ထိုင်းတောင်ပိုင်း ယာလာရှိ စစ်ဆေးရေးဂိတ်တစ်ခု ပစ်ခတ်တိုက်ခိုက်ခံရ၊ လူ ၁၅ ဦးသေဆုံး

ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်နေရာ

အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ထိုင်းနိုင်ငံတောင်ပိုင်း ယာလာပြည်နယ်၏ မြို့တော် မူအန်းခရိုင်ရှိ လုံခြုံရေးဂိတ်တစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

လက်နက်ကိုင်ဆောင်ထားသည့် လူ ၁၀ ဦးခန့်မှာ ကျေးရွာလူကြီး၏ရုံးမှ ဝန်ထမ်းများစောင့်ကြပ်နေသည့် လုံခြုံရေးဂိတ်ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

လုံခြုံရေးဂိတ်ကို လက်နက်ကိုင်တိုက်ခိုက်သူများသည် လက်နက်များခိုးယူရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ဖွယ်ရှိကြောင်း ထိုင်းရဲက ခန့်မှန်းထားသည်။

လုံခြုံရေးဂိတ်အနီးတွင် ရုပ်အလောင်း ၁၁ လောင်းကို တွေ့ရှိခဲ့ပြီး လုံခြုံရေးဂိတ်ရှိ သေနတ်များလည်း ပျောက်ဆုံးသွားရာတွင် သေဆုံးသွာသည့် လုံခြုံရေးဂိတ်စောင့်တစ်ဦး၏ ပစ္စတိုလည်းပါဝင်ကြောင်း ထိုင်းရဲက ပြောကြားသည်။

အပြင်းအထန်ဒဏ်ရာရသူ လေးဦးမှာလည်း ဆေးရုံတွင် သေဆုံးသွားပြီး ကျန်ဒဏ်ရာရသူငါးဦးမှာ ဒဏ်ရာပြင်းထန်ခြင်းမရှိပေ။

ထိုင်းရဲတပ်ဖွဲ့၏ ဆေးဘက်ဆိုင်ရာ စစ်ဆေးသူများ၏ ကနဦးစုံစမ်းဖော်ထုတ်ချက်အရ သေဆုံးသူများမှာ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီးလေးဦးဖြစ်ပြီး အများစုမှာ ကျေးရွာကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်က သေဆုံးသွားသူများ၏ မိသားစုဝင်များကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး လက်နက်ကိုင်တိုက်ခိုက်သူများကို ရှာဖွေ၍ အလျင်အမြန်အရေးယူရန် အမိန့်ပေးခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ကောင်ချိပ်က နိုဝင်ဘာ ၆ ရက်နေ့တွင် ကြေညာခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *