ပြည်သူမလုံသည့် နိုင်လွတ်လုံ တည့်မတ်ချိန်

ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံသားများ၏ လွတ်လပ်မှု၊ လုံခြုံမှုရှိစေရန် ရည်ရွယ်ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ဥပဒေမှာ ပုဂ္ဂိုလ်ရေးမုန်းတီးမှုများအတွက် လက်နက်သဖွယ် အသုံးပြုနေကြသည်။

နိုင်လွတ်လုံဟု အလွယ်ခေါ်ကြသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို လူပုဂ္ဂိုလ်အချင်းချင်း တရားစွဲဆိုနေကြမှုကို ရပ်တန့်နိုင်ရန် နိုင်ငံတော်ဥပဒေချုပ်ရုံး ကြိုးပမ်းနေပြီဖြစ် သည်။

နိုင်လွတ်လုံဥပဒေသည် နိုင်ငံသားအချင်းချင်း ထိခိုက်နစ်နာစေရန်ပြုမူရာမှ ပေါ်ပေါက်လာသည့် ပြစ်မှုများနှင့် သက်ဆိုင်ခြင်းမရှိသည်ကို ဂရုပြုလိုက်နာကြရန် အဆိုပါရုံးက ရုံးတွင်းညွှန်ကြားသည့် ညွှန်ကြားချက်မှာ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သဖြင့် အများပြည်သူ သိခွင့်ရရှိခဲ့သည်။

ဥပဒေ၏ မူရင်းရည်ရွယ်ချက်နှင့် သွေဖည်လာသည့် ယင်းအခြေအနေကို ထိန်းညှိရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ရုံးတွင်းညွှန်ကြားချက်တစ်စောင်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကာ ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများကို သတိပေးခဲ့ခြင်းဖြစ်သည်။

နိုင်လွတ်လုံ ဥပဒေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၇ ပါ ပြဋ္ဌာန်းချက်ကို ကျယ်ကျယ်ပြန့်ပြန့် လူအများပိုမိုသိရှိစေရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့သည်ဟု ယူဆနိုင်သည်။ အကြောင်းမှာ ပုဒ်မ ၃၅၇ တွင် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာလုံခြုံမှုများအတွက် ဥပဒေအရ အကာအကွယ်ပေးရမည်ဟု ဖော်ပြထားသည်။

နိုင်လွတ်လုံဥပဒေတွင် နောက်ယောင်ခံလိုက်ခြင်း၊ စာပေးစာယူ၊ ပါဆယ်ထုပ်များဖွင့်ဖောက်စစ်ဆေးခြင်း၊ ၀ရမ်းမပါဘဲ ချုပ်နှောင်ဖမ်းဆီးခြင်းစသည်များကို ပုဒ်မများပြဋ္ဌာန်းကာ ကာကွယ်ပေးထားသည်။

သို့သော်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာအမုန်းပွားမူများနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိအချို့၏ လွယ်လင့်တကူသုံးသပ်၍ တရားခံအပေါ်တွင် နိုင်လွတ်လုံဥပဒေဖြင့် တရားစွဲရန် အကြံဉာဏ်ပေးမှုအချို့ရှိလာကြောင်း ရှေ့နေအချို့က သုံးသပ်ကြသည်။

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနာမည်ဖြင့် ထုတ်ပြန်သည့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်တွင်လည်း ယင်းအချက်ကို အဓိကအခြေခံထားသည်ကို တွေ့ရသည်။

နိုင်လွတ်လုံဥပဒေဖြင့် အရေးယူသော အမှုများတွင် တရားစွဲဆိုခြင်းမပြုမီ တရားစွဲအဖွဲ့အစည်းက ဥပဒေအကြံဉာဏ်တောင်းခံရာတွင် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများက သေချာစိစစ်ခြင်းမရှိဘဲ လွယ်လင့်တကူသုံးသပ်၍ တရားစွဲရန် အကြံဉာဏ်ပေးသည်ကို တွေ့ရကြောင်း ရေးသားထားခြင်းဖြစ်သည်။

အဆိုပါညွှန်ကြားချက်ပါ အချက်အချို့ကြောင့် သာမန်ပြည်သူများ နိုင်လွတ်လုံဥပဒေကို ဆက်လက်အသုံးပြုနိုင်ပါမည်လောဆိုသည့် မေးခွန်းလည်းရှိနေသည်။

ညွှန်ကြားချက်တွင်ပါရှိသည့် စာသားအချို့ကြောင့် နိုင်လွတ်လုံဥပဒေကို သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ တရားစွဲခွင့်မပြုနိုင်သည့် သဘောသက်ရောက်စေနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သုံးသပ်သည်။

“သူတို့က သမ္မတ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ စွဲလို့မရဘူးလို့ ညွှန်ကြားတဲ့ သဘောပဲ” ဟု ၎င်းက ဆိုသည်။

ညွှန်ကြားချက်ထုတ်ပြန်ကာ ပုဒ်မတပ်တရားစွဲမှုကို ထိန်းချုပ်ရသည့် နိုင်လွတ်လုံဥပဒေကို လေ့လာကြည့်ရလျှင်…

ယင်းဥပဒေကို ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်တွင် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရန်ရည်ရွယ်ချက်ဖြင့် သမ္မတ ဦးထင်ကျော်လက်ထက်က လက်မှတ်ထိုး ပြဋ္ဌာန်းခဲ့သည်။

၂၀၁၇ ခုနှစ် မတ်လ ၈ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်လွတ်လုံဥပဒေအခန်း (၄) တားမြစ်ချက်များတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ ၂၄ နာရီ ထက်ကျော်လွန်၍ ချုပ်နှောင်ခြင်းမပြု ရဟု ပြဋ္ဌာန်းထားသည်။ ဖမ်းဝရမ်းမရှိဘဲ နေအိမ်၊ အဆောက်အအုံ၊ ပရိဝုဏ်အတွင်း ရှာဖွေသိမ်းဆည်းခြင်း၊ လူတစ်ဦးဦးအား ဖမ်းဆီးခြင်းမပြုရန် တားမြစ်သည်။

ထို့အပြင် နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံစမ်းခြင်းများ၊ ဆက်သွယ်ရေးကိရိယာတစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ်နားထောင်ခြင်း၊ အီလက်ထရွန်နစ်ဆက်သွယ်ရေးသတင်းအချက်အလက်များကို တောင်းယူခြင်း၊ ထုတ်ပေးခြင်းစသည်တို့ကို တားမြစ်ထားသည်။

စာပေးစာယူ၊ ပါဆယ်ထုပ် စသည်တို့ကို ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်းများအပြင် နိုင်ငံသားတစ်ဦး တရားဝင်ပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို မတရားသိမ်းယူခြင်း၊ ပျက်စီးစေခြင်းစသည့်အချက်များကိုလည်း ဥပဒေဖြင့် အကာအကွယ်ပေးထားသည်။

ယင်းအချက်များအပြင် ပုဒ်မ ၈ (စ) တွင်မူ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော် ကြားမှုတို့ကို ပုတ်ခတ်ခြင်း၊ ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းများကိုလည်း ဥပဒေအရ အကာအကွယ်ပေးထားသည်။

နိုင်လွတ်လုံပုဒ်မ ၈ (စ) သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၀ နှင့် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) တို့နှင့် ဆင်တူသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၀ အသရေ ဖျက်မှုတွင် အပြစ်ဒဏ်ကို ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ယင်းဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တွင်မူ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ယင်းဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

နိုင်လွတ်လုံတွင်မှု အနည်းဆုံး ထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ကျပ်သုံးသိန်းမှ ကျပ် ၁၅ သိန်းအထိ ငွေဒဏ်များဖြစ်စေ ကျခံရနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

နိုင်လွတ်လုံဥပဒေဖြင့် တရားစွဲဆိုခံရသူသည် အာမခံမရရှိဘဲ အချုပ်ဖြင့် တရားရင်ဆိုင်ရခြင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းမှူးက နိုင်လွတ်လုံဥပဒေဖြင့် တိုင်တန်းချက်ကို အမှုဖွင့်မပေးလျှင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ငါးနှစ်မှ ဒဏ်ငွေ ၂၅ သိန်းအထိ ပြစ်ဒဏ်ကျခံရနိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ယင်းအားသာချက်များကြောင့် နိုင်လွတ်လုံဥပဒေဖြင့် အမှုဖွင့်လှစ်တိုင်ကြားသည့် အမှုများပြားလာကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က မှတ်ချက်ပြုသည်။

ထိုသို့ဆိုလျှင် နိုင်လွတ်လုံဥပဒေဖြင့် တရားစွဲသည့် အမှုများကို ပြန်လည်စေ့ငုရန် လိုလာသည်။

နှစ်ဝက်အတွင်း ၇၈ ဦးတရားစွဲခံရ

‘အသံ’ အမည်ရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့၏ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အခြေအနေ သုတေသနအစီရင်ခံစာအရ နိုင်လွတ်လုံဥပဒေဖြင့် တရားစွဲသည့်အမှုပေါင်း ၂၁ မှု၊ တရားစွဲခံရသူ ၇၈ ဦးရှိသည်။ တရားစွဲခံရသူအများစုမှာလည်း အရပ်သားပြည်သူများ ဖြစ်ကြသည်။

၂၀၁၉ ပထမနှစ်ဝက်အတွင်း နိုင်လွတ်လုံဖြင့် တရားစွဲသည့်အမှု ၂၁ မှုထဲတွင် အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်၍ တရားစွဲဆိုမှု ၁၀ မှု၊ နိုင်ငံရေးပါတီများက တရားစွဲဆိုမှု ငါးမှု၊ တပ်မတော်က တရားစွဲဆိုမှုနှစ်မှုရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်လွတ်လုံဥပဒေ စတင်ပြဋ္ဌာန်းစဉ်မှ ယနေ့အထိ ယင်းဥပဒေဖြင့် တရားစွဲသည့်အမှုပေါင်း ၄၀ ကျော်ရှိကာ တရားစွဲခံရသူ ၁၃၂ ဦးခန့်ရှိသည်။ ယင်းအနက် လွှတ်တော်ကိုယ်စားလှယ်များက လူ ၃၅ ဦးကို တရားစွဲဆိုမှုမှာ အများဆုံး ဖြစ်သည်။ တပ်မတော်၏ တရားစွဲခံရသူ ၂၃ ဦးရှိပြီး နိုင်ငံရေးပါတီနှင့် ပါတီဝင်များ၏ တရားစွဲဆိုခံရသူ ၁၉ ဦးရှိကြောင်း ‘အသံ’ အဖွဲ့၏ စာရင်းများအရသိရှိရသည်။

နိုင်လွတ်လုံဥပဒေသည် ဥပဒေပြုရေး လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၏ အသုံးချခံဥပဒေဖြစ်နေသလောဟူသည်က မွေးခွန်းထုတ်စရာပင်။ ဝန်ကြီးချုပ်များပင်လျှင် နိုင်လွတ်လုံ ဥပဒေကို အသုံးပြုကာ တရားစွဲဆိုကြသေးသည်။

“နစ်နာတဲ့သူက အဖွဲ့အစည်းဝင်တစ်ခု ဖြစ်မယ်။ အဲဒီဆောင်ရွက်ချက်က သူတင်မကဘူး။ သူ့အဖွဲ့အစည်းကိုပါ ထိခိုက်နစ်နာနိုင်တယ်ဟေ့ဆိုရင်တော့ ၆၆ (ဃ) ထက် အနက်အဓိပ္ပာယ်ကျယ်ဝန်းတဲ့ နိုင်လွတ်လုံနဲ့ စွဲလေ့ရှိပါတယ်” ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်က သုံးသပ်သည်။

ဦးခင်မောင်မြင့်သည် လက်ရှိနိုင်လွတ်လုံဥပဒေနှင့် တရားလိုနှင့် တရားခံ နှစ်ဖက်လုံးဘက်မှနေ၍ ဥပဒေအကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးနေသူဖြစ်သည်။

လူကြိုက်များလာခြင်း

နိုင်လွတ်လုံဥပဒေသည် စတင်ပြဋ္ဌာန်းသည့် ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်တွင် ယင်းဥပဒေဖြင့် တရားစွဲဆိုမှု ရှစ်မှုသာ ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်အတွင်း နိုင်လွတ်လုံဖြင့် တရားစွဲဆိုမှု မြင့်တက်လာကာ နှစ်ဝက်အတွင်း ၂၁ မှုအထိရှိလာခဲ့သည်။

ကာယကံရှင် မဟုတ်သူများက ကြားဝင်တရားစွဲနိုင်ခြင်းကလည်း နိုင်လွတ်လုံကို အကြိုက်တွေ့စေသည့် အချက်တစ်ခုထဲတွင်ပါဝင်သည်။ နိုင်လွတ်လုံဥပဒေဖြင့် ပထမဆုံးစီရင်ခံရသူအဖြစ် မှတ်တမ်းဝင်သူမှာ မွန်ပြည်နယ်မှ ဦးအောင် ကိုကိုလွင်ဖြစ်သည်။ ကာယကံရှင်မဟုတ်သူက တိုင်ကြားသည့်အတွက် အရေးယူခံရကာ ထောင်ကျခဲ့သူဖြစ်သည်။

လူမှုကွန်ရက်တွင် နာမည်ကြီးခဲ့သည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ထမင်းတစ်နပ်လျှော့စားဆိုသည့် ဗီဒီယိုမိန့်ခွန်းကို Facebook စာမျက်နှာတွင် ဖြန့်ဝေခဲ့သည့် ဦးအောင်ကိုကိုလွင်ကို မွန်ပြည်နယ် ဒေသခံတစ်ဦးက နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဦးအောင်ကိုကိုလွင်ကို အမှုဖွင့်စစ်ဆေးပြီး လေးလအကြာတွင် စက်တင်ဘာလ ၂၇ ရက်တွင် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းသူရဦးရွှေမန်း၏ ယာဉ်မောင်းဖြစ်သူက ပြီးခဲ့သည့် ဇွန်လတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ပတ္တာနယ်မြေရဲစခန်းတွင် နိုင်လွတ်လုံဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခဲ့သေးသည်။

ဇူလိုင်လတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ထိုဥပဒေနှင့်ပင် အွန်လိုင်းမီဒီယာတစ်ခုနှင့် လူပုဂ္ဂိုလ်များကို တရားစွဲဆိုသည်။

အကြောင်းမှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်တွင် အရက်သောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရဲစခန်းသို့ ဖုန်းဆက်ကာ နေပြည်တော်စည်ပင်ရိပ်သာတွင် ဗုံးထောင်ထားကြောင်း ပြောကြားသည်ဟူ၍ သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းကို ရေးသားဖြန့်ဝေခဲ့သည့် Competitor (ပြိုင်ဘက်မီဒီယာ) နှင့် Aung Paing Min အမည်ရှိ Facebook Account ပိုင်ရှင်နှင့် ယင်းရေးသားချက်ကို ထပ်မံဖြန့်ဝေသူ ၁၂ ဦးကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက နိုင်လွတ်လုံဥပဒေပုဒ်မ ၁၀ ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်ပြဿနာနှင့် ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်တို့ကို အမျိုးသားသစ္စာဖောက်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည့် ကရင်နီလူငယ်ခြောက်ဦးကို ပြည် နယ်အစိုးရရုံးအရာရှိတစ်ဦးက နိုင်လွတ်လုံဥပဒေပုဒ်မ ၁၀ ဖြင့် တရားစွဲခဲ့သည်။

နိုဝင်ဘာ ၇ ရက်တွင် လွိုင်ကော်မြို့နယ်တရားသူကြီးက အလုပ်နှင့် ထောင်ဒဏ် ခြောက်လကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထောင်ဒဏ်ခြောက်လသာ ချမှတ်မှုနှင့်ပတ်သက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့က တရားရုံးသို့ ပြင်ဆင်ချက် ထပ်တက်ထားသည်။

အထက်ဖော်ပြပါ သာဓကများသည် အစိုးရအဖွဲ့၊ လွှတ်တော်တို့နှင့် ပတ်သက်ဆက်နွှယ်သူများက နိုင်လွတ်လုံဥပဒေကို အသုံးပြုကာတရားစွဲခြင်းများဖြစ်သည်။ ပြည်သူအချင်းချင်း နိုင်လွတ်လုံဥပဒေအသုံးပြုကာ တရားစွဲသည့်အမှုများအနက် ထင်ရှားသည့်အမှုမှာ နေပြည်တော်က ဗစ်တိုးရီးလေး၏အမှုတွင်ဖြစ်သည်။

ထိုအမှုတွင် သံသယတရားခံ အောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေဒေါ်စုဒါလီအောင်ကို Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က နိုင်လွတ်လုံဥပဒေနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် နိုင်လွတ်လုံဖြင့် တရားစွဲမှုကို တရားရုံးက လက်မခံပေ။

အသရေဖျက်မှုများအတွက်လည်း နိုင်လွတ်လုံကို အသုံးပြုကြသည်။ အသေရေဖျက်မှုအတွက် ရာဇသတ်ကြီးဥပဒေတွင် ပုဒ်မ ၅၀၀ ကို ပြဋ္ဌာန်းထားပြီး ဆက်သွယ်ရေးလူမှုကွန်ရက်အတွက် ပုဒ်မ ၆၆ (ဃ) တို့ကို ပြဋ္ဌာန်းထားသော်လည်း စွပ်စွဲခံရသူ ချက်ချင်းလက်ငင်း အကျဉ်းစံရနိုင်သည့် နိုင်လွတ်လုံကို ရွေးကြခြင်းဖြစ်သည်။

“လူတွေက တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးတဲ့အခါမှာ သို့မဟုတ် လူတစ်ယောက်ကို ဒုက္ခပေးချင်တဲ့အခါမှာ နိုင်လွတ်လုံဥပဒေကို မလျော်မကန်သုံးလာကြတယ်” ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်က မှတ်ချက်ပေးသည်။

ထို့အပြင် ရဲတပ်ဖွဲ့နှင့် ဥပဒေရုံးအဆင့်ဆင့်က သေချာစွာ စိစစ်ခြင်းမရှိဘဲ တိုင်ကြားသည်နှင့် အမှုဖွင့်ပေးကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါအခြေအနေကို တားမြစ်ကန့်သတ်နိုင်ရန် နိုင်လွတ်လုံဥပဒေကို ပြင်ဆင်ရန် ဥပဒေကြမ်းတင်ခြင်း၊ ပြစ်ဒဏ်လျှော့ပေါ့ရေး၊ အာမခံပေးနိုင်ရေး လွှတ်တော်တွင် စီစဉ်နေစဉ်ကာလအတွင်း ဥပဒေကို မလျော်မညီသုံးကာ တရားစွဲဆိုမှုများ ကန့်သတ်ရန် နိုင်ငံတော်ဥပဒေချုပ်ရုံးက ညွန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း ဦးခင်မောင်မြင့်က သုံးသပ်သည်။

“ဆက်သွယ်ရေးဥပဒေမှာ ဆက်သွယ်ရေးဝန်ကြီးရဲ့ ခွင့်ပြုမိန့်တောင်းသလိုပဲ။ နိုင်လွတ်လုံဥပဒေဆိုရင်လည်းပဲ အဆင့်ဆင့်တင်ပြပြီးတော့မှ နိုင်လွတ်လုံဥပဒေနဲ့ အရေးယူသင့်သလား၊ မယူသင့်ဘူးလား စိစစ်ပြီး ခွင့်ပြုမိန့်ရမှ တရားစွဲဖို့ အဆင့်ကို ထုတ်ပြန်ထားတဲ့သဘောပါပဲ။ တရားစီရင်ရေးသဘောနဲ့ပြောရင် ကောင်းတဲ့အလားအလားလို့ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

ဥပဒေ၏ မူရင်းရည်ရွယ်ချယ်နှင့် သွေဖည်လာသဖြင့် ပြန်လည်တည့်မတ်ရန် နိုင်ငံတော်ဥပဒေချုပ်ရုံးက ကြိုးပမ်းလာသည်။ သို့သော် အခြားတစ်ဖက်တွင်လည်း နိုင်ငံသားအချင်ချင်း ထိခိုက်နစ်နာစေရန်ပြုမှုသည် အမှုများမှာ နိုင်လွတ်လုံနှင့် သက်ဆိုင်ခြင်းမရှိဟူသည့် ထုတ်ပြန်ချက်သည် အစိုးရအဖွဲ့အစည်းနှင့် သက်ဆိုင်သူများသာ ထိုဥပဒေကို သုံးစွဲခွင့်ရှိကြောင်း အဓိပ္ပာယ်သက်ရောက်နိုင်ပါသလောဆိုသည့် မေးခွန်းများထွက်ပေါ်လာသည်။ အဓိပ္ပာယ်နှစ်မျိုးသက်ရောက်နိုင်သည့် အချက်များလည်းရှိနေသည်ဟု ဝေဖန်ချက်များရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“ဒီဥပဒေက ဘယ်သူက သုံးမှာလဲ။ အာဏာပိုင်တွေကပဲ သုံးမှာလား သို့မဟုတ် အာဏာပိုင်တွေကို ပြန်ပြီးသုံးရ (တရားစွဲရ) မှာလား ဝေခွဲမရဖြစ်သွားပြီ” 

ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *