ကိုယ်ဝန်ရှိသည့်ကြောင်ကို အဝတ်လျှော်စက်ထဲထည့်သတ်ခဲ့သူ နောက်တစ်ဦးကို ထောင်ဒဏ်သုံးနှစ်နီးပါးချမှတ်

လုံခြုံရေးကင်မရာတွင် တွေ့ရသည့် ပြစ်ဒဏ်ကျူးလွန်သူ သုံးဦး

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၆

မလေးရှားနိုင်ငံတွင် ကိုယ်ဝန်ရှိနေသည့်ကြောင်ကို အဝတ်လျှော်စက်ထဲ ထည့်၍သတ်ခဲ့သူ နောက်တစ်ဦးကို ထောင်ဒဏ် ၃၄ လနှင့် ငွေဒဏ် မလေးရှားရင်းဂစ်ငွေ ၄၀,၀၀၀ (အမေရိကန်ဒေါ်လာ ၉,၇၀၀) ချမှတ်လိုက်ကြောင်း Channel News Asia သတင်းတွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ယင်းဖြစ်ရပ်တွင် ပါဝင်သူ သုံးဦးအနက် အသက် ၄၂ နှစ်အရွယ် ကေဂန်နက်ရှ်ဆိုသူကို နိုဝင်ဘာ ၅ ရက်နေ့က မလေးရှားတရားရုံးက ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ယခုပြစ်ဒဏ်နှင့် ပတ်သက်၍ တရားခံ၏ရှေ့နေက အထက်တရားရုံးသို့ အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ကိုယ်ဝန်ရှိနေသည့်ကြောင်ကို အဝတ်လျှော်ဆိုင်ရှိ အဝတ်လျှော်စက်ထဲ ထည့်သတ်ခဲ့သည့် ၎င်းတို့၏ လုပ်ရပ်ကို ဆိုင်၏ လုံခြုံရေးကင်မရာမှတစ်ဆင့် တွေ့ရှိခဲ့ပြီး လူမှုကွန်ရက်မီဒီယာများတွင် ပျံနှံ့သွားခဲ့သည်။

၎င်းတို့ ကြောင်ကို ယင်းကဲ့သို့ သတ်ဖြတ်ရသည့်အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ယခုအမှုတွင် ပါဝင်သည့် နောက်တစ်ဦးဖြစ်သော အငှားယာဉ်မောင်းတစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်အရွယ် အေမိုဟမ်ရက်ဂ်ျဆိုသူကိုမူ ယခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ကျန်တစ်ဦးဖြစ်သည့် အသက် ၂၇ အရွယ် ဆတ်သီယာကိုမူ အပြစ်မရှိကြောင်း ဆုံးဖြတ်၍ လွှတ်ပေးခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *