“ဒီဖြစ်စဉ်တွေကြောင့် တိုင်းပြည်ရဲ့ ရေလုပ်ငန်းနဲ့ ပြည်ပပို့ကုန်ကဏ္ဍမှာ တစ်စုံတစ်ရာဖြစ်လာမှာကို စိုးရိမ်တယ်”

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်နှင့် တွေ့ဆုံခြင်း

ဒဂုံတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းတစ်ယောက် ကျားဖောင်လုပ်ငန်းခွင်အတွက် လူကုန်ကူးခံရမှုသည် မြန်မာ့ရေထွက်ပို့ကုန်လုပ်ငန်းအတွက် စိန်ခေါ်မှုဖြစ်လာခဲ့သည်။ ကိုမြတ်သူရထွန်းသည် ကျားဖောင်လုပ်ငန်းခွင်အတွက် လူကုန်ကူးခံရပြီးနောက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။ ထို့နောက် ရဲတိုင်သော်လည်း မထူးခြား။ မိသားစုဝင်များက ငွေခုနစ်သိန်းဖြင့် သွားရောက်ကယ်ဆယ်ခဲ့ရသည်။ ယခုအခါ ကိုမြတ်သူရထွန်း၏ ဖြစ်ရပ်ကြောင့် ရေထွက်ပို့ကုန်လုပ်ငန်းသည် အနောက်နိုင်ငံများ၏ မျက်စိစပါးမွှေးစူးမည်ကို စိုးရွံ့နေရပြီဖြစ်သည်။ တစ်ဖက်တွင်လည်း နိုင်ငံအတွက် နှစ်စဉ်နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံဝန်းကျင်ရှာပေးနေသည့် ရေထွက်ပို့ကုန်လုပ်ငန်းနှင့် လူ့အခွင့်အရေး၊ လူသားဂုဏ်သိက္ခာတို့ကို နင်းခြေလျက်ရှိသော ကျားဖောင်လုပ်ငန်းခွင်အချို့တို့အကြား မည်သို့ရှေ့ဆက်ရမည်ကို မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်နှင့် The Voice Journal က တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal – မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကျားဖောင်လုပ်ငန်းခွင်အတွက် လူကုန်ကူးခံနေရတဲ့ ကိစ္စအပေါ် ဘယ်လိုဆောင်ရွက်နေတာရှိလဲ။

UWK  – ဖျာပုံဒေသမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်ရဲ့အမှန်၊ အမှားကို ကျွန်တော် မပြောဘူး။ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ မျက်စိရှေ့မှာ ဖြစ်တာလည်း မဟုတ်ဘူး။ အဲဒီလုပ်ငန်းရှင်တွေလည်း ကျွန်တော်တို့ မသိဘူး။ သို့သော် ဖျာပုံမှာရှိနေတဲ့ လုပ်ငန်းက ကျွန်တော်တို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဦးဆောင်မှု အောက်မှာတော့ ရှိတယ်။ ပင်လယ်ငါးဖမ်းအသင်းလိုပဲ။ ဘာလို့လဲဆိုတော့ ဖျာပုံမှာ ခရိုင်ငါးဖမ်းလုပ်ငန်းအသင်း ရှိတယ်။ ဖျာပုံမြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ရှိတယ်။ အဲဒီအောက်မှာ အသင်းနှစ်သင်းရှိတယ်။ အရင်ကတည်းက ကျွန်တော်တို့ ငါးအဖွဲ့ချုပ်နဲ့ မဆက်စပ်ခင်ကတည်းက သူတို့ဘာသာ ဖွဲ့ထားတာ။ အင်္ဂလန်ကျားပိုက်အသင်းနဲ့ မျှောပိုက်အသင်းဆိုပြီး ရုံးလည်း ရှိတယ်။ သူတို့စုစည်းပြီး အသင်းတွေ ဖွဲ့ထားတာ။ သို့သော် ကျွန်တော်တို့ အသင်းချုပ်ကြီးဖွဲ့တော့ သူတို့လည်း စုစည်းပြီးတော့ ရောက်လာတယ်။ ကျွန်တော်တို့အောက်မှာ လာပူးပေါင်းပြီးတော့ ကျွန်တော်တို့အသင်းလို ဖြစ်နေတယ်။ အဲဒီတော့၂၀၁၁ ပင်လယ်ပြင်မှာ ကျားဖောင်မျှောတုန်းက အဲဒီမှာ ကျားဖောင်ဆိုတာ လူတွေသိကုန်တယ်။

The Voice Journal –  အင်္ဂလန်ဖောင် (ကျားဖောင်) လုပ်ငန်းဆိုတာကို စာဖတ်သူ ရှင်းလင်းအောင် အကျဉ်းချုပ်ရှင်းပြပေးပါ။

UWK –  သူ ဘယ်လိုလုပ်ဆောင်လဲ ရှင်းပြရမယ်ဆိုရင် မုတ္တမပင်လယ်ကွေ့ကြီးထဲမှာ ခုနစ်လလောက် သွားပြီး အထိုင်ချပြီးတော့ ပိုက်ထောင်ပြီး ရေတက် ရေကျမှာ ဖမ်းတယ်။ သူ့လုပ်ငန်းအချိန်က ကျွန်တော် သိသလောက်ဆို ခုနစ်လလောက် ဖမ်းတယ်။ မိုးရာသီဆို မလုပ်ဘူး။ နားတယ်။ သူ့လုပ်ငန်းသဘောသဘာဝ ဖြစ်တယ်။ အဲဒီလုပ်ငန်းက ဘာထွက်လဲဆိုရင် အများဆုံးထွက်တာ ပုစွန်ခြောက်၊ Export ထိသွားတယ်။ ပြည်တွင်းစားဖို့တင် မဟုတ်ဘူး။ ငါးခြောက် ရတယ်။ မွေးမြုရေးမှာ သုံးဖို့အတွက် ပုစွန်ကွဲခေါ်တယ်။ ပုစွန်ခြောက်က အသားကို အခြောက်လုပ်တော့ အခွံတွေ ထွက်သွားတာတော့ အဲဒါကို မွေးမြူရေးမှာ သုံးတယ်။ တိရစ္ဆာန်အစာမှာ သုံးတဲ့ ငါးခြောက်ရတယ်။ ငံပြာရည် ထွက်တယ်။ ငါးပိထွက်တယ်။

The Voice Journal – ကျားဖောင်လုပ်ငန်းတွေ ဘယ်အချိန်ကတည်းက ရှိပြီး ဖမ်းနေတာလဲ။ ပြီးတော့ ဒါက ခေတ်နဲ့ လျော်ညီတဲ့ လုပ်ငန်းဖြစ်သေးရဲ့လား။

UWK – အဲဒီ လုပ်ငန်းနှစ် ၅၀ ရှိသွားပြီ။ ငါးဖမ်းနည်းက ခေတ်မီတဲ့ ငါးဖမ်းနည်းတော့ မဟုတ်ဘူးပေါ့ဗျာ။ ရိုးရာငါးဖမ်းနည်းပေါ့။ ဖောင်ချပြီးတော့ ဖမ်းတဲ့ နည်း။ ဖောင်နဲ့ ကမ်းနဲ့ အဆက်အသွယ်မရှိဘူးလားဆိုရင် ကျွန်တော်တို့ မေးကြည့်ပြီးပြီ။ ဖျာပုံမှာ ကမ်းနဲ့ မိုင် ၄၀၊ ၅၀ ဝေးတယ်။ ဘာနဲ့ဆက်သွယ်လဲဆို စက်လှေနဲ့။ အဲဒီ (ကျားဖောင်) က ထွက်တဲ့ ကုန်တွေကို ယူတယ်။ ပြီးရင် ရိက္ခာပြန်ပို့တယ်။ ဆန် ဆီ ရေတို့ဗျာ။ ပင်လယ်ဘက်ဖြစ်တဲ့အတွက် အဲဒါတွေပို့ရတယ်။ နောက် ထင်းတို့ ဘာတို့ပို့ရတယ်။ အဲဒီတော့ ဟိုမှာ ရေတက် ရေကျမှာ ပုစွန်တွေကို ကျားပိုက်နဲ့ ထောင်ဖမ်းပြီးတော့ အခြောက်ခံတာတို့ ဘာတို့လုပ်ရတယ်။ မီးမြိုက်ချင်လည်း မြိုက်ရတာပေါ့။ လှော်တာတို့ ဘာလို့လုပ်ပြီးတော့။ အဲဒါတွေကို သူ့ (ကျားဖောင်) ဆီလာတဲ့ သင်္ဘောနဲ့ ပြန်တင်ပေးလိုက်၊ သင်္ဘောပြန်လို့ရှိရင် ရိက္ခာတွေ၊ ရေတွေပါလာလိုက် အဲဒီလိုဆက်သွယ်ပြီး လုပ်နေကြတဲ့ လုပ်ငန်းသဘောရှိတယ်။

The Voice Journal – ကျားဖောင်လုပ်ငန်း ဖွံ့ဖြိုးလာလို့ လုပ်ငန်းလိုအပ်ချက်အရ လုပ်သားလိုအပ်မှုပိုများလာပြီး ပြဿနာတွေ ဖြစ်လာစေတာလား။ ဒါမှမဟုတ် တခြားအကြောင်းကြောင့်လား။

UWK – အဲဒီဒေသမှာ ရွှေ့ပြောင်းလုပ်သားလို့ ပြောလို့ရတဲ့ အလုပ်သမားတွေမှာ စရိုက်အမျိုးမျိုးနဲ့ တစ်ပြည်လုံးကလာတဲ့ ဘယ်လိုမှမသိနိုင်တဲ့ ဘယ်လိုစရိုက်မျိုးတွေ ရှိနေတာလဲ။ ဘယ်လိုနောက်ခံအကြောင်းတွေ ရှိတာလည်း မသိရဘူး။ အလုပ်သမားလိုအပ်ချက်နဲ့ ရာသီရောက်ပြီဟေ့ဆိုရင် အကုန်လုံး ကိုယ့်ဖောင်မှာ လူပြည့်ဖို့အတွက် အဲဒီဖောင်လုပ်ငန်းရှင်တွေက ခန့်လိုက်ရတယ်။ အဲဒီတော့ ကျားဖောင်လုပ်ငန်းမှာ ခဏခဏ ကြားရတယ်။ ရာဇဝတ်မှု၊ လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုးတွေဖြစ်တာ ကျွန်တော်တို့လည်း သိတယ်။ ဘာလို့ဆို ကျွန်တော်တို့ ၂၀၁၁ ကယ်ဆယ်ရေးလုပ်တော့ တိုက်ကြက်ကြီးတွေ ပင်လယ်ထဲယူသွားပြီး ဘာလုပ်ကြလဲဆို ကြက်တိုက်တယ်။ ကြက်ကို ယူသွားပြီး ဟိုဘက် ဒီဘက်အားတဲ့ အချိန်မှာ ပင်လယ်ထဲ ကြက်တိုက်တယ်။ အလောင်းကစားတွေ လုပ်တယ်။ သောက်တာစားတယ်ရှိတယ်လို့ သူတို့ပြောလို့ သိရတယ်။ စဉ်းစားကြည့်ပေါ့ဗျာ။ ပင်လယ်ထဲမှာ လူတွေစရိုက်မျိုးစုံနဲ့ ပြဿနာမျိုးစုံရှိမှာပဲ သဘောကလေ။ အဲဒီတော့ အဲဒီမှာ ပြဿနာဖြစ်တယ်။ အဲဒီပြဿနာကို မီဒီယာတွေလည်း ဖော်ထုတ်ပြီးပြီ။ အဲဒီပြဿနာကို ကျွန်တော်တို့ မဖုံးဘူး။ လိမ်လည်း မလိမ်ဘူး။

The Voice Journal – ကျားဖောင်လုပ်သား လိုအပ်ချက်များလာမှုက အခုလိုလူကုန်ကူးမှုတွေ  ဖြစ်လာစေတာလား။

UWK – ကျားဖောင်လုပ်ငန်းတွေ များလာလို့ အလုပ်သမားလိုအပ်ချက်များလာတယ်။ ဖျာပုံမှာရှိတဲ့ ရေလုပ်သားဒေသခံတွေနဲ့ မလုံလောက်တဲ့အခါမှာ အခြားနေရာကနေ လာလုပ်ကြတယ်။ အဲဒီလို အခြေအနေမှာ ပွဲစားဆိုတာပေါ်လာတယ်။ အဲဒီမှာ လူကုန်ကူးတာတွေ နောက်ဆက်တွဲပါလာတယ်။

The Voice Journal – အခုလိုကျားဖောင်ပေါ်မှာ  ညဉ်းပန်းနှိပ်စက်ခံရတယ်။ ကျောင်းသားအရွယ်တွေလည်း လူကုန်ကူးခံရတယ်။ အဲဒါတွေကို ဘယ်လိုတာဝန်ယူဖြေရှင်းကြမလဲ။ 

UWK – ပြဿနာဖြစ်ရင် ဘာပြဿနာဖြစ်ဖြစ် သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းလို့ရပါတယ်။ အလုပ်သမား ပြဿနာဆိုရင် အလုပ်သမားနဲ့ သက်ဆိုင်ရာအသင်းအဖွဲ့တွေနဲ့ ရှင်း၊ ရာဇဝတ်မှုဖြစ်ရင် ရာဇဝတ်မှုကို ရဲနဲ့ ရှင်း၊ လူကုန်ကူးမှုဖြစ်ရင် လူကုန်ကူးမှုရဲကို တိုင်ပြီး ရှင်းလို့ရတယ်။ သူ့အကြောင်းနဲ့ သူတွဲပြီးတော့ ရှင်းလို့ရပါတယ်။

ကျွန်တော်တို့ ဘာစိတ်ပူလဲဆို အခုဝိုင်းပြောနေတဲ့ အဖြစ်က အဲဒီဖျာပုံပင်လယ်ပြင်မှာ ငရဲခန်းကြီးလို ဖြစ်ပြီးတော့ မတရားခိုင်းစေမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့။ ယိုးဒယားတွေ အင်ဒိုနီးရှားကျွန်းမှာ လုပ်သလို အဖြစ်မျိုးဖြစ်နေပြီးတော့ အဲဒီအဖြစ်က ကျွန်တော်တို့ ဒီမှာ ရေးရုံတင်မဟုတ်ဘဲနဲ့ နိုင်ငံတကာကို ရောက်သွားရင် အဲဒီလိုရေးလိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံမှာ ရေလုပ်ငန်းရဲ့ထွက်ကုန်တွေဟာ ဒီလို ညှဉ်းပမ်းနှိပ်စက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်ပြီး ထုတ်လုပ်နေပါတယ်လို့ ဆိုခဲ့ရင်၊ စွပ်စွဲခံရင် ခုနက ရခိုင်အတွက် Action လုပ်ဖို့ကို ကျွန်တော်တို့ တော်တော်တားထားရတယ် မလုပ်ပါနဲ့လို့။ ဒီ (ကျားဖောင်) ကိစ္စက မီးလောင်ရာလေပင့်ဖြစ်ပြီးတော့ ကျွန်တော်တို့ ရေးသားတင်ပြမှုဟာ အဲဒီအထိရောက်သွားခဲ့ရင် တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ရေလုပ်ငန်းစီးပွားရေးကို အထိနာလိမ့်မယ်။ အဲဒါတစ်ကြိမ် ဖြစ်သွားရင် နောင်ပြန်အဖတ်ဆယ်ဖို့အတွက် ဘယ်တော့ရုပ်သိမ်းမှာလဲဆိုတာ ဘယ်သူ့မှ မျှော်လင့်လို့ မရဘူး။

The Voice Journal – အခုလို ကျားဖောင်လုပ်ငန်းအတွက် လူကုန်ကူးခံရမှုမှု ပြဿနာကြောင့် ရေထွက်ကုန်ကဏ္ဍအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ။ ထိခိုက်မှုရော ရှိလား။

UWK – အဲဒါကြောင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ဒီအပေါ်မှာ အဖြစ်မှန်ကို အမှန်အတိုင်း ဘယ်သူကြောင့်ဖြစ်တယ်။ ဘယ်သူမှာ တာဝန်ရှိတယ်ဆိုတာကို အမှန်အတိုင်းဖော်ထုတ်ပြီးတော့ အဲဒီ အမှန်အတိုင်းတည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မှုတွေလုပ်တာကို ငါးလုပ်ငန်းအဖွဲ့ချုပ်က လိုလားတယ်။ ဒီဖြစ်စဉ်တွေကြောင့် တိုင်းပြည်ရဲ့ ရေလုပ်ငန်းနဲ့ ပြည်ပပို့ကုန်ကဏ္ဍမှာတစ်စုံတရာဖြစ်လာမှာကို စိုးရိမ်တယ်။ ဒါ ငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အဓိကဟာပဲ။

The Voice Journal – ကျားဖောင်လုပ်ငန်းက ဒေသခံတွေ ပြောတာအရ နှစ်ပေါင်း ၅၀ လောက်ရှိပြီး ဆိုတော့ အရင်ကရော ဒီလိုဖြစ်စဉ်တွေ ဖြစ်ခဲ့ဖူးလား။

UWK – ကျားဖောင်လုပ်ငန်းမှာ ကျိုးတို့ကျဲတဲတော့ (အခုလို) ဖြစ်စဉ်တွေ ဖြစ်နေတယ်။ ဖြစ်တာတော့ မကြာမကြာ ဟိုလိုဖြစ်လိုက် ဒီလိုဖြစ်လိုက်နဲ့ ဖြစ်နေတာပဲ။ နောက်တော့လည်း သူ့ဘာသာငြိမ်သွားတယ်။ လူတွေ အများအကြီး ကြုံရာကျပန်းလုပ်ကိုင်နေတဲ့ နေရာ ဖြစ်တော့ဖြစ်နေတာပေါ့။ အဲဒီပြဿနာကို တိုင်းပြည်ရဲ့ တည်ဆဲဥပဒေနဲ့ မှန်မှန်ကန်ကန်ထိထိ ရောက်ရောက်ဆောင်ရွက်ရင်တော့ သူ့ဘာသာသူပေါ်လာမယ်။ ဘယ်သူကျူးလွန်တယ်။ ဘယ်သူကြောင့် ဖြစ်တယ်ဆိုပြီး အရေးယူလိုက်ရင် ပြီးရောပေါ့။

The Voice Journal – ကျားဖောင်လုပ်ငန်းက စီးပွားရေးအတွက်လည်း အရေးပါတယ်။ တစ်ဖက်မှာလည်း  ရေလုပ်သားတွေက ကျားဖောင်လုပ်ငန်းခွင်မှာ  ညှဉ်းပမ်းနှိပ်စက်မှုခံရတာတွေ ရှိတယ်။ လူကုန်ကူးခံရတာတွေ ရှိတယ်ဆိုတော့ အဲဒါတွေကို ဟန်ချက် ညီအောင် ဘယ်လုပ်လုပ်နိုင်မလဲ။

UWK – ဒီလုပ်ငန်း ဖြစ်တည်နေတဲ့အပေါ်မှာ အားနည်းချက်တွေ ရှိလိမ့်မယ်။ အဲဒီအားနည်းချက်တွေအပေါ်မှာ ခေတ်ကာလနဲ့ လျော်ညီစွာပြုပြင်ပြောင်းဖို့ လိုအပ်တယ်ဆိုရင်လုပ်ကြပေါ့။ သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ လုပ်ငန်းလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဒါကို ကျွန်တော်ပြောလိုတယ်။ ဒီလိုမဟုတ်ရင်လည်း ဒါကို လုပ်ငန်းသဘောသဘာဝအရ မရှိသင့်ဘူးဆိုရင် လိုင်စင်မပေးနဲ့တော့ သဘောက ဒီလိုပဲရှိတယ်။ ဒါက လုပ်လို့ရတဲ့ နည်းလမ်းဥပဒေဘောင်အတွင်းက သဘောပြောတာ။ ကျွန်တော်တို့က ဘက်စုံစဉ်းစားရမယ်။ တစ်ဖက်မှာ ပြောပြီးပြီ။ ထွက်ကုန်တွေက အရေးကြီးတယ်။ စားသောက်ကုန်တွေ ဖြစ်တယ်။  Export သွားတယ်။ အလုပ်ကိုင်အခွင့်အလမ်းနဲ့ ထွက်ကုန်အရစဉ်းစားရမယ့် အပိုင်းတစ်ခု။ စီးပွားရေးအရ စဉ်းစားရမှာလည်း ရှိတယ်။ တစ်ဖက်က ဖြစ်ပေါ်နေတဲ့ လူမှုပြဿနာအပေါ်မှာ၊ လုပ်ငန်းခွင်ပြဿနာ အပေါ်မှာလည်း ထည့်စဉ်းစားရမှာက အပိုင်းတစ်ခု၊ အဲဒီနှစ်ခုကို စဉ်းစားရမယ်။ ဘက်စုံစဉ်းစားရမယ်။

The Voice Journal – အခုလို နာမည်ဆိုးတွေ ဖြစ်လာတဲ့အတွက် ရေရှည်မှာ ကျားဖောင်လုပ်ငန်းတွေကို ဘယ်လိုစီမံဆောင်ရွက်သင့်တယ်လို့ သုံးသပ်ပါသလဲ။ 

UWK – အဲဒီ ငါးဖမ်းနည်းက ရိုးရာငါးဖမ်းနည်းဖြစ်တဲ့အတွက်ကြောင့် ပင်လယ်ထဲမှာ ခုနစ်လဗျာ။ ဖောင်ပေါ်မှာပဲ သွားနေရတဲ့ ငါးဖမ်းနည်း။ ဒီငါးဖမ်းနည်းက လူ့အခွင့်အရေးအရပဲ ဖြစ်စေ၊ လုပ်ငန်းရဲ့ လုပ်ငန်းခွင် သတ်မှတ်ချက်အရပဲဖြစ်စေ ဆက်ရှိသင့် မရှိသင့်ဆိုတာ အားလုံးဝိုင်းစဉ်းစားရမယ်။ လိုင်စင်ထုတ်ပေးပြီးတော့ ဒီလုပ်ငန်းကို ဆက်ခွင့်ပြုသင့်သလား၊ မပြုသင့်ဘူးလား အားလုံးဝိုင်းစဉ်းစားရမယ်။ ဘက်စုံဝိုင်းစဉ်းစားရမယ်။ လူ့အခွင့်အရေးဘက်ကရော၊ တရားမဝင်အခြေအနေရော၊ Safety ပိုင်းတွေရော ဝိုင်းစဉ်းစားရမယ်။ ကျွန်တော်တို့က မရှိသင့်ဘူးပြောရင် ကျွန်တော်တို့က တရားခံဖြစ်မယ်။ နိုင်ငံရေးသမားက မရှိသင့်ဘူးပြောရင် အဲဒီ နိုင်ငံရေးသမား မဲမရဘူး ဖြစ်မယ်။ ဒါ့ကြောင့် အားလုံးဝိုင်းစဉ်းစားရမယ်။

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *