IS အကြမ်းဖက်အဖွဲ့ အရှေ့တောင်အာရှသို့ ခြေကုပ်ပြောင်းရွှေ့နိုင်ဟု မလေးရှားပြည်ထဲရေးဝန်ကြီးဆို

မလေးရှားပြည်ထဲရေးဝန်ကြီး မူဟစ်ဒင်ယာဆင်

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၇

IS အကြမ်းဖက်အဖွဲ့၏ခေါင်းဆောင် သေဆုံးသွားပြီးနောက် ယင်းအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို အရှေ့တောင်အာရှဒေသသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘဂါဒီမှာ အောက်တိုဘာလက ဆီးရီးယားနိုင်ငံတွင် အမေရိကလေတပ်က စီးနင်းတိုက်ခိုက်ရာ၌ ကိုယ့်ကိုယ်ကိုယ်ဗုံးခွဲ၍ သတ်သေခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ယုံကြည်တာက အယ်လ်ဘဂါဒီ သေဆုံးမှုကြောင့် ဒက်ရှ် (IS) အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ နောက်ကဏ္ဍတစ်ခု ဖွင့်ပါလိမ့်မယ်။ ဆီးရီးယားနဲ့ အီရတ်မှာ သူတို့ရဲ့ ခြေကုပ်အတော်များများ ဆုံးရှုံးသွားပြီးနောက်ပိုင်း ဒက်ရှ်အဖွဲ့က ခြေကုပ်စခန်းအသစ်တစ်ခု ရှာဖွေနေပါတယ်” ဟု ဘန်ကောက်မြို့တွင် ပြုလုပ်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှဝန်ကြီးများအစည်းအဝေးတွင် မလေးရှားပြည်ထဲရေးဝန်ကြီး မူဟစ်ဒင်ယာဆင် က ပြောကြားသည်။

မလေးရှားအနေနှင့် IS နှင့် သွားရောက်ပူးပေါင်းပြီး နိုင်ငံသို့ပြန်လာသည့် အကြမ်းဖက်တိုက်ခိုက်ရေးသမားများ၊ အွန်လိုင်းအစွန်းရောက်မှုများနှင့် ဖြစ်နိုင်ခြေရှိသည့် တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်သူများကို ဆက်လက်စောင့်ကြပ် လျက်ရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

မလေးရှားသည် လွန်ခဲ့သောခြောက်နှစ်အတွင်း IS အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်အစီအစဉ် ၂၅ ခုကို ကာကွယ်တားဆီးနိုင်ခဲ့ပြီး IS အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သည်ဟု သံသယရှိသည့် ၅၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားပြည်ထဲရေး ဝန်ကြီးမူဟစ်ဒင် ယာဆင်ကပြောကြားသည်။

၂၀၁၆ ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် မြို့စွန်ရှိ ဘားတစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး လူ ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မလေးရှားနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြစ်သည့် ယင်းအကြမ်းဖက် တိုက်ခိုက်မှုမှာ IS အကြမ်းဖက်အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ယင်းအကြမ်းဖက်အဖွဲ့က ဝန်ခံပြောကြားခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *