ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် ထိုင်းနိုင်ငံကို ဖြတ်သန်းခွင့်ပြုမည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ပြော

ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် ဆမ်ရန်စီ

ဘန်ကောက်၊ နိုဝင်ဘာ ၆

ပြည်ပတွင် တိမ်းရှောင်နေသော ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင်က မကြာမီ တိုင်းပြည်သို့ ပြန်လာမည်ဟု ပြောကြားခဲ့ရာ ၎င်းကို ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘောဒီးယားသို့ သွားရောက်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားလိုက်ကြောင်း Channel News Asia သတင်းတွင်ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်က ပြင်သစ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် ဆမ်ရန်စီမှာ နိုဝင်ဘာ ၉ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘောဒီးယားလွတ်လပ်ရေးနေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လာမည် ဖြစ်ကြောင်း ကတိပြုထားသည်။

ကမ္ဘောဒီးယားအတိုက်အခံ ဆမ်ရန်စီက ပါရီမှ ဘန်ကောက်သို့ ပျံသန်းမည့် Thai Airways လေကြောင်းလိုင်းတွင် ၎င်း၏ နာမည်ပါသည့် လက်မှတ်တစ်စောင်ကို နိုဝင်ဘာ ၅ ရက်နေ့က လူမှုကွန်ယက်မီဒီယာတွင် ဖော်ပြခဲ့ပြီးနောက် ထိုင်းအစိုးရတာဝန်ရှိသူများက ဆမ်ရန်စီနှင့် အတိုက်အခံများ၏ ဓာတ်ပုံများကို သက်ဆိုင်ရာသို့ ပေးပို့ထားသည်။

အတိုက်အခံခေါင်းဆောင် ဆမ်ကို ဖမ်းဆီးမည့်ဝရမ်းကို အိမ်နီးချင်းနိုင်ငံများသို့ ပေးပို့ထားပြီးဖြစ်ပြီး ၎င်းပြန်လာခြင်းကို တားဆီးရန် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တပ်သားများ တပ်ဖြန့်ချထားကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားသည်။

ကမ္ဘောဒီးယားအတိုက်အခံ ခေါင်းဆောင် ဆမ်အပါအဝင် အခြားသော အရေးပါသည့် ကမ္ဘောဒီးယားအတိုက်အခံများကို ထိုင်းအစိုးရအဖွဲ့အနေနှင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်က အတည်ပြုပြောကြားသည်။

ပြင်သစ်နိုင်ငံတွင် ထွက်ပြေးတိမ်းရှောင်နေသော ဆမ်ရန်စီမှာ ကမ္ဘောဒီးယားတွင် အဓိကကျသော အတိုက်အခံပါတီဖြစ်သည့် Cambodia National Rescue Party (CNRP) ၏ ဥက္ကဋ္ဌဖြစ်သည်။

ယင်းပါတီမှာ ပြီးခဲ့သည့်နှစ်က ကျင်းပသည့် ရွေးကောက်ပွဲတွင် ဖျက်သိမ်းခံခဲ့ရပြီး လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်၏ ပါတီမှာ ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရသည့် ယင်းရွေးကောက်ပွဲတွင်ပြန်လည် အနိုင်ရရှိခဲ့သည်။

ယင်းနောက်ပိုင်းတွင် အဓိကကျသော ကမ္ဘောဒီးယားအတိုက်အခံနိုင်ငံရေးသမားများမှာ နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *