ငယ်သော်လှ၏ ‘Company of One’

လုပ်ငန်းလုပ်တဲ့အခါ ကြီးထွားဖို့နောက်ပဲ လိုက်တာဟာ အမြဲတမ်းတော့ မှန်ကန်တဲ့ စီးပွားရေးမဟာဗျူဟာ မဟုတ်ပါဘူး။ မကြီးချင်လို့ကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ နေနေတဲ့  စီးပွားရေးလုပ်ငန်းတွေဟာလည်း သူ့ဟာနဲ့သူ ကောင်းမွန်တဲ့  စီးပွားရေးဗျူဟာဖြစ်တယ်လို့ ကမ္ဘာအရပ်ရပ်က စီးပွားရေးလုပ်ငန်းတွေရဲ့ ဥပမာတွေကို စာရေးသူ Paul Jarvis ရဲ့  ကိုယ်ပိုင်လုပ်ငန်းအတွေ့အကြုံနဲ့ ယှဉ်ပြီးရေးထားတာပါ။

အနောက်ကမ္ဘာက စီးပွားရေးတည်ထောင်သူတွေကြားမှာ လုပ်နေကျနည်းဖြစ်တဲ့ စွန့်စားရဲသူ ရင်းနှီးမြှုပ်နှံသူတွေ နောက်လိုက်၊ ရတဲ့ငွေနဲ့ မြန်မြန်ကြီးအောင် လုပ်တဲ့ နည်းနဲ့  ပြောင်းပြန်အယူအဆပါ။ လုပ်ငန်းကို ကိုယ့်မှာ ရှိတဲ့ အရင်းအနှီး၊  မိတ်နဲ့ စထောင်၊ အမြတ်ကို စောစောဝင်အောင်လုပ်၊ ရတဲ့ အမြတ်ကို ကြည့်ပြီးမှ အဲဒီအမြတ်ကို သုံးပြီး လုပ်ငန်းကို ချဲ့သင်ရင် ဆက်ချဲ့ဖို့။

‘Company of One’ ဟာ Freelance လုပ်တာမျိုးလည်း မဟုတ်ပါဘူး။ Freelance သမားဟာ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုချင်း အလိုက်ပဲ ငွေရမယ် piece by piece ။  ပုံမှန်ဝင်ငွေစီးကြောင်း မသေချာဘူး။ လုပ်ငန်းထောင်လိုက်တဲ့အတွက် ကုမ္ပဏီတွေကို တရားဥပဒေအရ ပေးထားတဲ့ အခွင့်အရေးတွေ ခံစားလို့ရတယ်။ အလုပ်တွေ ဝင်လာလို့ ကိုယ်တစ်ယောက်တည်း မနိုင်ရင် လူငှားလို့ ရတယ်။

လုပ်ငန်းဟာ ချဲ့ရင်ချဲ့သလို နောက်က လိုက်ရတာတွေ များလာတယ်။ မြန်မြန်ဆန်ဆန် လုပ်ငန်းကြီးထွားလာတာနဲ့ အမျှ လုပ်ငန်းလည်ပတ်ဖို့ ကုန်ကျစရိတ်ထောင်တက်မယ်၊ လုပ်ငန်းပိုင်းဆိုင်ရာ ရှုပ်ထွေးလာမယ်၊ စီမံခန့်ခွဲရမယ့် တာဝန်တွေ လေးပင်လာမယ်။ ဒီလိုများလာတဲ့ တာဝန်တွေဟာ လူတိုင်းနဲ့ ကိုက်ချင်မှ ကိုက်မယ်။ ဒီတာဝန်တွေယူချင်လို့ လုပ်ငန်းကို ထောင်တာမဟုတ်ဘူး။ ခုတော့ လုပ်ချင်တာက တခြား၊ လုပ်နေရတာက တခြားစီလို ဖြစ်လာတယ်။

ကိုယ်ချစ်မြတ်နိုးတဲ့အလုပ်ကို လုပ်ချင်တဲ့သူတွေဟာ အဲဒီအလုပ်ကို စီးပွားရေးလုပ်ငန်းဖြစ်အောင် တည်ထောင်ကြတယ်။ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်ရင်း ဝင်ငွေလည်းရအောင်ပါ။ အဲဒီလို စရာကနေ ကြီးချင်ဇောများလာရင် ရင်းနှီးမြှုပ်နှံသူတွေ ရှာရတော့မယ်၊ သူတို့နဲ့ စကားပြောရမယ်၊ လူတွေအများကြီး ထပ်ခေါ်ရမယ်၊ နေရာရှာရမယ်။ အဲဒီအခါကျရင် ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်ဖို့ အချိန်နည်းလာပြီး စီမံခန့်ခွဲတဲ့ ဘက်ကို ပိုရောက်သွားမယ်။ အင်္ဂလိပ်စာသင်ပေးတာ ဝါသနာပါတဲ့ အင်္ဂလိပ်စာဝါသနာအိုးတစ်ယောက် သင်တန်းကျောင်းတွေ အများကြီးဖွင့်ဖို့ ကြိုးစားရာကနေ သူ့တစ်နေ့တာအချိန်တွေမှာ စာသင်ချိန် အရမ်းနည်းသွားတယ်။ ဒါမျိုး ဖြစ်ချင်လား။  အင်္ဂလိပ်စာသင်ပေးတာက တကယ့်ရည်ရွယ်ချက် မဟုတ်ဘဲ ငွေရှာချင်တာ အဓိကဆိုရင်တော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ စာသင်ချင်တဲ့သူ ဆိုရင်တော့ သူ့အခြေအနေကို သူ ပြန်စဉ်းစားရတော့မယ်။ လုပ်ငန်းတည်ထောင်တဲ့အခါ ကိုယ်က လုပ်ငန်းကို စီမံခန့်ခွဲချင်တာလား၊ ပညာသည်အဖြစ် ကိုယ်တိုင်ဝင်လုပ်ချင်တာလား စဉ်းစားပါ။ 

ဘယ်ကုမ္ပဏီလေးကဖြင့် ဒေါ်လာ ဘယ်နှသန်းမြှုပ်နှံမယ့် ရင်းနှီးမြှုပ်နှံသူတွေ ရသွားသတဲ့ဆိုရင် မီဒီယာတွေက အလုအယက်ဖော်ပြကြသလို ဘ၀တူလုပ်ငန်းရှင်တွေလည်း အားကျကြတယ်။ ကြီးထွားဖို့ ကြိုးစားနေတဲ့ လုပ်ငန်းတွေရဲ့ ကယ်တင်ရှင်တွေအလား တင်စားခံရပေမယ့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ နောက်မှာ မနှစ်မြို့စရာတွေ တစ်ပါတည်း ကပ်ပါလာတယ်။ စီးပွားရေးစထောင်သူတွေဟာ ငွေရှာဖို့အပြင် လူသားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တစ်ခုခုနဲ့ စတင်လေ့ရှိပေမယ့် မြန်မြန်အရင်းအနှီးရှာ၊ မြန်မြန်သုံး၊ မြန်မြန်ကြီး ထောင်ချောက်ထဲကို ဝင်သွားရင် ကိုယ့် မူလရည်ရွယ်ချက် ပျောက်သွားလေ့ရှိတယ်။ အရင်းအနှီးများများ အထည့်ခံလိုက်ရတာနဲ့ ကိုယ့်လုပ်ငန်းကို ကိုယ် မပိုင်တော့ပါဘူး။ ကိုယ့်ကုန်ကို ဝယ်ယူမယ့်သူတွေကို အာရုံစိုက်ရာကနေ နှစ်မျိုးသော သူတွေကို အာရုံပြုလာရတယ်။  ဝယ်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ။ အဲဒီနှစ်မျိုးရဲ့ အကျိုးစီးပွားက တူချင်မှ တူတာ။ ရင်းနှီးမြှုပ်နှံသူတွေက သူတို့ မြုပ်ထားတဲ့ ငွေရဲ့ အဆပေါင်းများစွာ မြတ်ချင်တယ်၊ မြန်မြန်မြတ်ချင်တယ်။  အဲဒီအခါမှာ တည်ထောင်သူတွေဟာ  ရေတိုနည်းတွေနဲ့ ချကြတယ်။ ရေရှည်ကို မစဉ်းစားကြတော့ဘူး။

ရင်းနှီးမြှုပ်နှံသူတွေ စိတ်ကြိုက်မလုပ်ဘဲ ကိုယ့် နဂိုရည်မှန်းချက်အတိုင်း သွားရင်ကျပြန်တော့ ကိုယ်ထောင်တဲ့ ကုမ္ပဏီကနေတောင် ကန်ထုတ်ခံရတတ်တယ်။

ဒါဆို လုပ်ငန်းတွေက မတိုးတက်ရတော့ဘဲ နဂို ဒုံရင်း ဒုံရင်းပဲ နေရမှာလား။ မဟုတ်ပါဘူး။ Bigger ‘ပိုကြီးအောင်’  လုပ်မယ့်အစား Better ‘ပိုကောင်းအောင်’ ကို ရည်မှန်းပါတဲ့။ ကိုယ့်ကုန်တွေ ဝန်ဆောင်မှုတွေ အရည်အသွေး ပိုကောင်းအောင် လုပ်ပါ။ လက်ရှိ ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို  ပိုသိအောင် လုပ်ပါ၊ သူတို့ကို ဖြည့်ဆည်းကူညီပါ။

မကြီးလာရင် အမြတ်ရော ပိုရပါဦးမလား။ အရည်အသွေး ပိုကောင်းရင် ဈေးပိုတောင်းလို့ ရပါတယ်။ တခြားသူတွေက တစ်ရာနဲ့ ရောင်းတဲ့ပစ္စည်းကို ကိုယ်က ၂၀၀ ရောင်းလည်း တန်တဲ့အတွက် ပေးကြမှာပါ။ ပြီးတော့ လက်ရှိဖောက်သည်၊ ဝယ်သူတွေရဲ့ လိုအပ်ချက်ကို ပိုသိလာတဲ့အတွက် သူတို့ကို တခြား ဝန်ဆောင်မှုတွေ ကုန်တွေ ပိုရောင်းလို့ရပါတယ်။ လုပ်ငန်းမကြီးလာပေမယ့် လုပ်ငန်းရဲ့ အမြတ်က ပိုထွက်လာမယ်။ ကြီးဖို့မလောတဲ့ လုပ်ငန်းသေးတွေဟာ လက်ရှိ ဖောက်သည်တွေကို ပိုဂရုစိုက်ချိန်ရတယ်။ ကြီးချင်လို့ အမြန်ချဲ့နေတဲ့ လုပ်ငန်းတွေဟာ ဖောက်သည်သစ်ရဖို့ လုံးပန်းကြတယ်။ ဖောက်သည်သစ် ရှာရတဲ့ ကုန်ကျစရိတ်ဟာ လက်ရှိဖောက်သည်တွေကို ထိန်းရတဲ့ စရိတ်ထက် သုံး၊ လေးဆများတယ်။ ဒါ့ကြောင့် ကြီးဖို့ မလောတဲ့ လုပ်ငန်းတွေဟာ ကုန်ကျစရိတ် နည်းနည်းနဲ့ အမြတ်ပိုထွက်တယ်။ သစ္စာရှိ ဖောက်သည်တွေလည်း များတယ်။

သေးလွန်းလို့ လုပ်ငန်းကြီးတွေကို မယှဉ်နိုင်ဘဲ သေသွားရင် ဘယ်လိုလုပ်မလဲ။ စာရေးသူမှာ အဖြေရှိပါတယ်။ သေးလွန်းလို့ မသေပါဘူး၊ Too Small to fail ‘သေးလွန်းရင် မသေ’ တာ။ Too big to fail ‘ကြီးလွန်းရင် မသေဘူး’ဆိုတဲ့ လူအများလက်ခံထားတဲ့ အယူအဆနဲ့ ပြောင်းပြန်ပါ။

နှစ် ၁၀၀ ကျော်သက်တမ်းရှိတဲ့ ကမ္ဘာပေါ်က ကုမ္ပဏီတွေ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ဂျပန်ကုမ္ပဏီတွေပါ။ သူတို့ အားလုံးမှာ ဝန်ထမ်း ၃၀၀ အောက်ပဲ ရှိတယ်။ အဲဒီကုမ္ပဏီတွေထဲက ခုထက်ထိ ရှင်သန်လည်ပတ်နေတဲ့ ကုမ္ပဏီတွေဟာ  မြန်မြန်ဆန်ဆန်ကြီးထွားဖို့ မလုံးပန်းဘူး၊ ရည်ရွယ်ချက်ကောင်းကောင်း မရှိဘဲ မကြီးထွားဘူး။ စာအုပ်ထဲမှာ ပါတဲ့ ဂျပန်က ဟိုတယ်လေးတစ်ခုဆိုရင် နှစ်ပေါင်း ၁၃၀၀ သက်တမ်း ရှိနေပြီ။ မိသားစုတစ်စုတည်းရဲ့ လက်ထဲမှာ မျိုးဆက်ပေါင်း ၅၂ ဆက် လက်ဆင့်ကမ်းခဲ့တာ ခုထက်ထိ အောင်မြင်နေတုန်း။ မြန်မာနိုင်ငံ ပုဂံတောင် မတည်ရသေးခင် ပျူခေတ်လောက်ကတည်းက အဲဒီဟိုတယ်က ရှိခဲ့တာ။ ဟိုတယ်မှာ  အခန်း ၃၅ ခန်း ရှိတယ်၊ သဘာဝရေပူစမ်းခြောက်ခုက ရေတွေက ဧည့်သည်တွေ အတွက် ၂၄ နာရီရတယ်။ ဟိုတယ်ဘေးက မြစ်တွေနဲ့ တောင်တွေ ကနေရတဲ့ ရိုးရှင်းတဲ့ ရာသီပေါ် အစားအစာတွေ တည်ခင်းတယ်။ ဧကရာဇ်တွေ၊ ဗိုလ်ချုပ်ကြီးတွေ တည်းခဲ့တဲ့ ဟိုတယ်။

ဒီစာအုပ်ဟာ ကိုယ်ပိုင်စီးပွားရေးတည်ထောင်သူတွေအတွက်သာ မဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုမှာ ဝင်လုပ်နေပြီး တီထွင်ဖန်တီးချင်သူ၊ ကြိုးစားချင်သူ Intrapreneur တွေနဲ့လည်း ‘တစ်ခုတည်းသော ကုမ္ပဏီ’ အယူအဆက သက်ဆိုင်တယ်။

စီးပွားရေးလုပ်ငန်းထောင်ကြ လုပ်ကြတဲ့အခါမှာ ‘အမြန်ကြီးထွားမှ’ ဆိုတဲ့ နည်းတစ်နည်းသာ ရှိတာ မဟုတ်ဘူးဆိုတဲ့ အသိကို ‘Company of One’ က ပေးတယ်။

‘ငယ်သော်လှ၏ Small is Beautiful’ သေးသေးကျစ်ကျစ်နဲ့ ထက်ထက်မြက်မြက် သွားဖို့ပါ။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *