ပျောက်ကွယ်သွားသည့် သမိုင်းဝင်အိမ်ကြီးများ

ကတ္တရာလမ်းသွယ်လေး၏ ဘေးတစ်ဖက်တစ်ချက်တွင် မိုးမျှော်တိုက်တန်းများက အစီအရီခြံရံလို့ထားသည်။

ရန်ကုန်မြို့ထဲအတွင်း မိုးမျှော်တိုက်များကို မြင်ရသည်မှာမထူးခြားသော်လည်း စမ်းချောင်းမြို့နယ်၊ ချမ်းသာလမ်းထဲမှ တိုက်အမှတ် (၅)ကတော့ ထူခြားမှုများ ရှိနေသည်။

အကြောင်းမူကား ထိုမိုးမျှော်တိုက်မှာ အတိတ်သမိုင်းထဲတွင် နယ်ချဲ့တို့ကို တွန်းလှန်ခဲ့သူ၊ မြန်မာပြည်ကို ငြိမ်းချမ်းစေလိုသူ သခင်ကိုယ်တော်မှိုင်းနေထိုင်ခဲ့ရာ အမှတ် (၅)နေအိမ် ဖြစ်နေသောကြောင့် ဖြစ်သည်။

သို့သော် အိမ်အမှတ် (၅)နေရာမှ တိုက်အမှတ် (၅) အဖြစ် ပြောင်းလဲခဲ့ပြီ ဖြစ်သလို နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် စာပေအရေးစသဖြင့် အရေးပေါင်းများစွာတို့ကို ဆွေးနွေးခဲ့ရာ ထိုသစ်သားအိမ် အစား တိုက်ခန်း (၁၂) ခန်း ပါဝင်သည့် ခြောက်လွှာတိုက်ခန်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီဖြစ်သည်။

မြို့ပြဖွံ့ဖြိုးလာမှုနှင့်အညီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များမှာ တစ်စ တစ်စယုတ်လျော့လာကြရသလို ထိုအမွေအနှစ်များကိုထိန်းသိမ်းရန် တာဝန်ရှိသူများ၏ လျစ်လျူရှုခြင်းခံရသည့်အခါ အိမ်မှ တိုက်သို့ ပြောင်းလဲသွားကြရတော့သည်။

အမှန်စင်စစ် မြန်မာနိုင်ငံ၏ နိုင်ငံရေးရေစီးထဲတွင် သခင်ကိုယ်တော်မှိုင်းမှာ ရေစုန် ရေဆန် ပါဝင်ခဲ့သည့် အထင်ကရ ခေါင်းဆောင်ကောင်းတစ်ဦးပင်။

ငယ်အမည် မောင်လွမ်းမောင်မှ မောင်လွန်းဟု အမည်တွင်ခဲ့သော ၎င်းမှာ ၁၀ နှစ်သားအရွယ် ၁၈၈၅ ခုနှစ် နိုဝင်ဘာတွင် သီပေါမင်းပါတော်မူပုံကို မန္တလေးမြတောင် ကျောင်းတိုက်ပေါ်မှတစ်ဆင့် မြင်ခဲ့ရပြီး နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ဝင်ရောက်လာခဲ့သည်။ အသက် ၁၉ နှစ်တွင် ရန်ကုန် ရှိပုံနှိပ်တိုက်တွင် စာပြင်ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ရွှေတောင် ဆရာလွမ်းအမည်ဖြင့် ဇာတ်စာအုပ်များလည်း ရေးသားသည်။

ထို့နောက် သူရိယသတင်းစာတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ကာ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားယဉ်ကျေးမှု အစဉ်အလာများကို ဖော်ထုတ်သောဆောင်းပါးများနှင့် ကဗျာများဖွဲ့ဆို ရေးသားခဲ့ပြီး ထိုစာပေများကို ဗိုလ်ဋီကာဟု အမည်ပေးကာ ကလောင်နာမည်ကို မောင်မှိုင်းဟု တပ်ရာမှ ဆရာမှိုင်းဟု အမည်တွင်ခဲ့သည်။

၁၉၂၀ ပြည့်နှစ်၌ အမျိုးသားကောလိပ်တွင် မြန်မာစာနှင့် ရာဇဝင်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာစံအရေးတော်ပုံ၊ ကျောင်းသားသပိတ်၊ တို့ဗမာအစည်းအရုံးတို့ကို လေးချိုးကြီးများဖွဲ့၍ ထောက်ခံခဲ့သည်။

တို့ဗမာအစည်းအရုံးနာယကဆရာကြီးဖြစ်လာပြီးနောက် ၁၉၄၁ ခုနှစ်တွင် ဗြိတိသျှအစိုးရက ထုတ်ပြန်သော နယ်ချဲ့ ရန်သူတော်စာရင်းတွင် နံပါတ် (၁) ဖြစ်လာခဲ့ပြီး သခင်အောင်ဆန်းမှာ နံပါတ် (၅) ဖြစ်သည်။

လွတ်လပ်ရေးရပြီးချိန်တွင် ဆရာကြီးမှာ အမျိုး၊ဘာသာ၊ သာသနာနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းများကို ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ) ဥက္ကဋ္ဌအနေနှင့် ကြိုးပမ်းဆောင်ရွက်ရာ တရုတ်၊ ဟန်ဂေရီ၊ သီဟိုဠ်နိုင်ငံတို့သို့ သွားရောက်ခဲ့ပြီး ကမ္ဘာ့အကျိုးကိုဆောင် ရွက်ခဲ့သဖြင့် ၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုကို ချီးမြှင့်ခံခဲ့ရသည်။

ဆန်ကုန်သည်သမီး ဒေါ်ရှင်နှင့် အိမ်ထောင်ကျ၍ သားသမီးလေးဦး ထွန်းကားခဲ့ပြီး ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ထိုနေအိမ်၌ပင် ကွယ်လွန်ခဲ့သည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အင်္ဂလိပ်နယ်ချဲ့တော်လှန်ရေး၊ ဂျပန်တော်လှန်ရေး၊လွတ်လပ်ရေးရပြီး ပြည်တွင်းငြိမ်းချမ်းရေးခေတ်တို့တွင် အရေးပါသောနေရာမှ ပါဝင်ပတ်သက်ခဲ့သည်။

လွတ်လပ်ရေးရပြီးချိန်တွင် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်နှင့် ကြုံတွေ့ခဲ့ရသည်။ လွတ်လပ်ရေးကို အတူရယူခဲ့သော ရဲဘော် ရဲဘက်အချင်းချင်း အာဏာလုတိုက်ခိုက်ခဲ့ကြသည်။

သို့ရာတွင် အစိုးရဖြစ်နေသော ဖဆပလခေါင်းဆောင်များ၊ တောတွင်းလက်နက်ကိုင်အဖွဲ့များဖြစ်သော ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့၊ တပ်မတော်မှ တောခိုသွားသောအဖွဲ့များမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို လေးစားကြသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် နိုင်ငံရေးအဖွဲ့အစည်းအသီးသီး၏ လေးစားခြင်းခံရသော တစ်ဦးတည်းသော ခေါင်းဆောင်လည်း ဖြစ်သည်။

ထိုကဲ့သို့ အဖွဲ့အစည်းအမျိုးမျိုးဝင်ထွက်နေသော နေအိမ်ဖြစ်၍ သခင်ကိုယ်တောင်မှိုင်း ကွယ်လွန်ပြီးနောက်ပိုင်း စစ်အစိုးရလက်ထက်တစ်လျှောက်တွင်လည်း သခင်ကိုယ်တော်မှိုင်းအတွက် ရည်ရွယ်ပြုလုပ်သည့် အလှူအတန်းပွဲများကိုပင် စောင့်ကြည့်ခံခဲ့ရသည်ဟု သခင်ကိုယ်တောင်မှိုင်း၏ မြေးဖြစ်သူ ဒေါ်မြမြအေးက ဆိုသည်။

“(အိမ်ပြင်ပေးဖို့မပြောနဲ့) ဒီမှာတောင် နေတာ သိပ်မကြိုက်ချင်ဘူး။ ဒီနေရာက ငြိမ်းချမ်းရေးကို အယောင်ပြပြီး တောတွင်းအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်လို့ သူတို့က ထင်တယ်” ဟု၎င်းက ပြန်လည်ပြောပြသည်။

ဒေါ်မြမြအေးမှာ သခင်ကိုယ်တော်မှိုင်း၏ သမီးကြီးဖြစ်သူဒေါ်မြရီက မွေးဖွားခဲ့သည့် သားသမီးငါးဦးထဲမှ တစ်ဦး ဖြစ်သည်။

မွေးချင်းငါးဦးတွင် ဒေါ်မြမြအေးနှင့် အစ်ကိုဖြစ်သူ ဦးတင်အောင်သာသက်ရှိ ထင်ရှားကျန်ရစ်သလို အသက် ၇၀၊ ၈၀ အရွယ်များဖြစ်ပြီး လက်ရှိခြံအမှတ် (၅) နေအိမ်၌ ၎င်းတို့နှစ်ဦးတည်းသာ နေထိုင်လျက်ရှိသည်။

ထိုကဲ့သို့ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် အထင်ကရပါဝင်ခဲ့သူတစ်ဦး၏ နေထိုင်ခေါင်းချရာ နေအိမ်၏ အငွေ့အသက်များမှာ ယခုတွင်မူ ရှာဖွေ၍ မရတော့ပြီ။

ထိုအိမ်အမှတ်  (၅) မှာ သမီးကြီး မမြရီနှင့် စာရေးဆရာဇေယျ (ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန် ဦးယော)တို့ ဇနီးမောင်နှံက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ထိုနေအိမ်တွင် သခင်ကိုယ်တော်မှိုင်းမှာ နှစ်ပေါင်း ၆၀ နီးပါး သမီးကြီး၏ မိသားစုနှင့်အတူ နေထိုင်သွားခဲ့သည်။

ထိုနေအိမ်အတွင်းရှိ သခင်ကိုယ်တော်မှိုင်းချန်ရစ်သော သမိုင်းအမွေအနှစ်များမှာ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းနှင့်အတူ ပျောက်ဆုံးခဲ့ရခြင်းလည်း ဖြစ်သည်။

နာဂစ်ဒဏ်ကြောင့် နေအိမ်မှာ ပြိုကျခဲ့ပြီး ပြန်လည်ပြင်ဆင်ပေးမည့် သူကို စောင့်ဆိုင်းခဲ့သော်လည်း မရှိခဲ့ပေ။ ကျန်ရစ်သော မျိုးဆက်များမှာလည်း ထိုကာလက ပြန်လည်ပြင်ဆင်နိုင်သည့် စွမ်းအား မရှိခဲ့။

“အိမ်ကြီးပျက်စီးပြီးတော့တောင်  သုံးလေးနှစ်လောက် စောင့်သေးတယ်။ ဘယ်လိုမှ နေမရတော့လို့ အခုလို လုပ်လိုက်ရတာ”ဟု သခင်ကိုယ်တော်မှိုင်း၏ မြေးဖြစ်သူ ဒေါ်မြမြအေးက ပြန်လည် ပြောပြသည်။

ထို့ကြောင့်ပင် ယခုလိုအိမ်မှ တိုက်အဖြစ် ပြောင်းလဲခဲ့ရခြင်းဖြစ်သည်။

ထိုတိုက်ဆောက်လုပ်ရာတွင်လည်း သခင်ကိုယ်တော်မှိုင်းကို ကြည်ညိုသည့် တပည့်တစ်ဦး၏ မျိုးဆက်က ကန်ထရိုက်ယူကာ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ နေအိမ်ကဲ့သို့ပင် ပြောင်းလဲခဲ့သော နောက်ထပ်အိမ်တစ်အိမ်ရှိသေးသည်။

ထိုအိမ်ကား ယခုဆရာစံလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်မှ ပုလဲကွန်ဒိုတည်ရှိရာသည် မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်သူ စဝ်ရွှေသိုက်၏ နေအိမ်ဖြစ်ခဲ့ဖူးကြောင်း BBC Burmese သတင်းဌာနက ဖော်ပြထားသော သူပုန်ဘ၀နဲ့ သမ္မတအိမ်မှာ တည်းခဲ့သူ ဆောင်းပါးတွင် ဖော်ပြခဲ့သည်။

အခြားတစ်ဖက်တွင်မူ နိုင်သလောက်အားဖြင့် မိသားစုများကိုယ်တိုင်ထိန်းသိမ်းနေသည့် မြန်မာ့သမိုင်းထဲက အထင်ကရပုဂ္ဂိုလ်များ၏ နေအိမ်များလည်း ကျန်ရှိနေသေးသည်။

ကမာရွတ်မြို့နယ် ပန်ဝါလမ်း၊ အမှတ် (၃၁) တွင်ရှိသော ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏ နေအိမ်ကို မိသားစုက ပြတိုက်အဖြစ် ၂၀၁၃ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။

ဦးသန့်သည် အသံလွှင့်ဌာန ညွှန်ကြားရေးဝန်၊ ပြန်ကြားရေးဝန်နှင့် ဝန်ကြီးချုပ် ဦးနု၏ အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဆိုင်ရာအမြဲတမ်း သံအမတ်ကြီး၊ တတိယမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

လက်ရှိဦးသန့်နေအိမ်ပြတိုက်မှာ ယခင်က ကိုလိုနီခေတ်အုပ်ချုပ်ရေးအရာရှိများ နေထိုင်ရန် ဆောက်လုပ်ခဲ့သည့် ဝင်ဒါမီယာ ဥယျာဉ်အိမ်ရာမှ အစိုးရပိုင်အဆောက်အအုံဖြစ်ခဲ့သည်။

ဦးသန့်၏ မြေးဖြစ်သူ ဒေါက်တာ ဦးသန့်မြင့်ဦးက ပြတိုက်နှင့် အများပြည်သူ ပွဲလမ်းများကျင်းပသည့် နေရာအဖြစ် အသုံးပြုခွင့်တောင်းခဲ့ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခွင့်ပြုခဲ့ပြီး ဦးသန့်၏ လုပ်ဆောင်ချက်များကို ကျောင်းသားများနှင့် အများပြည်သူများသိရှိစေရန် ရည်ရွယ် ဖွင့်လှစ်ထားခြင်းလည်း ဖြစ်သည်။

ဝန်ကြီးချုပ်ဦးနု၏ နေအိမ်ပြခန်းသည်လည်း ထို့အတူပင်။ အမှတ်(၄၂)၊ ပြည်ထောင်စုလမ်းသွယ်၊ ဗဟန်းမြို့နယ်တွင် တည်ရှိပြီး သမီးကြီးဖြစ်သူ ဒေါ်စန်းစန်းနုက ၎င်း၏ ရည်ရွယ်ချက်အတိုင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးဇာတ်ခုံထဲတွင် ရှေ့တန်းက ပါဝင်ကပြခဲ့သူတစ်ဦးအဖြစ် ဝန်ကြီးချုပ် ဦးနုသည်လည်း တာဝန်ကျေပွန်ခဲ့သလို စာပေ၊ ဘာသာရေးတို့တွင်လည်း ထူးချွန်ပြောင်မြောက်ခဲ့သူဖြစ်သည်။

“အစ်မကြီးက လုပ်ချင်တယ်ပြောနေတာ ကြာပါပြီ။ မနှစ်ကမှ အကောင်အထည်ဖော်ဖြစ်တယ်။ ဝိုင်းဝန်းကူညီကြရတာပေါ့”ဟု ဦးနု၏ သမီး၊ ဒေါ်စန်းစန်းနု၏ ညီမဒေါ်သန်းသန်းနုက ပြောပြသည်။

ထိုကဲ့သို့ နေအိမ်ပြခန်းဖြစ်လာစေရန်အတွက် ပြင်ဆင်မှုများပြုလုပ်ခဲ့ရပြီး မိုးယိုသည့်အခြေအနေကို ပြုပြင်ရန်ပင် ဦးနု+ဒေါ်မြရီ ဖောင်ဒေးရှင်းအနေနှင့်လည်း ဆောင်ရွက်ခဲ့ရသည်။

အထင်ကရ ပုဂ္ဂိုလ်များကို အသိအမှတ်ပြု၍ မပျောက်ပျက်ရန် ထိန်းသိမ်းရာတွင် သမိုင်းတွင် ပါဝင်ဆောင်ရွက်ခဲ့ပုံကိုသာ ကြည့်ရမည်ဟု ဒေါ်သန်းသန်းနု ကဆိုသည်။

“ဟိုအစိုးရနဲ့ မတည့်ဘူး၊ ဒီအစိုးရနဲ့ တည့်တယ်။ အဲဒါမဟုတ်ဘူးလေ။ ဒီသမိုင်းကြောင်းမှာ တောက်လျှောက် ဘယ်လို ပါဝင်ခဲ့သလဲ။ သမိုင်းကို ကြည့်ရမှာလေ”ဟု ဒေါ်သန်းသန်းနုက ဆိုသည်။

ထိုပုဂ္ဂိုလ်များ၏ ကျန်ရှိခဲ့သောအမွေအနှစ်များထဲမှ ယနေ့ခေတ်လူငယ်မျိုးဆက်သစ်များအတွက် သင်ယူလေ့လာစရာများစွာ ကိန်းအောင်းနေပေမည်။ သို့သော် မိသားစုက ထိန်းသိမ်း၍သာ ကျန်ရှိနေခြင်း ဖြစ်သည်။ ရေရှည်ထိန်း သိမ်းနိုင်ခြင်းရှိ မရှိကိုတော့ မည်သူကမျှ အတိအကျမပြောနိုင်ပေ။

နိုင်ငံတကာတွင်လည်း အထင်ကရ ပုဂ္ဂိုလ်များ၏ နေအိမ်များကိုအစိုးရတာဝန် ရှိသူများက ထိန်းသိမ်းကြခြင်းမျိုး လုပ်ဆောင်ကြသည်။

ဆွစ်ဇာလန်နိုင်ငံတွင် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း၏ မိသားစုနေထိုင်ခဲ့သော အိမ်ကို ပြတိုက်ပြုလုပ်ထားသလို နာမည်ကျော်ဝတ္ထုတစ်ပုဒ်ဖြစ်သည့် Wuthering Heights ကို ရေးသားသော Bronte ညီအစ်မနေထိုင်သည့် အိမ်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားသည်။

ကမ္ဘာကျော် စာရေးဆရာကြီး ဟဲမင်းဝေးနေထိုင်ခဲ့သော ကိုလိုနီပုံစံအိမ်ကို ထိန်းသိမ်း၍အခကြေးငွေဖြင့် ပြသထားသလို လူတစ်ဦးလျှင် ကြည့်ရှုချိန် တစ်နာရီခွဲအတွက် ၁၄ ဒေါ်လာပေးရသည်။

ထို့အတူ Rock ဘုရင်ကြီးဟု တင်စားကြသည့် နာမည်ကျော် အနုပညာရှင် အဲဗစ်ပရက်စလေ၏ နေအိမ်သည်လည်း ပြတိုက်ပြုလုပ်ထားပြီး ဝင်ကြေးအဖြစ် ဒေါ်လာ ၄၀ သတ်မှတ်ထားသည်။

လက်တွေ့ဘ၀တွင်မရှိဘဲ ဝတ္ထုထဲမှ စိတ်ကူးယဉ်ဇာတ်လိုက်ဖြစ်သူ ကမ္ဘာကျော် စုံထောက်ကြီး ရှားလော့ဒ်ဟုမ်းသည်ပင် လန်ဒန်မြို့၏ Baker Street လမ်းထဲတွင် နေအိမ်ပြတိုက်တစ်ခု ပိုင်ဆိုင်ထားပြီး ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်တစား လာရောက်လေ့လာသည့် နေရာတစ်ခု အဖြစ်ရှိနေသည်။

ဝင်ရောက်လေ့လာခွင့်ကို အခကြေးငွေဖြင့် သတ်မှတ်ကောက်ခံသည့်အတွက် ခရီးသွားလုပ်ငန်းတွင် အကျိုးရှိသလို ထိုငွေကြေးဖြင့်ပင် အဆောက်အအုံများကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်လေသည်။

“ပြဿနာကနောက်ပိုင်းမှာ ကျန်ခဲ့တဲ့ မျိုးဆက်တွေရဲ့ တောင့်တင်းခိုင်မာမှုအပေါ်မှာ အဓိက သွားတည်မှီတာပေါ့။ အနောက်နိုင်ငံတွေမှာဆိုရင် ပြပြီးတော့ အဖိုးအခယူပေါ့။ အကျိုးအမြတ်အားဖြင့် ကျေနိုင်စရာတော့ မရှိပေမယ့် အမွေအနှစ်တစ်ခုအဖြစ် ပြန်ထိန်းသိမ်းတာပေါ့”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဒေါက်တာစန်းဝင်းက အကြံပြုသည်။

မြို့ပြလက္ခဏာဖွံ့ဖြိုးလာမှုနှင့် စီးပွားရေးအချက်အချာကျသော မြို့ဖြစ်လာချိန် နေထိုင်စရာရှားပါးမှုကြောင့် နေစရာချဲ့ထွင်လာချိန်တွင် ငွေကြေတန်ဖိုးတောင့်တင်းမှုမရှိသော မျိုးဆက်များအတွက် ကျန်ရှိခဲ့သည့် နေစရာနေရာမှာ မှီတွယ်ရာတစ်ခု ဖြစ်လာခဲ့သည်။

ထိုအခြေအနေတွင် သမိုင်းအမွေအနှစ်ဆိုသည်ကို ဦးစားမပေးနိုင်တော့ပေ။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဇာတ်ခုံထက် တတ်စွမ်းသမျှ အားထုတ်ကြိုးပမ်းခဲ့သူများစွာတွင်တော့ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးတည်းသာလျှင် ၎င်းနေထိုင်ခဲ့ရာနေအိမ်ကို ပြတိုက်အဖြစ် အစိုးရ၏ ကူညီထောက်ပံ့မှုဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားပြီး မည်သူမဆို ဝင်ကြေးဖြင့် ဝင်ရောက်လေ့လာနိုင်ကာ အာဇာနည်နေ့ကဲ့သို့ နေ့ထူးနေ့မြတ်များတွင် အခမဲ့ဝင်ရောက်ကြည့်ရှု ခွင့်ပေးထားသည်။

ထိုနေအိမ်သည်ပင် အာဏာရှင် ခေတ်အဆက်ဆက် မေ့ဖျောက်စွန့်ပစ် ခံထားခဲ့ရသည် မဟုတ်လော။

မကြာသေးခင်က ဆုံးပါးခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် နေထိုင်ခဲ့သည့် ရန်ကင်းမြို့နယ်ရှိ ခြံအမှတ် (၁၀) နေရာတွင်လည်း ကွန်ဒိုဆောက်လုပ်ရန် ပြင်ဆင်နေရာ ဦးဝင်းတင် နေထိုင်ခဲ့သည့်အတိုင်း ပုံစံတူနေအိမ်ပြခန်းတစ်ခုကို မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောင်းရွှေ့တည်ဆောက်ထားသည်။

ထိုပြခန်းကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၁၁) ရပ်ကွက် အမှတ် (၄၄၈) NLD AIDS Center (NAC) တွင် ဖွင့်လှစ်ထားသည်။

“ကျွန်မတို့မှာ တန်ဖိုးထားမှုတွေ ပျောက်ဆုံးတယ်လို့တောင် ပြောလို့ရတယ်။ သူ့ကြောင့်မို့လို့ အပြောင်းအလဲတစ်ခု သူ့သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ဖြစ်သွားတယ်ဆိုရင် ကျွန်မတို့ တန်ဖိုးထားရမယ်။ ထိန်းသိမ်းရမယ်”ဟု ဒေါ်ဖြူဖြူ သင်းက ဆိုသည်။

နိုင်ငံအသီးသီးတွင်လည်း ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ထားသော အရာများကို ကမ္ဘာကသိရှိရန် လုပ်ဆောင်ထားနိုင်သည်။ မြန်မာနိုင်ငံမှာတော့ ယခုမှစ၍ လုပ်ဆောင်နေရသဖြင့် ပျောက်ပျက်သွားသည့် အရာများစွာလည်း ရှိလေသည်။

နိုင်ငံတကာနှင့်ယှဉ်လျှင် သမိုင်းအမွေအနှစ်ထိန်းသိမ်းမှုအပိုင်းတွင် အားနည်းချက်များနှင့် နောက်ကျကျန်ခဲ့သော်လည်း ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကူညီရန် လိုအပ်ကြောင်း ဒေါ်ဖြူဖြူသင်းက အကြံပြုသည်။

“မိသားစုက ဘယ်လိုမှ တတ်နိုင်တဲ့ အနေအထားမရှိရင် နိုင်ငံတော်အဆင့်၊ တချို့ မြို့နယ်အဆင့်၊ တိုင်းအဆင့် အဆင့် လိုက်လုပ်သင့်တယ်”ဟု ဒေါ်ဖြူဖြူသင်းက အကြံပြုသည်။

မည်သည့် အိမ်မျိုးကို ထိန်းသိမ်းမည်နည်း။

“သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တော့ သူ့သမက် ဆက်နေတယ်လေ။ ဘယ်လိုသွားထိန်းသိမ်းမလဲ။ ပစ္စည်းတစ်ခုခု ထိန်းသိမ်းမယ်ဆိုရင်လည်း ဘာနဲ့ ထိန်းမှာလဲ။ အဲကွန်းနဲ့ ထိန်းမှာလား။ ဘာနဲ့ထိန်းမှာလဲ။ အဲဒီဘတ်ဂျက်တွေကို ဘယ်သူက ကျခံမှာလဲ။ နောက်ဆက်တွဲတွေက အများကြီးပဲ” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောကြားသည်။

၎င်းတို့ ဦးစီးဌာနအနေနှင့် နှစ်တစ်ရာကျော်သည့် ရှေးဟောင်းအမွေအနှစ်များကို အဓိကထိန်းသိမ်းနေပြီး ဗိုလ်ချုပ်အောင်ဆန်းမှာ အာဇာနည်တစ်ဦးဖြစ်၍ နေအိမ်ကို ထိန်းသိမ်းခြင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

၂၀၁၅ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်သော ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၏ အခန်း(၁) ပုဒ်မ ခ ဖော်ပြထားချက်အရ ထိုကဲ့သို့ အဆောက်အအုံများကို ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ရှေးဟောင်းစာရင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်၍ ရသည်။

ထိုအဆောက်အအုံများထိခိုက်ခြင်း၊ ဆွေးမြည့်ခြင်း၊ ပျက်စီးခြင်း၊ ပြောင်းလဲခံရခြင်း သို့မဟုတ် ရွှေ့ပြောင်းမည့် အန္တရာယ် ရှိခြင်း သို့မဟုတ် အကြောင်းကြောင်းကြောင့် ပျက်စီးနိုင်သည်ဟု ထင်မြင်ယူဆပါက သက်ဆိုင်ရာပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသူထံမှ ထိုက်တန်သော ကာလတန်ဖိုးအပြင် သမိုင်းယဉ်ကျေးမှုဆိုင်ရာ ထပ်ဆောင်းတန်ဖိုးချီးမြှင့်၍ လွှဲပြောင်းရယူပြီး ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကာကွယ်ထိန်းသိမ်းခွင့်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကဲ့သို့ ပုဂ္ဂလိကအဖွဲ့အစည်းကလည်း ၎င်းတို့  နိုင်သလောက် ကိုလိုနီအဆောက်အအုံများစွာကို ထိန်းသိမ်းစောင့်ရှောက်နေသည်။ ထိုအဖွဲ့အစည်းကဲ့သို့ပင် မြန်မာနိုင်ငံ၏ အထင်ကရပုဂ္ဂိုလ်များ၏ ကျန်ရစ်သော အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အဖွဲ့အစည်းများစွာလည်း လိုအပ်နေဆဲဖြစ်သည်။

ထိုလိုအပ်ချက်များစွာကို မဖြည့်ဆည်းနိုင်ခင်မှာပင် တန်ဖိုးကြီးမားသော သမိုင်းအမွေအနှစ်များစွာသည်လည်း တစ်စတစ်စ တိမ်မြုပ်ပျောက်ကွယ်လာပြီ ဖြစ်သည်။

ယခုတော့ နိုင်ငံရေးနှင့် စာပေစကားဝိုင်းများစွာ ဆင်နွှဲခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ သစ်သားအိမ်လေးမှာ တိုက်ခန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။

ထို့အတူ ပြိုကျခဲ့သောအိမ်၏ မိုးရေစက်များအောက်မှ မရမက သိမ်းဆည်းထားခဲ့၍ ကျန်ရှိနေသော အဖြူအမည်းဓာတ်ပုံလေးများက တစ်ဆင့်သာ ၎င်း၏ သမိုင်းကြောင်းကို မြင်တွေ့ခွင့်ရနိုင်တော့သည်။

သို့သော် ထိုဓာတ်ပုံလေးများကို အိမ်အမှတ် (၅) သို့ ဧည့်သည်အဖြစ် သွားရောက်မှသာ မြင်တွေ့နိုင်မည်ဖြစ်သလို အများပြည်သူမြင်တွေ့ခွင့်ရရန် ပြခန်းအဖြစ် ဖော်ဆောင်ဖို့ပင် အင်အားများစွာ လိုအပ်နေသေးသည်။

“ပြခန်းလေးလုပ်ဖို့တော့ ရည်ရွယ် ထားပါတယ်။ တစ်နေ့နေ့ပေါ့”ဟု အဘိုး၏ ဓာတ်ပုံမှတ်တမ်းများကိုပြရင်း ဒေါ်မြမြအေးက သူ့ဆန္ဒတစ်ခုကို ဖွင့်ဟသည်။

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *