၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် 21 Lessons for the 21st Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။

သင်ခန်းစာ (၁၁) စစ်

လူသားတွေရဲ့ ဉာဏ်နုံ့နဲနိုင်မှုကို ဘယ်တော့မှ လျှော့မတွက်လေနဲ့

လွန်ခဲ့သော ဆယ်စုနှစ်များမှာ လူ့သမိုင်းတစ်လျှောက်တွင် ငြိမ်းချမ်းမှုအရှိဆုံး ခေတ်ကာလများဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးဖြင့် အသက်မွေးသည့် အစောပိုင်းလူ့အဖွဲ့အစည်းများတွင်မူ လူအချင်းချင်းအကြား အကြမ်းဖက်မှုကြောင့် လူသားများသေဆုံးမှုမှာ စုစုပေါင်းသေဆုံးမှု၏ ၁၅ ရာခိုင်နှုန်းအထိရှိခဲ့ပြီး နှစ်ဆယ်ရာစုခေတ်တွင် သေဆုံးမှု၏ ၅ ရာခိုင်နှုန်း ရှိခဲ့သည်။ ယနေ့ခေတ်တွင်မူ ထိုသို့ လူသားများ၏ အကြမ်းဖက်မှုကြောင့် သေဆုံးရခြင်းမှာ ၁ ရာခိုင်နှုန်းသာရှိတော့သည်။ သို့သော်လည်း ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပြီးချိန်မှစ၍ နိုင်ငံတကာအခြေအနေမှာ လျှင်မြန်စွာ ဆိုးရွားလာလျက်ရှိသည်။ စစ်ဘီလူးများ ပြန်ခေတ်ထလာပြီး စစ်အသုံးစရိတ်မှာလည်း တရိပ်ရိပ်တိုးလာနေသည်။ သာမန်ပြည်သူများရော ပညာရှင်များပါ ၁၉၁၄ ခုနှစ်တုန်းက ဩစတြီးယားအိမ်ရှေ့စံ လုပ်ကြံခံရခြင်းကြောင့် ပထမကမ္ဘာစစ် စတင်ရန် မီးမွှေးပေးလိုက်သလိုမျိုးထပ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ဆီးရီးယား သဲကန္တာရထဲက အဖြစ်အပျက်တစ်ခုခု သို့မဟုတ် ကိုရီးယားကျွန်းဆွယ်ပေါ်က အကွက်ရွှေ့မှားတာမျိုးတစ်ခုခုကြောင့် ကမ္ဘာစစ်ကြီးဖြစ်လာမည်ကို စိုးရိမ်ကြပါသည်။

ကမ္ဘာပေါ်တွင် တင်းမာမှုများ မြင့်တက်လာသည့်အခြေအနေ၊ ဝါရှင်တန်၊ ပြုံယမ်းနှင့် အခြားနေရာတော်တော်များများရှိ ခေါင်းဆောင်များ၏ ပင်ကိုစရိုက်တွေကိုကြည့်ပါက စိတ်ပူမည်ဆိုလည်း စိတ်ပူစရာကောင်းသည့် အခြေအနေမျိုးဖြစ်ပါသည်။ သို့သော်လည်း ၂၀၁၈ ခုနှစ်နှင့် ၁၉၁၄ ခုနှစ်မှာ အဓိကကျသည့် ကွာခြားချက်များ ရှိပါသည်။ အထူးသဖြင့်ဆိုရလျှင် ၁၉၁၄ တွင် ကမ္ဘာတစ်လွှားရှိ အထက်လွှာအီလစ်များသည် စစ်တိုက်ရမှာကို လိုလားကြပါသည်။ အကြောင်းမှာ စစ်ပွဲများအောင်မြင်ပါက စီးပွားရေးတိုးတက်ဖွံ့ဖြိုးရန်နှင့် နိုင်ငံရေးအာဏာရလာရန် အထောက်အကူပြုနိုင်ကြောင်း လက်ဆုပ်လက်ကိုင်ဥပမာများ အမြောက်အမြား ရှိပါသည်။ ယင်းနှင့် မတူတော့သည်မှာ ၂၀၁၈ ခုနှစ်တွင်မူ အောင်မြင်သောစစ်ဆိုသည်မှာ (မူးလို့ပင်ရှူစရာ မရှိလောက်အောင်) ရှားပါးသည့်ကိစ္စဖြစ်နေခြင်းပင် ဖြစ်ပါသည်။

အာဆီးရီးယန်းနှင့် ချင်ခေတ်များတွင် များသောအားဖြင့် အကြမ်းဖက်အနိုင်ယူသောနည်းကိုသုံးကာ ကြီးကျယ်သောအင်ပါယာများကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အလားတူပင် ၁၉၁၄ တွင်လည်း အဓိကအင်အားကြီးနိုင်ငံများမှာ စစ်ပွဲများတွင် အောင်မြင်မှုရခြင်းကြောင့် ထိုသို့ အင်အားတောင့်တင်းသည့်အခြေအနေမျိုး ဖြစ်လာခြင်းဖြစ်သည်။ ဥပမာဆိုရလျှင် ဂျပန်အင်ပါယာမှာ တရုတ်နှင့် ရုရှားကို အနိုင်ရရှိခြင်းကြောင့် ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်လာခြင်းဖြစ်သည်။ ဂျာမနီမှာ ဩစတြီးယား၊ ဟန်ဂေရီနှင့် ပြင်သစ်ကို အောင်နိုင်သောကြောင့် ဥရောပတွင် လွှမ်းမိုးလာနိုင်ခြင်းဖြစ်သည်။ ဗြိတိန်မှာ တစ်ကမ္ဘာလုံးတွင် စစ်ပွဲသေးသေးလေးများ တစ်ခုပြီးတစ်ခု အနိုင်တိုက်ကာ ကမ္ဘာ့အကြီးဆုံးနှင့် အကြွယ်ဝဆုံး အင်ပါယာကြီးကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ၁၈၈၂ ခုနှစ်တွင် ဗြိတိန်က အဓိကကျသည့် တယ်လ်အယ်လ်ကီဘာတိုက်ပွဲတွင် စစ်သား ၅၇ ယောက်သာ ကျဆုံးကာ အီဂျစ်ကို ကျူးကျော် သိမ်းပိုက်နိုင်သည်။ တယ်လ်အယ်လ်ကီဘာ တိုက်ပွဲပြီးနောက် ဗြိတိသျှတွေအဖို့ လက်နက်ကိုင်တော်လှန်ခြင်းမျိုး သိပ်မကြုံရဘဲ ဆယ်စုနှစ်ခြောက်ခုလောက် နိုင်းမြစ်ဝှမ်းနှင့် အရေးကြီးသော စူးအက်တူးမြောင်းကို ထိန်းချုပ်ထားနိုင်သည်။ ဗြိတိန်ကို အတုခိုးပြီး အခြားသော ဥရောပအင်အားကြီးနိုင်ငံများမှာလည်း ဗီယက်နမ်၊ လစ်ဗျား သို့မဟုတ် ကွန်ဂိုကို ကျူးကျော်ဖို့ရန် စဉ်းစားကြသည်။ ပဲရစ်၊ ရောမနှင့် ဘရက်ဆဲလ်ရှိ အစိုးရများအနေနှင့် စိတ်ပူစရာဆိုလို့ တခြားသူတစ်ဦးဦး လက်ဦးပြီး သိမ်းသွားမှာကို စိတ်ပူရတာပဲ ရှိသည်။ ယနေ့ခေတ်တွင်မူ မွတ်ဆလင်နိုင်ငံတစ်ခုကို သိမ်းပိုက်ဖို့ကိစ္စမှာ အနောက်နိုင်ငံတွေအဖို့ အိပ်မက်ဆိုးပင်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုပင်လျှင် အင်အားကြီးနိုင်ငံဖြစ်လာရခြင်းမှာ စီးပွားရေးတီထွင် ကြံဆမှုသက်သက်ကြောင့်မဟုတ်ဘဲ စစ်ရေးလည်း ပါသေးသည်။ ၁၈၄၆ ခုနှစ်တွင် အမေရိကန်က မက္ကဆီကိုနိုင်ငံကို ကျူးကျော်ပြီး ကယ်လီဖိုးနီးယား၊ နေဗေဒါ၊ အူးတား၊ အရီဇိုးနား၊ နယူးမက္ကဆီကို ပြည်နယ်များနှင့် ကော်လိုရာဒို၊ ကန်းဆတ်၊ ဝိုင်အိုမင်းနှင့် အိုလာဟိုမား ပြည်နယ်အစိတ်အပိုင်းများကို သိမ်းပိုက်ခဲ့သည်။ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုသောအခါတွင်လည်း ယခင်သိမ်းယူထားသည့် တက္ကဆက်ပြည်နယ်ကို စာချုပ်က အတည်ပြုပေးလိုက်သည်။ အမေရိကန်စစ်သား ၁၃,၀၀၀ လောက် ကျဆုံးပြီး အမေရိကန်ပြည်ထောင်စုသို့ မြေဧရိယာ ၂ ဒသမ ၃ သန်းစတုရန်း ကီလိုမီတာကို ပေါင်းထည့်နိုင်ခဲ့သည် (ယင်းအကျယ်အဝန်းမှာ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ စပိန်နှင့် အီတလီ စုစုပေါင်းအကျယ်အဝန်းထက် ပိုကြီးသော အကျယ်အဝန်းဖြစ်ပြီး ထောင်စုနှစ်တစ်ခုလုံးမှာ အတန်ဆုံးဈေးဖြင့်ရခြင်းဖြစ်သည်။)

၁၉၁၄ ခုနှစ်တွင် ဝါရှင်တန်၊ လန်ဒန်နှင့် ဘာလင်ရှိ အီလစ်များမှာ အောင်မြင်သော စစ်ပွဲဘယ်လိုဆင်နွှဲရမည်ဆိုတာကို သဘောပေါက်သလို ထိုသို့ အောင်မြင်ခြင်းဖြင့် ဘာတွေရနိုင်သည်ဆိုတာကိုလည်း နားလည်သဘောပေါက်ပါသည်။ ၎င်းအခြေအနေနှင့် မတူတော့သည်မှာ ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့အီလစ်များအနေနှင့် ထိုသို့အောင်မြင်မှုရနိုင်သည့် စစ်ပွဲများရှိသေးရဲ့လားဟု သံသယဝင်စရာ အကြောင်းကောင်းကောင်းရှိနေခြင်းဖြစ်သည်။ တတိယနိုင်ငံများမှ အာဏာရှင်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေနှင့် စစ်ပွဲမှ အကျိုးအမြတ် ရကောင်းရနိုင်သေးသော်လည်း အင်အားကြီးနိုင်ငံများမှာ ထိုသို့ အကျိုးအမြတ်ရအောင် ဘယ်လိုလုပ်ရမှန်း မသိတော့ချေ။

ကျွန်တော်တို့ သက်တမ်းအတွင်း ဆိုဗီယက်ပြည်ထောင်စုအပေါ် အမေရိကန်အောင်နိုင်ခဲ့သည့် အကြီးမားဆုံးအောင်ပွဲသည်ပင် စစ်မက် အကြီးအကျယ်ရင်ဆိုင်တိုက်ခိုက်ရခြင်း တစ်စုံတစ်ရာမရှိဘဲ ရရှိခဲ့သည့်အောင်ပွဲမျိုး ဖြစ်ပါသည်။ ယင်းနောက် ယခင်ခေတ်ကလို အနိုင်ရသည့် စစ်ပွဲဆိုလို့ အမေရိကန်ပြည်ထောင်စုမှာ ခဏတစ်ဖြုတ် အောင်ပွဲရလိုက်သည့် ပထမ ပင်လယ်ကွေ့စစ်ပွဲသာရှိသည်။ သို့သော် ယင်းကြောင့် အီရတ်နှင့် အာဖဂန်နစ္စတန်တွင် အရှက်တကွဲ အကျိုးနည်း ဒေါ်လာ ထရီလီယံနှင့်ချီ ဖြုန်းတီးမိသော စစ်ရေးအရ အရှုံးကြီးရှုံးသော စစ်ပွဲများ ဆက်လက်ဆင်နွှဲမိစေရန် တွန်းအားဖြစ်သွားသည်။ ၂၁ ရာစု အစောပိုင်း အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွန်းလာသည့် တရုတ်ပြည်မှာလည်း ၁၉၇၉ ခုနှစ် ဗီယက်နမ်ကို ကျူးကျော်မှု အရှုံးပေါ်ပြီးနောက် စစ်ရေးပဋိပက္ခများကို ကြိုးစားပမ်းစား လုံးလုံးရှောင်ရှားခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် အင်အားကြီးနိုင်ငံဖြစ်လာခြင်းမှာလည်း စီးပွားရေးအကြောင်းများကြောင့် သက်သက်သာ ဖြစ်သည်။ ယင်းသို့ အင်အားကြီးနိုင်ငံဖြစ်လာရန် ကြိုးပမ်းရာတွင်လည်း ၁၉၁၄ ခုနှစ်မတိုင်မီ ဂျပန်၊ ဂျာမနီနှင့် အီတလီအင်ပါယာများကို အတုယူဆောင်ရွက်ခြင်းမဟုတ်ဘဲ ၁၉၄၅ ခုနှစ်အလွန် ဂျပန်၊ ဂျာမနီနှင့် အီတလီ စီးပွားရေးအောင်မြင်မှုများကို အတုခိုးခြင်းဖြစ်သည်။ ယင်းနိုင်ငံများအားလုံးတွင် စီးပွားရေးအရ ကြွယ်ဝလာမှုနှင့် ပထဝီနိုင်ငံရေးအရ ဩဇာရှိလာခြင်းမှာ သေနတ်တစ်ချက်မဖောက်ရဘဲ အောင်မြင်မှုရခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ချကွင်းနှက်ကွင်းဖြစ်နေသည့် အရှေ့အလယ်ပိုင်းတွင်တောင်မှ ဒေသတွင်းအင်အားကြီးနိုင်ငံများမှာ စစ်ပွဲကို ဘယ်လိုအောင်မြင်အောင် တိုက်ရမလဲဆိုတာ မသိကြတော့ချေ။ အီရန်နိုင်ငံမှာ ရှည်ကြာစွာ တိုက်ခဲ့ရသည့် အီရန်-အီရတ်စစ်ပွဲမှ မည်သည့်အကျိုးအမြတ်မျှ မရခဲ့ချေ၊။ ထို့ကြောင့် ၎င်းအနေနှင့် ယင်းစစ်ပွဲပြီးနောက် တိုက်ရိုက်စစ်ရေးပဋိပက္ခဖြစ်ခြင်းကို ရှောင်ရှားခဲ့သည်။ အီရန်နိုင်ငံက အီရတ်မှ ယီမင်အထိ ဒေသတွင်း တော်လှန်ရေးလှုပ်ရှားမှုများကို ဘဏ္ဍာရေးအရ ထောက်ပံ့ခြင်းနှင့် လက်နက်တပ်ဆင်ခြင်းများ ဆောင်ရွက်ပြီး ဆီးရီးယားနှင့် လက်ဘနွန်သို့ အီရန်တော်လှန်ရေးတပ်ဖွဲ့ စေလွှတ်ကာ သူတို့၏ မဟာမိတ်များကို ကူညီခြင်း ဆောင်ရွက်သော်လည်း လက်ရှိအချိန်အထိ ဘယ်နိုင်ငံကိုမှ မကျူးကျော်မိအောင် သတိထားလျက်ရှိသည်။ အီရန်မှာ ဒေသတွင်း ထိပ်သီးအင်အားကြီးနိုင်ငံဖြစ်လာခြင်းမှာ ဘယ်လိုပြောင်မြောက်သည့် စစ်ပွဲမှာမှ အနိုင်ရခြင်းမျိုးကြောင့် မဟုတ်ဘဲ သူ့ဟာသူ အလိုအလျောက် ဖြစ်လာခြင်းဖြစ်သည်။ အီရန်၏ အဓိက ရန်သူနှစ်ယောက်ဖြစ်သည့် အမေရိကန်နှင့် အီရတ်မှာ စစ်ဖြစ်ပြီး နှစ်ဖက်လုံးထိခိုက်ပျက်စီးသည့်အတွက် အီရတ်ရော အမေရိကန်ပါ အရှေ့အလယ်ပိုင်း အရှုပ်တော်ပုံထဲ ပါချင်စိတ်မရှိဖြစ်လာသည်။ ထို့ကြောင့် အီရန်က ကျန်ခဲ့သည့် အခြေအနေများအပေါ်မှ အလိုလို အမြတ်ထွက်ခြင်း ဖြစ်သည်။

အစ္စရေးမှာလည်း အလားတူပင် ဖြစ်သည်။ အစ္စရေးအနေနှင့် နောက်ဆုံးအောင်မြင်မှုရသည့် စစ်ပွဲမှာ ၁၉၆၇ ခုနှစ်က ဖြစ်သည်။ ယင်းနောက် အစ္စရေး တိုးတက်ဖွံ့ဖြိုးလာခြင်းမှာ စစ်ပွဲများကြောင့်မဟုတ်ဘဲ စစ်ပွဲများ ရှိနေသည့်ကြားမှ တိုးတက်ဖွံ့ဖြိုးလာခြင်းဟု ဆိုရမည်ဖြစ်သည်။ သိမ်းပိုက်ထားသည့် နယ်မြေများမှာ အစ္စရေးကို ကြီးလေးသော စီးပွားရေးဝန်ပိမှုများနှင့် နိုင်ငံရေးအရ ထိခိုက်နစ်နာခြင်းများပင် ဖြစ်ပေါ်စေသေးသည်။ အီရန်ကဲ့သို့ပင် အစ္စရေးမှာလည်း ယင်း၏ ပထဝီနိုင်ငံရေးအဆင့်အတန်းကို စစ်ပွဲများ အောင်မြင်စွာဆင်နွှဲပြီး မြှင့်တင်ခြင်းမဟုတ်ဘဲ စစ်ပွဲများရှောင်ရှားခြင်းဖြင့် မြှင့်တင်ခြင်း ဖြစ်သည်။ စစ်ပွဲများကြောင့် အစ္စရေး၏ ယခင်ရန်သူတော်များဖြစ်သည့် အီရတ်၊ ဆီးရီးယားနှင့် လစ်ဗျားတို့မှာ ထိခိုက်ပျက်စီးမှုများ ကြုံနေရချိန်တွင် အစ္စရေးမှာ သူနှင့်မဆိုင်သလို စစ်ပွဲများကို ရှောင်ရှားခဲ့ခြင်းဖြစ်သည်။ ဆီးရီးယားပြည်တွင်းစစ်ထဲ ဝင်ပါပြီး မျောသွားသည့်အဖြစ်မျိုး မရောက်အောင် ရှောင်ရှားနိုင်ခြင်းကို နေတန်ယာဟု၏ အကြီးကျယ်ဆုံး နိုင်ငံရေးအောင်မြင်မှုဟု (၂၀၁၈ ခုနှစ် မတ်လ အခြေအနေအရ) ဆိုရနိုင်သည်။ အစ္စရေးစစ်တပ်အနေနှင့် အလိုရှိပါက ဆီးရီးယားမြို့တော် ဒမတ်စကတ်ကို တစ်ပတ်အတွင်း သိမ်းပိုက်နိုင်သည်။ သို့သော် ထိုသို့ သိမ်းလိုက်ခြင်းဖြင့် အစ္စရေးမှာ ဘာအကျိုးအမြတ် ရပါမည်နည်း။ အစ္စရေးစစ်တပ်အနေနှင့် ဂါဇာကိုသိမ်းပိုက်ကာ ဟားမတ်စ်အစိုးရကို ဖြုတ်ချဖို့ ပိုတောင်လွယ်ဦးမည်ဖြစ်သည်။ သို့သော် အစ္စရေးအနေနှင့် ထိုသို့လုပ်ရန် အကြိမ်ကြိမ်ငြင်းဆိုပြီးဖြစ်သည်။ အစ္စရေးအနေနှင့် ခိုင်မာတောင့်တင်းသည့် စစ်ရေးအင်အားရှိသည့်တိုင်၊ အစ္စရေးနိုင်ငံသမားများထံမှလည်း စစ်လိုလားသည့် အပြောအဆိုများ ကြားမြင်နေရသည့်တိုင်၊ စစ်က ဘာအကျိုးအမြတ်မှ ရမည်မဟုတ်ဆိုသည်ကို အစ္စရေးက သဘောပေါက်ပါသည်။ အမေရိကန်၊ တရုတ်၊ ဂျာမနီ၊ ဂျပန်နှင့် အီရန်တို့နည်းတူပင် အစ္စရေးသည်လည်း နှစ်ဆယ့်တစ်ရာစုခတ်တွင် အောင်မြင်မှုအရှိဆုံး မဟာဗျူဟာတွင် မည်သည့်ဘက်ကမျှဝင်မပါဘဲ သူများတွေချနေတာကို အေးအေးရပ်ကြည့်ပြီး အမြတ်ထွက်သည့် ယာလည်းညက်၊ ကြက်လည်းပန်း ဗျူဟာဖြစ်သည်ဆိုတာကို နားလည်ပုံ ပေါ်ပါသည်။ 

သီဟဝင့်အောင်
(ဆက်လက်ဖော်ပြပါမည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *