အတုယူရမှာလား နိုင်ငံတစ်ခုကြီးပွားခြင်း 4.0

ကိုမျိုးချစ် – ကြီးပွားနေတဲ့နိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို ဆွေးနွေးတာတော့ ဟုတ်ပါပြီ။ သူတို့လုပ်တိုင်း ကျွန်တော်တို့ လိုက်လုပ်လို့ ဖြစ်ပါ့မလား။

ဖွံ့ဖြိုးရေးပါရဂူ – မဖြစ်ဘူးဗျ။ ‘Every country is unique’ လို့ ပြောတယ်။ ‘နိုင်ငံတိုင်းဟာ ဘယ်နိုင်ငံနဲ့မှမတူဘူး’။ တူတယ်ထင်ရတဲ့ နိုင်ငံတွေတောင် မတူဘူး။ ဖွံ့ဖြိုးရေးဘာသာရပ်မှာ စကားလုံးတွေရှိတယ်၊ environment-specific ၊ context-specific သူ့အခြေအနေနဲ့သူ။ သူ့မှာ ဖြစ်နေတဲ့၊ ဖြစ်ခဲ့တဲ့အခြေအနေနဲ့ ကိုယ့်မှာဖြစ်နေတဲ့ အခြေအနေ မတူနိုင်ဘူး။ တစ်နိုင်ငံတည်းမှာတောင် ခေတ်မတူရင် အခြေအနေမတူဘူး။ ဗီယက်နမ်စစ်ပြီးစ ဗီယက်နမ်နဲ့ ကနေ့ဗီယက်နမ် ဘယ်တူမလဲ။ မော်စီတုန်းခေတ် တရုတ်နိုင်ငံနဲ့ ကနေ့ ရှီကျင့်ဖျင်ခေတ် တရုတ်နိုင်ငံ ဘယ်တူမလဲ။ Environment လို့ပြောတဲ့အခါ ပြည်တွင်းအခြေအနေတင်မကဘူး ပြည်ပအခြေအနေပါ ပါလာတယ်။ ပြည်တွင်းအခြေအနေပေါ် ပြည်ပအခြေအနေက အများကြီးသက်ရောက်တဲ့အတွက် ပြည်ပအခြေအနေပြောင်းရင် ပြည်တွင်းအခြေအနေပါ လိုက်ပြောင်းတယ်။ စစ်အေးခေတ် ပြည်ပအခြေအနေနဲ့ စစ်အေးအပြီး ပြည်ပအခြေအနေ နExternal Environment အရမ်းကွာသွားတယ်။ ဒီလိုပဲ ၂၀၀၁ စက်တင်ဘာ ၁၁ အမေရိကန်က မျှော်စင်ညီနောင်ကို အကြမ်းဖက်သမားတွေ လေယာဉ်နဲ့ မတိုက်ခင်ကနဲ့ တိုက်အပြီး External Environment မတူဘူးဗျ။ နိုင်ငံကြီးတွေရဲ့ ပြည်တွင်းအခြေအနေ ပြောင်းရင်လည်း နိုင်ငံငယ်တွေရဲ့ ပြည်တွင်းအခြေအနေ လိုက်ပြောင်းတတ်တယ်။ ကျွန်တော်တို့ အိမ်နီးချင်းတရုတ်ကြီး စီးပွားပျက်ရင် ကျွန်တော်တို့ပေါ်လည်း သက်ရောက်မှာပဲ။ တရုတ်ကြီးတို့ နိုင်ငံရေးမူဝါဒပြောင်းရင် အဲဒီမူဝါဒလှိုင်းက သူတို့ဆီမှာတင် ရပ်နေမှာမဟုတ်ဘူး။ ကျွန်တော်တို့ဆီလည်း နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး ပုံစံတစ်မျိုးမျိုးနဲ့ ရောက်လာမှာ။ ‘အခြေအနေ’ ကို သဘောပေါက်မှ။
ဒါ့ကြောင့် ကြီးပွားတဲ့နိုင်ငံတွေ လုပ်တာနဲ့တင် ကိုယ်က မျက်စိမှိတ်ပြီး လိုက်လုပ်လို့ မဖြစ်ဘူး။

ကိုမျိုးချစ် – ဒါဆို ခုလို ကျွန်တော်တို့ ထိုင်ပြောနေတာ အချိန်ကုန်တာပဲ အဖတ်တင်မှာပေါ့။

ဖွံ့ဖြိုးရေးပါရဂူ – ‘ဘီးကို နောက်တစ်ကြိမ် ပြန်မထွင်ရအောင်’ ကျွန်တော်တို့က ဆွေးနွေးနေကြတာလေ။ အချည်းနှီးမဖြစ်ပါဘူး။ ဘီးက လွန်ခဲ့တဲ့ နှစ်ငါးထောင်လောက်ကတည်းက ထွင်ပြီးသား။ အခု ပြန်တီထွင်နေရင် အချိန်ကုန်တာပေါ့။ ဒီလိုပဲ ကိုယ့်ရှေ့က ကြီးပွားသွား တဲ့နိုင်ငံတွေ အများကြီးရှိနေပြီးသားနဲ့ ကျွန်တော်တို့က အစက ပြန်စဉ်းစားနေရင် အားကုန်အချိန်ကုန်မယ်၊ သူများတွေ အတွေ့အကြုံကနေ ယူသုံးလိုက်တော့ မြန်တယ်။

ကိုမျိုးချစ် – ကြီးပွားတဲ့ နိုင်ငံတွေလုပ်သမျှ မျက်စိမှိတ်ပြီး လိုက်လုပ်လို့မရဘူးလို့ ခုလေးတင်ပြောပြီး။ ခုကျ လိုက်လုပ်ရင် မြန်တယ်ပြောပြန် ပြီ။ ဖွံ့ဖြိုးရေးသမားတွေက ခုတစ်မျိုး၊ တော်ကြာတစ်မျိုးတွေလား။

ဖွံ့ဖြိုးရေးပါရဂူ – မျက်စိမှိတ်ပြီး လိုက်လုပ်လို့မရဘူးဘဲ ပြောတာ။ မျက်စိဖွင့်ပြီး လိုက်လုပ်ပေါ့ဗျ။ မျက်စိမှိတ်လိုက်လုပ်တာက ကိုယ့်အခြေအနေနဲ့ သူ့အခြေအနေ တူသလား၊ မတူသလား ချိန်မကြည့်ဘဲ လိုက်လုပ်တာ၊ ပုံတူကူးချတာ။ မျက်စိဖွင့်ထားရင် သူနဲ့ ကိုယ့်ကြားမှာ ဘာတွေတူလဲ၊ ဘာတွေကွာလဲ မြင်ရမယ်။ အများအားဖြင့် နိုင်ငံတွေကြားမှာ တူညီတဲ့အရာတွေ သမိုင်းကြောင်းမှာရော ကနေ့မှာပါ အများကြီးရှိပါတယ်။ လူတွေနဲ့ ဆောက်ထားတဲ့ နိုင်ငံတွေပဲလေ။ တူညီချက်တွေရှိမှာပဲ။ အဲဒါ တွေကိုကြည့်လိုက်ရင် ကြီးပွားသွားတဲ့ နိုင်ငံတွေဆီကနေ မကြီးပွားသေးတဲ့နိုင်ငံတွေက သင်ယူလို့ရတဲ့ သင်ခန်းစာတွေအများကြီး ပေါ်လာမယ်။ သူများနိုင်ငံတွေကနေ သင်ခန်းစာယူတဲ့အခါ အိမ်စာတော့ သေသေချာချာလုပ်ရမယ်။

ကိုမျိုးချစ် – ကလေးဘ၀ ကျောင်းတက်တုန်းကတော့ အိမ်စာမလုပ်လို့ ဆရာမ ဒဏ်ပေးတာ ခဏခဏခံဖူးတယ်ဗျ။ ကလေးတုန်းကအိမ်စာနဲ့ ကြီးပွားရေးအိမ်စာနဲ့ ဘာကွာလဲ။

ဖွံ့ဖြိုးရေးပါရဂူ – ကလေးတုန်းက အိမ်စာမလုပ်ရင် ကိုယ်ပဲနာမှာ။ ကြီးပွားရေးအိမ်စာမကျေရင် နိုင်ငံနာမယ်။ မျိုးဆက်တစ်ဆက်မက သုံးလေးဆက် နစ်နာကြမယ်။ ဒါ့ကြောင့် ထောင့်စေ့အောင် အိမ်စာလုပ်နိုင်မှ။ တခြားမကြည့်နဲ့ တောင်ကိုရီးယားပဲကြည့်။ တောင်ကိုရီးယားကို မြန်မာတွေ အားကျကြတယ်။ အားကျလည်း အားကျစရာ။ ၁၉၆၀ ကျော်လောက်က တစ်နှစ်ဒေါ်လာ ၃၀၀ အောက်ပဲ လူတစ်ဦးချင်းပျမ်းမျှဝင်ငွေရှိတဲ့ နိုင်ငံပေါင်း ၆၀ ကျော်ထဲမှာ။ ၁၉၉၅ ရောက်တဲ့အခါ တောင်ကိုရီးယားတစ်နိုင်ငံပဲ တစ်ဦးချင်းပျမ်းမျှဝင်ငွေ ဒေါ်လာတစ်သောင်းကျော် ဖြစ်တယ်။ တောင်ကိုရီးယားက မြန်မာလိုပဲ အာဏာရှင်စနစ်နဲ့ နှစ်အများကြီး အုပ်ချုပ်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်သွားတယ်။ နောက်ပိုင်းမှ ဒီမိုကရေစီစနစ်ဘက်ကို ပြောင်းသွားတာ။

ကိုမျိုးချစ် – လွန်ခဲ့တဲ့ဆယ်နှစ် နိုင်ငံတစ်ခုကြီးပွားခြင်း စကားဝိုင်းမှာ ကိုရီးယားအကြောင်း ကျွန်တော်တို့ ဆွေးနွေးဖူးတယ်။ ကိုရီးယားက စီးပွားရေးမှာ နိုင်ငံတော်ပါဝင်မှုနဲ့ ဈေးကွက်ပါဝင်မှုအချိုးကို မှန်မှန်ကန်ကန် ထားနိုင်တာကြောင့် (state နဲ့ market right mix) မဟုတ်လား။ ဆရာပဲပြောတာ။ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေထဲက အလားအလာကောင်းတဲ့ Daewoo တို့ Samsung တို့လိုလုပ်ငန်းတွေကို ကြီးလာအောင် ရွေးချယ်မြေတောင်မြှောက်ပေးနိုင်တာ (Picking Winners) ကြောင့်လို့လည်း ဆရာပြောဖူးတယ်။

ဖွံ့ဖြိုးရေးပါရဂူ – ခင်ဗျားက မှတ်မိတာပဲ။ ဟုတ်တယ်။ အဲဒီနှစ်ချက်အပြင် လူသားအရင်းအမြစ်တိုးတက်ရေးအတွက် ပညာရေးကို အားပေးတာကြောင့်လည်း ပါတယ်။ ဒါပေမဲ့ ကိုရီးယားကြီးပွားလာတဲ့ သင်ခန်းစာထဲမှာ ဒီသုံးချက်လောက်နဲ့ ရပ်ထားရင် အိမ်စာမကျေဘူး။ တောင်ကိုရီးယားဟာ အမေရိကန်ဆီကနေ အကူအညီတွေ အများကြီးရတယ်။ ပြီးတော့ အဲဒီငွေတွေက အရင်ခေတ်ငွေတန်ဖိုးနဲ့၊ ခုခေတ် ငွေကြေးတန်ဖိုးနဲ့ဆို ပမာဏအများကြီး။ အာဖရိကတစ်တိုက်လုံးကို အမေရိကန်ကပေးတဲ့ အကူအညီနဲ့ တောင်ကိုရီးယားတစ်နိုင်ငံတည်းကို အမေရိကန်ကပေးတဲ့အကူအညီနဲ့က တူတူလောက်ဆိုတော့ တွက်သာကြည့်ဗျာ။ ဆိုဗီယက်ဦးဆောင်တဲ့ ဆိုရှယ်လစ်အုပ်စုနဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုအားပြိုင်တဲ့ စစ်အေးမှာ တောင်ကိုရီးယားက အမေရိကန်ရဲ့ ရှေ့တန်းခံတပ်လေ။ ကိုရီးယားစစ်ဖြစ်လိုက်သေးတာကိုး။ မြောက်နဲ့ တောင်ကိုရီးယား အချိန်မရွေး စစ်ပြန်ဖြစ်နိုင်တဲ့အနေအထားမှာ တောင်ကိုရီးယားပြိုလို့မဖြစ်တဲ့အတွက် အမေရိကန်က အကူအညီတွေ မတရားပေးတယ်။ တောင်ကိုရီးယားမှာ အမေရိကန်တပ်တွေ ချထားရာ ကနေ သူတို့ အသုံးစရိတ်တွေက တောင်ကိုရီးယားစီးပွားရေးထဲ စီးဝင်ကြတယ်။ အဲဒီလို အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီအထောက်အပံ့တွေဟာ တောင်ကိုရီးယား ပြန်နာလန်ထပြီး ထူထူထောင်ထောင်ဖြစ်၊ ကြီးပွားသွားအောင် ကြီးမားတဲ့ အခန်းကဏ္ဍက ပါခဲ့တယ်။ တောင်ကိုရီးယား ကြီးပွားလာတဲ့အကြောင်းပြောရင် အမေရိကန်အကူအညီ ထည့်မပြောရင် မပြည့်စုံဘူးပေါ့။ အများအားဖြင့် တောင်ကိုရီးယားရဲ့ Development Model ကို လေ့လာတဲ့အခါမှာ အမေရိကန်ရဲ့ အထောက်အပံ့ရဲ့ အခန်းကဏ္ဍကို လျှော့တွက်လေ့ရှိတယ်။

ကိုမျိုးချစ် – ဒါဆို ကိုရီးယားကြီးပွားသွားတာ အမေရိကန်ရဲ့အထောက်အပံ့ကြောင့်လို့ ပြောနိုင်မလား။

ဖွံ့ဖြိုးရေးပါရဂူ – ဒီတစ်ခုတည်းကြောင့်တော့ မဟုတ်ပေမယ့် အမေရိကန်ရဲ့ အထောက်အပံ့က ဒုတိယကမ္ဘာစစ်အပြီး ပြန်ထူထောင်စ တောင်ကိုရီးယားအတွက် အများကြီး အကူအညီရခဲ့တယ်။ ၁၉၆၀ နောက်ပိုင်းမှာတော့ အမေရိကန်အပြင် ဂျပန်ဆီကရော နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့အစည်းကြီးတွေဆီကပါ အကူအညီရခဲ့တယ်။

ကိုမျိုးချစ် – Foreign Aid နိုင်ငံခြားအထောက်အပံ့က နိုင်ငံတွေရဲ့ ကြီးပွားရေးမှာ အရေးတော်တော်ပါတာပေါ့။

ဖွံ့ဖြိုးရေးပါရဂူ – Foreign Aid က ကောင်းလည်း ကောင်းတယ်၊ မကောင်းလည်း မကောင်းဘူး။

ကိုမျိုးချစ် – လုပ်ပြန်ပြီ ဆရာကလည်း စကားက နှစ်ခွ။ အကျယ် ရှင်းပါဦး။

ဖွံ့ဖြိုးရေးပါရဂူ – ပြောရမှာက ရှည်တယ်ဗျ။ စကားပြောရင်းပြောရင်း အာခေါင်တောင် ခြောက်လာပြီ။

ကိုမျိုးချစ် – ဟဲဟဲ၊ ကျွန်တော် လက်ဖက်ရည် တိုက်ပါ့မယ်။

ဖွံ့ဖြိုးရေးပါရဂူ – ဒါဆို ဆိုင်ရောက်မှ ပြောမယ်ဗျာ။ 

 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *