၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု ၊ သင်ခန်းစာ (၁၀) အကြမ်းဖက်ဝါဒ (Terrorism) အပိုင်း – ၃

ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် 21 Lessons for the 21st Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။

အကြောက်မလွန်ကြပါနဲ့

အကြမ်းဖက်ဝါဒီတွေ နျူကလီးယားရသွားတဲ့အခါ

ရှေ့တွင်ဖော်ပြခဲ့သည့် အကြမ်းဖက်ဝါဒအကြောင်း သုံးသပ်ချက်မှာ လွန်ခဲ့သည့် ရာစုနှစ်နှစ်ခုအတွင်းက ကျွန်ုပ်တို့ သိထားသောအခြေအနေများနှင့် လက်ရှိနယူးယောက်၊ လန်ဒန်၊ ပါရီနှင့် တဲလဗီမြို့ကြီးများ၏ လမ်းမများမှာ ဖြစ်နေသည့် အဖြစ်အပျက်များနှင့် စပ်လျဉ်းပါသည်။ အကြမ်းဖက်သမားများက အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်သည့် လက်နက်များ (weapons of mass destruction) ရရှိသွားလျှင်မူကား အကြမ်းဖက်ဝါဒ၏ သဘောသဘာဝလည်း အကြီးအကျယ်‌ပြောင်းလဲသွားမည်၊ ဒါတွင် မကသေးဘဲ နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံရေး၏ သဘောသဘာဝပါ ပြောင်းလဲသွားတော့မည် ဖြစ်သည်။ အယူအစွဲကြီးသည့်၊ ရူးသွပ်နေသည့် လက်တဆုပ်စာ မိုက်ရူးရဲတွေကို ကိုယ်စားပြုသည့် အဖွဲ့အစည်းသေးသေးလေးများက မြို့ကြီးများကို ဖျက်ဆီးနိုင်ပြီး လူသန်းနှင့် ချီပြီး သတ်ဖြတ်လာနိုင်ပါက နိုင်ငံရေးအကြမ်းဖက်မှုများမှ ကင်းဝေးသည့် အများဆိုင်ရာရပ်ဝန်း (Public Sphere) ရှိတော့မည် မဟုတ်ချေ။

ယနေ့ခေတ် အကြမ်းဖက်ဝါဒမှာအများအားဖြင့် ထိုးဇာတ်သာသာထိတ်လန့်အောင် လုပ်ရုံဖြစ်သော်လည်း အနာဂတ်တွင် နျူကလီးယားအကြမ်းဖက်မှု (Nuclear terrorism)၊ ဆိုင်ဘာအကြမ်းဖက်မှု (cyberterrorism)၊ သို့မဟုတ် ဇီဝလက်နက်အကြမ်းဖက်မှု (Bioterrorism) မျိုးဖြစ်လာပါက အလွန်ကြောက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုမျိုး ဖြစ်မည် ဖြစ်သည်။ အစိုးရများအနေနှင့်လည်းပိုပြီး ပြင်းထန်ကြီးလေးသော တုံ့ပြန်မှုမျိုးဆောင်ရွက်ရမည် ဖြစ်သည်။ ယင်းအကြောင်းကြောင့်ပင် ကျွန်ုပ်တို့အနေနှင့် လောလောဆယ်အချိန်အထိ ကြုံတွေ့ရသောအကြမ်းဖက်မှုမျိုးနှင့် အနာဂတ်တွင် ကြုံကောင်းကြုံရနိုင်သည့် စိတ်ကူးဖြင့် မှန်းဆသောအကြမ်းဖက်မှုမျိုးအကြားဂရုတစိုက် ခွဲခြားနားလည်ရန် လိုအပ်ခြင်း ဖြစ်ပါသည်။ အနာဂတ်တွင် အကြမ်းဖက်သမားများ နူကလီးယားဗုံးရသွားပြီးနယူးယောက်၊ လန်ဒန် မြို့ကြီးများကို ဖျက်ဆီးမှာကို တွေးကြောက်ကာ အော်တိုရိုင်ဖယ်လေးတလက် သို့မဟုတ် ထရပ်ကားလေးဖြင့် ဖြတ်သွားဖြတ်လာ လူတဒါဇင်ကို ပစ်သတ်သည့် အကြမ်းဖက်သမားများကို စိုးရိမ်တကြီး အင်အားအလွန်အကျွံဖြင့် တုံ့ပြန်ခြင်းမှာ ဆီလျော်မည် မဟုတ်ပါ။  နိုင်ငံများအနေဖြင့် ကိုယ်နှင့် သဘောချင်း မတူသည့် အတိုက်အခံအုပ်စုအားလုံးကို ဒီအတိုက်အခံတွေဟာ တနေ့နေ့ တချိန်ချိန် နျူကလီးယားလက်နက်ရဖို့ ကြိုးစားမှာပဲ၊ သို့မဟုတ် အလိုအလျောက် မောင်းနှင်သည့် ကားများကို ဟတ်ကာလူသတ်စက်ရုပ်များအနေဖြင့် သုံးဖို့ ကြိုးစားမှာပဲဆိုတာမျိုး စဉ်းစားပြီး စတင်နှိပ်ကွပ်ခြင်းမျိုး မလုပ်မိအောင် ပိုလို့ပင် သတိထားသင့်ပါသည်။

ထို့အတူပင် အစိုးရများအနေနှင့် အစွန်းရောက် အုပ်စုများကို စောင့်ကြည့်ကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်နိုင်သည့် လက်နက်များ မရရှိသွားအောင် ကြိုတင်ကာကွယ်ရမည်မှန်ပါ၏။ သို့သော် နျုကလီးယားလက်နက်ဖြင့် အကြမ်းဖက်မည်ကို စိုးရိမ်ခြင်းကို အခြားသောအရေးကြီးသည့်  အန္တရာယ်များ ရှိသေးသည်ဆိုသည့် အချက်နှင့် ယှဉ်ထိုးချိန်ဆဖို့ လိုပါသည်။ လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုအတွင်း အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲ (War on Terror) ဆင်နွှဲဖို့ ဒေါ်လာထရီလီယံနှင့်ချီ သုံးပြီး နိုင်ငံရေး သြဇာ (Political capital) ကိုလည်း များစွာ ဖြုန်းတီးခဲ့ပါသည်။ အကြမ်းဖက်သမားများကို လိုက်လံချေမှုန်းခြင်းဖြင့် ၄င်းတို့မှာ နျူကလီးယားလက်နက်ရဖို့ မစဉ်းစားနိုင်ဘဲ သူတို့ရှင်သန်ရေးအတွက် လုံးပမ်းနေရသည့် အဖြစ်ရောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဂျော့ခ်ျဒဗလူဘုရှ်၊ တိုနီဘလဲနှင့် ဘားရက်အိုဘားမားအစိုးရများက ငြင်းချက်ထုတ်နိုင်ပါသည်။ မှန်သင့်သလောက်လည်း မှန်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာကြီးမှာ နျူကလီးယား ၊ ၉/၁၁ မဖြစ်အောင် ကာကွယ်နိုင်ကောင်း ကာကွယ်နိုင်ခဲ့ပါလိမ့်မည်။ သို့သော် ယင်းမှာ (‘ငါတို့သာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးစစ်ပွဲ မဆင်နွှဲခဲ့ရင် အယ်လ်ကိုင်ဒါ နျူကလီးယားလက်နက် ရသွားနိုင်တယ်’) ဆိုပြီး ဖြစ်ရပ်နှင့်ဆန့်ကျင်ပြီးစဉ်းစားသည့် စဉ်းစားချက်မျိုး (Counterfactual claim) ဖြစ်ပါသည်။ သို့ဖြစ်ရာ ယင်းငြင်းချက် မှန်မမှန် ဆန်းစစ်ရခက်ပါသည်။

သို့သော် ကျွန်ုပ်တို့ သေချာပေါက်ပြောနိုင်သည်ကတော့ အမေရိကန်နှင့် မဟာမိတ်များ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ဆင်နွှဲသည့်အတွက် ကမ္ဘာတစ်လွှားများစွာထိခိုက်ပျက်စီးခဲ့ရုံမက စီးပွားရေးပညာရှင်များဆိုလေ့ရှိသည့် ‘အခွင့်အလမ်းတန်ဖိုး’ (Opportunity Costs) ပေးဆပ်ခဲ့ရပါသည်။ (ဆိုလိုသည်မှာ) အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် သုံးစွဲရသည့် ငွေကြေး၊ အချိန်နှင့် နိုင်ငံရေး သြဇာများကို ကမ္ဘာကြီးပူနွေးလာမှု၊ အေအိုင်ဒီအက်စ်နှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ ဆာဟာရ သဲကန္တာရအောက်ပိုင်း အာဖရိကနိုင်ငံများ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးဆောင်ရွက်ဖို့၊ တရုတ်နှင့် ရုရှားနိုင်ငံတို့နှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ဖို့ လုပ်ငန်းများအတွက် သုံးစွဲခြင်း မလုပ်နိုင်ခဲ့ပါ။ နယူးယောက်မြို့နှင့် လန်ဒန်မြို့ကြီးများမှာအဆုံးတွင် အတ္တလန္တိတ် သမုဒ္ဒရာအောက် နစ်မြုပ်သွားလျှင်၊ သို့မဟုတ် ရုရှားနှင့် တင်းမာမှုများကနေ စစ်ဖြစ်သည့် အခြေအနေရောက်သွားလျှင် လူအများက ဘုရှ်၊ ဘလဲနှင့် အိုဘားမားတို့ကို တစ်လွဲမျက်နှာစာတွင် အာရုံစိုက်ခဲ့သည်ဆိုပြီး စွပ်စွဲမည် ဖြစ်ပါသည်။

အမှန်မှာ အချိန်နှင့်တစ်ပြေးညီ ဘယ်ကိစ္စကို ဦးစားပေးဆောင်ရွက်မလဲဆိုတာကို အစီအစဉ် ချမှတ်ရတာ မလွယ်ကူပါ၊ ခက်ခဲပါသည်။ နောင်ကျမှ ဘယ်ကိစ္စလေး အရင်လုပ်ခဲ့ရင် ကောင်းမှာဆိုပြီး ပြောရတာက သိပ်လွယ်ပါသည်။ ကျွန်ုပ်တို့ အနေနှင့် ကပ်ဘေးများ ဖြစ်ပြီးသွားကာမှ ခေါင်းဆောင်များကို မကာကွယ်နိုင်ရကောင်းလားဟု စွပ်စွဲအပြစ်တင်လေ့ရှိပါသည်။ သို့ရာတွင် ပေါ်ပေါက်မလာခဲ့သည့် ကပ်ဘေးများကိုမူ မသိလိုက်မသိဘာသာပင် ပျော်ပျော်ကြီးမေ့ထားလေ့ ရှိပါသည်။ သို့ဖြစ်ရာ လူအများက သမ္မတကလင်တန်လက်ထက် ၁၉၉၀ ပြည့်နှစ်များကို ပြန်ကြည့်ပြီး အယ်လ်ကိုင်ဒါ အန္တရာယ်ကို လျစ်လျူရှုထားခဲ့သည်ဆိုပြီး စွပ်စွဲလေ့ရှိပါသည်။ သို့သော် ၁၉၉၀ ပြည့်နှစ်များတစ်ဝိုက်တုန်းကမူ အစ္စလာမ်မစ် အကြမ်းဖက်သမားတွေ လေယာဉ်ကို ပြန်ပေးဆွဲပြီး နယူးယောက် မိုးမျှော်တိုက်ကြီးများကို ဝင်တိုက်လိုက်မည်၊ ဒီကစပြီး ကမ္ဘာလုံးဆိုင်ရာပဋိပက္ခဖြစ်လာအောင် မီးမွှေးနိုင်လိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့ပါ။ စင်စစ် လူအများ စိုးရွံ့သည့် ကိစ္စမှာ ရုရှားနိုင်ငံလုံးလုံး ပြိုလဲသွားပြီး နယ်မြေများဆုံးရှုံးရုံမက ထောင်နှင့်ချီသော နျူကလီးယားဗုံးများနှင့် ဇီဝဗုံးများကို မထိန်းချုပ်နိုင်တော့သည့် အဖြစ်မျိုးရောက်မှာကိုသာ ဖြစ်ပါသည်။ ထို့အပြင် ယခင် ယူဂိုဆလားဗီးယားနိုင်ငံတွင် ဖြစ်နေသည့် သွေးထွက်သံယိုစစ်ပွဲများအရှေ့ ဥရောပကို ပျံ့နှံ့လာပြီး ဟန်ဂေရီနှင့် ရိုမေးနီးယား၊ ဘူလ်ဂေးရီးယားနှင့် တူရကီ၊ ပိုလန်နှင့် ယူကရိန်းအချင်းချင်းအကြား ရန်စစ်မီးများပေါ်ပေါက်လာမည်ကို စိုးရိမ်ခဲ့ကြပါသည်။

လူအများမှာ ဂျာမနီ ပြန်လည်ပေါင်းစည်းခြင်းကို ပို၍ပင် စိတ်မသက်မသာ ဖြစ်ခဲ့ပါသေးသည်။ တတိယဂျာမန်အင်ပါယာ ပြိုလဲသွားသည်မှာ လေးဆယ့်ငါးနှစ်လောက်သာ ရှိသေးရာ လူအများမှာ ဂျာမန်ပါဝါကို အူလှိုက်သည်းလှိုက် ကြောက်ရွံ့နေဆဲ ဖြစ်ပါသည်။ ဆိုဗီယက် အန္တရာယ်ကို မမှုရတော့သည့်နောက် ဂျာမနီက ဥရောပတိုက်ကို လွှမ်းမိုးသည့် ဆူပါပါဝါ ဖြစ်မျးလာလေမလားဆိုပြီး တွေးပူခဲ့ကြပါသည်။ တရုတ်ကရော ဘယ်လိုဖြစ်သွားမလဲ။ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားတာကို ကြည့်ပြီး စိုးရိမ်ကာ တရုတ်နိုင်ငံအနေနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်မလုပ်တော့ဘဲ မာကျောသည့် မော်ဝါဒီမူဝါဒများ ပြန်ချကာ မြောက်ကိုးရီးယားနိုင်ငံအကြီးစား ဖြစ်လာမလားဆိုပြီး စိုးရိမ်ခဲ့ကြပါသည်။

ယနေ့ခေတ်တွင် ကျွန်ုပ်တို့အနေဖြင့် ယင်းစိုးရိမ်မှုများမှာ အမှန်တကယ် ဖြစ်မလာသည့် အတွက် ဟားတိုက် ရယ်မောနိုင်ပါသည်။ ရုရှားနိုင်ငံမှာ အခြေအနေများတည်ငြိမ်သွားပြီး အရှေ့ ဥရောပကို ငြိမ်းချမ်းစွာ ဥရောပသမဂ္ဂထဲ ပေါင်းထည့်နိုင်ခဲ့ပါသည်။ ပြန်လည်ပေါင်းစည်းသွားသည့် ဂျာမနီမှာ ယနေ့အခါတွင် လွတ်လပ်သော ကမ္ဘာ၏ ခေါင်းဆောင်အဖြစ် လေးစားအသိအမှတ်ပြုခြင်း ခံရပါသည်။ တရုတ်နိုင်ငံမှာ တစ်ကမ္ဘာလုံး၏ စီးပွားရေးအင်ဂျင် ဖြစ်လာပါသည်။ ယင်း အောင်မြင်မှုအားလုံးမှာ တစိတ်တပိုင်းအားဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ အပြုသဘောဆောင်သောမူဝါဒများကြောင့် ဖြစ်ပါသည်။ အမေရိကန်နှင့် ဥရောပအနေဖြင့် ၁၉၉၀ ပြည့်နှစ်များတွင် ယခင်ဆိုဗီယက်နိုင်ငံဟောင်းများနှင့် တရုတ်ပြည်ကို အာရုံမစိုက်ဘဲ အစ္စလာမ်မစ်အကြမ်းဖက်ဝါဒီများကို အာရုံစိုက်နေပါက ပိုမှန်သည့် လုပ်ရပ်ဟု ခေါ်လို့ရနိုင်ပါမည်လော။

ကျွန်ုပ်တို့အနေနှင့် ဖြစ်လာနိုင်သမျှ ကိစ္စအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ မဖြစ်နိုင်ပါ။ သို့ဖြစ်ရာ နျူကလီးယားအကြမ်းဖက်ဝါဒကို သေချာပေါက် ကာကွယ်ရမည် မှန်သော်လည်း ယင်းကို လူသားမျိုးနွယ်၏ နံပါတ်တစ် ဦးစားပေးကိစ္စအဖြစ် သတ်မှတ်ထား၍ မရနိုင်ပါ။ ထို့အပြင် နျူကလီးယားလက်နက်ဖြင့် အကြမ်းဖက်ခြင်း ဖြစ်ကောင်းဖြစ်လာနိုင်သည်ဆိုသည့် သီအိုရီစိတ်ကူးဖြင့် နိစ္စဓူဝသာမန်အကြမ်းဖက်မှုကို အလွန်အကျွံတုံ့ပြန်ခြင်းမှာလည်း ဆီလျော်သင့်တော်မည် မဟုတ်ပါ။ ယင်းအခြေအနေနှစ်ခုမှာ ဖြေရှင်းရမည့် နည်းလမ်းမတူညီသည့် ကွဲပြားသော ပြဿနာနှစ်ခု ဖြစ်ပါသည်။

ကျွန်ုပ်တို့ ကြိုးစားဆောင်ရွက်သည့်ကြားမှ အကြမ်းဖက်အုပ်စုများအစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်သည့် လက်နက်များရသွားသည်ဆိုပါက နိုင်ငံရေးနည်းအားဖြင့် မည်သို့တုံ့ပြန်မည်ကို မှန်းဆရခက်ပါသည်။ သို့သော် ယင်းတုံ့ပြန်မှုများမှာ ၂၁ ရာစု အစောပိုင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးစီမံချက်များနှင့် အလွန်ကွာခြားမည် ဖြစ်ပါသည်။ ၂၀၅၀ တွင် ကမ္ဘာကြီးမှာ နျူကလီးယားအကြမ်းဖက်သမားများနှင့် ဇီဝအကြမ်းဖက်သမားများဖြင့် ပြည့်နှက်နေပါက ယင်းဒဏ်ကို ခံရသည့် ၂၀၅၀က လူများမှာ ၂၀၁၈ ကမ္ဘာကို ပြန်ကြည့်ပြီး ပြန်တမ်းတမည် ဖြစ်ပါသည်။ ဒီလောက် လုံခြုံတဲ့ ဘဝမှာ နေရတဲ့သူတွေက ဘာလို့များ ဒီလောက်ကြောက်ကြပါလိမ့်ဆိုပြီး မယုံနိုင်စရာအဖြစ် တွေးကြမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့ လက်ရှိတွေးပူနေသည့် အန္တရာယ်မှာ အကြမ်းဖက်ဝါဒတင်မကပါ။ ပညာရှင် အတော်များများနှင့် သာမန်ပြည်သူများမှာ ရုပ်ရှင်ကားပြန်ကြည့်ရသလို လွန်ခဲ့သည့် ရာစုနှစ်တစ်ခုကလိုမျိုး တတိယကမ္ဘာစစ် မကြာခင် ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြပါသည်။ ၁၉၁၄ ခုနှစ်တုန်းကလိုပင် ၂၀၁၈ ခုနှစ်တွင်  အင်အားကြီးနိုင်ငံများအကြား တင်းမာမှုများမြင့်တက်လာမှုနှင့်အတူ ဘယ်လိုမှ ဖြေရှင်းလို့မရ ဖြစ်နေသည့် ကမ္ဘာ့ပြဿနာများက ကျွန်ုပ်တို့ကို နောက်ထပ်ကမ္ဘာစစ်ကြီးတစ်ခုဆီဆွဲခေါ်နေသည်ဟု ထင်ရပါသည်။ စစ်ကြီးဖြစ်မှာကို စိုးရိမ်နေမှုကရော အကြမ်းဖက်ဝါဒကို အလွန်အကျွံကြောက်ရွံ့သလိုမျိုး ဆီလျော်မှု ရှိပါ၏လော။

(ဆက်လက်ဖော်ပြပါမည်)

သီဟ၀င့်အောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *