မနက် ၅ နာရီ ထမလား

နိုင်ငံပေါင်း ၉၆ နိုင်ငံမှာ သူ့စာအုပ်တွေ အုပ်ရေ ၁၅ သန်းလောက် ရောင်းထားရတဲ့ ကမ္ဘာကျော်စာရေးသူ Robin Sharma လို အောင်မြင်ချင်သလား။ Sharma ဟာ ‘The monk who sold his Ferrari’ ဆိုတဲ့ စာအုပ်နဲ့ နာမည်ကြီးလာသူ ဖြစ်တယ်။

တစ်နှစ်ကို ဒေါ်လာတစ်သိန်းကြေးနဲ့ သူလေ့ကျင့်ပေးနေတဲ့ VIP တွေလို ကိုယ်ရည်ကိုယ်သွေးတွေ တက်လာချင်လား။ Sharma ကိုယ်တိုင်ကျင့်သုံးသလို သူလေ့ကျင့်ပေးနေတဲ့ အရာရှိကြီးတွေကိုပါ ကျင့်သုံးစေတဲ့နည်းအတိုင်း လိုက်ကျင့်ရုံပါပဲ။ ဒေါ်လာတစ်သိန်းလည်း မကုန်ပါဘူး။

မနက် ၅ နာရီထရုံပါ

လူသားကောင်းကျိုးတွေ အများကြီးပြုနိုင်ခဲ့သူတွေ၊ အလုပ်တွေအများကြီးလုပ်နိုင်သူတွေဟာ မနက်အစောကြီးထကြတယ်။ ဥပမာ – ဂန္ထဝင်ဂီတပညာရှင် Mozart လို၊ စာရေးဆရာကြီး Hemmingway လိုလူတွေ။ ဘယ်သူမှ မနိုးသေးတဲ့အချိန်မှာ ထလိုက်တဲ့အတွက် လုပ်စရာအချိန်တွေ ပိုရသွားတယ်။ ဒါပေမဲ့ မနက်စောစောထပြီး Facebook ပွတ်၊ Email တွေဖွင့်ရင် ကိုယ့်ပြိုင်ဘက်တွေ၊ တခြားသူတွေထက် ရှေ့ရောက်မလား၊ ဘ၀က စောပြီးတိုးတက်မလား။ ဘယ်လိုလုပ် ရှေ့ရောက်ပါ့မလဲ။

ဒါ့ကြောင့် မနက်စောစောထပြီး ဘာတွေလုပ်ရမလဲကို အသေးစိတ် ဒီစာအုပ်မှာ Sharma က ရေးထားတယ်။ ဒေါ်လာဘီလီယံနဲ့ချီ ချမ်းသာတဲ့သူဌေးကြီးတွေ၊ နာမည်ကျော်အားကစားသမားတွေကို ဒီနည်းတွေနဲ့ပဲ ကျင့်ပေးခဲ့တာ။

ဇာတ်ကောင် သုံးယောက်ပါဝင်ပြီး ဝတ္ထုသွားနဲ့ ရေးထားတယ်။ စိတ်ဓာတ်ကျနေတဲ့ စီးပွားရေးလုပ်ငန်းရှင်ရယ်၊ စိတ်အလိုမကျဖြစ်နေတဲ့ အနုပညာရှင်နဲ့ အောင်မြင်မှုတွေ အများကြီးနဲ့ ဒေါ်လာဘီလီယံကြွယ်သူဌေးကြီးတို့ ကွန်ဖရင့်တစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ကြတယ်။ ဆင်းရဲသားဟန် ရုပ်ဖျက်ထားတဲ့ သူဌေးကြီးက စီးပွားရေးလုပ်ငန်းရှင်နဲ့ အနုပညာရှင်ကို သူကြွယ်ဝချမ်းသာလာရခြင်း လျှို့ဝှက်ချက်ကို Mauritius က သူ့ရဲ့ ကမ်းခြေအပန်းဖြေအိမ်ကို လိုက်လည်မယ်ဆိုရင် ပြောပြမယ်၊ သူတို့နှစ်ယောက်က လုပ်ပေးရမှာက မနက်ဖြန် ၅ နာရီမှာ တွေ့ကြဖို့ပဲ။

ဇာတ်လမ်းထဲမှာ စီးမျောပြီး ဖတ်ရင်းဖတ်ရင်းနဲ့ ဘ၀ အဆများစွာတိုးတက်စေမယ့် အသိဉာဏ်တွေ၊ အိုင်ဒီယာတွေ အများကြီးရမှာဖြစ်ပေမယ့် ဒီနေရာမှာတော့ စာအုပ်ထဲက အဓိကအိုင်ဒီယာဖြစ်တဲ့ ပုံသေနည်း သုံးခု၊ ဂဏန်းတွဲ သုံးခုကိုပဲ ဝေမျှချင်တယ်။

၂၀-၂၀-၂၀

ဒီစာအုပ်မှာ အရေးအကြီးဆုံးက ၂၀-၂၀-၂၀ ပုံသေနည်းပါ။

မနက် ၅ နာရီ ထပြီးတာနဲ့ ပထမဆုံး မိနစ် ၂၀ က လေ့ကျင့်ခန်း လုပ်ရမယ်။ ချွေးလေး တရွှဲရွှဲထွက်အောင်၊ နှလုံးခုန်သံ မြန်လာအောင်လုပ်ပါ။ စိတ်ဓာတ်တက်ကြွ စေတဲ့ဓာတ်တွေ ထွက်လာမယ်၊ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေတယ်။ ဒီမိနစ် ၂၀ ဟာ တစ်နေ့တာလုံးအတွက် အသင့်ဖြစ်အောင် ခန္ဓာကိုယ်ကို စက်နှိုးလိုက်တာ။ ကိုယ်ကို ပြင်လိုက်တာ။

ခန္ဓာကိုယ်ကို နှိုးပြီးရင် ဒုတိယမိနစ် ၂၀ က ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ။ ကိုယ့်ရည်မှန်းချက်တွေက ဘာတွေလဲ။ ဒီတစ်နှစ်အတွင်း ဘာတွေပြီးမြောက်ချင်လဲ။ ဒီလလုပ်ရမယ့်ဟာတွေ ပြီးပြီလား။ စဉ်းစားကြည့်ပါ၊ စာရွက်ပေါ်မှာ ချရေးပါ၊ အပြန်ပြန်အလှန်လှန် သုံးသပ်ပါ။ ဒီမိနစ် ၂၀ ဟာ ဒီတစ်နေ့တာကနေ ကိုယ်ဘာရယူချင်သလဲဆိုတာကို ရှင်းသွားအောင် တည့်ပေးချိန်ပါ။ နေ့တစ်နေ့ရဲ့အစမှာ တိတ်တိတ်ဆိတ်ဆိတ် မိနစ်၂၀ နေလိုက်ရတဲ့အတွက် လာမယ့်တစ်နေ့တာမှာ ရင်ဆိုင်ရမယ့် ကိစ္စရပ်တွေအတွက် ကိုယ့်စိတ်ကိုယ် ခွန်အားဖြည့်ပြီးသား ဖြစ်သွားစေတယ်။

တတိယမိနစ် ၂၀ ကတော့။ သင်ယူပါ။ စာအုပ်ကောင်းကောင်းတစ်အုပ်ဖတ်။ ပုဂ္ဂိုလ်ကျော်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိကို လေ့လာ။ ကိုယ့်လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ ပို့ချချက် Podcast ကို နားထောင်။ ကိုယ်သင်ချင်တဲ့ ဘာသာစကားတစ်ခုသင်။ နောက်ဆုံးမိနစ်၂၀ က ဦးနှောက်ကိုနှိုးဆွတာ။ နေ့တစ်နေ့အတွက် ဦးနှောက်ကို အသင့်ပြင်ထားတာ။

၆၀-၁၀

ထိပ်သီးအားကစားသမားတွေ ထူးချွန်တာဟာ ဆက်တိုက်ကျင့်နေလို့ မဟုတ်ဘူး။ ကျင့်တဲ့အချိန်ရဲ့ကြားမှာ ကောင်းကောင်း ‘နား’ တတ်လို့ပါ။ work-rest ratio ‘အလုပ်ချိန်နဲ့ နားချိန် အချိုးအစား’ က စကားပြောတယ်။ အရေးကြီးအလုပ်လုပ်တဲ့အခါ စိတ်ရောကိုယ်ရောကို အလုပ်ထဲကို ပစ်ထည့်လိုက်။ အနှောင့်အယှက်မှန်သမျှ ဝင်မလာအောင် တံခါးရှိရင် တံခါးပိတ်၊ Facebook ရှိရင် Facebook ပိတ်။ အဲဒီလို အာရုံစိုက်ပြီး အလုပ်လုပ်လို့ မိနစ် ၆၀ ကြာရင် ဆယ်မိနစ်နား။ လမ်းလေးဘာလေးလျှောက်၊ ရေလေးဘာလေးထသောက်။ သီချင်းနားထောင်ချင်နားထောင်။ ပြင်းပြင်းထန်ထန်နဲ့ နာရီပေါင်းများစွာလုပ်ရင် အာရုံစူးစိုက်မှုကျလာပြီး အလုပ်အရည်အသွေး လျော့လာတတ်တယ်။ တက္ကသိုလ်မှာတုန်းက ကျွန်တော်လည်း အဲဒီ လုပ်ခဲ့ဖူးတယ်။ တစ်နာရီလောက် ဆရာသင်တာနားထောင်၊ စာလုပ်၊ ပြီးရင် ရေလေးတော့ ထွက်သောက်တယ်။ ပြန်ဝင်ထိုင်ရင် ကိုယ်ခန္ဓာအညောင်းပြေပြီ၊ ဦးနှောက်လည်းပြန်လန်းသွားပြီ။ ပြီးတော့ ဦးနှောက်ကလည်း အလုပ်ကပေးတဲ့ သတင်းအချက်အလက်တွေကို စီချိန်၊ သိုမှီးချိန်ရတယ်လို့ ကျွန်တော်ထင်တယ်။

၉၀-၉၀-၁

ရှေ့လာမယ့် ရက် ၉၀ မှာ ရုံးရောက်ရောက်ချင်း ပထမ မိနစ် ၉၀ ကို အရေးအကြီးဆုံး နံပါတ် ၁ အလုပ်အတွက် သုံးပါ။ အိမ်မှာ အလုပ်လုပ်တဲ့လူဆိုရင် အလုပ်စားပွဲ စထိုင်ထိုင်ချင်း မိနစ် ၉၀။ နံပါတ် ၁ အလုပ်ဆိုတာက အဲဒီအလုပ်သာ အောင်မြင်ရင် ကျန်တာအားလုံး လိုက်တက်လာမယ့် အလုပ်မျိုး။ သာမန်လူတွေက ရုံးရောက်ရင် အင်တာနက်ပေါ်တက်၊ အီးမေးလ်ဖွင့်၊ Facebook ပွတ်တယ်။ တကယ့် ထိပ်သီးအောင်မြင်သူတွေကကျ ရုံးရောက်တာနဲ့ သူတို့ရဲ့ အရေးကြီးဆုံးအလုပ်ကို စိတ်နှစ်ပြီး ပထမဆုံးလုပ်လေ့ရှိတယ်။

မနက် ၅ နာရီထပြီး ခုနက ကျွန်တော် ပြန်ဖောက်သည်ချထားတဲ့ ဂဏန်းသုံးတွဲအတိုင်းလုပ်ရင် ဒေါ်လာတစ်သိန်း မကုန်ဘဲနဲ့ ဒေါ်လာတစ်သိန်းတန် အကျိုးခံစားရလိမ့်မယ်။ ၂၀-၂၀-၂၀၊ ၆၀-၁၀၊ ၉၀-၉၀-၁။ 

 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *