အကျပ်ရိုက်နိုင်သည့် AA ၏ အဖမ်းအဆီး

၂၀၁၆ ခုနှစ်က ကချင်ပြည်နယ် မိုင်ဂျာယန်တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသည့် AA အဖွဲ့

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က အများပြည်သူသယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ပစ်မှတ်ထားကာ အဖမ်းအဆီးများ ဆက်တိုက်လုပ်ဆောင်နေမှုတွင် အငြင်းပွားဖွယ်ရာများစွာရှိနေသည်။

အဝေးပြေးယာဉ်ပေါ်က မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်သားများ၊ ရွှေနဒီ အမြန်ရေယာဉ်ပေါ်က တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခဲ့သည်။

ယင်းနောက် ချင်းပြည်နယ် ပလက်ဝမြို့မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ Speed Boat ဖြင့် ကုလားတန်မြစ်ကြောင်းအတိုင်း သွားရောက်သည့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် ကုလားတန်စီမံကိန်းကို အကောင်အထည်ဖော်သည့် ကုမ္ပဏီမှ အိန္ဒိယနိုင်ငံသား ငါးဦး၊ စကားပြန်နှစ်ဦး၊ Speed Boat မောင်းသူ နှစ်ဦး စုစုပေါင်း ၁၀ ဦးတို့ကို အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးလိုက်ပြန်သည်။

ယင်းဖမ်းဆီးခံရသည့်အနက် နှလုံးရောဂါခံစားနေရသည့် အိန္ဒိယနိုင်ငံသားတစ်ဦး နှလုံးအမောဖောက်ကာ ရုတ်တရက် သေဆုံးပြီးနောက် လွှတ်တော်ကိုယ်စားလှယ်မှအပ ကျန်ပုဂ္ဂိုလ်ကိုးဦးကို ပြန်လွှတ်ပေးခဲ့သည်။ ဦးဝှေ့တင်းကိုမူ ဖမ်းဆီးမှု ငါးရက်ကြာမြင့်သည့် နိုဝင်ဘာလ ၇ ရက်နေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။ အခြားသော ဖမ်းဆီးသည့် ဖြစ်စဉ်များတွင်မူ အရပ်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးခဲ့သည်။

ဖမ်ဆီးထားစဉ် အိန္ဒိယနိုင်ငံသား သေဆုံးမှု၊ ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် ဥပဒေပြုရေးမဏ္ဍိုင်က လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းတို့မှာ မြန်မာနိုင်ငံနှင့် AA တို့အပေါ် မည်သို့ သက်ရောက်မှုများ ရှိလာနိုင်သနည်း။

(၁)

အိန္ဒိယနိုင်ငံသားသေဆုံးခြင်းက နှစ်နိုင်ငံကြား မည်သို့သက်ရောက်နိုင်သနည်း။ မြန်မာနိုင်ငံတွင် လုပ်ငန်းလာရောက်လုပ်ကိုင်နေသည့် အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးခြင်းသည် နှစ်နိုင်ငံကြား သံတမန်ရေးရာအရ ပြောဆိုဖြေရှင်းရမည့် အခြေအနေဖြစ်လာကြောင်း ထောက်ပြသူများ ရှိသည်။

မည်သည့်နိုင်ငံပင်ဖြစ်စေ နိုင်ငံသားတစ်ဦး ဆုံးပါးသွားခြင်းအပေါ် လက်ခံနိုင်ဖွယ်ရာမရှိဟု အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး လေ့လာသုံးသပ်သည့် တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးရဲမျိုးဟိန်းက ပြောဆိုသည်။

“အထူးသဖြင့် အိန္ဒိယလို နိုင်ငံမျိုးက ကိုယ့်နိုင်ငံသားတစ်ဦး သေဆုံးတဲ့ ကိစ္စကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ မြင်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် နိုင်ငံခြားသားတစ်ဦး မြန်မာနိုင်ငံတွင် လူ၏ လုပ်ရပ်ကြောင့် သေဆုံးခြင်းသည် မြန်မာနိုင်ငံ၏ ပုံရိပ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုပါ ထိခိုက်သွားစေနိုင်ကြောင်း ရှုမြင်သူများလည်းရှိသည်။

“ကျွန်တော်တို့နိုင်ငံက အရင်ကတည်း က စီးပွားရေးရင်းနှီးမြှုပ်နှံဖို့ ပတ်ဝန်းကျင်ကောင်း သိပ်မရှိဘူးလို့ ပြောနေတဲ့ အနေအထားမျိုးမှာ ဒီဟာတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ပြီး ကျသွားနိုင်တာပေါ့။ ဒီနိုင်ငံမှာ ပတ်ဝန်းကျင်ကောင်း မရှိဘူးလို့ မြင်တဲ့အနေအထားမျိုး ပိုကဲလာမယ်”ဟု ဦးရဲမျိုးဟိန်းက မှတ်ချက်ပေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ နှစ်နိုင်ငံကြား နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်နေကြသဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို တစ်စုံတစ်ရာထိခိုက်မှု မရှိနိုင်ကြောင်း ပြောဆိုသည်။ သို့သော်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် ဖွံဖြိုးရေးလုပ်ငန်းများကိုမူ ထိခိုက်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါကိစ္စကြောင့် မြန်မာနိုင်ငံအပေါ် မည်သို့သက်ရောက်မည်ကို သေချာမပြောနိုင်သော်လည်း ရခိုင်နှင့် ချင်းပြည်နယ်တို့မှ အိန္ဒိယသို့ဆက်သွယ်မည့် ကုလားတန်မြစ်ဘက်စုံပို့ဆောင်ရေးစီမံကိန်းရှိနေသဖြင့် အိန္ဒိယနှင့် မြန်မာအစိုးရ၊ အိန္ဒိယနှင့် တပ်မတော်တို့ကြား ပိုမိုကျောချင်းကပ်သွားနိုင်သည်ဟု မှတ်ချက်ပေးသူက ဦးအောင်သူငြိမ်း ဖြစ်သည်။ ၎င်းသည် အုပ်ချုပ်ရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဖြစ်ပြီး မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာသုံးသပ်ရေးအင်စတီကျူ၏ ပြင်ပဆက်ဆံရေး ဒါရိုက်တာလည်း ဖြစ်သည်။

AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကမူ ဆိုးကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း The Voice Journal သို့ နိုဝင်ဘာလ ၇ ရက်နေ့က ဖြေကြားသည်။ အိန္ဒိယနိုင်ငံသား သေဆုံးမှုကို ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းတို့ဖြင့် စနစ် တကျမှတ်တမ်းတင်ကာ သက်ဆိုင်သူများကိုလည်း ရှင်းလင်းထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါသေဆုံးမှု မည်ကဲ့သို့ ဖြစ်ပွားသည်ကို ၎င်းအတူလိုက်ပါလာသူများ၊ လုပ်ဖော်ကိုင်ဖက်များ မျက်မြင်ကိုယ်တွေ့ဖြစ်ပြီး ယင်းအဖြစ်အပျက် အမှန်ကို သိရှိရှုမြင်လျှင် နှစ်နိုင်ငံကြားအပြင် AA အဖွဲ့ အပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“အဲဒါကြောင့် ဆိုးဝါးတဲ့ Side Effect (ဘေးထွက်ဆိုးကျိုး) တွေကတော့ မရှိလောက်ဘူးလို့ ယုံကြည်တယ်”

အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ နိုဝင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ရာတွင် ဖြစ်စဉ်ကို အကျဉ်းချုပ်ဖော်ပြထားပြီး မြန်မာနိုင်ငံနှင့် AA တို့အပေါ် အပြစ်တင်ခြင်း၊ ကန့်ကွက်ခြင်း၊ ဖိအားပေးခြင်းစသည်တို့ ပါဝင်ခြင်းမရှိပေ။

(၂)

ရခိုင်လက်နက်ကိုင်အဖွဲ့ AA အပေါ် မည်သို့သက်ရောက်နိုင်မည်နည်း။ AA သည် ရခိုင်ပြည်နယ်တွင် ခြေကုပ်ရယူရန် ကြိုးပမ်းရာတွင် အိမ်နီးချင်းနိုင်ငံများတွင်ကိုလည်း အခြေချရရာ ယင်းအနက် အိန္ဒိယလည်း ပါဝင်သည်။ ယင်းသို့အခြေအနေတွင် အိန္ဒိယနိုင်ငံသားတစ်ဦး AA အဖွဲ့ လက်ထဲတွင် သေဆုံး ခြင်းကြောင့် AA အပေါ် သက်ရောက်မှုကြီးနိုင်ကြောင်း ဦးရဲမျိုးဟိန်းက ရှုမြင်သည်။

“သက်ရောက်မှုဆိုတဲ့နေရာမှာ အိန္ဒိယနဲ့ မြန်မာတပ်မတော်က နဂိုကတည်းကလည်း ပြောမယ်ဆိုရင် နာဂကိစ္စတွေမှာလည်း ဟိုဘက်ဒီဘက် သဘောတူညီချက်တွေနဲ့ စစ်ဆင်ရေးတွေ လုပ်တာရှိတယ်။ အနည်းဆုံး ထောက်လှမ်းရေးသတင်းတွေ ရှယ်တာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအခြေအနေတွင်လည်း အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးသွားသဖြင့် အိန္ဒိယအစိုးရက မည်သို့ လုပ်ဆောင်လာနိုင်သည်ကိုလည်း ဦးရဲမျိုးဟိန်းက အောက်ပါအတိုင်း သုံးသပ်ထားသည်။ 

“အိန္ဒိယအနေနဲ့လည်း ကြားနေတာမျိုးထက်စာရင် တပ်မတော်ဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ် ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပိုမိုထောက်ပံ့မှုတွေ အနေအထားမျိုးလည်း ရှိလာနိုင်တယ်လို့ ထင်တယ်”

ခေါ်ယူစစ်ဆေးခဲ့သူများမှာ အိန္ဒိယနိုင်ငံသားဖြစ်သည်ဟု သိလျှင်သိချင်း ပြန်လွှတ်ပေးလိုသော်လည်း ဘေးကင်းလုံခြုံရာသို့ ခေါ်ယူပြီးမှ ပြန်လွှတ်ပေးရခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ရပ်ကြုံရခြင်း ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများ၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် မြို့နယ်များတွင် သွားလာနေသည့် ယာဉ်များတွင် မြန်မာ့တပ်မတော်က တပ်ဖွဲ့ဝင်များ၊ စက်လက်နက်ပစ္စည်းများ၊ တပ်မတော်နှင့် ဆက်စပ်သူများ ပါဝင်ခြင်းရှိ မရှိ ခေါ်ယူစစ်ဆေးလေ့ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

ယင်းသို့ စစ်ဆေးစဉ် အိန္ဒိယနိုင်ငံသားများ ပါဝင်သည့် Speed Boat ကိုခေါ်ယူ စစ်ဆေးခဲ့ပြီး ရေယာဉ်ပေါ်ပါ ပုဂ္ဂိုလ် ၁၀ ဦးကို စစ်ဆေးနေစဉ်အိန္ဒိယနိုင်ငံသားမှာ အသက်ရှုမွန်းကျပ်ကာ အမောဖောက်လာသဖြင့် ကျန်းမာရေးစောင့်ရှောက်ခဲ့သော်လည်း အချိန်တိုအတွင်း သေဆုံးသွားကြောင်း AA ထံမှသိရသည်။ AA အနေနှင့် ရခိုင်ဒေသအတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများကို ဆန့်ကျင်လိုသည့် သဘောထားမရှိဘဲ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိသည်ဟု ထုတ်ပြန်ထားသည်။

နှလုံးရောဂါအခံကြောင့် သေဆုံးရသည်ဆိုသော်လည်း AA က ဖမ်းဆီးထားစဉ် သေဆုံးခြင်းဖြစ်သဖြင့် AA တွင် တာဝန်ရှိကြောင်း ဦးအောင်သူငြိမ်းက ပြောဆိုသည်။

“ဘာပဲဖြစ်ဖြစ် သူတို့က အိန္ဒိယနိုင်ငံကိုလည်း ကျောမှီနေရတာဖြစ်တော့ အနည်းနဲ့ အများဖိအားပေးမှုတွေ ရှိမယ်တော့ ထင်တယ်”ဟု ၎င်းက သုံးသပ်သည်။ ၎င်းသည် ထိုင်းနိုင်ငံတွင် အခြေချဖူးသည့် ABSDF (ကျောင်းသားတပ်) အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့အခြေချရသည့် နိုင်ငံက နိုင်ငံသားတစ်ဦး ထိန်းသိမ်းခံထားရစဉ် သေဆုံးသွားခြင်းမှာ ရောဂါဖြင့် သေဆုံးသည်ဆိုသော်လည်း သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့ထံ သက်ရောက်မှုရှိလာနိုင်ကြောင်း ၎င်းက ထောက်ပြသည်။

“ကျွန်တော်တို့ အရင်ထိုင်းနိုင်ငံမှာ အခြေချဖူးတာကို။ အခြေချဖူးတော့ ဘာပဲဖြစ်ဖြစ် ရိက္ခာတို့၊ ဆေးဝါးတို့ ဖျားနာရင် ဆေးရုံတက်တာ၊ ဒဏ်ရာရရင် ဆေးရုံတက်တာကစလို့ပေါ့ဗျာ၊ မှီခိုကြတဲ့ သဘော ရှိတယ်လေ။ အဲဒီလိုအနေအထားမျိုးမှာ အခုလိုဖြစ်တာက ပိုခက်ခဲသွားမယ် ထင်တယ်”ဟု ၎င်းက ဆိုသည်။

(၃)

ပြည်သူကရွေးကောက်တင်မြှောက်ထားသည့် ဥပဒေပြုရေးမဏ္ဍိုင်က လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းဆီးခြင်းအပေါ်လည်း ဝေဖန်မေးခွန်းထုတ်မှုများ ရှိနေသည်။ AA သည် အများပြည်သူသယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ပစ်မှတ်ထားကာ စစ်ဆေးနေပြီး သံသယရှိသူများကို ခေါ်ယူစစ်ဆေးနေသည်။ ယခုနောက်ဆုံး ဖမ်းဆီးခံရရာတွင် လွှတ်တော်ကိုယ်စားလှယ်လည်း ပါဝင်လာခြင်း ဖြစ်သည်။

“ပြောမယ်ဆိုရင် နိုင်ငံတော်တစ်ရပ်အနေနဲ့ သူရဲ့ လွှတ်တော်ကိုယ်စားလှယ် ထိန်းသိမ်းခံထားရတာကျတော့ နိုင်ငံတော်အာဏာသက်ရောက်မှု ပျက်ယွင်းတာကို တော်တော်လေးပြတယ်လို့ မြင်ပါတယ်ဗျ”ဟု တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာဦးရဲမျိုးဟိန်းက မှတ်ချက်ပေးသည်။

သဘောတူညီချက်များမရသေးသဖြင့် ဆက်လက်ဖြစ်ပွားနေသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ညှိနှိုင်းမှုဖြင့် ဆက်လက်လုပ်ဆောင်ရမည် ဖြစ်သောကြောင့် တစ်ဖွဲ့နှင့် တစ်ဖွဲ့ညှိနှိုင်းရန် မဖြစ်နိုင်တော့သည့် အခြေအနေမျိုးသို့ မရောက်ရန်သတိပြုရမည်ဖြစ်ကြောင်း ထောက်ပြမှုများရှိသည်။

“တစ်ယောက်နဲ့ တစ်ယောက် အရမ်းကြီးမျက်နှာပျက်သွားစေလောက်တဲ့ အနေအထားမျိုး ဖြစ်သွားတယ်ဆိုရင်တော့ ဆွေးနွေးညှိနှိုင်းရတာ ရေရှည်မှာ ခက်သွားနိုင်တယ်။ အဲဒီတော့ ကိစ္စတစ်ခုထဲကိုပဲ ကွက်ပြီးတော့ ကြည့်တာမျိုးထက်စာရင် ရေရှည်ကို ကြည့်ပြီးတော့ အကုန်လုံးက ချဉ်းကပ်ဆောင်ရွက်သင့်တယ်”ဟု ဦးရဲမျိုးဟိန်းက ပြောဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်ဖမ်းဆီးခံရသည့်အပေါ် အစိုးရနှင့် လွှတ်တော်တို့က မည်သို့ချိန်ဆဆောင်ရွက်နေသည်ကို မသိရသော်လည်း ၎င်း လွတ်မြောက်ရန် ညှိနှိုင်းဆောင်ရွက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်သင့်သည်ဟု ရှုမြင်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ လွှတ်တော်က ရက်ပိုင်းအတွင်း သဘောထား ကြေညာချက်ထုတ်ပြန်ရန်ရှိပြီး ယင်းသို့ ထုတ်ပြန်ပြီးမှသာ NLD က လိုအပ်လျှင် သဘောထားကြေညာချက် ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က နိုဝင်ဘာလ ၇ ရက်နေ့က ပြောကြားသည်။

“လောလောဆယ်ပါတီအနေနဲ့ လုပ်နိုင်တာ ဒါပဲ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်သူကရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သဖြင့် ပြည်သူများ၏ မျက်နှာကို ထောက်ထားကာ အမြန်ဆုံးပြန်လွှတ်ပေးသင့်ပြီး ယခုကဲ့သို့ အင်အားသုံးပြီး ဖမ်းဆီးထားခြင်းမှာ မသင့်တော်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

“ထိန်းသိမ်းထားပြီးနောက်မှာစွပ်စွဲချက်တွေ ထွက်လာပါတယ်။ ဒါကတော့ မဖြစ်သင့်ပါဘူး။ လွတ်လပ်တဲ့ အနေအထားနဲ့ ဖြေရှင်းခွင့် ရှိသင့်ပါတယ်။ အင်အားသုံးပြီးတော့ ဖမ်းဆီးထားတာက AA ပုံရိပ်ကို ထိခိုက်စေပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိအခြေအနေတွင် AA နှင့် မြန်မာ့တပ်မတော်တို့ကြား တဖြည်းဖြည်းပိုမိုတင်းမာလာသည်ကို တွေ့ရပြီး တင်းမာလွန်းလျှင် ညှိနှိုင်းရန်ခက်ခဲသည့်အနေအထားမျိုးသော ရောက်လာနိုင်ကြောင်း ဦးရဲမျိုးဟိန်းက ပြောဆိုသည်။

“ အခုလိုအခြေအနေမျိုးဆိုရင် ပြည်သူရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဒီလိုမျိုး ဖမ်းတာဆီးတာကတော့ တော်တော်လေးတော့ မျက်နှာပျက်စရာအနေအထားမျိုး ဖြစ်တယ်လို့ မြင်ပါတယ်”

မည်သူမျှ စစ်ပွဲများ၏ သားကောင်မဖြစ်သင့်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်ကိုသာမက မည်သည့်ပုဂ္ဂိုလ်ကိုမျှ ဖမ်းဆီးထားခြင်းမှာ ကောင်းမွန်းသည့် လုပ်ဆောင်ချက်မဟုတ်သဖြင့် ညှိနှိုင်းမှုများလုပ်ကာ လွှတ်တော်ကိုယ်စားလှယ်ကို ပြန်လွှတ်ပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဦးအောင်သူငြိမ်းကလည်း အပြစ်မရှိသူများ၊ လက်နက်မကိုင်သည့် အရပ်သားများနှင့် ပတ်သက်လျှင် ထိန်းထိန်းသိမ်းသိမ်းဖြင့် သတိထားဆောင်ရွက်သင့်ကြောင်း ဆိုသည်။ လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းဆီးထားခြင်းမှာ နိုင်ငံရေးရည်ရွယ်ချက်ရှိနိုင်ပြီး အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရအများစုသည် ယင်းသို့ ဖိအားပေးမှုကို လက်မခံတတ်သည့် သဘောရှိကြောင်း ၎င်းက ဆိုသည်။

ယခုကိစ္စတွင် မည်သည့်နည်းလမ်းဖြင့် ပြေလည်မှုရမည်ကို မမှန်းဆနိုင်သေးကြောင်း ၎င်းက ဆိုသည်။ လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းဆီးချုပ်နှောင်ထားသဖြင့် AA အပေါ် ပြည်သူထောက်ခံမှုကျသွားနိုင်သည့် အပြင် ရခိုင်နှင့် ချင်းလူမျိုးတို့ကြား လူမျိုးရေးအရပါ အကျိုးဆက်ဖြစ်လာနိုင်သည်ဟုလည်း ဦးအောင်သူငြိမ်းက ထောက်ပြသည်။

“ဒါတွေကထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တယ်လို့ မြင်ပါတယ်”

AA ကမူ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို လုံခြုံရေးအရ စစ်ဆေးရန်ရှိနေသေးသဖြင့် စစ်ဆေးနေဆဲဖြစ်သောကြောင့် မည်သည့်အချိန်ကာလတွင် စစ်ဆေးပြီးစီးမည်ကို မပြောဆိုနိုင်သေးကြောင်း ဦးခိုင်သုခက နိုဝင်ဘာလ ၇ ရက်နေ့က ပြောဆိုသည်။ ယင်းအပြင် လွှတ်ပေးရန်ရှိ မရှိကိုလည်း အောက်ပါအတိုင်း ဆက်လက်ပြောဆိုသည်။

“စစ်ဆေးတဲ့ ကာလပြီးမှပဲ ပြောလို့ ရမယ်”

(၄)

ချင်းလူမျိုးလွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရသည့်အပေါ် ချင်းအရပ်ဘက်အဖွဲ့များနှင့် ချင်းနိုင်ငံရေးပါတီတို့က သဘောထားထုတ်ပြန်ကန့်ကွက်ထားသည်။ ချင်းပြည်နယ်က အရပ်သားများ ဖမ်းဆီးခံရသည့်အပြင် လွှတ်တော်ကိုယ်စားလှယ်ပါ ဖမ်းဆီးခံရသဖြင့် လူမျိုးရေးပြဿနာအထိ ဖြစ်လာမည်ကို စိုးရိမ်ကြသူများလည်း ရှိနေသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဖမ်းဆီးခံရမှုအပေါ် အလွန်စိုးရိမ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) က နိုဝင်ဘာလ ၄ ရက်နေ့တွင် သဘောထားထုတ်ပြန်သည်။ AA ပလက်ဝမြို့နယ်အတွင်း ဝင်ရောက်ပြီးနောက် ၁၀ ဦးသေဆုံးကာ ၈၂ ဦးကျော် ဖမ်းဆီးခံရပြီး လူလေးထောင်ကျော် စစ်ဘေးရှောင်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်ပျက်စီးစေမည့်လုပ်ရပ်များကို ရှောင်ရှားသင့်ကြောင်းလည်း တိုက်တွန်းထားသည်။ မလိုလားအပ်သည့် လူမျိုးရေးပဋိပက္ခမဖြစ်စေရန် လွှတ်တော်ကိုယ်စားလှယ်နှင့် ချင်းတိုင်းရင်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း ယင်းပါတီက တောင်းဆိုထားသည်။

ယင်းအပြင် ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) အပြင် အခြားသော ချင်းအရပ်ဘက်အဖွဲ့အစည်းအချို့ကလည်း လူမျိုး နှစ်ခုကြားဆက်ဆံရေးကို ထိခိုက်နိုင်သဖြင့် ပြန်လွှတ်ပေးရန် တောင်းဆိုထားကြသည်။

လက်ရှိအဖြစ်အပျက်များကြောင့် လူမျိးရေးပြဿနာဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဦးရဲမျိုးဟိန်းက ပြောဆိုသည်။ လက်ရှိတွင် ချင်းပြည်သူများက မကျေနပ် မှုများရှိသည်ကို တွေ့ရပြီး နီးကပ်သည့် ပြည်နယ်နှစ်ခုတွင် နေကြသည့် လူမျိုးများကြားသက်ရောက်မှုရှိလာမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။

“လူမျိုးပြဿနာဖြစ်လာတယ်ဆိုရင် တစ်နှစ်၊ ၂ နှစ်နဲ့ ဖြေရှင်းလို့ရတာမျိုး မဟုတ်ဘူး။ လူမှုဂေဟစနစ်ကြီးတစ်ခုပျက်သွားတယ်ဆိုရင် အဲဒါကို ပြန်တည်ဆောက်ရတာ အတော်လေးကြာပါတယ်။ ဒါမျိုးက မဖြစ်တာ အကောင်းဆုံးပဲလို့ မြင်ပါတယ်”ဟု ၎င်းက ဆိုသည်။

AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကမူ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးခြင်းမှာ လူမျိုးရေး၊ ဘာသာရေးတို့နှင့် ဆက်စပ်မှုမရှိကြောင်း ပြောဆိုပြီး လူမျိုးရေးပြဿနာ ဖြစ်လာနိုင်သည်ဆိုသည့်အပေါ် အောက်ပါအတိုင်းပြောဆိုသည်။

“ဒီဟာကတော့ ဝေဖန်သူက ဝေဖန်နေကြတာပေါ့။ ကျွန်တော်တို့ဘက်ကတော့ လူမျိုးရေး၊ ဘာသာရေးအခြေခံပြီးတော့ ဖမ်းတာ မဟုတ်ဘူး”

ဦးဝှေ့တင်းသည် ခူမီးချင်းမျိုးနွယ်စုလူငယ်များကို နောက်ကွယ်က သွေးထိုးကာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်အောင်၊ အစွန်းရောက်မှုများဖြစ်ပေါ်လာအောင် လုပ်နေသဖြင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ဦးခိုင်သုခက ပြောဆိုသည် ။ ယင်းအပြင် AA ၏လှုပ်ရှားမှုများကို လူငယ်များကို အသုံးပြုပြီးထောက်လှမ်းကာ မြန်မာ့တပ်မတော်ကို သတင်းပေးနေသဖြင့် ဖမ်းဆီးစစ်ဆေးခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ချင်းမို့လို့ ဖမ်းတာ မဟုတ်ပါဘူး။ သူလိုမျိုး အပြုအမှုမျိုးနဲ့ နောက်တစ်ယောက်က လုပ်လို့ရှိရင်လည်း၊ ဥပမာ သူ့နေရာမှာ ရခိုင်တစ်ယောက်ဆိုရင်လည်း သူ့ကို ဖမ်းမှာပဲ”ဟု ၎င်းက ပြောဆိုသည်။

အိန္ဒိယနိုင်ငံသားသေဆုံးမှုကြောင့် မြန်မာနိုင်ငံနှင့် AA  တို့အပေါ် မည်သို့သက်ရောက်မှုရှိမည်မှာ စောင့်ကြည့်ရမည့် အခြေအနေဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ပြန်လည်လွတ်မြောက်ရေးမှာလည်း မရေရာသည့် အခြေအနေသာဖြစ်နေသေးသည်။

အေအမ်တီ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *