“ဖွေး မရပ်မနားပဲကြိုးစားလာတာ ၁၃ နှစ်ကျော်ပြီလေ။ ဒီတစ်လျှောက်လုံးမှာ ဖွေး ဖြစ်ခဲ့တဲ့အကောင်း၊ အဆိုးတွေကို ဘေးနားကနေ ကြံကြံခံခံပြီးတော့ အားပေးလာတဲ့ ပရိသတ်တွေက အရမ်းအရေးကြီးပါတယ်။ ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ်”

အခုလက်ရှိရိုက်ကူးနေတဲ့ ရောသမမွှေဇာတ်ကားမှာ ပါဝင်ဖြစ်ပုံ၊ ဇာတ်ကားလက်ခံဖြစ်ပုံတွေနဲ့ တစ်နှစ်မှာ ဟာသဇာတ်ကားတစ်ကားပဲ ရိုက်ကူးဖြစ်သွားမယ့်အကြောင်းတွေကို သရုပ်ဆောင်ဖွေးဖွေးကို မေးမြန်းထားတာဖြစ်ပါတယ်။

Voice :       ဒီဇာတ်ကားကို ဘယ်လိုကြောင့် လက်ခံရိုက်ကူးဖြစ်တာလဲ။

PP     :        ဒီဇာတ်လမ်းက ကိုယ်တိုင်လည်း အရမ်းကြည့်ချင်တဲ့ ကားပြီးတော့ ဇာတ်ကားမှာပါတာတွေက အဆိုတော်၊ ဖေ့စ်ဘွတ်ခ်ဆယ်လီ၊ သရုပ်ဆောင်တွေ အကုန်လုံး စုံသွားတော့ နာမည်နဲ့လည်း လိုက်တယ်။ သူ့ Plot တွေကလည်း ရယ်ရတယ်။ အားလုံးက ကိုယ့်ပရိသတ်နဲ့ ကိုယ် ရှိပြီးသားလူတွေ ပြီးတော့ ဦးဇော် (ကိုဇော် (အရုဏ်ဦး)) ကို ယုံကြည်လို့ ရိုက်ဖြစ်တာပါ။ ဖွေးရိုက်တဲ့ ဟာသကားတွေဆို ဦးဇော်ရိုက်တာ များတယ်။ အကုန်လုံးရောပြီး မွှေထားတော့ ဇာတ်ကားရဲ့ နာမည်နဲ့ လိုက်တယ်။

Voice :       ဒီဇာတ်ကားမှာ ကာရိုက်တာက ဘယ်လိုမျိုးလဲ။

PP     :        ကာရိုက်တာအပိုင်းနဲ့ ပတ်သက်တာတွေတော့ အခု လောလောဆယ် ပြောလို့မရသေးဘူး။ လျှို့ဝှက်ထားရမယ်တဲ့။ ဖွေးရဲ့ကာရိုက်တာနာမည်က အိုပါးဆန်ပါ။

Voice :       ဒီကားမှာ လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့နဲ့ နောက်တစ်ကြိမ်ဆုံပြီး ရိုက်ဖြစ်တဲ့အပေါ် ခံစားချက်က ဘယ်လိုဖြစ်လဲ။

PP     :        ငါ့ကို နမ်းတဲ့ မုန်းတိုင်းမှာကတည်းက သုံးယောက်လုံးက ဒရာမာ လုပ်ရတယ်။ ငိုနေရတယ်။ အဲဒီတုန်းထဲက ငါတို့သုံးယောက် ဟာသကားလေးရိုက်ရရင် ကောင်းမှာပဲဆိုပြီး ပြောဖြစ်ကြတာ။ အခုတော့ တကယ်ရိုက်ဖြစ်သွားတယ်။ ပြီးတော့ သူတို့သီချင်းတွေဆို နားထောင်ဖြစ်တယ်။ လွှမ်းပိုင်သီချင်းတွေဆို ကာတွန်းအသံတွေ၊ တရုတ်အသံတွေနဲ့ ဆိုတာတွေ၊သီချင်းကို ကာရိုက်တာတွေ ပြောင်းအောင် ဆိုတယ်။ ရဲရင့်အောင်ကျတော့ Feel တာတွေ များတယ်။

Voice :       တစ်နှစ်ကို ဟာသဇာတ်ကားတစ်ကားပဲ ရိုက်တော့မယ်လို့ ကြေညာထားတာ ဘယ်လိုကြောင့်လဲ။

PP     :        အခုမှ ထုတ်ပြောလိုက်တာပါ။ အရင်တုန်းကလည်း ဖွေးက ဟာသကားဆို တစ်နှစ်ကို တစ်ကားပဲ ရိုက်ဖြစ်တာ။ ဟာသကားဆို တစ်နှစ်က တစ်ကားပဲ ရိုက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ကိုယ့်ရိုက်မယ့်ကားကို Special ဖြစ်ချင်ပါတယ်။

Voice :       တစ်နှစ်မှာ ဇာတ်ကား ဘယ်နှကားရိုက်မယ်လို့ ဆုံးဖြတ်ထားတာမျိုး ရှိလား။

PP     :        ဖွေးက တစ်နှစ်ကိုမှ ဇာတ်ကားသုံးကားလောက်ပဲ ရိုက်တ လေ။ ထန်ကုန် လေးကားပေါ့။ ဒါတောင်မှ တော်တော်များနေပြီ။ မျှအောင်ရိုက်တဲ့ သဘောပါ ။ အိုက်တင်အထူကြီးတွေလည်း ဖွေးရိုက်တယ်။ ပါးပါးလျားလျား လုပ်ရတာတွေလည်း ရိုက်တယ်။ ပြီးတော့ အချစ်ကားတွေမဟုတ်တဲ့ နိုင်ငံရေး၊ ဘာသာရေး၊ သရဲကားတွေ ဖွေး ကြိုက်တယ်။ ပရိသတ်အတွက် နည်းနည်းလေးနဲ့ စုံအောင် စဉ်းစားပြီးတော့ ရိုက်ဖြစ်ပါတယ်။

Voice :       ဖေ့စ်ဘွတ်ခ်မှာ ကိုယ့်ရဲ့ခံစားချက်တွေ ရေးတာနဲ့ ပတ်သက်ပြီးတော့ တချို့အနုပညာရှင်တွေက အားပေးစကား ပြောထားတော့ ဘယ်လိုကြောင့် ရေးဖြစ်တာလဲ။

PP     :        ဖွေးက ဖီးလ်ဖြစ်တာတွေဆို အခါ ၁၀၀ လောက်ဖြစ်မှ တစ်ခါလောက်ပဲ ပရိသတ်ကို ပေးသိတာပါ။ အဲဒီတုန်းက တကယ်ကို ငါလုပ်နေတာ မှားတာလား။ မှန်တာလား။ ဒီလိုပဲ ကြိုးတော့ ကြိုးစားနေတယ်။ ဘာလို့ တချို့တွေက အသိအမှတ် မပြုကြဘူး။ ကိုယ့်ကို ချစ်တဲ့သူတွေကိုပဲ အာရုံစိုက်နေရင်းနဲ့ကို တိုက်ခိုက်ခံရတာတွေ များလာတော့ စိတ်နည်းနည်းလေး ယိုင်သွားတာပေါ့နော်။ ဒါပေမဲ့ မဖြူလို အရမ်းတန်ဖိုးရှိတဲ့ အနုပညာရှင်က ပြန်ပြီးတော့ အားပေးလိုက်တော့ ကိုယ့်ကိုယ်ကိုယ် လုံးဝ ခေါင်းကို ပြန်ထောင်သွားတယ်။ တစ်ခါတလေလည်း အဲဒီလိုရှိတာပေါ့။ ပရိသတ်ကို ပေးသိသင့်တယ်လို့ ဒီဟာတော့ ပေးသိလိုက်တာပါ။ အခုတော့ အေးဆေးပါပဲ။ စိတ်ကို တတ်နိုင်သလောက် ရှင်းအောင်ထားပြီး အလုပ်တွေကို ဆက်ပြီး လုပ်သွားမှာပါ။

Voice :       ပရိသတ်ကို ဘာများဖြည့်စွက်ပြောချင်လဲ။

PP     :        ဖွေးကိုချစ်တဲ့ ပရိသတ်တွေ အကုန်လုံးကို ရင်ထဲမှာ ထည့်ထားပါတယ်။ နှစ်တွေ များလာတော့တိုက်ခိုက်ခံရတာ နည်းနည်းလေးတော့ Heart ထိတာပေါ့။ ဖွေး မရပ်မနားဘဲ ကြိုးစားလာတာ ၁၃ နှစ်ကျော်ပြီလေ။ ဒီတစ်လျှောက်လုံးမှာ ဖွေး ဖြစ်ခဲ့တဲ့ အကောင်း၊ အဆိုးတွေကို ဘေးနားကနေ ကြံ့ကြံ့ခံပြီးတော့ အားပေးလာတဲ့ ပရိသတ်တွေက အရမ်း အရေးကြီးပါတယ်။ ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ်။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *