နိုင်ငံတစ်ခုကြီးပွားခြင်း ၄.ဝ

ကိုမျိုးချစ် – ‘နိုင်ငံတစ်ခု ကြီးပွားခြင်း’ အကြောင်း ကျွန်တော်တို့ မပြောဖြစ်တာကြာပြီ။

ဖွံ့ဖြိုးရေးပါရဂူ – အေးဗျ။ ဘာလိုလိုနဲ့ ဆယ်နှစ်လောက်ရှိသွားပြီ ထင်တယ်။ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးစကတည်းက ကျွန်တော်တို့ အေးအေးဆေးဆေး မတွေ့ဖြစ်ကြတော့ဘူး။

ကိုမျိုးချစ် – အသွင်ကူးပြောင်းရေးမှာ ကျွန်တော်တို့ နှစ်ယောက်လုံး မျောပါသွားကြတာဖြစ်မယ် ဆရာရေ။

ဖွံ့ဖြိုးရေးပါရဂူ – အသွင်ကူးပြောင်းရေးက ပြင်းထန်တာကိုးဗျ။ အသွင်ကူးပြောင်းတဲ့ နိုင်ငံအတော်များများက စီးပွားရေးအသွင်ကူးပြောင်းရေးက အရင်စပြီးမှ နိုင်ငံရေးအသွင်ကူးပြောင်းရေးက နောက်က လိုက်တာ။ မြန်မာကကျ ဗဟိုဦးစီးစီးပွားရေးစနစ်ကနေ ဈေးကွက်စနစ်ကိုပြောင်းတဲ့ စီးပွားရေးအသွင်အကူးအပြောင်း၊ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကိုပြောင်းတဲ့ နိုင်ငံရေးအသွင်အကူးအပြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကနေ ငြိမ်းချမ်းရေးကိုသွားတဲ့ အသွင်အကူးအပြောင်း သုံးမြွှာပူး အကူးအပြောင်းနဲ့ သွားနေတာ။ အဲဒီမှာ လုပ်စရာတွေ အများကြီး ဖြစ်လာတယ်။ နယ်ပယ်အသစ်တွေလည်း ပေါ်လာတယ်။ ကိုယ်နဲ့ အသားကျနေတဲ့ဟာတွေက အသစ်တွေ ဖြစ်ကုန်တယ်။ အသွင်ကူးပြောင်းရေးမှာ။

ကိုမျိုးချစ် – အသွင်ကူးပြောင်းရေးက မျက်စိလည်စရာကောင်းတာကြောင့်ကို ကျွန်တော်တို့ ပြန်တွေ့ကြဖို့လိုနေတာ။ အသွင်ကူးပြောင်းရေးက နိုင်ငံကြီးပွားချင်လို့ လုပ်တာမဟုတ်လား။ ကျွန်တော်တို့တွေ မျက်စိလည်ကုန်ရင် နိုင်ငံဘယ်ကြီးပွားမလဲ။

ဖွံ့ဖြိုးရေးပါရဂူ – ဟားဟား။ ကိုမျိုးချစ်က နိုင်ငံချစ်တဲ့လူမှန်း အရမ်းသိသာတယ်။ စကားစလိုက်တာနဲ့ မြန်မာနိုင်ငံ ကြီးပွားရေးအကြောင်း တန်းရောက်သွားတာပဲ။

ကိုမျိုးချစ် – ကိုယ့်နိုင်ငံက ကျန်ခဲ့တာ ကြာပြီလေဆရာရယ်။ ကိုယ့်မြန်မာနိုင်ငံလောက်မှ အလားအလာမကောင်းခဲ့ဘဲ ကြီးပွားနေတဲ့ နိုင်ငံတွေဆီရောက်ရင် ပိုခံစားရတယ်။

ဖွံ့ဖြိုးရေးပါရဂူ – အားမလိုအားမရဖြစ်နေတာလား။ မြန်မာနိုင်ငံ အလားအလာကောင်းနေတာက လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်ကတည်းကဗျ။ အဲဒီအလားအလာကို ဖြစ်လာအောင် လက်တွေ့မလုပ်နိုင်ကြသေးတာပဲရှိတယ်။ ဘိုလိုပြောရင် ‘from potential to reality’ ပေါ့။ အလားအလာက အမြဲကောင်းနေတာ။

ကိုမျိုးချစ် – အလားအလာကနေ တကယ်ကြီးပွားလာအောင် ဘယ်လိုလုပ်ရင်ရမလဲဆရာ။ ဘာလို့ခက်ခဲနေတာလဲ။

ဖွံ့ဖြိုးရေးပါရဂူ – နည်းတွေက ရှိပါတယ်။ အနာနဲ့ဆေး မတည့်သေးတာလို့ပဲ ပြောရမပေါ့။

ကိုမျိုးချစ် – အနာတွေ ဗလပွနဲ့ ဗီယက်နမ်လိုနိုင်ငံတောင် ကြီးပွားသွားပြီ ဆရာ။ ကျွန်တော်တို့အနာက ကုရာနတ္ထိဆေးမရှိလား၊ ကုချင်စိတ်မရှိကြတာလား။

ဖွံ့ဖြိုးရေးပါရဂူ – ကုချင်စိတ်မရှိတာတော့ မဟုတ်ဘူးဗျ။ ခင်ဗျားလည်း ကိုယ့်နိုင်ငံကိုယ်ကုချင်နေတာပဲလေ။ ခင်ဗျားလိုလူတွေ အများကြီးမရှိရင်တောင် မနည်းဘူးဗျို့။

ကိုမျိုးချစ် – ဒီလိုပြောလိုက်တော့လည်း ဟုတ်ပါတယ်။ ဒါဆို ကျွန်တော်တို့ စကားဝိုင်း ဘယ်နေရာကစကြမလဲ။

ဖွံ့ဖြိုးရေးပါရဂူ – ခင်ဗျားပဲ ခုလေးတင်စလိုက်ပြီလေ။

ကိုမျိုးချစ် – ဗျာ။

ဖွံ့ဖြိုးရေးပါရဂူ – ဗီယက်နမ်တောင် ကြီးပွားသွားပြီလို့ ခင်ဗျားပဲ ခုနက ပြောလိုက်တယ်လေ။ ဗီယက်နမ်ကနေ စပေါ့။ ဗီယက်နမ်က ကမ္ဘာမှာ သတိထားမိလောက်အောင် အရှိန်မြန်မြန်နဲ့ ကြီးပွားလာကြတာ။ ဗီယက်နမ်ထက် ပမာဏကြီးကြီးမားမား ပြောင်းတာက တရုတ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဗီယက်နမ်နဲ့ တရုတ်ကို အားကျတဲ့သူတွေ မနည်းဘူး။ အဲဒီနှစ်နိုင်ငံကနေစပြီး တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကိုပါ သွားတာပေါ့။

ကိုမျိုးချစ် – ကောင်းတယ်ဆရာ။ ဟိုအရင် ကျွန်တော်တို့ စကားဝိုင်းဖွဲ့ကြတုန်းက တရုတ်နဲ့ ဗီယက်နမ်အကြောင်း သိပ်မပြောဖြစ်ဘူး။ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်အကြောင်းပဲ များတယ်။

ဖွံ့ဖြိုးရေးပါရဂူ – အရှေ့အာရှက ကြီးပွားလာတဲ့နိုင်ငံတွေထဲမှာ သူတို့က အရင်ဆုံးထိုးထွက်လာတဲ့ နိုင်ငံတွေဖြစ်တော့ ဒါတွေကို အဦးအစ ဆွေးနွေးဖြစ်သွားတာ ဖြစ်မယ်ဗျ။

ကိုမျိုးချစ် – တရုတ်တ်၊ ဗီယက်နမ်က အရှေ့အာရှနိုင်ငံတွေပဲ။ ဒါဆို ကျွန်တော်တို့ စကားဝိုင်းက အရှေ့အာရှကြီးပွားကြောင်း အတွေ့အကြုံ East Asian Experience ပဲ အဓိကသွားမှာလား။

ဖွံ့ဖြိုးရေးပါရဂူ – မြန်မာနိုင်ငံက အရှေ့အာရှသားဆိုတော့ ဒါနဲ့ကိုက်တယ်ဗျ။ နီးစပ်တာပေါ့။ ဒါပေမဲ့ တရုတ်တ်၊ ဗီယက်နမ်နဲ့ ရပ်ထားမှာမဟုတ်ဘူး။ ကျွန်တော်တို့အိမ်နီးချင်း အိန္ဒိယကလည်း ဒီဆယ်နှစ်လောက်အတွင်း အရမ်းတက်လာတယ်။ ဒီတော့ သူ့အကြောင်း ထည့်ကိုထည့်ရမယ်။ ကိုယ့်လို မွဲသူတွေချင်းအတူတူ သူဘယ်လိုတက်သွားလဲ လေ့လာသင့်တယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်လည်း ထည့်မယ်။ သူက တချို့ဟာလေးတွေ လုပ်တာကိုင်တာ သပ်ရပ်တယ်။ ကိုယ့်နိုင်ငံက သူ့ဆီက သင်ယူနိုင်တာတွေ ရှိမယ်။ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားကတော့ မပါမဖြစ် ထည့်ဆွေးနွေးရမယ်။ အင်ဒိုနီးရှားဆို နည်းပညာလုပ်ငန်းတွေမှာ ဒေါ်လာဘီလီယံချီတန်တဲ့ လုပ်ငန်းတွေနဲ့ ဒေသအဆင့်ရောက်နေတာ တွေ ရှိတယ်။

ကိုမျိုးချစ် – ဒါဆို အာရှက နိုင်ငံတွေအကြောင်းပဲ ဆွေးနွေးကြမှာလား။ အမေရိကန်၊ ဗြိတိန် သူတို့အကြောင်းတွေ မပါဘူးလား။

ဖွံ့ဖြိုးရေးပါရဂူ – သူတို့မပါလို့ ဘယ်ဖြစ်မလဲ။ သူတို့တွေက ကမ္ဘာကို လက်ရှိမောင်းနေတဲ့ နိုင်ငံတွေ။ ကနေ့ ကမ္ဘာ့စနစ်က သူတို့ဆောက်ထားတဲ့ စနစ်။ သူတို့က ကြီးပွားပြီးသား သူဌေးနိုင်ငံတွေ။ သူတို့ဆောက်ထားတဲ့ စနစ်ထဲမှာ ကြီးပွားချင်တဲ့ ကျွန်တော်တို့က ကြီးပွားပြီးသား သူတို့အကြောင်း လေ့လာမှ ဖြစ်မယ်။

ကိုမျိုးချစ် – ဟုတ်။ ဒါနဲ့ ကျွန်တော်တို့ စကားဝိုင်းကို ဘယ်လို နာမည်ပေးမလဲ ဆရာ။

ဖွံ့ဖြိုးရေးပါရဂူ – နာမည်ပေးဖို့လိုရင်ပေးဗျာ။ ‘နိုင်ငံတစ်ခု ကြီးပွားခြင်း 2.0’ ဆို မကောင်းဘူးလား။ မူလနိုင်ငံတစ်ခုကြီးပွားခြင်း စကားဝိုင်းရဲ့ Version 2.0 ဆိုတော့။

ကိုမျိုးချစ် – အခုက 4.0 တွေ ခေတ်စားနေတာ။ စက်မှုတော်လှန်ရေး 4.0 Industrial Revolution 4.0 ဆိုတော့ Marketing 4.0၊ Education 4.0 တွေ လိုက်လာတာ။ ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တောင် ဟိုတစ်နေ့က အာဆီယံအစည်းအဝေး သွားရင်း Asean 4.0 နဲ့ Myanmar 4.0 တောင် ချိတ်ဆက်ပြောသွားသေးတယ်။

ဖွံ့ဖြိုးရေးပါရဂူ – ဒါဆိုလည်း နိုင်ငံတစ်ခုကြီးပွားခြင်း 4.0 ပေါ့ဗျာ။ ကိုယ်ပြောတဲ့စကား ကိုယ်နာမည်ပေးတာပဲဟာ။ 

 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *