YUPT ကုမ္ပဏီ ရှယ်ယာပြန်လည်ရောင်းချလိုခြင်း ရှိ၊ မရှိ နိုဝင်ဘာလ ၂၇ ရက်တွင် ဆန္ဒခံယူမည်

ရန်ကုန်၊ နိုဝင်ဘာ ၇

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) တွင် ထည့်ဝင်ထားသည့် ရှယ်ယာများ ပြန်လည်ရောင်းချလိုခြင်း ရှိ၊ မရှိကို နိုဝင်ဘာလ ၂၇ ရက်တွင် လက်မှတ်ရေးထိုး ဆန္ဒခံယူမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ မတည် တည်ထောင်သူ ရှယ်ယာရှင် ဦးထွန်းဦးထံမှ သိရှိရသည်။

“၂၇ ရက်နေ့မှာ ရှယ်ယာရှင်တွေထဲ ရောင်းမယ့်သူ၊ ကုမ္ပဏီမှာ ကျန်နေခဲ့မယ့်သူ ဒီဟာတွေကို ရှယ်ယာရှင်တွေ ဆန္ဒတောင်းမယ်လေ။ မရောင်းဘူး ကုမ္ပဏီမှာ ကျန်နေမယ်ဆိုလည်း ကျန်နေခဲ့ပေါ့။ ရောင်းမယ်ဆို လက်မှတ်ထိုး။ တစ်ခါထဲ အတည်ပြုမယ်ပေါ့” ဟု ၎င်းကဆိုသည်။

ရှယ်ယာများကို မည်သူက မည်သည့်နှုန်းထားဖြင့် ပြန်လည်ဝယ်ယူမည်ကို ဆက်လက်ညှိနှိုင်းမည်ဖြစ်ပြီး ရှယ်ယာများကို တစ်စုတစ်ဝေးတည်းဝယ်ယူပေးရန်နှင့် ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ဆုံးထားကာဝယ်ယူရန် YUPT မှတာဝန်ရှိ သူများနှင့် ညှိနှိုင်းထားကြောင်း ဦးထွန်းဦးက ပြောကြားသည်။

ရှယ်ယာပြန်လည်ဝယ်ယူမည့်အစီအစဉ်နှင့်ပတ်သက်၍ ရှယ်ယာရှင်များ၏ ဆန္ဒအမှန်ကို မေးမြန်းကာ ယင်းဆန္ဒပေါ် မူတည်ပြီး ညီညွတ်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသည့် YRTA သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရှယ်ယာရောင်းချရေးနှင့် ပတ်သက်သည့် ဆန္ဒခံယူပွဲကို တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းရှိ YUPT ရုံးချုပ်တွင် ကျင်းပမည်ဖြစ်ပြီး တစ်ဆက်တည်း ကုမ္ပဏီဒါရိုက်တာ ရွေးချယ်ပွဲပါ ကျင်းပမည်ဖြစ်ကြောင်း ဦးထွန်းဦးထံမှ သိရှိရ သည်။

ရှယ်ယာရှင်ဘက်က ရွေးချယ်တင်မြှောက်မည့် ဒါရိုက်တာငါးဦးကို ရွေးချယ်မည်ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ လ ၃၀ ရက်နေ့တွင် ဒါရိုက်တာရွေးချယ်ပွဲ ကျင်းပခဲ့သော်လည်း ဘတ်စ်ကားပြေးဆွဲမှုမှရရှိသည့် အမြတ်ဝေစုခွဲဝေပေးခြင်းမရှိသည့်ကိစ္စနှင့် အစိုးရမှတိုက်ရိုက်ခန့်အပ်သည့် ဒါရိုက်တာအဖွဲ့ ပြန်လည်ဖွဲ့စည်းပေးရေးကိစ္စများနှင့် ပတ်သက်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

YUPT ကုမ္ပဏီသည် ယာဉ်လိုင်းပေါင်း ၁၉ လိုင်း၊ မော်တော်ယာဉ်အစီးရေ ၁၃၁၂ စီးဖြင့် လက်ရှိပြေးဆွဲနေသည့် ဘတ်စ်ကားကုမ္ပဏီဖြစ်ပြီး အစုရှယ်ယာရှင်ပေါင်း ၂၉၀ ဦးရှိကာ ကုမ္ပဏီ၏ စုစုပေါင်း အသားတင်ရင်းနှီးမြှုပ်နှံမှု (Capital Investment) မှာ ၄၀ ဒသမ ၆၃၄၄ ဘီလီယံ ရှိသည်။

အဆိုပါကုမ္ပဏီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရင်းနှီးမြှုပ်နှံ ငွေ ၃၅ ဘီလီယံထည့်ဝင်ထားကာ ကျန် ၅ ဒသမ ၆၃၄၄ ဘီလီယံကိုမူ အစုရှယ်ယာရှင်များက ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *