မိခင်ကုမ္ပဏီသည် Hunan Global South ဖြစ်သည်။

ယင်းကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် MD ရာထူးကို ယူထားသည့် မစ္စတာဟော်ရီကျူ ကိုယ်တိုင် မန္တလေးတွင် ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်လာခဲ့သည်။

Hunan Global South သည် ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ်အတွင်း ဧက ၃၀၀၀၊ တီကျစ်ဒေသတွင် ဧက ၉၀၀၀ ၌ ခဲမဖြူနှင့် အဖြိုက်နက်စမ်းသပ်တူးဖော်ခွင့်ကိုလည်း ရရှိထားသည့်အပြင် ကယားပြည်နယ် လွိုင်ကော်စက်မှုဇုန်အပိုင်း ၂ တွင်လည်း Global South စက်မှုကုမ္ပဏီအမည်ဖြင့် ကယားပြည်နယ်၏ ပထမဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာသန်း ၅၀ ဖြင့် ခဲမဖြူနှင့် အဖြိုက်နက်ကို အခြေခံသည့် သတ္တုကုန်ချောစက်ရုံကို တည်ထောင်ထားသည်ဟု ယင်းကုမ္ပဏီထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ခဲမဖြူနှင့် အဖြိုက်နက်ကို အခြေခံသည့် သတ္တုကုန်ချောစက်ရုံသည် ကယားပြည်နယ်၌ ပထမဆုံးဖြစ်ပြီး တရုတ်ဟူနန်ပြည်နယ် ချန်ရှားမြို့ရှိ စက်ရုံအတိုင်းတည်ဆောက်ထားသည်ဟု ဆိုသည်။

မစ္စတာဟော်ရီကျူသည် လက်ရှိ မြန်မာနိုင်ငံတွင် သတ္တုနှင့်ပတ်သက်သည့် လုပ်ငန်းများလုပ်ကိုင်နေသည်မှာ ငါးနှစ်ခန့်ရှိနေပြီဖြစ်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသည့် လုပ်ငန်းရှင်တစ်ဦးအဖြစ် ယုံကြည်မှုရှိကြောင်း ဦးဝင်းမော်က ပြောသည်။

“MGST ကုမ္ပဏီကို နာမည်က အခုမှ သိပေမယ့် မြန်မာနိုင်ငံထဲမှာ နာမည်သုံးလေးမျိုးနဲ့ သတ္တုအခန်းကဏ္ဍမှာ ခိုင်ခိုင်မာမာလုပ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်” ဟု ဦးဝင်းမော်က လက်မှတ်ရေးထိုးပွဲတွင် ပြောသည်။

မန္တလေးမြို့တွင် တရုတ်နိုင်ငံမှ လာရောက်သည့် ကျောက်စိမ်းကုန်သည်များစွာရှိပြီး မြန်မာ – တရုတ်နှင့် ကျောက်စိမ်းသည် ခွဲခြား၍ မရကြောင်း မန္တလေးတိုင်းရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က မှတ်ချက်ပြုသည်။

သို့သော် အရောင်းအဝယ်ပြုရာတွင် မိမိတို့၏ စီမံခန့်ခွဲရေးချို့ယွင်းချက်များကြောင့် ရသင့်ရထိုက်သည့် ဈေးကွက်၊ ခိုင်မာသည့် ဈေးကွက်မရရှိခဲ့သဖြင့် ယခုကဲ့သို့ အွန်လိုင်းမှ ရောင်းဝယ်မည့်ကိစ္စသည် ကြိုဆိုသင့်သည်ဟု ဝန်ကြီးက ပြောသည်။

“ကျွန်တော်တို့ဆီမှာ ထွက်တဲ့ ပစ္စည်းဟာ ရောင်းသူဈေးကွက်ပဲ ဖြစ်သင့်တယ်။ ရောင်းသူဈေးကွက်ဖြစ်ဖို့ ကျွန်တော်တို့ တိုင်းရင်းသားကုမ္ပဏီတွေဟာ အခြားနိုင်ငံက နည်းပညာအကူအညီတွေ ယူရမယ်” ဟု ဝန်ကြီးဦးစိုင်းပန်းဆိုင်က ဆိုသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကျောက်ဝိုင်းအပြင် အချို့သည် နေအိမ်တွင် ရောင်းဝယ်မှုများလည်းရှိသည်။ ကျောက်ဝိုင်းနေရာများသို့ သွားကြည့်လျှင် တစ်ယောက်ကြည့်လျှင် တစ်ယောက်၊ နှစ်ယောက်ကြည့်လျှင် နှစ်ယောက်သာ ကျောက်စိမ်းကို သိနိုင်မည်ဖြစ်ပြီး အွန်လိုင်းတွင် တင်လိုက်ခြင်းအားဖြင့် အချိန်နှင့် တစ်ပြေးညီ နိုင်ငံတကာမှ လူသန်းနှင့်ချီ၍ သိရှိသွားနိုင်မည်ဟု MGST ကုမ္ပဏီက ၎င်းတို့လုပ်ဆောင်မည့် ဈေးကွက်၏ အားသာချက်ကို ပြောပြသည်။

“သိသွားတဲ့အခါကျတော့ ကျောက်ရဲ့အရည်အသွေးပေါ်မှာ ကြည့်ပြီးတော့ တန်ရာတန်ကြေးဈေးတွေကို အမြင့်ဆုံးပေးကြမှာပေါ့နော်။ အဲလိုကျတော့ ကျောက်ပိုင်ရှင်ကလည်း သူ့စိတ်ကြိုက် ဈေးပေးနိုင်တဲ့သူကို ရောင်းမှာပေါ့” ဟု ဦးဝင်းမော်က ဆိုသည်။

ဈေးကွက်ကျဉ်းကျဉ်းလေးမှသည် ဈေးကွက်အကြီးကြီးဆီသို့ ထိုးဖောက်နိုင်မည့် အစီအစဉ်ဟု ၎င်းက ဆက်ပြောသည်။

ကျောက်သမားများကမူ မိမိတို့၏ ကျောက်ကို လူတကာသို့ မပြလိုသဖြင့် ယင်းကဲ့သို့ အင်တာနက်အွန်လိုင်းမှ ရောင်းချမည့် အစီအစဉ်ကို အောင်မြင်ရန်ခက်ခဲမည်ဟု ခန့်မှန်းကြသည်။

“ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းကိုတော့ လက်ခံရမှာပေါ့။ ဒါပေမဲ့ ထိုက်သင့်တဲ့ ငွေကြေး၊ အခွန်စတာတွေရရှိဖို့အတွက် အစီအမံကောင်းတွေလည်း လိုအပ်တယ်”ဟု ကျောက်မျက်လုပ်ငန်းရှင်များအသင်း (မန္တလေး) ၏ ဒုတိယဥက္ကဋ္ဌဦးကျော်ဇောအောင်က ဆိုသည်။

အွန်လိုင်းရောင်းဝယ်ရေးစနစ်ကို လုပ်ဆောင်မည့် ကုမ္ပဏီအနေဖြင့် အာမခံပေးနိုင်မည့် ဘဏ်များလည်း ရှိရန် လိုအပ်ပြီး အစိုးရပြဋ္ဌာန်းထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် အညီ လုပ်ဆောင်ရန်လိုအပ်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိကျောက်စိမ်းဈေးကွက်သည် ဝယ်သူကို မှီခိုအားထားနေရသည့် အခြေအနေမှ ရောင်းသူ့စိတ်ကြိုက်ဖြစ်စေရန်အတွက် အဘက်ဘက်မှ ပြုပြင်ပြောင်းလဲပေးရန် လိုအပ်နေသေးသည်ဟု ကျောက်သမားတို့က ပြောဆိုကြသည်။

လက်ရှိတွင် တရုတ်ဆော့ဝဲလ်ဝီချက်မှ တစ်ဆင့် ရောင်းဝယ်မှုများကို လက်မခံသည့် မြန်မာကျောက်ကုန်သည်များလည်းရှိနေပြီး ယင်းကဲ့သို့ ရောင်းချမှုကြောင့် မိမိတို့၏ ကျောက်ဈေးရသင့်သလောက် မရဟု ကုန်သည်အချို့က ဆိုကြသည်။

ထို့ကြောင့် MGST ကုမ္ပဏီ၏ အွန်လိုင်းရောင်းဝယ်ရေးစနစ်တွင် ကျောက်စိမ်းအရိုင်းထည်၊ အချောထည် နှစ်မျိုးလုံးလက်ခံမည်ဆိုသော်လည်း အရိုင်းထည်ကိုမူ ပြသရောင်းချနိုင်ရန် ခက်ခဲဦးမည်ဟု ဦးကျော်ဇောအောင်က ခန့်မှန်းသည်။

“လောလောဆယ်တော့ ဒီလိုရောင်းဝယ်တာကို လက်ခံတာ၊ လက်မခံတာထက် ကုမ္ပဏီအနေနဲ့ ခက်ခဲနေဦးမှာပဲ။ နောက်ပိုင်းမှာမှ အောင်မြင်လာတာမျိုးဖြစ်နိုင်တယ်” ဟု အွန်လိုင်းကျောက်စိမ်းဈေးကွက်၏ ဖြစ်လာနိုင်သည့် အခြေအနေကို ၎င်းက သုံးသပ်ပြောဆိုသည်။

မိမိတို့နိုင်ငံသည် သဘာဝသယံဇာတအင်အားကောင်းသော်လည်း နည်းပညာနှင့်ပတ်သက်လျှင် အင်မတန်နောက်ကျနေပြီး အွန်လိုင်းမှတစ်ဆင့် ကျောက်စိမ်းရောင်းဝယ်မည့် ကိစ္စမျိုးကို စောင့်မျှော်နေသည်မှာ ကြာပြီဖြစ်ကာ ယခုကဲ့သို့ လမ်းစပေါ်လာခြင်းအတွက် ကြည်နူးရကြောင်း အမျိုးသားလွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟက ဆိုသည်။

ပထမဆုံးခြေလှမ်းအဖြစ် MGST ကုမ္ပဏီက လုပ်ဆောင်ပေးခြင်းဖြစ်ပြီး မိမိတို့၏ ကျောက်မျက်ရတနာများကို အခြားနေရာသွားစရာမလိုဘဲ အွန်လိုင်းမှတစ်ဆင့် ရောင်းချနိုင်ခြင်းကို ကြိုဆိုရမည်ဟု ဝန်ကြီးဦးစိုင်းပန်းဆိုင်က ဝမ်းမြောက်စကားပြောဆိုသည်။

MGST အနေနှင့်မူ ငွေပေးချေမှုကိစ္စ၊ အခွန်ဆောင်သည့် ကိစ္စ၊ ဝယ်သူလက်ရောက်အောင် ပို့ဆောင်ပေးမည့် ကိစ္စတို့ကို ကြားခံကုမ္ပဏီတစ်ခုဖြင့် ဆောင်ရွက်မည်ဟုလည်းဆိုသည်။

ကျောက်စိမ်းအရိုင်းထည်များကိုလည်း ပြသမည်ဖြစ်ပြီး ဝယ်သူမှ သဘောကျလျှင် အချောထည်ဖြစ်အောင် လုပ်ဆောင်ပေးသွားမည်ဟု ပြောသည်။

သို့သော် လတ်တလောတွင် ပြင်ဆင်နေဆဲအခြေအနေဖြစ်ပြီး အကောင်အထည်ဖော်ရန် ကြာမြင့်နိုင်ကြောင်း MGST ကုမ္ပဏီဒါရိုက်တာဦးဝင်းမော်က ဆိုသည်။

“ဒီဟာဖြစ်မြောက်ဖို့ အနည်းဆုံးခြောက်လ၊ ခုနစ်လ အချိန်ယူရဦးမယ်။ ၂၀၂၀ စနိုင်ဖို့တော့ ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ကျောက်သမားများသို့ သတင်းစကားပါးလေသည်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *