“ဆိုရှယ်လစ်ဝါဒ ပြန်လာသင့်ပါတယ်”

Twitter

ဖရန်ဆစ်ဖူကူယားမား

သမိုင်းသည်ကား ‘သမိုင်းနိဂုံးချုပ်ပြီ’ ဟု ကြွေးကြော်ခဲ့သူ ဖူကူယားမားကို လက်စားချေနေပြီဖြစ်သည်။ ၁၉၉၂  ခုနှစ် စစ်အေးခေတ်လွန် လစ်ဘရယ် လန်းဆန်းတက်ကြွမှု အမြင့်ဆုံးအချိန်ကာလတွင် အမေရိကန်နိုင်ငံရေးသီဝရီပညာရှင် ဖူကူယားမားက ‘သမိုင်းနိဂုံးနှင့် နောက်ဆုံးလူ’ ဟူသော စာအုပ်ကို ရေးသားခဲ့လေသည်။ ယင်းစာအုပ်တွင် ]’မိမိတို့ သိမြင်တွေ့ကြုံလာဖွယ်ရှိသည်မှာ အနောက်တိုင်းပုံစံ လစ်ဘရယ်ဒီမိုကရေစီသည် လူသားများ၏ အိုင်ဒီယော်လိုဂျီဆင့်ကဲ့ဖြစ်စဉ် နောက်ဆုံးအဆင့်လည်း ဖြစ်သလို၊ လူ့အစိုးရစနစ်များ၏ နောက်ဆုံးအဆင့်ပုံစံအဖြစ် တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားခြင်းပင် ဖြစ်သည်”ဟု ရေးသားထားလေသည်။

နောင်နှစ်ပေါင်း ၃၆ နှစ်ခန့်ကြာသောအခါတွင်မူ အမေရိကမှ ရုရှား၊ တူရကီမှ ပိုလန်၊ ဟန်ဂေရီမှ အီတလီနိုင်ငံတို့အထိ လစ်ဘရယ်မဟုတ်သော အီလစ်ဘရယ်နိုင်ငံတကာသည်သာ တိုးတက်ဖြစ်ထွန်းလာပါတော့သည်။ ဖူကူယားမား၏  ‘Identity: The Demand for Dignity and the Politics of Resentment’ ‘အမှတ်အသားသရုပ် – ဂုဏ်သိက္ခာအတွက် တောင်းဆိုချက်နှင့် မကျေနပ်မှု၏ နိုင်ငံရေး’ဟူသော သူ၏ ကိုးအုပ်မြောက်စာအုပ်သစ်တွင် အထက်ပါအီလစ်ဘရယ်အင်အားစုများနှင့် ပတ်သက်၍ အဖြေရှာရန် ကြိုးပမ်းထားခြင်းဖြစ်သည်။ သို့သော် မိမိနှင့် အသက် ၆၅ နှစ်ရှိပြီဖြစ်သော စတန်းဖို့ဒ်တက္ကသိုလ်ပညာရှင် ဖူကူယားမားတို့ လန်ဒန်မြို့ရှိ မိမိတို့ရုံးခန်းတွင် တွေ့ဆုံကြရာ၌ သူ၏အတွေးအခေါ်နှင့် ပတ်သက်၍ အပြောင်းအလဲမရှိ ဆက်လက် လက်ခံယူဆထားသည်နှင့် ပတ်သက်၍ အလေးဂရုထား၍ ပြောကြားခဲ့သည်။

“ကျွန်တော်ပြောမယ့် အဲဒီအချိန်ကာလ ၁၉၉၂ ခုနှစ်တုန်းက မော်ဒန်ဒီမိုကရေစီနဲ့ ပတ်သက်ရင် ပြဿနာတစ်ခုရှိတာက သူက လူတွေရဲ့ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုကို ပေးပါတယ်။ ဒါပေမဲ့ လူတွေ လိုချင်တာက အဲဒါတွေထက်ပိုပါတယ်။ …. လစ်ဘရယ်ဒီမိုကရေစီမှာက ‘ကောင်းမွန်တဲ့ ဘ၀ဆိုတာ ဘာလဲ’ဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုဖို့ ကြိုးစားထားတာတောင် မရှိပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ရင် လူတစ်ဦးချင်းရဲ့ လက်ထဲကိုပဲ ၀ကွက်အပ်ထားတာပါ။ အဲဒီမှာ တမင်ရည်ရွယ်တာ မဟုတ်ပေမယ့် အဲဒီတစ်ဦးချင်းမှာလည်း သူတို့ကိုယ် သူတို့ ဖယ်ကျဉ်ခံထားရသူလို့ ခံစားနေရတဲ့သူတွေပါ ပါတယ်။ ဒါကြောင့်ပဲ ကိုယ်နဲ့ အမှတ်အသား သရုပ်တူတဲ့ လူအုပ်စုတွေနဲ့ ပူးပေါင်းခြင်းဟာ သူတို့ကို လူ့အဖွဲ့အစည်း၊ အသိုက်အမြုံဆိုတဲ့ စိတ်ခံစားမှုကို ရရှိစေတာ ဖြစ်ပါတယ်”ဟု ဖူကူးယားမားက ဖြေကြားခဲ့သည်။

သူ့အပေါ်ဝေဖန်နေသူများမှာ သူ၏ သမိုင်းနိဂုံးစာအုပ်ကို The End of  History နောက်ဆုံးပိုင်းဖြစ်သည့် ‘နောက်ဆုံးလူ’ The Last Man ဆိုသည့် အပိုင်းကို မဖတ်ကြဟု ဖူကူယားမားက ဆိုပါသည်။ ယင်းအပိုင်းတွင် ဒီမိုကရေစီကို ခြိမ်းခြောက်စိန်ခေါ်လာနိုင်သည့် အကြောင်းအရာများကို ရေးသားထားခြင်း ဖြစ်သည်။

ယိုရှီဟီရိုဖရန်ဆစ်ဖူကူယားမားကို ၁၉၅၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ချီကာဂိုတွင် အမေရိကန်နိုင်ငံသား ဂျပန် ဖခင်နှင့် ဂျပန် မိခင်တို့မှ မွေးဖွားခဲ့သည်။ ယခုအခါ သူ၏ဇနီးနှင့်အတူ ကယ်လီဖိုးနီးယားတွင် နေထိုင်လျက် ရှိသည်။ သူ၏ ဖခင်ဘက်မှ တော်သည့် အဘိုးမှာ ၁၉၀၅ ဂျပန်  – ရုရှားစစ်ပွဲအတွင်း အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းအခြေချခဲ့သူ ဖြစ်သည်။ ဖူကူယားမားသည် သူ၏ ဘိုးဘွားအစဉ်အဆက်ပိုင် ဘာသာစကားဖြစ်သည့် ဂျပန်ဘာသာစကားကို တစ်ခါမှ သင်ကြားဖူးခြင်းမရှိဘဲ သူ့ကိုယ်သူ အမေရိကန်တစ်ယောက်ဟုသာ ခပ်ရိုးရိုး ပြောကြားလေ့ရှိသည်။ “ကျွန်တော် အရွယ်ရောက် ကြီးပြင်းခဲ့တဲ့အချိန်ကာလတုန်းက တိုင်းရင်းသားဖြစ်ရတဲ့ ဖက်ရှင် ခေတ်မစားပါဘူး”ဟု ဖူကူယားမက ဆိုလေသည်။

ဖူကူယားမားသည် နိုင်ငံရေးဒဿနိကဘာသာရပ်ကို ကော်နယ်လ်တက္ကသိုလ်၌  ‘The Closing of the American Mind’ စာအုပ်ကို ရေးသားခဲ့သည့် ပညာရှင်အလန်ဘလွန်းထံမှ သင်ကြားခဲ့သူဖြစ်ပြီး အစပိုင်းတွင်း နီယိုကွန်ဆာဗေးတစ်လှုပ်ရှားမှုတွင် ပါဝင်သူအဖြစ် သတ်မှတ်ခံရသူဖြစ်သည်။ အမေရိကန်သမ္မတ ရေဂင်နှင့် ဂျော့ဘွတ်ရှ် (ဘွတ်ရှ်အကြီး) တို့၏ လက်ထက်၌ အစိုးရတာဝန်ရှိသူအဖြစ် အလုပ်လုပ်ကိုင်ခဲ့ရာတွင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌနှင့် အမေရိကန်လက်ထောက်ကာကွယ်ရေးဝန်ကြီး ဖြစ်လာသူ ပေါ်လ်ဝူဖိုဝစ်မှာ သူ၏ ဆရာ ဖြစ်သည်။ ၂၀၀၃ ခုနှစ်နှောင်းပိုင်းကာလတွင်မူ ဖူကူးယားမားသည် အမေရိကက အီရတ်ကို ဝင်ရောက်တိုက်ခိုက်သည့် စစ်ပွဲကို ယခင်ထောက်ခဲ့ရာမှာ မထောက်ခံတော့ကြောင်း ပြောကြားခဲ့သည်။ လက်ရှိ သူ့၏အမြင်အရ ယင်း အီရတ်စစ်ပွဲမှာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများလျှော့ချလိုက်ခြင်း၊ ဥရောပ၏ စွမ်းဆောင်ရည်ညံ့ဖျင်းမှုများ ဖြစ်ပွားလာခြင်းကဲ့သို့ပင် သိသာထင်ရှားသည့် အမှားဖြစ်ကြောင်း ရှုမြင်ထားသည်။ “ဒီဟာတွေ အကုန်လုံးက အတော့်ကို ဆိုးဆိုးဝါးဝါးဖြစ်သွားစေခဲ့တဲ့ အီလစ်တွေ မောင်းနှင်တဲ့ မူဝါဒပါ။ သာမန်လူတွေ စိတ်ပျက်လက်ပျက်ဖြစ်စေလောက်တဲ့ အကြောင်းအချက်တွ ရှိပါတယ်။”

သမိုင်းနိဂုံးအယူအဆမှာ ကွန်မြူနစ်စနစ်သည် လူ့အိုင်ဒီယိုလော်ဂျီ၏ နောက်ဆုံးအဆင့်အဖြစ် မှတ်ယူထားသည့် မာ့စ်ဝါဒီများကို ဝေဖန်တိုက်ခိုက်ထားခြင်းဖြစ်သည်။ မိမိက အမေရိကနှင့် ဗြိတိန်နိုင်ငံတို့တွင် ဆိုရှယ်လစ်လက်ဝဲများပြန်လည်ပေါ်ထွက်လာခြင်းကို မည်ကဲ့သို့မြင်ပါသနည်းဟု မေးမြန်းရာတွင် ဖူကူယားမား က “ဆိုရှယ်လစ်ဝါဒဆိုတာကို ဘယ်လိုအဓိပ္ပာယ်သတ်မှတ်မလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ အများပြည်သူနဲ့ ဆိုင်တဲ့ ကုန်စည်တွေကလွဲ၍ ကုန်ထုတ်လုပ်ရေးနည်းလမ်းတွေကို ပိုင်ဆိုင်ရေးဆိုတဲ့ အယူ အဆကတော့ အလုပ်ဖြစ်မယ် မထင်ပါဘူး။ ယခင်အချိန်ကတည်းက ဖြစ်ပွားနေတဲ့ အကြီးအကျယ်မညီမျှဖြစ်နေတဲ့ ဝင်ငွေနဲ့ ဥစ္စာဓနပြန်လည်ခွဲဝေရေး အစီအစဉ်ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ဆိုရင်တော့ ဆိုရှယ်လစ်တွေ ပြန်လာနိုင်ရုံမကပါဘူး။ ပြန်ကိုလာသင့်ပါတယ်။ ရေဂင်နဲ မာဂရက်သက်ချာတို့ကစပြီး တော်တော်ကြာတဲ့ အချိန်ကာလတစ်ခုမှာ အစိုးရထိန်းကျောင်းမှုမရှိတဲ့ ဈေးကွက်က အကျိုးရှိတယ်ဆိုတဲ့ အယူအဆတချို့ အမြစ်တွယ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ပုံစံအမျိုးအမျိုးရှိတဲ့ အလွန်ဆိုးဝါးတဲ့ အကျိုးဆက်တွေ ကြုံတွေ့ခဲ့ရပါတယ်။ လူမှုရေးတန်းတူညီမျှမှုအရဆိုရင် အဲဒီအယူအဆကြောင့် အလုပ်သမားသမဂ္ဂတွေကို အားနည်းသွားစေပါတယ်။ သာမာန်လူတွေရဲ့ တောင်းဆိုညှိနှိုင်းနိုင်တဲ့ ပါဝါကို အားပျော့သွားစေပါတယ်။ နေရာတကာတိုင်း နီးပါးမှာ လူနည်းစုကပဲ အာဏာကို ချုပ်ကိုင်ထားတဲ့ လူတန်းစား ပေါက်ဖွားလာခဲ့ပါတယ်။ အဲဒီနောက်မှာ နိုင်ငံရေးအာဏာကို မလျော်မကန်သုံးတာတွေ ဖြစ်စေခဲ့ပါတယ်။ ဘဏ္ဍာရေးကဏ္ဍကို ကြည့်မယ်ဆိုရင်လည်း ကြုံတွေခဲ့ရတဲ့ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကနေ သင်ခန်းစာထုတ်ယူရမယ်ဆိုရင် ဒီကဏ္ဍကို အစိုးရက ထိန်းကျောင်းမှုတွေ လုပ်ကို လုပ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုရင် သူ့ကြောင့် အခြားလူတွေအားလုံးကို ထိခိုက်မှုရှိစေနိုင်လို့ပါ။ ဒီ အိုင်ဒီယိုလော်ဂျီအယူအဆက ဥရောပဇုန်မှာလည်း နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်လာခဲ့ပါတယ်။ တောင်ဥရောပ နိုင်ငံတွေကို ဂျာမနီက ကျင့်သုံးစေတဲ့ အစိုးရအသုံးစရိတ်လျှော့ချရေးမူဝါဒဟာ အလွန်ဆိုးဆိုးဝါးဝါးထိခိုက်စေပါတယ်” ဟုပြောကြားခဲ့သည်။

ဖူကူးယားမား နောက်ထပ်ဖြည့်ပြောသည့်စကားများမှာမူ မိမိကို အံ့အားသင့်စေခဲ့ပါသည်။ ယင်းမှာ “ဒီအဆင့်မှာ ကားလ်မာ့စ်ပြောခဲ့တဲ့ စကားတချို့က မှန်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက အလွန်အကျွံ ကုန်ထုတ်လုပ်ခြင်းရဲ့ အကျပ်အတည်းကို ပြောသွားပါတယ် … အလုပ်သမားတွေ ဆင်းရဲသွားပြီးတော့ ဈေးကွက်မှာ လုံလောက်တဲ့ ဝယ်လိုအား မရှိတဲ့ အခြေအနေမျိုးပါ”ဟု သူက ဆိုသည်။

သို့သော် လစ်ဘရယ်ဒီမိုကရေစီကို စနစ်တကျ ယှဉ်ပြိုင်လာမည့် ပြိုင်ဘက်အဖြစ် ဖြစ်နိုင်ခြေရှိသည့် အရာမှာ ဆိုရှယ်လစ်ဝါဒမဟုတ်ဘဲ တရုတ်၏ အစိုးရက မောင်းနှင်သော အရင်းရှင်ပုံစံ ဖြစ်သည်။

နောက်ဆုံးအနေနှင့်ဖူကူးယားမားက လစ်ဘရယ်ဝါဒီများကို သတိပေးပြောစကားမှာ လစ်ဘရယ်မကျသော အီလစ်ဘရယ်ဒီမိုကရေစီကိုသမိုင်းနိဂုံးသစ်အဖြစ် မယူဆကြရန်နှင့် အလွန်အကျွံတုံ့ပြန်ခြင်းမပြုရန် ပြောကြားခဲ့သည်။ “လူတွေ နည်းနည်းတော့ စိတ်အေးအေးထားသင့်တယ်လို့ ထင်ပါတယ်”ဟုဖူကူးယားမက ဆိုလေသည်။

Francis Fukuyama interview: “Socialism ought to come back” ဆောင်းပါးကို ထုတ်နုတ် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

ဉာဏကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *