သံသရာလည်နေသော သစ်ခေါက်ဆိုးသင်္ကန်းများ

သပ်သပ်ရပ်ရပ်ထုပ်ပိုးထားသည့် သင်္ကန်းတော်များဖြင့် ပဒေသာပင်တစ်ခုလုံးက ညွတ်ကျလို့နေသည်။

ထိုပဒေသာပင်များမှာ ဗုဒ္ဓဘုရားရှင်၏ သာသနာတော်ကို ရေရှည်တည်တံ့ရန် ထိန်းသိမ်းစောင့်ရှောက်ရသည့် သံဃာတော်များအတွက် ရည်ရွယ်လှူဒါန်းကြသော ကထိန်ပွဲတော်တွင် ခင်းကျင်းလေ့ရှိသည့် ပဒေသာပင်များလည်း ဖြစ်သည်။

ပရိက္ခရာရှစ်ပါး စုံလင်မျှတစေရန် လူပုဂ္ဂိုလ်များက စုပေါင်းလှူဒါန်းကြပြီး လှူဖွယ်အစုစုထဲမှ သစ်ခေါက်ရောင်ဆိုးသင်္ကန်းတော်များက မပါမဖြစ် အထင်ကရလှူဖွယ်ပစ္စည်းတစ်ခုပင်။

အလှူအတန်း ပြုလုပ်ရာတွင် အမြတ်ဆုံးဟူသည့် ယုံကြည်မှုကြောင့် ဘုရားရှင်ကိုရည်မှန်း၍ သင်္ကန်းရက်လုပ်လှူဒါန်းကြသလို ရဟန်းသံဃာတော်များကိုလည်း သင်္ကန်းအလှူပြုလေ့ရှိကြသည်။

ထိုအလှူကို အမှီသဟဲပြုကာ သင်္ကန်းပရိက္ခရာမျိုးစုံရောင်းဝယ်ခြင်းကလည်း အလုပ်ဖြစ်လို့နေသည်။ ယင်းနှင့်အတူ သမားရိုးကျမဟုတ်သည့် သင်္ကန်းရောင်းဝယ်မှုတစ်ခုဟု ဆိုနိုင်သည့် ဓလေ့တစ်ခုလည်း ထွန်းကားနေပြန်သည်။

ထိုဓလေ့ကပင် သင်္ကန်းသံသရာလည်ခြင်းကို ဖြစ်ပေါ်စေသည်။

သင်္ကန်းသံသရာလည်ခြင်းကား အဘယ်သို့နည်း။

သင်္ကန်းအလှူများထဲမှ ဝါဆိုသင်္ကန်းနှင့် ကထိန်သင်္ကန်းလှူဒါန်းမှုမှာ အထင်ရှားဆုံးဖြစ်ပြီး အစုအဖွဲ့အလိုက်၊ တစ်ဦးချင်းအလိုက် အများဆုံး ကပ်လှူကြလေသည်။

“ဝါဆိုနဲ့ ကထိန်ကတော့ သင်္ကန်းအလှူအများဆုံး ရာသီပေါ့” ဟု ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၂၀) ရပ်ကွက် အောင်ဗောဓိစေတီတော်၏ ဩဝါဒစရိယ ရွှေကျင်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် အရှင်စန္ဒာသီရိက မိန့်ကြားသည်။

ဝဿဝါသိကဟုခေါ်သည့် ဝါဆိုသင်္ကန်းမှာ ဝါဆိုရက်မှ ဝါဆိုပြီး ဝါကျွတ်သည့်တိုင်အောင် ဝါမပျက်သည့် ရဟန်းတော်များအား လှူဒါန်းသောသင်္ကန်းဖြစ်ပြီး ဘုရားရှင်လက်ထက်တော်က သာဝတ္ထိပြည်မှ စစ်ထွက်ခါနီး အမတ်ကြီးကစတင်၍ လှူဒါန်းသည့်သင်္ကန်းကို အကြောင်းပြု၍ ဘုရားရှင်ခွင့်ပြုခဲ့သည့် သင်္ကန်းဟု နိုင်ငံတော်ဩဝါဒါစရိယ၊ မြန်မာစာဩဝါဒါ စရိယအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ထီးချိုင့်မြို့တည်တောဆရာတော်ဘုရားကြီး၏ ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေတွင် ဖော်ပြထားသည်။

ဘုရားရှင်လက်ထက်က ဘဒ္ဒ၀ဂ္ဂီရဟန်းသုံးကျိပ်တို့က ဗုဒ္ဓဘုရားရှင်ထံ ဖူးမြော်ရန်လာရာ လမ်းတွင်မိုးရွာ၍ ပင်ပန်းဆင်းရဲကြရသည်။ ပံ့သကူဓူတင်သင်္ကန်း ဆောင်သူများဖြစ်သောကြောင့် သင်္ကန်းစိုများဖြင့် ပင်ပန်းဆင်းရဲကြရာ ဗုဒ္ဓက ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်။

ဝါဆိုသင်္ကန်း လှူဒါန်းရခြင်းအကျိုး ရှစ်ပါးရှိသလို ကထိန်သင်္ကန်းလှူဒါန်းခြင်း အကျိုးကလည်း ငါးပါးရှိသည်။ ထို့ပြင် ရဟန်းသံဃာတော်များအတွက် ပရိက္ခရာရှစ်ပါးတွင် အရေးကြီးဆုံးမှာ သင်္ကန်းဖြစ်သည်။ ထို့ကြောင့် သင်္ကန်းကို အခြားပရိက္ခရာများထက် ပို၍လှူဒါန်းကြခြင်းဖြစ်သည်။

သင်္ကန်း လှူဒါန်းမှုများခြင်းကြောင့် ကျောင်းတိုက်တစ်တိုက်လျှင် သင်္ကန်းမှာ အနည်းဆုံး အထည် ၅၀၊ ၁၀၀ ခန့် ပိုလျှံ၍ ရှိနေတတ်သည်။

ထို့ကြောင့် သင်္ကန်းလှူဒါန်းလိုသော ရင်းနှီးသည့် ဒကာ၊ ဒကာမများ၊ ငွေကြေးပမာဏ အနည်းငယ်သာတတ်နိုင်သည့် သင်္ကန်းလှူဒါန်းလိုသူများအတွက် ပြန်လည်အသုံးပြုကြသည်။

“လှူတဲ့သူရဲ့ သဒ္ဒါတရားကို မူတည်ပြီးတော့ သူရဲ့ဝင်ငွေ ဘယ်လောက်ရှိသလဲ။ ဘယ်လောက်အထိ လှူနိုင်မလဲပေါ့။ အဲဒါကြောင့် ဘုန်းဘုန်းတို့က မေးတယ်။ ဒကာမကြီး ဘယ်လောက်တတ်နိုင်သလဲ။ တစ်သောင်းတတ်နိုင်နိုင်၊ ငါးထောင်တတ်နိုင်နိုင်။ အမှန်တော့ သူတို့လှူနိုင် အောင် သတ်မှတ်ပေးတာ” ဟု ဆရာတော် အရှင်စန္ဒာသီရိက မိန့်ကြားသည်။

ရွှေကျင်ကျောင်းတိုက်တွင် ထီး၊ ဖိနပ်၊ ယပ်နှင့် သင်္ကန်းပရိက္ခရာအစုံပါလျှင် န၀ကမ္မအလှူငွေ ငါးထောင်၊ သင်္ကန်းသီးသန့်ဆိုလျှင် ငွေသုံးထောင်ဖြင့် လှူဒါန်းနိုင်ရန် ဆောင်ရွက်ပေးထားသည်။

ထိုသင်္ကန်းလှူဒါန်းသူများ၏ န၀ကမ္မအလှူငွေကို ရွှေကျင်ကျောင်းတိုက် ဆောက်လုပ်ချိန်တွင်ပင်ထည့်၍ အသုံးပြုနိုင်ခဲ့သေးသည်။

သင်္ကန်းတိုက်များတွင် ရောင်းချနေသည့် ရိုးရိုးသင်္ကန်းတစ်စုံမှာ ကျပ် တစ်သောင်း နှစ်ထောင် (၁၂,၀၀၀) ခန့်ရှိပြီး ၉ စ ဓားခွဲ (ဝိနည်းတော်နှင့်အညီ သတ်မှတ်ထားသော ချုပ်လုပ်ပုံစနစ်)သင်္ကန်းတစ်စုံမှာ ငွေကျပ် တစ်သောင်း ခြောက်ထောင် (၁၆,၀၀၀) မှ နှစ်သိန်းအထိ ရှိနေသည်။

သင်္ကန်းလှူဒါန်းလိုသော်လည်းဆိုင်တွင် တင်၍ရောင်းသောဈေးနှုန်းကို မတတ်နိုင်သူ ဆိုင်တွင်သွားရောက်ဝယ်ယူစရာမလိုဘဲ ကျောင်းတွင် တစ်ထိုင်တည်း လှူဒါန်းလိုသူဒကာ၊ ဒကာမများအတွက်လည်း ထိုပိုလျှံနေသော သင်္ကန်းများက အဆင်ပြေလှသည်။

“အမေဆို အလှူလုပ်နေကျ ဘုန်းကြီးကျောင်းက ဆရာတော်ကို တပည့်တော်သမီးက သင်္ကန်းလှူချင်လို့ပါဘုရားဆိုပြီး လျှောက်တော့ ပရိက္ခရာအစုံပါတဲ့ ခြင်းတစ်ခြင်းယူသွား။ တတ်နိုင်သလောက်လှူဆိုပြီးတော့ မိန့်တယ်။ အမေက ငါးထောင်လှူခဲ့တယ်” ဟု ကြည့်မြင်တိုင်မြို့နယ်မှ မငယ်ငယ်က သင်္ကန်းလှူဖြစ်ခဲ့ပုံကို ပြန်လည်ပြောပြသည်။

ထို့ပြင် အစစအရာရာငွေကြေးဖြင့် လဲလှယ်ရသော ယနေ့ခေတ်တွင် သင်္ကန်းထက် န၀ကမ္မအလှူငွေကပို၍ လိုအပ်သည် မဟုတ်လော။ ဆေးကုသလျှင်လည်း သံဃာတော်မို့ အခမဲ့ကုသပေးသည့် ဆေးရုံရှိသော်လည်းသွားလာစရိတ်ကိုဖြင့် အခမဲ့မရနိုင်။

ထို့အတူ ရပ်ဝေးခရီး ထွက်ခွာလျှင်လည်း ကားလက်မှတ်ကို သံဃာတော်များအတွက် သီးသန့်လှူဒါန်းခြင်းဆိုသည်မှာ မရှိ။ စာသင်သား သံဃာတော်များသည့် ကျောင်းတိုက်များအတွက်မှာမူ ပညာရေးအသုံးစရိတ်အတွက် လိုအပ်ချက်များက ရှိပြန်သည်။

“အာရုံပြုတဲ့သူတွေက ကျောင်းထိုင်ဆရာတော်ကိုပဲ လှူတာများတယ်။ စာသင်သားတွေမှာ သုံးဖို့စွဲဖို့ ခက်ခဲတဲ့အခါကျတော့ ဒကာဒကာမလှူလိုက်တဲ့သင်္ကန်းကို သူတို့မှာလည်း ဝတ်စရာရှိတယ်ဆိုရင် ပိုတဲ့သင်္ကန်းကို ငါးထောင်ရရ၊ တစ်သောင်းရရ ရောင်းလိုက်ကြတယ်။ အဲဒီဟာနဲ့ သူတို့ပညာရေးအသုံးစရိတ်၊ လိုအပ်တာတွေ သုံးတယ်။ ဦးဇင်းတို့ စောင့်ရှောက်ပေမယ့် အကုန်လုံးလိုအပ်တာတော့ မလုပ်နိုင်ဘူး” ဟု ဆရာတော် အရှင်စန္ဒာသီရိက မိန့်ကြားပြန်သည်။

ထို့ကြောင့် သင်္ကန်းလှူဒါန်းလိုသူနှင့် သံဃာတော်၊ ဆရာတော်များအကြားတွင် ထိုဓလေ့ကို သုံးစွဲလာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ထိုသို့ သင်္ကန်းလှူဒါန်းလိုသူအား ပြန်လည်စွန့်ကြဲ၍ န၀ကမ္မအလှူငွေ လက်ခံခြင်းအတွက် ဘုရားရှင်သတ်မှတ်ခဲ့သော ဝိနည်းတော်နှင့် ညီခြင်း၊ မညီခြင်းဆိုသည့်ကိစ္စရပ်က ရှိနေပြန်သည်။

ဘုရားရှင်သတ်မှတ်ခဲ့သော ဝိနည်းသိက္ခာပုဒ်များအရ ရဟန်းသံဃာတော်များမှာ စီးပွားရေးအလို့ငှာ ရောင်းဝယ်ဖောက်ကားပြုလုပ်ခြင်းသည် ဝိနည်းနှင့် မညီညွတ်ပါ။ သို့သော် စကားလုံးအသုံးအနှုန်းနှင့် ရည်ရွယ်ချက်ပေါ် မူတည်နေသည်။

ရဟန်းသံဃာများမှာ ပရိက္ခရာရှစ်ပါးမှ တစ်ပါး အခြားကိုယ်ပိုင်ပစ္စည်း မရှိပေ။ ထို့ကြောင့် ဘုန်းတော်ကြီးကျောင်းများတွင် လိုအပ်သော ပစ္စည်းများစီမံခန့်ခွဲ၍ ကျောင်းစရိတ်ဖြင့် လိုအပ်သောပစ္စည်းများ ဝယ်ယူနိုင်ရန် ကပ္ပိယကာရကတို့ကို ခန့်ထားဆောင်ရွက်ရသည်။ ရွှေငွေ အသပြာ လှူဒါန်းသမျှကို ကပ္ပိယတို့က စီမံခန့်ခွဲရသည်။

ထို့ကြောင့် လှူဒါန်းထားသော သင်္ကန်းများကို ဝတ္ထုငွေအဖြစ် ပြောင်းလဲရာတွင်လည်း ကပ္ပိယတို့က ဆောင်ရွက်ခြင်းကြောင့် ဝိနည်းနှင့် ညီ မညီ အငြင်းပွားမှုတို့ လျော့ပါးနိုင်မည်။

ဆရာတော် အရှင်စန္ဒာသီရိ၏ ရည်ရွယ်ချက်မှာ ငွေကြေးအနည်းငယ်ဖြင့် သင်္ကန်းတစ်စုံလှူဒါန်းနိုင်စေရန် ဖြစ်သလို သင်္ကန်းအတွက် အလှူငွေဟူ၍ လက်ခံသည့်အတွက် ဝိနည်းနှင့် ညီညွတ်လေသည်။

“ဒကာမကြီး ဘုန်းဘုန်း ခရီးသွားချင်တယ်။ ဘုန်းဘုန်းမှာ န၀ကမ္မမရှိဘူး။ သင်္ကန်းပဲရှိတယ်။ ဒီသင်္ကန်းလေးနဲ့ အဆင်ပြေနိုင်မလား။ ကားလက်မှတ်က ဘယ်လောက်လောက် ကျတယ်ပြောပြီးတော့ ဒကာမကြီးဆီက အလှူခံလိုက်တာပေါ့။ ဝိနည်းနဲ့အပ်စပ်တဲ့ စကားပြောပေါ် မှာလည်း မူတည်တာပေါ့။ အရောင်းအဝယ်ပုံစံမျိုးနဲ့ ပြောရင်တော့ မအပ်စပ်ဘူး” ဟု သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၏ အုပ်ချုပ်ရေးမှူးဆရာတော် ဒေါက်တာ ကောဝိဒသိရီက မိန့်ကြားသည်။

သို့သော် ထိုအခြေအနေကိုအမှီပြု၍ ခဝါသည်ဟု အမည်တွင်သူများက သင်္ကန်းစီးပွားရေး ဈေးကွက်တစ်ခု ဖန်တီးထားသလို အချို့သောသင်္ကန်းဆိုင်များကလည်း ထိုဓလေ့ကိုအသုံးချ၍ ကျောင်းပြန်သင်္ကန်း (ဘုန်းကြီးကျောင်းမှ ပြန်လည် ဝယ်ယူသောသင်္ကန်း) ကို ဈေးတင်ရောင်းချသည့် သင်္ကန်းဆိုင်အချို့လည်း ရှိနေသည်။

“သင်္ကန်းပြန်ကောက်ပြီးရောင်းတဲ့ဆိုင်တွေရှိတယ်။ မလုပ်သင့်ဘူး။ လှူတဲ့သူအတွက် မကောင်းဘူး။ မသန့်စင်ဘူးပေါ့” ဟု ရွှေထီးနှင့် မဟာတော်ဝင်သင်္ကန်းတိုက်မှ တာဝန်ရှိသူ ကိုမျိုးထက်ပိုင်က ပြောကြားသည်။

ထိုကျောင်းပြန်သင်္ကန်းများတွင် အချို့မှာ ဝိနည်းနှင့် အညီမဟုတ်ဘဲ အနံတိုနေခြင်း၊ သင်္ကန်းအတိုင်းအထွာ မပြည့်ခြင်း၊ ဆွေးမြေ့ခြင်း၊ အသားညံ့ခြင်း စသဖြင့် အားနည်းချက်များ ရှိကြသည်။ ဒူးတုပ်ထိုင်လျှင်ပင် သင်္ကန်းအနားသားပြဲသည့်ဖြစ်ရပ်မျိုး ရှိခဲ့ဖူးကြောင်း ကိုမျိုးထက်ပိုင် က ဆိုသည်။

ဝိနည်းတော်နှင့်ညီသည့် သင်္ကန်းအမျိုးအစားများထဲတွင် ပိတ်စ ၉ စကို ၅ ဖြတ်၊ ၅ ခန်း ချုပ်လုပ်ထားသည့် ၉ ဓားခွဲ သင်္ကန်း၊ ၂၈ စ ဓားခွဲသင်္ကန်း၊ ငါးထောင့် တစ်ထွာ၊ လေးထောင့်တစ်ထွာ စသဖြင့် အတိုင်းအတာရှိသည်။

ချောမွေ့သည့်ပိတ်စကို ဓားဖြင့် ၉စ ဖြတ်တောက်ပြီး ချုပ်လုပ်ထားသဖြင့် ချုပ်ရိုးမှာ ကြမ်းတမ်း၍ သမဏသာရုပ္ပဟူသော ရဟန်းတို့နှင့် လျောက်ပတ်ခြင်း၊ ကာသ (ခေါ်) သစ်ခေါက်ပြုတ်ရည်ဖြင့် ဆိုးထားသော အရောင်ရှိခြင်းကြောင့် သင်္ကန်းပေါ်တွင် တပ်မက်မှုမရှိခြင်း၊ ပိတ်စ များ အပိုင်းပိုင်းဖြတ်တောက်ထားသဖြင့် လူသားတို့ ပြန်လည်အသုံးချ၍မရခြင်း၊ ဝိနည်းတော်နှင့် ညီသဖြင့် ကိလေသာစင်သော ရဟန္တာအရှင်မြတ်တို့၏ အလံတံခွန် (အရဟတ္တဇေ) အဖြစ် ဝတ်ရုံနိုင်ခြင်း စသဖြင့် သင်္ကန်းနှင့်ပတ်သက်၍ သတ်မှတ်ချက်များလည်း ရှိလေသည်။

သင်္ကန်းဆိုင်များ၊ ခဝါသည်များက ရောင်းချလိုက်သည့် သင်္ကန်းများမှာ ထိုသို့ အတိုင်းအတာမပြည့်၊ ဝိနည်းအတိုင်းချုပ်လုပ်ထားသည့် သင်္ကန်းများမဟုတ်၍ သင်္ကန်းရုံရသည်မှာ အဆင်မပြေလှ။ အဆင်မပြေ၍ ပြန်လည်စွန့်သည့်အခါ န၀ကမ္မအလှူငွေမှာ သုံးလေးထောင်သာ။

ထိုသုံးလေးထောင်တန်သင်္ကန်းကို ဆိုင်များက သောင်းဂဏန်းဖြင့် ပြန်လည်၍ ရောင်းချကြ။ လှူဒါန်းမည့် ဒကာ၊ ဒကာမများက မသိသောအခါ ဝယ်လှူ။ ထို့ကြောင့် ကျောင်းတွင် ထိုသင်္ကန်းများက တစ်ဖန်ပြန်ရောက်။ ဤသို့ဖြင့် ကထိန်ရာသီ၊ ဝါဆိုသင်္ကန်းကပ်ရာသီတွင် သင်္ကန်း သံသရာက လည်၍နေတော့သည်။

“ရာသီချိန်တစ်ချိန်ပြီးရင် သူတို့က (သင်္ကန်းလိုက်ကောက်သူ) လိုက်ကောက်ပြီး ပြန်ရောင်းတာ။ ဝယ်ပြီး သိမ်းတယ်။ ပြီးရင် ပြန်ရောင်းတာ” ဟု ဇောတိက သင်္ကန်းတိုက်မှ မန်နေဂျာ ဒေါ်ယမင်းသီင်္ဂီနွယ်က ပြောကြားသည်။

သို့သော် ထိုအခြေအနေကို သက်ဆိုင်ရာ မည်သည့်အဖွဲ့အစည်းကမျှ တားမြစ်ခြင်း တစ်စုံတစ်ရာမရှိပေ။

“လှူတဲ့သူလည်း အကျိုးမဖြစ်၊ သင်္ကန်းရုံရတဲ့ ကိုယ်တော်တွေလည်း အဆင်မပြေဘူးလေ။ စားသုံးသူအသင်းလို သင်္ကန်းအဖွဲ့အစည်းဆိုတာမျိုး မရှိသေးဘူး။ ရှိရင်တော့ လုပ်သင့်တာပေါ့” ဟု ကိုမျိုးထက်ပိုင်က အကြံပြုသည်။

လတ်တလောတွင်တော့ နောက်ကျောင်းသံသရာ မလည်ရအောင် မီးတိုက်ပူဇော်ခြင်းဟုဆို၍ ဘဒ္ဒန္တဓမ္မဝံသ ဆရာတော်အမည်ဖြင့် ဆရာတော်တစ်ပါးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ပုံနှင့်တကွ ပိုစ့်တစ်ခုကို ရေးသားထားသည်။

ကထိန်ကပ်လှူသည့် သင်္ကန်းများတွင် သင်းပိုင်ထဲတွင် ဝတ်၍ သုံး၍မရဘဲ အိတ်နှင့် ပိတ်ထားသော အဆိုးအစုတ် သင်းပိုင် ၈၆ ထည်၊ သင်္ကန်း ၂၂ စုံ စုစုပေါင်း ၁၀၀ ကျော်ကို နောက်ထပ်ကျောင်းများသို့ သံသရာမလည်စေရန် မီးတိုက်ပူဇော်လိုက်သည်ဟု ရေးသားထားလေသည်။

ထိုသံသရာလည်သည့် သင်္ကန်းများကို မီးပူဇော်၍ အဆုံးသတ်ပေးလိုက်ခြင်းလည်း ဖြစ်လေသည်။

ရုံမရသည့် သင်္ကန်းလှူခြင်းထက် န၀ကမ္မအလှူငွေ လှူဒါန်းသည်ကပင် ပို၍ အကျိုးရှိစေနိုင်မည်မဟုတ်လော။

သို့သော် သံသရာလည်သည့် သင်္ကန်းများမှာ ဗုဒ္ဓဘာသာ၏ အနှစ်သာရကို မထိခိုက်စေဘဲ၊ ကြီးမားသည့် ဝိနည်းသိက္ခာပုပ်များမဟုတ်ဘဲ သေးမွှားသည့်ကိစ္စရပ်ဖြစ်သလို သံသရာလည်နေသည့် သင်္ကန်းများလည်း ဆက်လက်ရှိနေဦးမည်ဟု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အုပ်ချုပ်ရေးမှူးဆရာတော် ဒေါက်တာကောဝိဒသိရီက မိန့်ကြားသည်။

“သံသရာကတော့ လည်နေဦးမှာပဲ။ အကောင်းဆုံးကတော့ လိုအပ်နေတဲ့ နေရာတွေကို လှူလိုက်တာပဲ။ ဘုန်းဘုန်းတို့ ကျောင်းလည်း ကထိန်ပွဲ၊ ဘာပွဲညာပွဲရှိရင် အဲဒီလို လှူပစ်လိုက်တယ်။ ခဝါသည်တွေကိုတော့ ဘာမှမပြောချင်ပါဘူး။ သူတို့ စီးပွားရေးကိုး။ ဘုန်းဘုန်းတို့ကမတား မြစ်ကောင်းပါဘူး” ဟု ဆရာတော်ဒေါက်တာ ကောဝိဒသိရီက မိန့်ကြားသည်။ 

 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *