သုတေသနခြေလှမ်း ဘယ်လိုလှမ်း

မြန်မာ့တက္ကသိုလ်များ၏ သုတေသနလုပ်ငန်းများသည် နှစ်စဉ်တိုးတက်လျက်ရှိသော်လည်း ဤအရှိန်အဟုန်မျှဖြင့် မြန်မာ့တက္ကသိုလ် သုတေသနဖွံ့ဖြိုးရေးအိပ်မက်ကို မထုဆစ်နိုင်သေးကြောင်း ကိန်းဂဏန်းများက ညွှန်းဆိုနေပါသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့အခြေစိုက် သုတေသနနှင့် အချက်အလက်ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Knoema Enterprise ၏ အချက်အလက်အရဆိုလျှင် မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်တွင် သိပ္ပံသုတေသနစာတမ်း ၁၄ စောင်သာ ပုံနှိပ်ထုတ်ဝေခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ၁၁၁ စောင်အထိ ထုတ်ဝေနိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် သိပ္ပံသုတေသနစာတမ်းထုတ်ဝေမှု ကမ္ဘာ့အဆင့် ၁၂၂ တွင်ရပ်တည်နေသည်။ သို့သော် အိမ်နီးချင်းထိုင်းနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် သိပ္ပံသုတေသနစာတမ်းပေါင်း ကိုးထောင်ကျော်ထုတ်ဝေမှုဖြင့် ကမ္ဘာ့အဆင့်တွင် ၃၆ နေရာယူထားရာ မြန်မာတို့လည်း နောက်မကျရန် သုတေသနကို တက်သုတ်ရိုက်ကြိုးစားရမည့် အခြေအနေပင်ဖြစ်သည်။

သို့သော်လည်း အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် သုတေသနဆောင်ရွက်ရန် အခက်အခဲအချို့ရှိနေသကဲ့သို့ သုတေသနစာတမ်း အတုပြဿနာလည်းရှိနေသည်။

ယင်းအခြေအနေများက မြန်မာ့တက္ကသိုလ်သုတေသနကဏ္ဍတွင် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရန် လိုအပ်နေသော ဟာကွက်အချို့ကို မီးမောင်းထိုးပြနေသလောဟု တွေးဆစဉ်းစားစရာလည်းဖြစ်လာသည်။

မြန်မာနိုင်ငံသည် အခြားဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ သုတေသနလုပ်ငန်း တိုးတက်ရေးအတွက် သီးသန့်ရည်ရွယ်သည့် မဟာဗျူဟာ၊ သုတေသနကဏ္ဍတိုးတက် ရေးရန်ပုံငွေ ထူထောင်ထားမှု လက်ရှိအချိန်အထိ မရှိသေးပေ။

ထို့သို့ အခက်အခဲနှင့် ပြဿနာအချို့ရှိနေသော်လည်း အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူများအပါအဝင် တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ပညာရေးလေ့လာသူများကမူ မြန်မာ့ပညာရေး တိုးတက်ရန် သုတေသနလုပ်ငန်းများ တိုးတက်ရေးသည် လိုအပ်ချက်တစ်ခုဖြစ်သည်ဟု တညီတညွတ်တည်းဆိုကြသည်။

သို့သော် အလေးအနက်မေးခွန်းထုတ်စရာရှိသည်မှာ သုတေသနတိုးတက်ရေးအတွက် မည်သို့လုပ်ဆောင်ကြမည်နည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ သုတေသနလုပ်ငန်းတိုးတက်ရန် လိုလားနေသည်။

“ကမ္ဘာ့အဆင့်အတန်းမီတဲ့ ပညာရေးစနစ်ဖြစ်လာစေဖို့ သုတေသနလုပ်ငန်းတွေ၊ ဆန်းသစ်တီထွင်မှုတွေ၊ အသက်မွေးဝမ်းကျောင်းပညာတွေကို အားပေးပြီး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုထားသည်။

အတိတ်ဆီက မြန်မာ့သုတေသန

သုတေသနကို အင်္ဂလိပ်ဘာသာဖြင့် Research ဟုခေါ်ပြီး အဓိပ္ပာယ်မှာ ရှေးကရှိပြီး တိမ်မြုပ်နေသည်များကို ပြန်လည်ရှာဖွေခြင်းပင်ဖြစ်သည်။ သုတေသနသည် ပညာရပ်နယ်ပယ်တိုင်းတွင် တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် အရေးကြီးသည့်လုပ်ငန်းတစ်ရပ်ပင်ဖြစ်သည်။

“သိပ္ပံဘာသာရပ်တွေမှာ ဝိဇ္ဇာဘာသာလိုပဲ အရင်ကမသိတာကို အခုကြိုးစားရှာဖွေလို့ သိလာတယ်။ သိလာတဲ့ ဓာတ်သဘာဝကို အခုမှ နည်းလမ်းရှာလို့ အသုံးချတတ်တယ်ဆိုတဲ့သဘောပါပဲ” ဟု မြန်မာနိုင်ငံ၏ ထင်ရှားသည့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက သုတေသနထုံးဆိုသည့် စာတမ်းတွင် ရေးသားဖော်ပြထားသည်။

အကြောင်းအရာတစ်ရပ်ကို သုတေသနလုပ်ဆောင်ရာတွင်လည်း မိမိတတ်နိုင်သည့် မတိုလွန်း မရှည်လွန်းသော အချိန်ကာလတစ်ခု သတ်မှတ်လေ့လာကာ အထောက်အထားခိုင်ခိုင်လုံလုံဖြင့် တင်ပြရကြောင်း ဒေါက်တာသန်းထွန်းက ဆိုထားသည်။

“သုတေသနပြုတဲ့အခါ အင်မတန် စေ့စပ်သေချာရတယ်။ ဒီအကြောင်းခြင်းရာတစ်ခုကို မရှာမိလို့ မသိတာနဲ့ မပြည့်မစုံ ဖြစ်ရပါတယ်လို့ နောက်မှ ဝန်ခံရရင် သိပ်ရှက်ဖို့ကောင်းတယ်လို့ နားလည်ထားရမယ်” ဟု ၎င်းက သုတေသနထုံး ဆိုသည့်စာတမ်းတွင် ရေးသားထားသည်။

မျက်မှောက်ခေတ်တွင် သုတေသနလုပ်ငန်းများတိုးတက်ရန် လိုအပ်နေသည်ဟူသော ပြောဆိုသံများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပြီး ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အဆင့်မြင့်ပညာဦးစီးဌာနသည်ပင် တက္ကသိုလ်ဆရာ၊ ဆရာမများ သုတေသနပိုမိုလုပ်ရန် သုတေသနလုပ်မှသာ ရာထူးတိုးမည့်မူဝါဒကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင်ချမှတ်ကာ ကျင့်သုံးစေခဲ့သည်။

တကယ်တမ်းအားဖြင့် မြန်မာနိုင်ငံသည် သုတေသနနှင့် လုံးဝကင်းကွာခဲ့သည်တော့ မဟုတ်ပေ။ အတိတ်ကာလဖြစ်သည့် နိုင်ငံလွတ်လပ်ရေးမရမီ အင်္ဂလိပ်ကိုလိုနီခေတ်ကပင် မြန်မာနိုင်ငံတွင် သုတေသနနှင့်ပတ်သက်၍ အဖွဲ့အစည်းကြီးတစ်ခုတည်ထောင်ကာ သုတေသနလုပ်ငန်းတိုးတက်ရန် အစပျိုးခဲ့သည်။

အိန္ဒိယပဋိဉာဏ်ခံ အရာရှိတစ်ဦးဖြစ်သူ မစ္စတာ ဂျေ၊အက်(စ) ဖာနီဗယ်က မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံရှိ သုတေသနရှာမှီးသည့်အသင်းကြီးကိုအားကျကာ မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့အသင်းရှိသင့်သည်ဟု ယုံကြည်ချက်ဖြင့် မြန်မာနိုင်ငံသုတေသနအသင်း Burma Research Society ကို ၁၉၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။

အသင်းကြီးကို ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများ၏ ယဉ်ကျေးမှုအနုပညာ၊ သိပ္ပံပညာ၊ စာပေ စသည်တို့ကို လေ့လာစုံစမ်းရှာဖွေရန်နှင့် မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် သုတေသနလုပ်ငန်းများကို အားပေးရန် ရည်ရွယ်ကာ တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲအမှတ် (၁၀) တွင် ဖော်ပြထားသည်။

အသင်းကြီးသည် အသင်းသားများ၏ သုတေသနစာတမ်းတွေ့ရှိချက်များကို ဖတ်ကြားရန် တစ်နှစ်လျှင် လေးကြိမ်မှ ခြောက်ကြိမ်အထိ စည်းဝေးပြီး နှစ်စဉ် ဒီဇင်ဘာလတွင် သုတေသနညီလာခံကို ပြုလုပ်လေ့ရှိသည်။

သုတေသနညီလာခံတွင်ဖတ်ကြားသည့် စာတမ်းများကို မြန်မာနိုင်ငံသုတေသနဂျာနယ်တွင် ဖော်ပြထုတ်ဝေပြီး စာတမ်းများမှာလည်း စာပေ၊ ဘာသာစကား၊ ရာဇဝင်သမိုင်း၊ ဘောဂဗေဒ၊ ဘူမိဗေဒ စသည့် ပညာရပ်အသီးသီးဆိုင်ရာ သုတေသနဆောင်းပါးများလည်း ပါဝင်သည်။

မြန်မာနိုင်ငံသုတေသနအသင်းကြီးသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်အထိ အားကောင်းမောင်းသန်တည်ရှိခဲ့ပြီး တပ်မတော်အစိုးရ အုပ်ချုပ်မှု ကာလ ၁၉၉၆ ခုနှစ်နောက်ပိုင်းမှစတင်ကာ လှုပ်ရှားမှုများအားပျော့၍ အသံတိတ်ဆိတ်သွားသည်။

သို့သော် မြန်မာနိုင်ငံတွင် တိုင်းနှင့် ပြည်နယ်အလိုက် တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ်များ အမြောက်အမြားပေါ်ထွက်လာပြီး သုတေသနလုပ်ငန်းများမှာ ဆက်လက်တည်ရှိနေခဲ့သည်။

သုတေသနသဘောတရားသင်ကြားမှုများမှာလည်း တက္ကသိုလ်များတွင် အားနည်းခဲ့ပြီး သုတေသနလုပ်ဆောင်ရာတွင်လည်း ထိရောက်မှု အားနည်းခဲ့သည်။

“တက္ကသိုလ်တွေမှာ သုတေသနသဘောကို အရင်သိဖို့လိုအပ်တယ်။ ဗမာပြည်ပညာရေးဟာ စစ်အစိုးရလက်ထက်မှာ တော်တော်လေးကို နောက်ကျသွားတယ်ပေါ့။ နောက်ကျသွားတဲ့အတွက် ဘာမှ သိပ်လုပ်တာမရှိဘူး” ဟု နိုင်ငံရေးစီးပွားရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်း (သင့်ဘ၀)က ပြောကြားသည်။

တိုးတက်ကား တိုးတက်၏ နှေးဆဲ

မြန်မာနိုင်ငံ၏ ပညာရေးတွင် သုတေသနလုပ်ငန်းများ နှစ်စဉ်ရှိနေခဲ့သော်လည်း တစ်သီးတစ်သန့်ဆန်ကာ တက္ကသိုလ်ပရဝုဏ်ပြင်ပရှိ သက်ဆိုင်ရာပညာရပ်နယ်ပယ်အသီးသီးတွင် အလုပ် လုပ်နေသူများနှင့် ကင်းကွာခဲ့သည်။

တပ်မတော်အစိုးရလက်ထက်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အုပ်ချုပ်သည့်ကာလအထိ သုတေသနလုပ်ငန်းများတွင် ဝိဇ္ဇာပညာရပ်များဖြစ်သည့် မြန်မာစာ၊ ပါဠိ၊ ပထဝီစသော ဘာသာရပ်များတွင် နှစ်စဉ် မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့များအတွက် စာတမ်းပြုလုပ်သူ အမြောက်အမြားရှိခဲ့သည်။

သို့သော် သိပ္ပံဆိုင်ရာသုတေသနပြုလုပ်မှုများတွင် အားနည်းခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့အခြေစိုက် သုတေသနနှင့် အချက်အလက်ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Knoema Enterprise ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များအရ မြန်မာနိုင်ငံ၏ သုတေသနပြုလုပ်သူ အရေအတွက်မှာ ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နှစ်စဉ်တိုးတက်နေကြောင်း ပြနေသည်။

မြန်မာနိုင်ငံတွင် မဟာဘွဲ့ရနှင့် ပါရဂူဘွဲ့ရထားပြီးသော သုတေသနပြုလုပ်သူသည် ၁၉၉၈ ခုနှစ်၌ လူတစ်သန်းတွင် ခုနစ်ဦးရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၂၉ ဦးအထိ တိုးတက်နေသည်။

ထို့အတူ ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗဒ၊ အင်ဂျင်နီယာပညာ၊ သင်္ချာ၊ ဆေးပညာနှင့် အာကာသသိပ္ပံစသည့် ဘာသာရပ်အလိုက် သိပ္ပံဘာသာရပ်ဆိုင်ရာ သုတေသနဂျာနယ်များတွင် ဖော်ပြခံရသည့် စာတမ်းအရေအတွက်မှာလည်း ၂၀၁၆ ခုနှစ်တွင် ၁၁၁ စောင်အထိ တိုးတက်ခဲ့သည်။

ကမ္ဘာ့နိုင်ငံအလိုက်တွင်မူ နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် မြန်မာနိုင်ငံသည် သိပ္ပံဆိုင်ရာ သုတေသနစာတမ်း ၁၁၁ စောင်ဖြင့် အဆင့် ၁၂၂ အထိ ၂၀၁၆ ခုနှစ်တွင်ရှိခဲ့သည်။

သို့သော် အရှေ့တောင်အာရှဒေသတွင်း အိမ်နီးချင်းနိုင်ငံများကထုတ်သော သုတေသနစာစောင်အရေအတွက်နှင့် ယှဉ်ပါက မြန်မာနိုင်ငံ၏ သိပ္ပံသုတေသနစာစောင်အရေအတွက်မှာ အလွန်နည်းပါးနေသေးသည်။

မလေးရှားနိုင်ငံသည်ပင် ၂၀၁၆ ခုနှစ်တစ်နှစ်တည်းတွင်ပင် သိပ္ပံသုတေသနစာတမ်းပေါင်း နှစ်သောင်းကျော် ပုံနှိပ်ဖော်ပြမှုဖြင့် ကမ္ဘာ့သိပ္ပံသုတေသနအများဆုံးထုတ်သည့် နိုင်ငံစာရင်းတွင် အဆင့် ၂၀ ရှိခဲ့သည်။

ထိုင်းနိုင်ငံသည်ပင် ၂၀၁၆ ခုနှစ်တွင် သိပ္ပံသုတေသနစာတမ်းပေါင်း ကိုးထောင်ကျော်ထုတ်ဝေခဲ့ပြီး ကမ္ဘာ့အဆင့်တွင် အဆင့် ၃၆ နေရာရယူထားသည်။

အဆိုပါ ကိန်းဂဏန်းအချက်အလက်များကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံသည် သိပ္ပံသုတေသနလုပ်ငန်းများတွင် အထိုက်အလျောက်တိုးတက်နေသော်လည်း ဒေသတွင်း အိမ်နီးချင်းနိုင်ငံများ၏ သုတေသနစာတမ်းနှင့်ယှဉ်ပါက ထုတ်ဝေမှုပမာဏမှာ အဆပေါင်းများစွာ ကွာဟနေသည်။

“မြန်မာနိုင်ငံမှာက Critical Thinking (ဝေဖန်ပိုင်းခြားစဉ်းစားမှု) ကလည်း မဖွံ့ဖြိုးသေးဘူး။ ငါတို့က ဒါဖြစ်ရင် ဒီလိုဖြေရှင်းလို့ရမယ်ဆိုပြီး ထင်တစ်လုံးနဲ့ ဖြေရှင်းကြတာတွေရှိတယ်လေ။ အဲဒါမျိုးတွေမလုပ်ခင် ဘယ် Key ကိုကိုင်လိုက်ရင် ဘယ်လိုဖြေရှင်းနိုင်တယ်ဆိုတာ သိဖို့အတွက် သုတေသနလုပ်ငန်းတွေ လိုအပ်တာပေါ့” ဟု နိုင်ငံရေး၊ စီးပွားရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်း (သင့်ဘ၀)က ဆိုသည်။

တက္ကသိုလ်ရပ်ဝန်းက သုတေသနအသံ

တက္ကသိုလ်များ၏ အသက်သည် သုတေသနလုပ်ငန်းသာဖြစ်ကြောင်း ထင်ရှားသည့် မြန်မာလူမျိုးသမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကဆိုသည်။

တက္ကသိုလ်များ၏ အသက်ဇီဝဖြစ်သော သုတေသနလုပ်ငန်းတိုးတက်ရန် အားပေးရမည်ဆိုသည့်အချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများလည်း သိကြသည်။

ထို့ကြောင့်ပင် ပညာရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည့် ရာထူးတိုးမူဝါဒသစ်တွင် သုတေသနလုပ်ဆောင်ရမည်ဆိုသည့်အချက်ကို ထည့်သွင်းခဲ့သည်။

ယင်းအချက်ကြောင့်ပင် တက္ကသိုလ် ဆရာ၊ ဆရာမအများစုသည် ရာထူးတိုးရေးအတွက် သုတေသနလုပ်ငန်းကို တစ်နှစ်လျှင်တစ်ကြိမ် မဖြစ်မနေဆောင်ရွက်ကြရသည်။

ရာထူးတိုးရေးမဟုတ်ဘဲ မိမိဆန္ဒအလျောက် ဝါသနာပါသဖြင့် သုတေသနလုပ်ငန်းဆောင်ရွက်ကြသည့် တက္ကသိုလ် ဆရာ၊ ဆရာမများရှိသော်လည်း ပမာဏနည်းပါးနေဆဲဖြစ်ကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမအချို့က ပြောဆိုကြသည်။

“ကျွန်တော်တို့ဆီမှာက သုတေသနတော့လုပ်ကြတယ်။ ရာထူးနဲ့ဆွဲဆောင်လိုက်တယ်။ သုတေသနမလုပ်တဲ့သူတွေကို ရာထူးတိုးမပေးဘူးဆိုတော့ ရာထူးတိုးရရေးအတွက်သာလုပ်ကြရတာ။ အဲဒီလိုမဟုတ်ဘဲ ပညာရပ်ကို ခုံမင်မြတ်နိုးလို့တစ်စိုက်မတ်မတ်လုပ်နေတဲ့သူတွေ ဖြစ်သင့်တာ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောကြားသည်။

သုတေသနလုပ်ဆောင်မှသာ ရာထူးတိုးမည်ဆိုသည့် မူဝါဒသစ်ကြောင့် ဘေးထွက်ဆိုးကျိုးအဖြစ် ပေါ်ထွက်လာသော ပြဿနာများလည်းရှိသည်။ ယင်းမှာ သုတေသနစာတမ်းအတု ပြဿနာပင် ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်တွင် သတင်းမီဒီယာအချို့နှင့် Facebook လူမှုကွန်ရက်ပေါ်တွင် ဝိဇ္ဇာသိပ္ပံဆရာ၊ ဆရာမများ၏ ရာထူးတိုးရမှတ်အတွက် အဆင့်မြင့်ပညာဦးစီးဌာနသို့ တင်ထားသည့် သုတေသနစာတမ်းနှစ်သောင်းကျော်တွင် စာတမ်းအတု တစ်ထောင်ကျော် တွေ့ရှိထားသည်ဟူသော သတင်းထွက်ပေါ်လာသည်။

အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကမူ စာတမ်းအတု တစ်ထောင်တွေ့ရှိခြင်း မဟုတ်ဟု ဆိုသည်။

ဆရာ၊ ဆရာမများ၏ သုတေသနစာတမ်းများသည် သက်ဆိုင်ရာနိုင်ငံအလိုက် ပညာရေးဌာနများက အသိအမှတ်မပြုသည့် ဂျာနယ်များတွင် ဖော်ပြခံရခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကော်ပီကူးထားတာ ၃၀ ရာခိုင်နှုန်းကျော်ရင် ပယ်တယ်။ ပယ်တဲ့အခါမှာ နှစ်စောင်က စာသားတူနေရင် တစ်စောင်လို့ သတ်မှတ်ပေးတာ။ တစ်ထောင်ဆိုတာ အင်တာနေရှင်နယ် Publication ပဲမဟုတ်ဘူး။ ပြည်တွင်းဂျာနယ်လည်း ပါတယ်။ ပြည်တွင်းက Repeat (စာတမ်းတူနေခြင်း) ဖြစ်တာများတယ်” ဟု ၎င်းက ဆိုသည်။

ရာထူးတိုးရန် သုတေသနအမှတ်ပေးရာတွင် စာတမ်းပြုစုသူရေးသားထားသော စာတမ်းသည် ပြည်တွင်းထုတ် သုတေသနဂျာနယ် သို့မဟုတ် ပြည်ပထုတ် သုတေသနဂျာနယ်များတွင် ဖော်ပြခံရရန် လိုအပ်သည်။

ထို့ကြောင့် ဆရာ၊ ဆရာမများသည် ပြည်ပထုတ်ဂျာနယ်များတွင် ဆောင်းပါးဖော်ပြခံရရန် အမေရိကန်ဒေါ်လာ ၅၀ မှ ၁၀၀(ကျပ်တစ်သိန်းခွဲဝန်းကျင်) အထိ ပေးရလျက်ရှိသည်။ ထို့နောက် ပြည်ပထုတ်ဂျာနယ်တွင် ဖော်ပြခံရကြောင်း အထောက်အထားများဖြင့် အဆင့်မြင့်ပညာဦးစီးဌာနသို့ တင်ပြရခြင်းဖြစ်သည်။

ပြဿနာမှာ ယင်းပြည်ပထုတ် သုတေသနဂျာနယ်များသည် သက်ဆိုင်ရာနိုင်ငံအလိုက် ပညာရေးဌာနများက အသိအမှတ်မပြုသော၊ နာမည်မကြီးသော ဂျာနယ်များဖြစ်နေခြင်းဖြစ်သည်။

ထို့ကြောင့် သက်ဆိုင်ရာပညာရေးဌာနအလိုက် အသိအမှတ်ပြုမခံရသည့် ပြည်ပထုတ်ဂျာနယ်များတွင် ဖော်ပြခံရသော စာတမ်းများနှင့် အခြားသူ၏ စာတမ်းများမှ တိုက်ရိုက်ကူးယူမှု ၃၀ ရာခိုင်နှုန်းကျော်သော စာတမ်းများကို အဆင့်မြင့် ပညာဦးစီးဌာနက ပယ်လိုက်ခြင်းဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူကမူ စာတမ်းအတုတစ်ထောင်ကျော်တွေ့သည်ဆိုသည့် ပြဿနာသည် ရာထူးတိုးမူဝါဒအသစ်၏ နောက်ဆက်တွဲ ထွက်ပေါ်လာသည့် ပြဿနာတစ်ရပ်ပင်ဖြစ်ပြီး ဆရာ၊ ဆရာမ အများစုသည် ကိုယ်တိုင်အားထုတ်ကာ စာတမ်းပြုစုထားခြင်းဖြစ်ကြောင်းဆိုသည်။

“ဆရာ၊ ဆရာမတွေကို ဂျာနယ်မှာပါမယ်ပြောပြီး ဒေါ်လာယူသွားတာက အင်တာနေရှင်နယ် Publication အတုတွေဖြစ်တယ်ပေါ့။ အဲဒါနဲ့လည်း ရာထူးတိုးသွားကြတာတွေ ရှေ့မှာရှိတယ်။ ရာထူးတိုးမူဝါဒက မသမာမှုကို တွန်းအားပေးစေသလို ဖြစ်တယ်လို့သုံးသပ်တယ်” ဟု ၎င်းက ဆိုသည်။

ဆရာ၊ ဆရာမများ၏ စာတမ်းတစ်ထောင်ကျော် ဖော်ပြလိုက်သည့် ပြည်ပထုတ်သုတေသနဂျာနယ်အများစုသည် အိန္ဒိယနှင့် အာဖရိကအခြေစိုက် ဂျာနယ်များဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှသိရသည်။

လက်ရှိတွင် အဆင့်မြင့်ပညာဦးစီးဌာနသည် ပြည်ပထုတ်သုတေသနဂျာနယ်အတုများ၏ စာရင်းများကို ပြုစုနေပြီး ဆရာ၊ ဆရာမများ သိရှိနိုင်ရေးထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း ယင်းဦးစီးဌာနမှ သိရသည်။

စာတမ်းအတုတွင် မိမိကိုယ်တိုင်ရေးသားထားခြင်းမဟုတ်ဘဲ အခြားသူရေးသားထားသည်များကို ကူးယူကာဖော်ပြသည့် ဆရာ၊ ဆရာမအချို့လည်းရှိကြောင်း ဆရာ၊ ဆရာမများ သုတေသနစာတမ်းစစ်ဆေးရာတွင်ပါဝင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနမှ ဆရာတစ်ဦးကပြောသည်။

သို့သော် ထို့သို့ဆောင်ရွက်သဖြင့် စာတမ်းအပယ်ခံရသည့် ဆရာ၊ ဆရာမများ၏ နာမည်များ ထုတ်ဖော်ပြောဆိုရန်မူ ၎င်းက The Voice Journal သို့ ငြင်းဆိုခဲ့သည်။

ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူကမူ တက္ကသိုလ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝမရသေးဘဲ ရာထူးတိုးရေးမူဝါဒတွင် အဆင့်မြင့်ပညာဦးစီးဌာနက ချုပ်ကိုင်ထားသဖြင့် စာတမ်းအတု ပြဿနာများ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ပြောမယ်ဆိုရင် University Autonomy အရ အာမခံထားရတာတွေရှိမှ ဒီပြဿနာက လွန်မြောက်နိုင်မယ် ထင်တယ်။ သူက ဗဟိုကချုပ်ကိုင်ပြီး ဆုံးဖြတ်နေသမျှမှာ ဒီပြဿနာက ပေါ်နေမှာပဲ။ အမှန်က တက္ကသိုလ်အလိုက် Ethical (ကျင့်ဝတ်ဆိုင်ရာ) ကော်မတီက ဆုံးဖြတ်တယ်ဆိုရင် ဒီပြဿနာက မတက်လောက်ဘူး” ဟု ၎င်းက ဆိုသည်။

သုတေသီ အခက်

ရာထူးတိုးမူဝါဒသစ်အရ တက္ကသိုလ် ဆရာ၊ ဆရာမများသည် တစ်နှစ်လျှင်တစ်ကြိမ် သုတေသနလုပ်ဆောင်ရမည်ဖြစ်သော်လည်း ဆရာ၊ ဆရာမများဘက်တွင်မူ ယင်းသို့လုပ်ဆောင်ရန် အခက်အခဲများရှိသည်။

ပါရဂူဘွဲ့အတွက် သုတေသနစာတမ်းကို လေးနှစ်အတွင်း စာတမ်းနှစ်စောင်ထွက်ရန်နှင့် မဟာဘွဲ့အတွက် သုတေသနစာတမ်းကို တစ်နှစ်အတွင်း စာတမ်းတစ်စောင်ထွက်ရန် အဆင့်မြင့်ပညာဦးစီးဌာနက သတ်မှတ်ထားသည်။

စာတမ်းရေးသားရာတွင်လည်း စာတမ်းရေးမည့်အကြောင်းအရာအလိုက် ကြီးကြပ်သူတစ်ဦး၏ လမ်းညွှန်မှုနှင့် အချက်အလက်စုဆောင်းကာ စာတမ်းရေးသားပြီးစီးနိုင်ရန် အားထုတ်ရသည်။

ရေးသားပြီးသော စာတမ်းများကိုလည်း သက်ဆိုင်ရာပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်သူများရှေ့တွင် စာတမ်းဖတ်ကြားရပြီး မိမိစာတမ်းပါ အချက်အလက်များခိုင်မာကြောင်း ခုခံချေပရသည်။

ဘွဲ့အတွက်မဟုတ်ဘဲ ရာထူးတိုးအတွက်ပြုစုရသည့် စာတမ်းများမှာလည်း ယင်းကဲ့သို့ပင် သဘောသဘာဝခြင်း ဆင်တူသည်။

စာတမ်းပြုစုသူများအနေနှင့် စာတမ်းကြီးကြပ်သူများနှင့် အဆင်ပြေရန်လည်း ကြိုးစားရသည်။

စာတမ်းပြုစုသူသည် စာတမ်းကြီးကြပ်သူနှင့် နားလည်မှုမရဘဲ ဆက်ဆံရေးအဖုအထစ်ရှိပါက စာတမ်းပြီးမြောက်ရန် ကြန့်ကြာတတ်ကြောင်း ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ မဟာဝိဇ္ဇာဘွဲ့အတွက် စာတမ်းပြုစုခဲ့သူတစ်ဦးက ဆိုသည်။

“အဲဒီတုန်းက စာတမ်းက အမေရိကန် ဗန်းစကားတွေနဲ့ ပတ်သက်ပြီးလုပ်တာ။ ကြီးကြပ်တဲ့ဆရာမက စာအကြမ်းရေးထားတာကို အသေးစိတ်ကြည့်ပြီး တစ်ခုချင်းထောက်တာ။ စာတမ်းရေးတာလား။ စိတ်ကူးပေါက်တာတွေရေးထားတာလားဆိုပြီး အစအဆုံးပြန်ရေးခိုင်းတာ။ ခြောက်ခါလောက်ပြင်ရေးလိုက်ရတယ်” ဟုဆိုသည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ စာတမ်းကြီးကြပ်သူ ဆရာတစ်ဦးကမူ စာတမ်းအရည်အသွေးကောင်းရန် စာတမ်းကြီးကြပ်သူသည် သေချာစိစစ်လမ်းညွန်ရကြောင်း၊ သေချာမစိစစ်ပါက စာတမ်းအရည်အသွေးတွင် အားနည်း သွားသည်များ ဖြစ်တတ်သည်ဟုဆိုသည်။

“တမင်ရစ်တာလည်းရှိရင်ရှိမှာပေါ့။ ဒါပေမဲ့ ကြီးကြပ်သူအနေနဲ့ကတော့ စာတမ်းအရည်အသွေးကောင်းဖို့ သေချာစစ်ရတာပဲ။ လမ်းညွန်တဲ့နေရာမှာ အချို့ကျတော့လည်း ခပ်တင်းတင်းပြောတော့ စာတမ်းလုပ်သူက စိတ်ပျက်တာလည်း ရှိတတ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သုတေသနလုပ်သူများအတွက် အခြားအခက်အခဲတစ်ခုမှာ သုတေသနကုန်ကျစရိတ်ကိစ္စလည်း ဖြစ်သည်။ များသောအားဖြင့် မြန်မာနိုင်ငံတွင် သုတေသနလုပ်သူများသည် ကိုယ်တိုင်ငွေကြေးစိုက်ထုတ်ကာ သုတေသနလုပ်နေရသည်ကများသည်။

ပါရဂူဘွဲ့အတွက် သုတေသနလုပ်ဆောင်ပါက အနည်းဆုံးငွေကျပ် ငါးသိန်းမှ သိန်းသုံးဆယ်အထိကုန်ကျပြီး မဟာဝိဇ္ဇာဘွဲ့အတွက်စာတမ်းလုပ်ဆောင်ပါက အနည်းဆုံးငွေကျပ် သုံးသိန်းမှ ခြောက်သိန်းကျော်အထိ ကုန်ကျကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမအချို့က ပြောပြသည်။

သို့သော် ငွေကြေးကုန်ကျမှုပမာဏမှာ သက်ဆိုင်ရာ သုတေသနလုပ်သည့် ဘာသာရပ်နယ်ပယ်အလိုက် တစ်သမတ်တည်းမရှိဘဲ ကွဲပြားမှုရှိကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမများထံမှသိရသည်။

ဧရာဝတီတိုင်း ဟင်္သာတခရိုင်မှ လာရောက်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာရေးမဟာအရည်အချင်းစစ်သင်တန်းအတွက် စာတမ်းပြုစုနေသည့် ဒုတိယဦးစီးမှူးဖြစ်သူ ဦးအေးမင်းထိုက်တွင် စာတမ်းပြုစုနိုင်ရေးအတွက် အခက်အခဲ အချို့ရှိနေသည်။ သူရေးသားနေသောစာတမ်းမှာ မြန်မာနိုင်ငံတွင် ဆရာအတတ်ပညာ (Teaching Methodology) တိုးတက်ရေးနှင့် ပတ်သက်နေသည်။

“အခက်အခဲကတော့ စာအုပ်စာတမ်း Update ရှားတာပေါ့။ တချို့ Free ရတာတွေလည်း လိုင်းပေါ်က Download လုပ်လို့ရရင် လုပ်ပေါ့။ တချို့ဟာတွေကျတော့လည်း လှမ်းဝယ်ရတယ်။ မြန်မာပြည်မှာ စာအုပ်အနေနဲ့ အလွယ်တကူဝယ်ရတာပဲဖြစ်ဖြစ်၊ ငှားလို့ရတာပဲဖြစ်ဖြစ်ဆို သိပ်အခက်အခဲ မရှိဘူးပေါ့” ဟု ၎င်းက ပြောသည်။

ဆရာဦးအေးမင်းထိုက်သည် ဟင်္သာတခရိုင် ပညာရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေရာမှ ခွင့်ယူကာ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် သင်တန်းလာတက်နေသူလည်းဖြစ်သည်။ ၎င်းသည် အခြေခံပညာသင်ရိုးသစ်ရေးဆွဲရေးအဖွဲ့တွင်လည်း ပါဝင်သူဖြစ်ရာ တစ်ဖက်တွင် သင်ရိုးသစ်ရေးဆွဲရေးအတွက် အလုပ်လုပ်နေရင်းဖြင့် စာတမ်းပြုစုနေသူ ဖြစ်သည်။

“လစာက နှစ်သိန်းတစ်သောင်းခြောက်ထောင်ပဲရတယ်။ အခုစာတမ်းကတော့ ကိုယ့်ဟာကိုယ်ပဲ စိုက်ထုတ်ပြီး လုပ်နေတာပဲ။ ပညာရေးဝန်ကြီးဌာနဆီမှာ သုတေသနအတွက် ထောက်ပံ့ငွေလျှောက်လို့ ရတယ်ဆိုပေမယ့်လည်း အကုန်လုံးက ဒီလိုပဲ ကိုယ့်ဟာကိုယ်အကုန်အကျခံပြီး လုပ်နေတာဆိုတော့ ကျွန်တော်လည်း ထောက်ပံ့ကြေးမလျှောက်ဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။

၎င်းအနေနှင့်လည်း သုတေသနလုပ်နေသည်မှာ အချိန်သိပ်မကြာသေးသဖြင့် လက်ရှိအချိန်တွင် ကုန်ကျမှုမများသေးကြောင်း ဦးအေးမင်းထိုက်က ပြောသည်။ အဆင့်မြင့်ပညာကဏ္ဍရှိ ဆရာမများတွင်လည်း အခြေခံပညာဦးစီးဌာနက ဆရာဦးအေးမင်းထိုက်ကဲ့သို့ပင် အလုပ်တစ်ဖက်နှင့် ရာတိုးအတွက် သုတေသနလုပ်ရသည်လည်းရှိသည်။

တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများသည် စာပေသင်ကြားရေးအပါအဝင် သက်ဆိုင်ရာဌာနအလိုက် ရုံးလုပ်ငန်းများတစ်ဖက်နှင့် သုတေသနလုပ်ကြရခြင်းဖြစ်ပြီး သုတေသနလုပ်ငန်းတွင်လည်း ကိုယ်တိုင်ငွေကြေးစိုက်ထုတ်ကာ လုပ်ရသည်ကများသည်။

တက္ကသိုလ်ဆရာ၊ ဆရာမများ၏ လစာမှာ သုံးသိန်းကျပ်ဝန်းကျင်ခန့်ရသည်ဖြစ်ရာ သုတေသနအတွက် ငွေကြေးစိုက်ထုတ်လိုက်ရပါက စား၊ ဝတ်၊ နေရေး အတွက် ငွေကြေးအကျပ်အတည်းတွေ့နိုင်သည့် အနေအထားဖြစ်သည်။

MTF အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်ကမူ ပညာရေးဝန်ကြီးဌာနကပေးသည့် သုတေသနထောက်ပံ့ငွေရရန် သုတေသနအတွက် သုံးစွဲမည့်ငွေကြေးကို အသေးစိတ်တင်ပြရပြီး ကြန့်ကြာမှုများ ရှိနေသည်။ ထောက်ပံ့သည့် ငွေပမာဏ နည်းပါးသည့်အတွက် သုတေသနလုပ်မည့် ဆရာ၊ ဆရာမများက ထောက်ပံ့ကြေး မလျှောက်ကြကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံမှာက ကြိုးနီစနစ်ကရှိတော့ ဟိုတင်ရ၊ ဒီတင်ရ၊ ဟိုလှမ်းတောင်းရနဲ့ ကြန့်ကြာတယ်။ အလီလီတောင်းနေမှ တစ်စောင်ဆို နှစ်သောင်း၊ သုံးလေးသောင်းပေါ့။ အဲဒီလောက်ရတယ်။ အဲဒီတော့ ဘယ်သူမှတောင်းမနေတော့ ဘူးဗျာဆိုပြီးတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်နေရတာ”

အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းကမူ အဆင့်မြင့်ပညာဦးစီးဌာနက သုတေသနရန်ပုံငွေလျှောက်ထားမှုများကို ခွင့်ပြုပေးနေသည်ဟု ဆိုသည်။

“သိန်းတစ်ရာအောက်ဆိုရင် အလွယ်တကူလျှောက်လို့ရပါတယ်။ ဘာမှ ခက်ခဲမှုတော့မရှိပါဘူး။ တအားကြီး မီလီယံနဲ့ချီတဲ့ Project အကြီးတွေတော့ မရဘူးပေါ့” ဟု ၎င်းကဆိုသည်။

အဆင့်မြင့်ပညာဌာနဘက်က သုတေသနထောက်ပံ့ငွေများကို ခွင့်ပြုပေးနေသည်ဟုဆိုနေသော်လည်း ဆရာ၊ ဆရာမများကမူ ပညာရေးဝန်ကြီးဌာနက သုတေနထောက်ပံ့ငွေပေးမှု ပမာဏနည်းကာ ကြန့်ကြာမှုများရှိနေသဖြင့် ကောင်း မွန်သည့် သုတေသနရလဒ်များထွက်ရန် အခက်အခဲများရှိနေသည်ဟုဆိုသည်။

သို့ဖြစ်ရာ တက္ကသိုလ်ဆရာ၊ ဆရာမများ သုတေသနအတွက် ထောက်ပံ့ပေးမှုကိစ္စမှာ အငြင်းပွားဖွယ်ရာအနေအထား ဖြစ်နေသည်။

သုတေသနအတွက် ထွက်ရပ်လမ်း

အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် သုတေသနလုပ်ဆောင်ရန် အခက်အခဲများရှိနေသော်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကမူ သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန် တိုက်တွန်းနေသည်။

“အရင်နှစ်က ကျွန်မပြောခဲ့သလိုပဲ၊ သုတေသနလုပ်ငန်းတွေမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းပိုင်းက ပံ့ပိုးကူညီမှုတွေ ရအောင်လုပ်ကြပါလို့ ထပ်မံတိုက်တွန်း လိုပါတယ်” ဟု ၎င်းက ယခုနှစ်အတွင်း ပြောကြားခဲ့သေးသည်။

ထို့ပြင် အမျိုးသားပညာရေးစနစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးကဏ္ဍအသီးသီး၌ အရည်အသွေးအာမခံ စနစ်တစ်ရပ်ထားရှိရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ၏ ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းကမူ သုတေသနလုပ်ငန်းများတိုးတက်စေချင်ပါက နှုတ်အားဖြင့် တိုက်တွန်းနေရုံဖြင့် မလုံလောက်ဘဲ ငွေကြေးပံ့ပိုးကူညီမှုများလည်း လိုအပ်ကြောင်း ပြောကြားသည်။

ISP Myanmar သည် လူငယ်သုတေသနအစီအစဉ်တစ်ရပ် အကောင်အထည်ဖော်ကာ သုတေသနစိတ်ဝင်စားသည့် လူငယ်များကို သုတေသနထောက်ပံ့မှုများလည်း ဆောင်ရွက်နေသည့်အဖွဲ့ ဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာကြည့်မယ်ဆိုရင် ပုဂ္ဂလိကကဏ္ဍက သုတေသနမှာ သုံးနိုင်တယ်ဆိုတာက ကျွန်တော်ထင်တယ် မရှိသလောက်ပဲ။ အဲဒါဆိုရင် အစိုးရရဲ့ ကဏ္ဍကရော။ အစိုးရက သုတေသနမှာ ဘယ်လောက်သုံးနိုင်မလဲဆိုတာက သုတေသနလုပ်ငန်းတွေ တိုးတက်စေချင်ပါတယ်ဆိုပြီးတော့ ပြောလို့မရဘူးလေ။ ပိုက်ဆံလည်း ထည့်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာနအောက်တွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (Research and Development) ဖွဲ့စည်းထားပြီး တက္ကသိုလ်များ၏ သုတေသနလုပ်ငန်းများတွင် ပြင်ပစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်နိုင်ရန် မက်လုံးပေးဆွဲဆောင်နေကြောင်း ၎င်းက ဆိုသည်။

“အခုထိုင်းမှာ သူတို့ဦးစားပေးတာက High Tech လုပ်သားတွေ ထွက်လာစေချင်တယ်။ သူတို့က အဲဒီကုမ္ပဏီကြီးတွေက တက္ကသိုလ်တွေနဲ့ ပေါင်းပြီးတော့ Public Private Partnership ပေါ့။ သုတေသနလုပ်ငန်းတွေလုပ်ရင် အခွန်ကင်းလွတ်ခွင့်ရတယ်။ အစိုးရက အခွန်လျှော့ပေးတာတွေရှိတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများအနေနှင့် တက္ကသိုလ်များနှင့် ပူးပေါင်းကာ သုတေသနလုပ်ပါကာ အခွန်လျှော့ပေးမည်ဆိုသည့် မက်လုံးပေးမှုမရှိကြောင်း၊ ထိုသို့ဆွဲဆောင်ပါက တက္ကသိုလ်များ၏ သုတေသနလုပ်ငန်းများတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ ပံ့ပိုးမှုရလာနိုင်ကြောင်း ဦးအောင်သူငြိမ်းက အကြံပြုသည်။

ထို့ပြင် အရည်အသွေးကောင်းမွန်သည့် သုတေသနစာတမ်းများ ပေါ်ထွက်လာရန် သုတေသနအရည်အသွေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကဲဖြတ်စစ်ဆေးမည့် Quality Insurance System (အရည်အသွေး အာမခံမှု) စနစ်တစ်ရပ်ထူထောင်ရန် လိုအပ်သည်ဟု ဦးအောင်သူငြိမ်းက ဆိုသည်။

မြန်မာနိုင်ငံတွင် တိုးတက်ပြီးနိုင်ငံများတွင်ရှိသည့် ပညာရေးအရည်အသွေးကောင်းမွန်မှုကိုအကဲဖြတ်သည့် စနစ်တစ်ရပ် ထူထောင်ရန် အမျိုးသားပညာရေးမူဝါဒကော်မရှင်က လွန်ခဲ့သည့်ငါးနှစ်ကတည်းက ကြိုးစားနေခဲ့သော်လည်း လက်ရှိအချိန်ထိ ထင်ရှားသည့် စနစ်တစ်ရပ်ပေါ်ထွက် မလာသေးပေ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာအဖွဲ့ချုပ်အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်ကမူ တက္ကသိုလ်များ၏ သုတေသနကဏ္ဍတိုးတက်ရေးအတွက် သုတေသနရန်ပုံငွေနှင့် သုတေသနထောက်ပံ့ငွေများကို ခွင့်ပြုမည့်အဖွဲ့အစည်းတစ်ရပ် သီးသန့် တည်ထောင်ရန် လိုအပ်သည်ဟုဆိုသည်။

“ထောင်ပြီးတော့မှ သုတေသနလုပ်ချင်တဲ့သူတွေက သူတို့ရဲ့ သုတေသနကို Proposal (အဆိုပြုလွှာ) လာတင်မယ်။ ဥပမာဗျာ တစ်သိန်းကျမယ်ဆိုရင် အပြည့်ပေးမလား၊ တစ်ဝက်ပေးမလား ကျွမ်းကျင်တဲ့ပညာရှင်တွေက စိစစ်မယ်။ တချို့နိုင်ငံတွေမှာဆိုရင် အပြည့်ပေးပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ၏ ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိုကဲ့သို့ သုတေသနရန်ပုံငွေ ထောက်ပံ့သည့်အဖွဲ့ရှိပြီး သုတေသနထောက်ပံ့ငွေလျှောက်သူသည် သုတေသနကုန်ကျစရိတ်၏ ၆၀ ရာခိုင်နှုန်းခန့်ကိုသာ စာရင်းဇယားဖြင့် တင်ပြရကြောင်း ၎င်းကဆိုသည်။

“ဟောင်ကောင်မှာဆိုရင် သူပေးလိုက်တဲ့ငွေရဲ့ ၆၀ ရာခိုင်နှုန်းကိုပဲ စာရင်းဇယားနဲ့ ပြန်တင်ပြဖို့လိုတယ်။ သုတေသနလုပ်တဲ့အခါမှာ ရှင်းမပြနိုင်တဲ့ အသေးစားအသုံးစားရိတ်တွေရှိတဲ့အတွက် ၄၀ရာခိုင်နှုန်းက ပြန်တင်ပြစရာမလိုတာမျိုး မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးဖြစ်စေချင်တယ်” ဟု ၎င်းက ဆိုသည်။

မည်သို့ပင်ဖြစ်စေ သေချာသည့်အချက်မှာ မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာကဏ္ဍတွင် အရည်အသွေးကောင်းပြီး အရေအတွက်အားဖြင့်လည်းများသော သုတေသနလုပ်ငန်းများတိုးတက်ရန် လိုအပ်နေသည်ဆိုသည့် အချက်ဖြစ်သည်။

မြန်မာနိုင်ငံသည် တပ်မတော်အစိုးရလက်ထက်တွင် တံခါးပိတ်ဝါဒကိုကျင့်သုံးခဲ့ပြီး ပြည်ပနိုင်ငံများနှင့် ပညာရပ်ဆိုင်ရာ ကူးလူးဆက်ဆံမှုများလည်း နည်းပါးခဲ့ကာ တစ်ချိန်က ကောင်းမွန်သည့် သုတေသနလုပ်ငန်းများ အားနည်းသွားခဲ့သည်။

ယင်းသို့အားနည်းသွားခဲ့သော တက္ကသိုလ်သုတေသနလုပ်ငန်းများ တိုးတက်အားကောင်းရန် အစိုးရတွင် တာဝန်ရှိသည်မှာ မှန်ကန်သော်လည်း ဆရာများတွင်လည်း ယခုကဲ့သို့တာဝန်ရှိကြောင်း ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနမှ ဆရာတစ်ဦးယခုကဲ့သို့ဆိုသည်။

“ဆရာတွေကိုယ်တိုင်လည်း တတ်နိုင်သလောက် သုတေသနလုပ်ဖို့လိုတာပေါ့။ ထောက်ပံ့မှ လုပ်မယ်ဆိုပြီး ဘယ်ဆီနေမှန်းမသိတဲ့ဟာကို စောင့်နေရင် ဘာမှလည်း သိပ်ဖြစ်လာမှမဟုတ်ဘူးလေ” 

ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *