မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ တင်သွင်းတော့မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရခိုင်ပြည်နယ်မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် နယ်မြေရှင်းလင်းရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရာဇဝတ်မှုများကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနေသည့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အစီရင်ခံစာကို ယခုနှစ်မကုန်မီ တင်သွင်းတော့မည် ဖြစ်သည်။

နိုင်ငံတကာတရားရုံး (ICJ) တွင်တရားစွဲဆိုခံရမှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ကာ တုံ့ပြန်ဖြေရှင်းမည့် အစီအစဉ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့က နိုင်ငံတော် သမ္မတအိမ်တော်၌ ရှင်းလင်းရာတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယနိုင်ငံခြား ရေးဝန်ကြီးဟောင်းရိုဆာရီယိုမယ်နာလို ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ယင်းကော်မရှင်၏ အချက်အလက်ရှာဖွေရေးအဖွဲ့သည် ကော့ဇ်ဘဇာမြို့သို့ သွားရောက်စုံစမ်းမေးမြန်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ခွင့်ပြုချက်စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ICOE အစီရင်ခံစာအရသက်သေထင်ရှားသော ချိုးဖောက်မှုများရှိသည် ဆိုပါက ဥပဒေကြောင်းအရ လိုအပ်သည့် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါဖြစ်ရပ်တွင် တပ်မတော်ဘက်ကလည်း စုံစမ်းစစ်ဆေးရေးခုံရုံးကို တည်ထောင်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဦးကျော်တင်က ပြောဆိုသည်။

ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံကို ICJ တွင် တရားစွဲဆိုထားချိန်၊ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) တွင်လည်း မြန်မာ့တပ်မတော်ခေါင်းဆောင်အချို့ကို တရားစွဲဆိုရန်လုပ်ဆောင်နေချိန် ICOE ကော်မရှင်၏ အစီရင်ခံစာထွက်လာတော့မည် အခြေအနေဖြစ်သည်။

နိုင်ငံတော်အစိုးရက အဆိုပါကော်မရှင်ကို လွတ်လွတ်လပ်လပ်စုံစမ်းရန် တာဝန်ပေးထားခြင်းဖြစ်ကြောင်း NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောကြားသည်။

“အစီရင်ခံစာကတော့ ကိုယ့်နိုင်ငံဖြစ်နေတဲ့ ပြဿနာကို ကိုယ့်ဘာသာဖြေရှင်းနိုင်တယ်ဆိုတာကို ပြသမှာပေါ့” ဟု ၎င်းက ပြောဆိုသည်။

သို့သော်လည်း ကော်မရှင်၏ အစီရင်ခံစာသည် မြန်မာနိုင်ငံလတ်တလောကြုံတွေ့နေရသည့် နိုင်ငံတကာက အရေးယူရန်ကြိုးပမ်းမှု၊ ဖိအားပေးမှုများကို လျှော့နိုင်မည်လောဆိုသည်မှာ အစီရင်ခံစာတွင် ပါဝင်မည့် အချက်အလက်များကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဒေါ်ပြုံးကေသီနိုင်က ဆိုသည်။

“အချက်အလက်တွေကို ကြည့်ပြီးတော့မှ ကောင်း မကောင်း ပြောနိုင်မှာပေါ့။ ဒီကော်မရှင်က အချက်အလက်ကို စုံစမ်းစစ်ဆေးနေတာဖြစ်တဲ့အတွက် ဒီကိစ္စက နက်လည်း နက်နဲပါတယ်။ အရာတိုင်းကို ထုတ်ဖော်ပြောဖို့အတွက် လိုတယ်လို့ မမြင်ဘူး။ လုံလောက်တဲ့ အချက်အလက်တွေရပြီး ထွက်ပေါ်လာတဲ့ အစီရင်ခံစာကိုပဲ စောင့်ကြည့်ရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ်အရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်နေသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ မြန်မာအစိုးရနှင့် တပ်မတော်တို့၏ စုံစမ်းစစ်ဆေးမှုကို နိုင်ငံတကာက အယုံအကြည် မရှိသည်ကို တွေ့ရသဖြင့် ကော်မရှင်၏ အစီရင်ခံစာသည် နိုင်ငံတကာဖိအားနှင့် အရေးယူရန်ကြိုးပမ်းမှုတို့ကို လျှော့ချနိုင်ခြေမရှိကြောင်း သုံးသပ်သည်။

“နိုင်ငံတကာက အဖွဲ့အစည်းတွေ လာရောက်စစ်ဆေးချင်တာကိုလည်း ခွင့်ပြုနိုင်တဲ့ အနေအထားကိုရောက်မှ သူတို့က ယုံနိုင်မှာ။ ကော်မရှင်က စစ်ဆေးပြီး နိုင်ငံတကာဝင်ခွင့်ပိတ်ထားရင်လည်း သူတို့က ယုံမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောဆိုသည်။

ICOE ကော်မရှင်သည် စစ်ဘက် ဆိုင်ရာပုဂ္ဂိုလ် ၂၉ ဦး၊ ရဲဘက်ဆိုင်ရာပုဂ္ဂိုလ် ၂၀ ဦးကို တွေ့ဆုံမေးမြန်းထားပြီး ရခိုင်၊ မွတ်ဆလင်၊ မြို၊ ဒိုင်းနက်အစရှိသည့် အရပ်သား ၁၅၀၀ ခန့်ကို မေးမြန်းထားပြီးဖြစ်ကြောင်း ကော်မရှင်က နိုဝင်ဘာလ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် တပ်မတော်ကခုံးရုံး ဖွဲ့စစ်ဆေးနေရာတွင် တွေ့ရှိအချက်များကိုလည်း မျှဝေရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ နိုဝင်ဘာလ ၂၂ ရက်နေ့ကစာပေးပို့ကာ တောင်းဆိုထားကြောင်း ထုတ်ပြန်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့ပြီး ယင်းကော်မရှင်သည် NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်အရေးကို ကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းသည့် ကော်မရှင်၊ ကော်မတီများအနက် ခုနစ်ခုမြောက်ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *