ကွယ်လွန်သူ ခေါင်းဆောင်ကြီးများ၏ လိပ်ပြာသန့်စိတ်၊ ဝန်ခံရဲတဲ့သတ္တိနှင့် ရဲဘော်ရဲဘက် သံယောဇဉ်

ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ‘လိပ်ပြာသန့်စိတ်’

ကျောင်းသားခေါင်းဆောင် ကိုနုနှင့် ကြီးပွားရေးမဂ္ဂဇင်း အယ်ဒီတာ ကိုလှတို့မှာ မိတ်ဆွေရင်းချာတွေ ဖြစ်သည်။ ၁၉၃၆ သပိတ်ဖြစ်တော့ ရွှေတိဂုံရင်ပြင် ရာဟုဆောင်တွင် ကျောင်းသား/သူ ခေါင်းဆောင်တွေ တရားဟောကြသည်။ ကိုနုကို အကြောင်းခံပြီး ကိုလှတစ်ယောက် ညတိုင်းတရားပွဲလာသည်။ သည်တွင် စကားပြောကောင်းသော ကျောင်းသူ မအမာနှင့် ကိုလှတို့ တွေ့ကြတော့သည်။ နောက်တော့ ပါရမီဖြည့်ဘက် ဇနီးမောင်နှံဖြစ်သွားသည်။ ဤဇာတ်လမ်းတွင် ကိုနု တစ်ယောက် လူမသိ သူမသိ ‘မြားနတ်မောင်’ ဖြစ်ကောင်း ဖြစ်ခဲ့ပါလိမ့်မည်။

လွတ်လပ်ရေးရတော့ ကိုနုက ဝန်ကြီးချုပ် ဦးနုဖြစ်သွားသည်။ ဆံထုံးနောက် ယောင်ပါသွားသော ကိုလှက ကြီးပွားရေး ကိုလှမှ လူထု ဦးလှ ဖြစ်လာသည်။ ၁၉၅၀ တစ်ဝိုက်လောက်တွင် နာမည်ကျော် ပုဒ်မ ၅ ဖြင့် လူထုဦးလှ ထောင်ထဲရောက်သွားသည်။ ဤကိစ္စ၏ တရားခံနံပါတ် (၂) မှာ သူကိုယ်တိုင်ဟု ဝန်ကြီးချုပ် ဦးနုက ဝန်ခံသည်။ “ဒီအမှုဟာ ကျွန်တော်ကစတဲ့ အမှုမဟုတ်ဘူး။ လူတစ်စုက ကျွန်တော့်ဆီလာပြီး ဒီကိစ္စတိုင်ပင်ကြတဲ့အခါ ‘ကိုလှဟာ လူကောင်းပါ၊ ဒီလို မလုပ်ကြပါနဲ့ကွာ’ လို့ ကျွန်တော်တားမယ်ဆိုရင် တားနိုင်တယ်။ ဒါပေမဲ့ ကျွန်တော် တုံဏှိဘောလုပ်နေတယ်” စသဖြင့် ဝန်ကြီးချုပ်က နောက်ပိုင်းတွင် ရှင်းပြသည်။

ဦးလှ ထောင်မှလွတ်ပြီး မကြာခင်မှာပင် ဦးနု မန္တလေးရောက်သွားသည်။ ဦးလှက တွေ့ခွင့်တောင်းရာ ဦးနုက မျက်နှာပူပူဖြင့် လက်ခံလိုက်သည်။ ပုဒ်မ ၅ ကိစ္စ ပြောလိမ့်မည်ထင်ထားရာ ဦးနုဘက်မှ ပြန်လည်တောင်းပန်မည်ဟု စိတ်ကူးထားသည်။ သို့သော် ဦးလှက ဘာမှမပြော …။ “မမရီကော … နေကောင်းလား” စသဖြင့် မိသားစု အရေးသာမေးပြီး ပြန်သွားသည်။ နောက်တစ်ကြိမ် မန္တလေးရောက်ရင်တော့ တောင်းပန်ဖြစ်အောင် တောင်းပန်မည်ဟု စိတ်ထဲက ‘တေး’ ထားသည်။ တောင်းပန်စကားတွေကိုပင် စိတ်ထဲက ‘စီ’ ထားလိုက်သည်။ “ကိုလှရေ … ကိုလှဒုက္ခရောက်အောင် ကျွန်တော်လုပ်ခဲ့တဲ့အပြစ်ဟာ မသေးပါဘူး။ အင်မတန်ကြီးမားပါတယ်။ ကျွန်တော် ဝမ်းနည်းပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပါ” … စသဖြင့်

သည်လိုနှင့် နှစ်ပေါင်း ၃၀ ကျော် သွားသည်။ ဦးလှ မကွယ်လွန်မီ နှစ်လအလိုလောက်ရောက်တော့မှ ဝန်ကြီးချုပ်ဟောင်း ဦးနု မန္တလေးရောက်သွားသည်။ ထိုနေ့က ဦးနုအပြန် မန္တလေးဘူတာရုံမြင်ကွင်းကို ဦးနုကိုယ်တိုင်က ပြဇာတ်တစ်ပုဒ် ကြည့်နေရသလို ရေးပြခဲ့သည်။ ယခုလို ….

“ကျွန်တော်ပြန်မယ့်နေ့မှာ ကျွန်တော့်ကိုလိုက်ပို့ကြတဲ့ မိတ်ဆွေတွေကို နှုတ်ဆက်ရင်း မီးရထားဘူတာရုံရဲ့ ထောင့်တစ်ထောင့် ခပ်လှမ်းလှမ်းမှာ ကိုလှရပ်နေတာကို ဖျပ်ကနဲ ကျွန်တော်တွေ့လိုက်တယ်။ အဲဒီလိုတွေ့ရတာနဲ့ တစ်ပြိုင်နက် ဒီကနေ့တော့ ဘာပဲဖြစ်ဖြစ် ကိုလှရဲ့ကြွေးကို အတင်းဆပ်ရမယ်လို့ ဆုံးဖြတ်ပြီး ကိုလှဆီ ကျွန်တော် ခပ်သုတ်သုတ် လျှောက်သွားတယ်။ အနားရောက်တာနဲ့ တစ်ပြိုင်နက် အထက်နားက ဖော်ပြခဲ့တဲ့ စကားတွေကို တစ်လုံးပြီး တစ်လုံး အထစ်အငေါ့မရှိဘဲ ကိုလှရဲ့ကြွေးတွေကို ကျွန်တော် အတင်းပြန်ဆပ်တာပဲ။ ကိုလှလည်း စခါစကတော့ အံ့အားသင့်ပြီး ကျွန်တော့်ကို ကြည့်နေတယ်။ နောက်မှ သတိရပြီး “ကျွန်တော် သင်ပုန်းချေပြီးပါပြီ ကိုကြီးနု။ ဒါတွေကို ပြောမနေပါနဲ့ ကိုကြီးနု။ ကျွန်တော် ခွင့်လွှတ်ပါတယ်။ ကျွန်တော်သည်းခံပါတယ်။ မပြောပါနဲ့တော့ ကိုကြီးနု” အစရှိတဲ့ ပြတ်တောင်းပြတ်တောင်း ထွက်လာတဲ့စကားပြတ်ကလေးတွေကိုပြောရင်း နောက်ကို တဖြည်းဖြည်း ဆုတ်သွားတယ်။ ကျွန်တော်ကလည်း စကားမဖြတ်ဘူး။ ကျွန်တော် စိတ်ကူးထားတဲ့ စကားတွေကို အတင်းလိုက်ပြောတာပဲ။ ကိုလှဟာ တဖြည်းဖြည်း နောက်ဆုတ်ရင်း မီးရထားဘူတာရဲ့ လူပြတ်တဲ့ နေရာတစ်ခုက လူစည်ကားတဲ့နေရာတစ်ခုနားဆီ ရောက်သွား တယ်။ ကျွန်တော်ပြောနေတာ တစ်ဝက်လောက်ရောက်တော့ ကျွန်တော့်နောက်နားက လူတစ်ယောက်က “ကိုကြီးနု မီးရထားထွက်တော့မယ်။ မီးရထားပေါ် မြန်မြန်တက်ပါ” လို့ အော်ပြီး သတိပေးတာကိုကြားရတဲ့အခါ သူ့ကိုလှည့်မကြည့်ဘဲ စိတ်တိုတိုနဲ့ “ထွက်ထွက်” လို့ လက်ရမ်းပြလိုက်တယ်။ ကျွန်တော်လည်း ပြောချင်တဲ့စကားကို အားရပါးရပြောနေလိုက်တာ၊ ပြောချင်သမျှကို ပြောပြီးမှပဲ ရပ်နိုင်တော့တယ်။ ပြောပြီးတာနဲ့ တစ်ပြိုင်နက် ကိုလှကို လက်ဆွဲနှုတ်ဆက်၊ တခြားမိတ်ဆွေတွေကို လက်ပြပြီး ထွက်စပြုနေတဲ့ မီးရထားအပေါ် ပြေးတက်သွားပါတယ် …။”
(ပြည်ထောင်စုလမ်းသွယ်က ဆောင်းပါး-မှ)

သခင်စိုးကြီးရဲ့ ‘ဝန်ခံရဲတဲ့ သတ္တိ’

သခင်စိုးမှာ မြန်မာနိုင်ငံ မာက္ခ်ဝါဒစာပေ ပျံ့နှံ့ရေးတွင် အထူးကျေးဇူးပြုခဲ့သူတစ်ဦး ဖြစ်ပါသည်။ ဖဆပလအဖွဲ့ကြီး၏ ပထမဆုံးနိုင်ငံရေးခေါင်းဆောင်လည်း ဖြစ်သည်။ သို့တိုင် စစ်ကြီးပြီးခါစ ၁၉၄၆ ခုနှစ်တွင် ‘အချောင်သမားများနှင့် ကွဲအက်ရာမှ ခွဲထွက်ရမည်’ ဆိုသော ကြွေးကြော်သံဖြင့် သူကိုယ်တိုင် ဦးဆောင်စုစည်းခဲ့သော ဖဆပလကို သူကိုယ်တိုင် စတင်ဖြိုခွဲဖြစ်ခဲ့သည်။ ပထမဆုံး ဦးသိန်းဖေမြင့်၊ သခင်သန်းထွန်းတို့ ခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး အလံနီပါတီထောင်သည်။ နောက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလနှင့် လမ်းခွဲပြန်သည်။ သူ ယုံကြည်သော ‘သပိတ်စုံ သူပုန်ထ’ လမ်းစဉ်ဖြင့် တော်လှန်ရေးဆင်နွှဲရန် လွတ်လပ်ရေးမရမီကတည်းက ကြိုးပမ်းနေခဲ့သူဖြစ်သည်။ လွတ်လပ်ရေးရပြီးတော့ တောနှင့် တောင် …။

၁၉၇၀ ပြည့်လွန်နှစ်များလောက်က ဖြစ်မည်ထင်သည်။ သခင်စိုးကြီး နောက်ဆုံးအကြိမ်အဖြစ် ထောင်ထဲရောက်သွားသည်။ အကျဉ်းစံရက်များအတွင်း သူကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့သော မြန်မာ့ကွန်မြူနစ်တော်လှန်ရေးအပါအဝင် ကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှုကို ပြန်လည်ဝေဖန်ဆန်းစစ်သည့် စာတမ်းတစ်စောင် ပြုစုခဲ့သည်။ သူ့စာတမ်းက ယခုလို…၊

– “အရှင်းရှင်စနစ်ကို မဖြတ်ကျော်ဘဲ ထူထောင်ကြတဲ့ ဆိုရှယ်လစ်စနစ်ဟာ ပဒေသရာဇ်ဆိုရှယ်လစ်စနစ်သာ ဖြစ်လိမ့်မယ်။
– ဒီစနစ်ကို လက်တွေ့ထူထောင်ပြနိုင်ခဲ့လို့ ဗိုလ်နေဝင်းဟာ ငါတို့ရဲ့ ဒိဿာပါမောက္ခ ဆရာကြီးပဲ။
– ဆိုဗီယက်နဲ့ အရှေ့ဥရောပနိုင်ငံတွေမှာ ထူထောင်ခဲ့တာတွေဟာ ပဒေသရာဇ်ဆိုရှယ်လစ်စနစ် အမျိုးအစားသာ ဖြစ်တယ်။”

သခင်စိုးကြီး ထောင်မှလွတ်တော့ တစ်ခါက သူ တူးတူးခါးခါး ဆန့်ကျင်ခဲ့သူများကို အမှားဝန်ခံပြီး ပြန်လည်တောင်းပန်ဖို့ ကြိုးစားသည်။ သို့တစေ သူတို့တစ်တွေမှာ တော်တော်များများ မရှိကြတော့ပါ။ ဦးသိန်းဖေမြင့်၏ ဇနီး ဒေါ်ခင်ကြည်ကြည်ကို သွားရောက်တွေ့ဆုံ တောင်းပန်ရာတွင် သခင်စိုးကြီးနှင့်အတူ အဖော်အဖြစ် လိုက်ပါသွားသော (ဦး) ဝင်းမောင်သန်းက သူ၏ “ကျောင်းသား အရေးတော်ပုံ” (၁၉၅၃-၅၄) စာအုပ်အမှာစာ (‘အရင်းရှင် ပါလီမန်ဒီမိုကရေစီကို ဝန်ချတောင်းပန်လိုက်တဲ့ အမှာသစ်’) တွင် ထိုစဉ်က အဖြစ်ပျက်များကို ယခုလို ‘ဆွေးဆွေးမြေ့မြေ့’ ရေးပြသွားသည်။ ခါးသီး၊ နာကျည်း၊ နောင်ကြဉ်စရာ …။

“ကိုအောင်ဆန်း၊ ကိုသိန်းဖေ၊ ကိုသန်းထွန်းတို့က ရေဘုယျမှန်ခဲ့ကြပြီး ကျွန်တော်က ရေဘုယျမှားခဲ့ပါတယ်။ ကျွန်တော့်အမှားရဲ့ဒဏ်ကို သူတို့ အခံခဲ့ကြရဆုံးပါ။ ဒီသုံးယောက်ကို ကျွန်တော် တောင်းပန်ချင်ပါတယ်။ သူတို့ မရှိကြတော့လို့ ဇနီးတွေကို တောင်းပန်ဖို့ပါ။ ဒါ့ကြောင့် အခု ကိုယ်တိုင်လာပြီး ခေါ်ခင်ကြည်ကြည် ကို ကျွန်တော် တောင်းပန်တာပါ}} လို့ သ္ခင်စိုးက ဖြည်းဖြည်းချင်း ဝမ်းပန်းတနည်း ပြောပါတယ်။

ငြိမ်ကျသွားလိုက်တာ။ ဘာမှ မပြောနိုင်ကြ။ စစ်ကြီးအပြီး နိုင်ငံဖြစ်စဉ်ကြီးက သူတို့အပေါ် လွှမ်းမိုးဖိစီးနေပုံရ။ လှမ်းကြည့် လိုက်တော့ ဒေါ်ခင်ကြည်ကြည် မျက်ရည်စီးကျနေ။ သ္ခင်စိုး မျက်လုံးတွေမှာလည်း မျက်ရည်စို့နေ …။

ဒေါ်ခင်ကြည်ကြည်က ဣနြေ္ဒဆည်ပြီး ဖြည်းဖြည်းချင်း ပြန်ပြောပါတယ်။ “ဟုတ်လား ဆရာကြီး။ ကျွန်မဖြင့် ကြားရတာ မယုံနိုင်စရာပါ။ အခု သူသာရှိရင် ဘယ်လောက် ဝမ်းသာလိုက်မလဲ။ အချောင်သမားဆိုပြီး ဝိုင်းတိုက်ကြတာ၊ ကိုသိန်းဖေ တစ်သက်လုံး ခံသွားခဲ့ရပါတယ်။ မသေခင် ဆောင်းပါးရေးခွင့်တွေ ပိတ်ခံရ၊ ကျွန်မတို့ အနှိမ်ခံခဲ့ကြရလို့ သူ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ သေသွားရတာပါ …”
(ကျောင်းသားအရေးတော်ပုံ စာအုပ် – အမှာစာ – မှ)

ကျားကြီး ဘဆွေရဲ့ ရဲဘော် ရဲဘက် သံယောဇဉ်

ထောင့်သုံးရာပြည့် အရေးတော်ပုံအပြီးတွင် နောင် မြန်မာ့နိုင်ငံရေးကို ထုဆစ်ပုံသွင်းကြမည့် နိုင်ငံရေးပါတီနှစ်ရပ် ပေါ်ထွက်လာသည်။ ‘ဗမာပြည်ကွန်မြူနစ်ပါတီ’ နှင့် ‘ပြည်သူ့အရေးတော်ပုံပါတီ’ တို့ ဖြစ်ပါသည်။ ဤပါတီနှစ်ခုလုံးမှာ မာက္ခ်ဝါဒကို သူ့အတိုင်းအတာနှင့်သူ ယုံကြည်သူများဖြစ်ကြသလို တချို့ခေါင်းဆောင်များဆိုလျှင် နှစ်ပါတီလုံး ‘ခွ’ ပါနေသူများပင် ရှိသည်။ ဥပမာ – သခင်အောင်ဆန်း၊ သခင်ဗဟိန်း။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လုဖြစ်ခင်ကာလတွင် ကွန်မြူနစ် သခင်ဗဟိန်းမှာ ပြည်သူ့အရေးတော်ပုံခေါင်းဆောင်များနှင့် ပူးတွဲလှုပ်ရှားနေရသည်။ ထိုစဉ်က သခင်တင်မြမှာ ကိုဗဟိန်း၏ ရဲဘော်။ ကျားကြီးဘဆွေကား ပြည်သူ့အရေးတော်ပုံပါတီ၏ ခေါင်းဆောင် တစ်ယောက်။

အချိန်ကား ၁၉၄၇ နှစ်ဦးပိုင်းလောက် ဖြစ်လိမ့်မည်။ ဖဆပလအဖွဲ့ကြီးမှာ ဘုရင်ခံအမှုဆောင်ကောင်စီတွင် ဝင်ရောက်အလုပ်လုပ်နေချိန်။ တစ်နည်းဆိုရလျှင် အစိုးရတစ်ပိုင်း။ အလံနီပါတီကား ဒုတိယအကြိမ် မတရားသင်း၊ ကြေညာခံထားရချိန်။ ‘သပိတ်စုံ သူပုန်ထ’ လမ်းစဉ်အတွက် ‘မြို့ခို’ နေချိန်ဖြစ်သည်။ ဆိုရလျှင် အစိုးရဆန့်ကျင်ရေးသမား သူပုန် …။ ဖြစ်ချင်တော့ နာမည်ကြီးစာရေးဆရာ ဟဲမင်းဝေကြီး၏ ဝတ္ထု ‘ခေါင်းလောင်းထိုးသံ၊ ဘယ်သူထံ’ (For Whom the Bell Toll) ကို ရုပ်ရှင်ရိုက်ထားသောဇာတ်ကား ပလေဒီယံရုံတွင် ပြနေသည်။ အလံနီဗဟိုကော်မတီ သခင်တင်မြမှာ ရုပ်ရှင်ဝါသနာအိုး …။ ဟဲမင်းဝေးကြီးလည်း ကြိုက်သည်၊ ရုပ်ရှင်လည်း ကြိုက်သည်။ ဘယ်လိုမှ မကြည့်ဘဲ မနေနိုင်။ သို့တိုင် ပုန်းရှောင်နေရသော ဘ၀မို့ လူမသိအောင် ည ၉ နာရီခွဲပွဲ သွားကြည့်ရသည်။

ဤအကြောင်းကို သခင်တင်မြဇနီး ဒေါ်ဖြူဖြူအနေနှင့် ရေးသော ‘ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ’ တွင် ယခုလို ‘ပျော်ပျော်ပါးပါး’၊ (တစ်ပြိုင်နက်တည်းမှာပင်) ‘လွမ်းလွမ်းဆွေးဆွေး’ ရေးပြထားသည်။

“မောင် – ပလေဒီယံ ရုပ်ရှင်ရုံအဝင်မှာ ဖဆပလက ဘဆွေကြီးနဲ့ ပက်ပင်းတိုးတော့တယ်။ သူ့ဘေးက လူတစ်ယောက်လဲ ပါသေးတယ်”

မောင်က မမြင်ချင်ယောင်ဆောင်ပေမယ့် မရဘူး။ ကိုဘဆွေကြီးက မောင့်လက်ကိုဆွဲပြီး “ဟေ့ – ဖိုးတင်မြ၊ ရုပ်ရှင်လာကြည့်တာလား” တဲ့။ “ကိုယ်တို့ တွေ့ရအောင်” တဲ့။

မောင်က “မဟုတ်ပါဘူးဗျာ။ နောက်မှတွေ့မယ်။ သွားဦးမယ်” လို့ ဖြတ်ပြောပြီး ရုပ်ရှင်ရုံက ပြန်ထွက်လာခဲ့တာ။ မောင် အိနြေ္ဒမရပြန်ထွက်လာတာကို ကိုဘဆွေက ဘာမှမပြောပဲ ငေးကြည့်ကျန်ရစ်ခဲ့တယ် …”
(“ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ” – မှ)

* * *

လိပ်ပြာသန့်စိတ် ဝန်ခံရဲတဲ့သတ္တိနှင့် ရဲဘော်ရဲဘက်သံယောဇဉ် တို့မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ်အခြေခံစိတ်ဓာတ်များ ဖြစ်မည်ထင်ပါသည်။ ဤစိတ်ဓာတ်မျိုးတွေ ကိုယ်စီရှိခဲ့ကြသော ခေါင်းဆောင်ကြီးများ ရှိပါလျက်နှင့် ပြည်တွင်း စစ်ကြီးမှာ လူသက်တမ်းတစ်ခုမက တာရှည်ခဲ့ရသည် …။ ယခုခေတ်တွင် ကော …။

 

ကျော်ဝင်း
၎ နိုင်ဘာ၊ ၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *