‘လူ’ မတူ ‘မူ’ နှင့် ညှိ’မူ’ မတူ ‘သမိုင်း’ နဲ့ ညှိ

ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းထုပ်

မြန်မာစာ၊ မြန်မာစကားတွင် ‘ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ် လှည်းထုပ်’ ဆိုသော စကားရပ်တစ်ခုရှိသည်။ ‘မဆုတ်သာ မတိုးသာ အခြေအနေ’ ကို ညွှန်းသည့် အဓိပ္ပာယ်ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ‘dead lock’ ဆိုသော စကားနှင့် နီးမည်ထင်သည်။

မြန်မာ့ဒီမိုကရေစီရေးအတွက်ရော၊ NLD အစိုးရအတွက်ပါ အရေးကြီးလှသော ‘၂၁ ရာစုပင်လုံ’ မှာ ဆိုခဲ့ပါ ‘dead lock’ နှင့် ရင်ဆိုင်နေရပြီဟု ပြောကြဆိုကြသည်များရှိသည်။ ထိုအထဲမှ တစ်ခုမှာ ‘နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ’ ဆိုသော အစိုးရ (အစိုးရ၊ လွှတ်တော်၊ တပ်မတော်) ၏ ‘စိုးရိမ်မှု’ နှင့် တိုင်းရင်းသားများလိုလားသော ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ တို့ကို ချိတ်ဆက်ထားခြင်းမှာ တစ်ခုအပါအဝင်ဖြစ်ပါသည်။ အမှန်စင်စစ် ညှိနှိုင်းဆွေးနွေးကြရာတွင် ယခုလို ရှေ့ဆက်ဖို့ အခက်ကြုံကြရသည်မှာ သိပ်တော့မဆန်း။ မလွှဲမရှောင်သာ ကြုံတွေ့ရတတ်သည့်သဘာဝ ဖြစ်လိမ့်မည်ထင်ပါသည်။

အကယ်၍များ ဤသို့ကြံကြရလျှင်၊ ဘာလုပ်ကြမည်နည်း’၊ ‘ဘယ်လိုကျော်ကြမည်နည်း’ ဆိုသော ‘နည်းနာပိုင်း’ လည်း မြန်မာ့နိုင်ငံရေးတွင် ရှိပြီးဖြစ်ပါသည်။ ‘လူ – မတူ မူနှင့်ညှိ၊ မူ – မတူ သမိုင်းနှင့် ညှိ’ ဆိုသော အစဉ်အလာဖြစ်သည်။ အင်အားစုအသီးသီးမှ မူပိုင်းဆိုင်ရာတွေနှင့် ညှိခဲ့နှိုင်းခဲ့သည်မှာ ကြာတောင့်ကြာရှည် ရှိခဲ့ပါပြီ။ သို့တိုင် အဖြေကား မတွေ့သေး။ သို့ဖြင့် ‘သမိုင်းနှင့် ညှိကြဖို့’ ဖြစ်လာရသည်။ ကံအားလျော်စွာ ဤကဲ့သို့သော အများညီ ‘ထီးလိုမင်းလို’ သမိုင်းမျိုးလည်း မဝေးလှသေးသော ကာလမှာပင် ရှိခဲ့ဖူးပါသည်။ အခြားမဟုတ်။ ၁၉၄၇ ဇွန်လ ၁၆ ရက်တွင် တင်သွင်းပြီး လူမျိုးစု အမတ်များက တစ်ခဲနက် ထောက်ခံကာ ဇွန်လ ၁၇ ရက်တွင် တိုင်းပြည်ပြုလွှတ်တော်က အတည်ပြုခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း အဆိုပြုခဲ့သော ‘လမ်းညွှန် (၇) ချက်’ ဖြစ်ပါသည်။

ထီးလို၊ မင်းလို အဆိုပြုချက်

ပထမဆုံး ဆိုခဲ့ပါ ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုပြုချက်ကို ‘မူရင်း’ အတိုင်း ဖော်ပြပါမည်။ လွှတ်တော်တွင် တင်သွင်းသည့်ခေါင်းစဉ်မှာ ယခုလိုဖြစ်သည်။ ‘လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွှန်ပြဋ္ဌာန်းချက်

၁။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ‘ပြည်ထောင်စုနိုင်ငံတော်’ ဟု ခေါ်တွင်စေသော လွတ်လပ်သည့်၊ အချုပ်အခြာအာဏာပိုင်၊ သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်စေရမည်။
၂။ ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တစ်သီးပုဂ္ဂလပြည်နယ်များ ပါဝင်စေလျက် သို့ သတ်မှတ်ဖော်ပြသည်။ တစ်သီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာရရှိစေရမည်။
၃။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ သက်ဆင်းစေရမည်။
၎။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေး၌လည်းကောင်း၊ နိုင်ငံရေး၌လည်းကောင်း၊ တရားမျှတမှုရှိစေလျက်၊ အဆင့်အတန်း အခွင့်အရေးနှင့် ဥပဒေသက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိတူညီစေရမည့်အပြင် တရားဥပဒေနှင့်သော်လည်းကောင်း၊ အများပြည်သူတို့၏ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း၊ မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ ပရိယေသန ရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အခိုင်အလုံသတ်မှတ်ထားရှိစေရမည်။
၅။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမည်
၆။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံ၏ နယ်မြေတို့ တပေါင်းတစည်းတည်း တည်တန့်ခိုင်မြဲရေးကိုလည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာစိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကိုလည်းကောင်း၊ တရားဓမ္မနှင့်တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိစေရမည်။
၇။ ရာဇဝင်တွင် ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ဂုဏ်ကျက်သရေနှင့်လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန်ဖြည့်စွမ်းထမ်းရွက်ကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကိုအခြေပြုပြီး ကမ္ဘာ့ငြိမ်းချမ်းရေးရှေ့ရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက် တွဲဖက်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။

ဆန္ဒညီညွတ်ရေး ဗိမာန်

ဤသို့ တင်ပြပြီးသကာလ ဗိုလ်ချုပ်အောင်ဆန်းက သူ၏အဆိုပြုချက်ကို တစ်ချက်ခြင်းရှင်းပြပါသည်။

၁။ ပထမအချက်မှာ မူလေးခုပါတယ်။ လွတ်လပ်တဲ့နိုင်ငံတော်ဖြစ်ရမယ် (Independence)။ အချုပ်အခြာအာဏာပိုင်ရမယ် (Sovereignty)။ သမ္မတနိုင်ငံဖြစ်ရမယ် (Republic) ။ ပြည်ထောင်စုနိုင်ငံ ဖြစ်ရမယ်။ (Unitary မဖြစ်စေရဘူး) (တိုင်းရင်းသားများလိုလားသော ‘ဖက်ဒရယ်မူ’ နှင့် ပြည်သူအားလုံးလိုလားသော ‘ဒီမိုကရေစီနိုင်ငံ ဖွဲ့စည်းပုံဖြစ်ပါသည်။)
၂။ ဒုတိယအချက်မှာ တစ်သီးပုဂ္ဂလ ပြည်နယ်တိုင်းကို ‘ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ’ (Autonomy) ပေးရမယ်ဆိုတဲ့ မူပါတယ်။ (တိုင်းရင်းသားများလိုလားသော ‘ဖက်ဒရယ်မူ’ ပင် ဖြစ်သည်။)
၃။ တတိယအချက်မှာ ‘အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေရမည်’ ဆိုသော မူပါတယ်။ (ဤသည်မှာ ပြည်သူအားလုံးလိုလားသော ‘ဒီမိုကရေစီမူ’ ပင် ဖြစ်သည်။)
၎။ စတုတ္ထအချက်မှာမူ ခုနစ်မူပါတယ်။ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့်နှင့် ဝတ်ပြုပိုင်ခွင့်၊ ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ဖြစ်တယ်။ (ဤမူအားလုံးမှာ ပြည်သူလူထုတစ်ရပ်လုံး လိုလားသော ‘ဒီမိုကရက်တစ် အခွင့်အရေးများ’ ပင် ဖြစ်သည်။)
၅။ ပဉ္စမအချက်မှာ ‘လူနည်းစုများအတွက် လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရမယ်’ ဆိုတဲ့ မူပါတယ်။ (ဤသည်မှာ တိုင်းရင်းသားများ လိုလားသော ‘ဖက်ဒရယ်မူ’ ပင် ဖြစ်သည်။
၆။ ဆဋ္ဌမအချက်မှာ ‘နိုင်ငံရဲ့ နယ်မြေတစ်ပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေး’ ဆိုတာ ပါတယ်။ (ဤအချက်မှာ တပ်မတော်နှင့် အစိုးရ၏ စိုးရိမ်စိတ်ကို ရည်ညွှန်းဟန် ရှိပါသည်။)
၇။ သတ္တမအချက်တွင် – နောင်ဖွဲ့စည်းမည့် ဒီမိုကရက်တစ်နိုင်ငံတော်၏ ‘နိုင်ငံခြားရေးဝါဒ’ ဖြစ်သည်။(ဤအချက်မှာလည်း လူတိုင်းသဘောညီကြမည့်အချက် ဖြစ်ပါလိမ့်မည်။)

ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ခုနစ်ချက်တွင် ဗမာအပါအဝင် တိုင်းရင်းသားအားလုံးလိုလားသည့် ‘ဒီမိုကရေစီဖွဲ့စည်းပုံ၊ ဒီမိုကရက်တစ်မူနှင့် ဒီမိုကရေစီအခွင့်အရေးတို့’ ပါဝင်သည်။ (အချက် ၁, ၃ နှင့် ၄) တိုင်းရင်းသားများလိုလားသော ‘ဖက်ဒရယ်မူ’ များလည်းပါသည်။ (အချက် ၁, ၂ နှင့် ၅)။ ထိုမျှမက တပ်မတော်နှင့် အစိုးရ၏ စိုးရိမ်သောကဖြစ်သော ‘ဥမကွဲ သိုက်မပျက်’ နေထိုင်ရေးလည်း ပါဝင်နေသည်။ (အချက် – ၆ )။ အချက် – ၇ မှာလည်း ပြည်သူအားလုံး၏ လိုလားချက်ပင် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဆိုခဲ့ပါ အဆိုပြုချက်ကို ပထမဆုံး ထောက်ခံခဲ့သူမှာ နောင်တွင် လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတကြီးဖြစ်လာမည့် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ပင် ဖြစ်သည်။ ထို့နောက် ရှမ်းလူထုခေါင်းဆောင် ဦးထွန်းမြင့်၊ ကချင်အမတ် ဆမားဒူးဝါးဆင်ဝါးနောင်နှင့် ဒူဝါဇော်လွန်၊ ချင်းအမတ် ဦးဝမ်ကိုဟော၊ ကရင်အမတ် စောပီရိကျော်၊ မန်းဘခိုင်နှင့် စောစံဖိုးသင်၊ မွန်အမတ် မွန်ထွန်းရင်၊ ရခိုင်အမတ် ဦးစံထွန်းအောင်နှင့် ဗိုလ်ဘစောအပါအဝင် တိုင်းပြည်ပြုလွှတ်တော်အမတ် ၂၄ ဦးတို့က ထောက်ခံခဲ့ကြသည်။

တိုင်းပြည်ပြုလွှတ်တော်တွင် တညီတညွတ်တည်း စိုက်ထူနိုင်ခဲ့ကြသော ဆိုခဲ့ပါ ‘ဆန္ဒညီညွတ်ရေး ဗိမာန်’ ကိုသာ ၂၁ ရာစု ပင်လုံသို့ ‘ထုံကူး’ နိုင်မည်ဆိုလျှင် ယခု ရင်ဆိုင်နေရသော အကျပ်အတည်းကို ကျော်လွှားလွန်မြောက်နိုင်လိမ့်မည် ထင်ပါကြောင်း …။ 

ကျော်ဝင်း
၂၅ နိုဝင်ဘာ၊ ၂၀၁၉

စာညွှန်း – မြန်မာနိုင်ငံ တိုင်းပြည်ပြုလွှတ်တော်ညီလာခံမှတ်တမ်းများ စာတွဲ – ၁ (အစည်းအဝေးအမှတ် ၁ မှ ၆)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *