လူတွေ တကယ်ပျောက်နေပြီလား

လူမှုကွန်ရက်ပေါ်တွင် နေ့စဉ်ဆိုသလို ဆက်တိုက်တက်လာသည့် လူပျောက်ကြော်ငြာများကြောင့် ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုအပြင် ဝေဖန်သံများလည်း တစ်ရှိန်ထိုး မြင့်တက်လာသည်။ လူများ အမှန်တကယ် ပျောက်နေပြီလော။

ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်း နေအိမ်က ပျောက်ဆုံးကာဖျာပုံရှိ ငါးဒိုင်တစ်ခုတွင်  ရောင်းစားခံရပြီး ပြန်တွေ့သည့်အချိန် နောက်ပိုင်းမှစတင်ကာ လူပျောက်ကြော်ငြာများ Facebook စာမျက်နှာတွင် ဆက်တိုက်မြင်တွေ့လာရခြင်းဖြစ်သည်။

ဆယ်ကျော်သက်လူငယ်များ ပျောက်နေပြီလော

ကိုမြတ်သူရထွန်းသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့က ပန်းဆိုးတန်း တံတားအနီးထိုင်နေစဉ် အမျိုးသမီးတစ်ဦးက ၎င်းကို တို့ဆေးဖြင့် တို့၍ ဒလမြို့သို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ နောက် တစ်နေ့တွင် အဆိုပါ အမျိုးသမီးကဖျာပုံမြို့သို့ ခေါ်ဆောင်ကာ ဖျာပုံမှတစ်ဆင့် နှစ်နာရီခန့် ကားစီးသွားရသည့် ခါးပြတ်ကျေးရွာရှိငါးဒိုင်တစ်ဒိုင်တွင် ကျားဖောင်လုပ်သားအဖြစ် ရောင်းချခံခဲ့ရခြင်း ဖြစ်သည်။

ယင်းနောက် ၎င်း၏ အစ်ကိုဖြစ်သူ၏ လိုက်လံရှာဖွေမှုဖြင့် ပြန်လည်တွေ့ရှိခဲ့ပြီး မိသားစုက အဆိုပါငါးဒိုင်ကို ငွေကျပ်ခုနစ်သိန်းပေးကာ ပြန်ရွေးလာခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

သို့သော် ကိုမြတ်သူရထွန်းအိမ်သို့ ပြန်ရောက်လာချိန်တွင် အကောင်းအတိုင်း ပြန်ရောက်လာခြင်းတော့ မဟုတ်ပေ။ ကျားဖောင်လုပ်ငန်းသွားလုပ်စဉ်က နှိပ်စက်ခံခဲ့ရသည့်ဒဏ်ရာများဖြင့် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ၎င်းကို ရောင်းစားခဲ့သည့် ပွဲစားမိန်းမဆိုသူကို ဖမ်းဆီးထားပြီး စစ်ဆေးနေသည်။

နိုဝင်ဘာလ ၄ ရက်နေ့ကလည်း တိုင်းရင်းသားဘာသာစကားဦးစီးဌာနမှ ဒုတိယဦးစီးမှူးတစ်ဦးဖြစ်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ရန်ကုန်ရှိ ၎င်း၏ နေအိမ်မှ ကမာရွတ်မြို့နယ်ရှိ ရုံးသို့ သွားစဉ်ပျောက်ဆုံးသွားခဲ့သည်။ ယင်းသို့ ပျောက်ဆုံးသွားခဲ့ပြီးနောက် နိုဝင်ဘာလ ၂၅ ရက်နေ့က အဆိုပါ အမျိုးသမီးကို ပြန်လည်တွေ့ရှိခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့ က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုရန်သွားခဲ့သည့် မချိုချိုထွန်းသည်လည်း ယင်းနေ့တွင်ပင် ပျောက်ဆုံးသွားခဲ့ပြီး ယနေ့အချိန်ထိ အဆက်အသွယ် မရသေးကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။

“အဲဒီနေ့ကတည်းက အိမ်ကို ပြန်ရောက်မလာတာ ဒီနေ့ထိလည်း အဆက်အသွယ်မရသေးဘူး”ဟု မချိုချိုထွန်း၏ အဒေါ်ဖြစ်သူ ဒေါ်ကေသီက ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဘုရင့်နောင်နယ်မြေရဲစခန်းတွင် လူပျောက်တိုင်ထားကြောင်းလည်း ၎င်းက ဆိုသည်။ ယင်းကဲ့သို့ လူလတ်ပိုင်းအရွယ်များပျောက်ဆုံးနေမှုသည် ရန်ကုန်တွင်သာ မကဘဲ အခြားတိုင်းဒေသကြီးများတွင်လည်း ဖြစ်ပွားလျက်ရှိသည်။

ဖျာပုံမြို့နယ်တွင်လည်း သူငယ်ချင်းထံသွားပြီးနောက် နေအိမ်သို့ ပြန်မရောက်လာဘဲ ပျောက်ဆုံးနေသူလည်း ရှိသည်။

မောင်ထွန်းလင်းထက်သည် နေအိမ်မှ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီခန့်က ဖျာပုံမှ မအူပင်ရှိ သူငယ်ချင်းဖြစ်သူထံ ဆိုင်ကယ်ဖြင့် ထွက်သွားခဲ့ပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ကြောင်း ၎င်း၏ ဖခင်ဖြစ်သူ ဦးစိုးလွင်က ပြောဆိုသည်။

“မိဘကတော့ ကိုယ့်သားသမီးကို အမြန်ဆုံး ပြန်တွေ့ချင်တာပေါ့။ ဟိုကြား ဒီကြားလို့ လိုက်ရှာတာလည်း မတွေ့ဘူး။  ပျောက်တုန်းကတော့ မိန်းမခိုးသွားတယ်လို့ ထင်တာ။ နောက်ပိုင်းကြာလာတော့ ဟိုကျားဖောင်ကိစ္စတွေ ကြားလာတော့ ပိုစိတ်ပူလာတယ်”ဟု ၎င်းက ပြောဆိုသည်။

ဧရာဝတီတိုင်း အမာမြို့နယ်ခွဲမှ ပဲခူးတိုင်းဒေသကြီးတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် အသက် ၁၈နှစ်အရွယ် လူငယ်တစ်ဦးလည်း ပျောက်ဆုံးနေပြန်သည်။

ပဲခူးမြို့နယ်တွင် အလုပ်သွားလုပ်သည့် အသက် ၁၈ နှစ်အရွယ် မောင်နေလင်းထွန်း ပျောက်ဆုံးနေကြောင်း ၎င်း၏ ဖခင်ဖြစ်သူက ပြောဆိုသည်။

၎င်းသည် ပဲခူးမြို့ရှိ ကာရာအိုကေဆိုင်တစ်ခုတွင် အလုပ်လုပ်နေရာမှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အဆက်အသွယ်ပြတ်သွားပြီးနောက် ယနေ့အချိန်ထိ အဆက်အသွယ်ရခြင်း မရှိတော့ကြောင်း ၎င်း၏ ဖခင်ဖြစ်သူ ဦးဝင်းမြင့်အောင်က ဆိုသည်။

ဘာ့ကြောင့် ပျောက်နေကြသလဲ

လက်ရှိပျောက်ဆုံးနေသည့် လူငယ်များအနက် ပြန်တွေ့ခဲ့ရသူနှစ်ဦးတွင် ကိုမြတ်သူရထွန်းသည် လူကုန်ကူးခံရပြီးနောက် ပြန်တွေ့ခဲ့ရခြင်းဖြစ်ပြီး မမေဖြူဖြူသော်မှာ လူကုန်ကူးခံရခါနီးအချိန်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ နှစ်ဦးစလုံးသည် ဆေးဖြင့် တို့ခံရပြီးနောက် ခေါ်ဆောင်သွားခံခဲ့ရခြင်းလည်း ဖြစ်သည်။ အချို့လူငယ်များကိုမူ ပြန်လည်တွေ့ရှိသေးခြင်း မရှိပေ။

လက်ရှိ ပျောက်ဆုံးနေသည့် ဆယ်ကျော်သက်လူငယ်များသည် တက္ကသိုလ်ကျောင်းသား၊ အထက်တန်းကျောင်းသားများဖြစ်ပြီး အသက် ၁၄ နှစ်မှ ၂၄ နှစ်ကြားအရွယ်များလည်း ဖြစ်သည်။

ကိုမြတ်သူရထွန်းဆိုလျှင် ရန်ကုန် မြို့လယ်ကောင်ရှိ ပန်းဆိုးတန်းခုံးတံတားတွင်ပင် ၎င်းကို တို့ဆေးဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ပျောက်ဆုံးနေသူ  ဆယ်ကျော်သက်များသည် နေအိမ်မှ ရုံးသွားရင်း၊ ကျောင်းသွားရင်း၊ သူငယ်ချင်းထံသွားရင်း၊ အလုပ် သွားလုပ်နေရင်းပင် မိသားစုနှင့်အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေခြင်းဖြစ်သည်။

ယခင်က ပျောက်ဆုံးနေသူ အမျိုးသမီးများသည် လိင်ကျွန်ပြုခံရခြင်းများ ရှိနေပြီး အမျိုးသားလူငယ်များကို အဓမ္မလုပ်သားအဖြစ် စေခိုင်းကာ လုပ်အားခခေါင်းပုံဖြတ်ကာ လူကုန်ကူးသည့်ဖြစ်ရပ်များ အများဆုံးဖြစ်ခဲ့ကြောင်း ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်က ပြောဆိုသည်။

“အခုက အဲဒါကို ပြည်တွင်းမှာကို လုပ်နေသလို ဖြစ်လာပြီ။ တို့ဆေး ဒါမှမဟုတ် ရှူဆေးလိုဟာမျိုးကို သုံးပြီးလူ ခိုးတာတွေ လုပ်လာကြတယ်။ လူကုန်ကူးလာကြတယ်”ဟု ၎င်းက သုံးသပ်သည်။

ယင်းကဲ့သို့ ကလေးသူငယ်များအပြင် ဆယ်ကျော်သက်လူငယ်များ ပျောက်ဆုံးလာခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်း အဖွဲ့အစည်းများအပြင် အစိုးရအနေနှင့် ဖော်ထုတ်အရေးယူမှုများပြုလုပ်သင့်ကြောင်း ဦးခင်မောင်မြင့်က ဆက်ပြောသည်။

ကလေးသူငယ်များ ပျောက်နေပြီလော

ယခုရက်ပိုင်းတွင် ဆယ်ကျော်သက်လူငယ်များအပြင် ကလေးသူငယ်များကိုလည်း ခိုးယူမှုများဖြစ်လာသည်။ အချို့ ကလေးသူငယ်များတွင် ခိုးယူခံရပြီးနောက် အသက်သေဆုံးမှပြန်တွေ့ခဲ့ရသည့် အခြေအနေများအထိ ရှိလာသည်။

ယခုလ နိုဝင်ဘာလ ၁၈ ရက်နေ့က ခုနစ်လအရွယ်ကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပြန်ပေးဆွဲသူများက ကလေးငယ်ကို သတ်ပစ်ခဲ့သည်အထိ ဖြစ်ခဲ့သည်။ အဆိုပါဖြစ်ရပ်သည် ရေးမြို့နယ်ဒူးယားကျေးရွာအုပ်စု မြို့ဟောင်းကုန်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသွားသူ ကလေး၏ နေအိမ်တွင် ရေလုပ်ငန်းလုပ်ကိုင်ရန်အတွက် လာရောက်နေထိုင်သူနှစ်ဦးက ကလေးငယ်ကို ပြန်ပေးဆွဲကာ ငွေကျပ်ငါးသိန်းဖြင့် လာရောက်ရွေးယူရန် မိဘများကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဆက်သွယ်မှုကြောင့်မိဘများက ငွေသုံးသိန်းလွှဲပေးခဲ့သော်လည်း ကလေးငယ်မှာမူ ပြန်ပေးဆွဲသမားများ၏ သတ်ပစ်ခြင်းကို ခံခဲ့ရသည်။ ယင်းဖြစ်စဉ် နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ မောင်ရဲရင့်သူနှင့် မောင်ရဲရင့်မျိုးတို့ကို ဖမ်းဆီးထားပြီး စစ်ဆေးနေကြောင်း ရေးမြို့နယ်ရဲစခန်းထံမှ သိရသည်။

ကလေးငယ်ပျောက်ဆုံးပြီးနောက် သေဆုံးပြီးမှ ပြန်တွေ့ရသည့် ဖြစ်ရပ်နောက်တစ်ခုလည်း ရှိသေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် ဖြစ်သည်။

ဖောင်းပြင်မြို့နယ် မန်သဲကျေးရွာ အုပ်စု၊ ကုန်းကြီးကျေးရွာတွင် နေထိုင်သည့် အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် နိုဝင်ဘာလ ၁၈ ရက်နေ့က ဆော့ကစားနေရာမှ အိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် နောက်တစ်နေ့တွင် ရဲစခန်းသို့ သွားကာ လူပျောက်တိုင်ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ တိုင်ကြားပြီးနောက် မိဘများနှင့် ဒေသခံရပ်မိရပ်ဖများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ရှာဖွေခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကလေးငယ်ကို ရွာအနီးရှိ ကိုင်းတောထဲတွင် သေဆုံးလျက်တွေ့ရှိ ခဲ့ရသည်။

ထို့အပြင် ကလေးငယ်ကို ပြန်လည် တွေ့ရှိစဉ် ခန္ဓာကိုယ်တွင် အဝတ်အစား မရှိဘဲ ကလေးငယ်ပါးစပ်ကို အဝတ်တစ်ခုဖြင့် ပိတ်စည်းကာတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကိစ္စကို ကူညီဆောင်ရွက်ပေးနေသူ ကိုစန်းဝင်းက ပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လူသတ်မှုဖြင့် အမှုဖွင့်ထားသော်လည်း ပြစ်မှုကျူးလွန်သူကို ယနေ့အချိန်ထိ ဖမ်းမိသေးခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော်တွင်လည်း ကလေးငယ်ကိုခိုးယူပြီး အဓမ္မပြုကျင့်ပြီးနောက် သတ်ပစ်ခဲ့သည့် ဖြစ်ရပ်လည်း ရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက အသက်ရှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ကာ သတ်ပစ်ခဲ့ပြီးနောက် မြွေရေခွံအိတ်အတွင်းထည့်ကာ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူခုံးတံတားအောက်တွင် ပစ်ထားခဲ့သည့် ဖြစ်ရပ်ပင်ဖြစ်သည်။

အောင်ဆန်းအားကစားကွင်းအနီးတွင် ပျံကျနေထိုင်သည့် အဆိုပါကလေးငယ်ကို ဖခင်နှင့်အတူအိပ်နေစဉ်တွင် ခိုးယူပြီး အဓမ္မပြုကျင့်ကာ သတ်ပစ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူနှစ်ဦးကို သုံးလကြာပြီးနောက် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မွန် ပြည်နယ် ကျိုက္ခမီမြို့တွင် ဖမ်းဆီးမိခဲ့သည်။

အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း အသက် ၁၃ နှစ်အရွယ်ရှိ မချယ်ရီအောင်သည် ပြင်ဦးလွင်မြို့နယ်တွင် မိခင်ဖြစ်သူနှင့် နေထိုင်စဉ် မိခင်က ရိုက်နှက်လိုက်ခြင်းကြောင့် မန္တလေးတွင်  နေထိုင်သည့် ဖခင်ထံသွားမည်ဟုဆိုကာ ထွက်လာသည့်အချိန်တွင် အမျိုးသားတစ်ဦး၏ လိမ်လည်ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ ယင်းသို့ ပျောက်ဆုံးသွားခဲ့ပြီးနောက် ၎င်း၏ဖခင်ဖြစ်သူ ဦးတင်မြင့်ဇော်မှာ သမီးကို ပြန်လည်လိုက်လံရှာဖွေခဲ့သည်။

“ကျွန်တော်က အမောမခံနိုင်ဘူး။ ခံစားရပြီး အရမ်းငိုလိုက်လို့ ရောဂါထဖောက်ပြီးသေသွားခဲ့ရင် ကျွန်တော့်သမီးကို ပြန်တွေ့ရတော့မှာ မဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ ကျွန်တော်ငိုချင်တာတောင် ထိန်းငိုနေခဲ့ရတယ်။ ကျွန်တော့် သမီးလေးကိုမတွေ့ဘဲ မသေချင်ဘူး”ဟု ၎င်းက ဆိုသည်။

ယင်းနောက်သမီးငယ်ကို ပြန်လည် ရှာတွေ့ခဲ့ပုံကို ဦးတင်မြင့်ဇော်က ယခုကဲ့သို့ ပြန်ပြောပြသည်။

မချယ်ရီအောင်ကို လိမ်လည်ခေါ် ဆောင်သွားသူသည် ဖခင်ဖြစ်သူ နေထိုင်သည့် မန္တလေးကို ပို့ဆောင်ပေးမည်ဟု ဆိုကာ ပဲခူးတိုင်းကို ခေါ်ဆောင်သွားခံခဲ့ရကြောင်း ဦးတင်မြင့်ဇော်က ပြောပြသည်။

ယင်ကဲ့သို့ ခေါ်ဆောင်ခံရပြီး နောက်တစ်နေ့နေ့လယ်ပိုင်းတွင် ပဲခူးမြို့ဘုရားကြီးအနီးတွင် ကားတစ်စီးလာခေါ်မည်ဟုဆိုကာ စောင့်ဆိုင်းခိုင်းထားခဲ့ပြီး ပတ်ဝန်းကျင်ရှိ ရပ်မိရပ်ဖများက ကလေးငယ်ကို မသင်္ကာ၍ ခေါ်ယူမေးမြန်းရာမှ အဖြစ်မှန်ကို သိခဲ့ရခြင်းဖြစ်သည်။

ယင်းသို့ ထိန်းသိမ်းထားသူက Facebook တွင် လူပျောက်ကြော်ငြာထားသည်ကို တွေ့ရှိ၍ ဦးတင်မြင့်ဇော်ထံ အကြောင်းကြားခဲ့ပြီးနောက် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သမီးဖြစ်သူကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးတင်မြင့်ဇော်က ပြန်ပြောပြသည်။

လက်ရှိအချိန်ထိ ပျောက်ဆုံးနေပြီး ပြန်တွေ့ခြင်း မရှိသည့်ဖြစ်ရပ်လည်း ရှိသည်။

မန္တလေးတိုင်းဒေသကြီး ချမ်းမြေ့သာစည်မြို့နယ်တွင် သုံးနှစ်သားအရွယ် ကလေးငယ်တစ်ဦးသည် နိုဝင်ဘာလ ၁၄ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ယနေ့အချိန်ထိပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး မြို့သစ် (၂) အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၅ ရက်ကလည်း ပခုက္ကူမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဒုတိယတန်းတက်နေသည့် အသက်ခြောက်နှစ်အရွယ်ကျောင်းသူတစ်ဦးကို နေ့လယ်ကျောင်းပြန်တက်ချိန်တွင် အမျိုးသားတစ်ဦးက ထမ်းပိုးကာ ထွက်ပြေးခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းကဲ့သို့ ထမ်းပိုးထွက်ပြေးခဲ့သည့် အမျိုးသားကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူသည် စိတ်မနှံ့သူဖြစ်၍ လက်ရှိအချိန်တွင် မန္တလေးမြို့ရှိစိတ်ကျန်းမာရေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခိုင်းထားပြီး အမှုဖွင့်ထားခြင်း မရှိကြောင်း ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကလေးငယ်များအတွက် လုံခြုံရေးသတိပြုရန် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးက ကြေညာချက်တစ်စောင်ကို နိုဝင်ဘာလ ၂၆ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ကျောင်းအုပ်ကြီးများက ဟောပြောပွဲများ ပြုလုပ်ပေးရန်၊ ကျောင်းချိန်အတွင်း ကျောင်းသားများ ပြင်ပသို့ မထွက်ရန်၊ ကျောင်းခေါ်ချိန် ပုံမှန်ခေါ်ပေးရန်၊ အချိန်ပိုင်း ဆရာမများက ကြီးကြပ်စစ်ဆေးရန်၊ ကလေးကျောင်းပျက်ကွက်သည့် အကြောင်းကို မှတ်တမ်းတင်ထားရန်နှင့် ကျောင်းဂျူတီချထားရန်တို့ ပါရှိသည်။

ယင်းလုပ်ငန်းစဉ်များကို မပျက်မကွက် ဆောင်ရွက်ထားရှိရန်နှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို နိုဝင်ဘာလ ၂၉ ရက်နေ့နောက်ဆုံးထားတင်ပြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူပျောက်သည့် ဖြစ်စဉ်များသည် မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားတွင် အမှန်တကယ် ဖြစ်ပေါ်လျက်ရှိနေကြောင်း အဆိုပါဖြစ်စဉ်များက သက်သေပြလျက် ရှိနေသည်။

မည်သူတွင် တာဝန်ရှိသနည်း။

အမှန်တကယ် လူပျောက်လျှင်  အမြန်ဆုံးတိုင်ကြားပါ

လူပျောက်သည့် အခြေအနေနှင့် ကြုံတွေ့လာရပါက မိသားစုဝင်များအနေနှင့် နီးရာရဲစခန်းကို အမြန်ဆုံးအကြောင်းကြားသင့်ကြောင်း ပခုက္ကူမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးမင်းဇော်ဦးက  ပြောဆိုသည်။

ရဲတပ်ဖွဲ့အနေနှင့်လည်း လူပျောက်လာရောက်တိုင်ကြားပါက ပျောက်ဆုံးနေသူ ဓာတ်ပုံနှင့် အချက်အလက်များကိုယူကာ နီးစပ်ရာမြို့ပေါ် ရဲစခန်းများ၊ အခြားနယ်မြေရဲစခန်းများနှင့် ချိတ်ဆက်ကာလှည့်ကင်းများ လှည့်လည်၍ ပျောက်ဆုံးနေသူကို အမြန်ဆုံးရှာတွေ့ရန် ဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြောဆိုသည်။

“လူပျောက်တယ်ဆိုရင်တော့ ရဲစခန်း ကို အမြန်ဆုံးအကြောင်းကြားတာ အကောင်းဆုံးပါပဲ။ ရဲတပ်ဖွဲ့က ချိတ်ဆက်ပြီး ရှာဖွေပေးမှာပေါ့။ ပျောက်ဆုံးပြီး သုံးလေးရက်ကြာမှ လာတိုင်တော့ ပြန်တွေ့နိုင်ဖို့ကတော့ နည်းနည်းတော့ နည်းလမ်းနည်းသွားတာပေါ့”ဟု ဒုရဲမှူးမင်းဇော်ဦး  က ဆက်ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် လူပျောက်ဖြစ်စဉ်များသည် မြန်မာနိုင်ငံတွင်တရားဥပဒေစိုးမိုးမှုအားနည်းခြင်းနှင့် မှုခင်းများကို ကိုင်တွယ်ဖြေရှင်းနေရသည့်ရဲတပ်ဖွဲ့အင်အား မလုံလောက်ခြင်း၊ ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များကလည်း ရဲလုပ်ငန်းစဉ်များကို ကျွမ်းကျင်မှုမရှိခြင်းတို့ကြောင့်လည်း ဖြစ်ကြောင်း ဥပဒေအကြံပေးဦးခင်မောင်မြင့်က သုံးသပ်သည်။

“ဒီဖြစ်စဉ်တွေက ကျွန်တော်တို့ဆီမှာ တော်တော်ကို ဆိုးရွားတဲ့ အမှုအခင်းတွေပဲ။ အစိုးရအနေနဲ့ ဦးဆောင်ပြီး ဒါကို သေချာကြပ်မတ်ပြီး လုပ်ဆောင်ဖို့ လိုနေပြီ”

Facebook စာမျက်နှာတွင်  တက်လာသည့် လူပျောက်ကြော်ငြာ ၁၈ ခုတွင် ပါဝင်သော ဖုန်းနံပါတ်များကို The Voice Journal က ဆက်သွယ် မေးမြန်းကြည့်ခဲ့ရာ နေအိမ်မှ ထွက်ခွာသွားကာ ပြန်လည်ရောက်ရှိလာသူ လေးဦး၊ လူကုန်ကူးခံရခြင်းနှင့် လူကုန်ကူးရန်  ကြိုးပမ်းစဉ် ပြန်တွေ့သူသုံးဦး၊ ပျောက်သွားပြီး သေဆုံးလျက် ပြန်လည်တွေ့ရှိသူ (ကလေးငယ်) သုံးဦး၊ လက်ရှိအချိန်အထိ လုံးဝ ရှာမတွေ့သေးသူ ငါးဦး၊ ကလေးကို ခေါ်ယူရန် ကြိုးပမ်းသူ တစ်ဦး၊ ဆက်သွယ်၍မရဘဲ ဖုန်းဆက်ပိတ်ထားသူ နှစ်ဦး  ရှိနေသည်။

အထက်ပါအချက်အလက်များအရ  လူပျောက်ကြော်ငြာ ၁၈ ခုတွင် ၁၆ ခုမှာ  အမှန်တကယ် လူပျောက်ခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ကျန်နှစ်ခုမှာမူ ဖုန်းပိတ်ထားသဖြင့် ယုံကြည်ရန်ခဲယဉ်းသော  အခြေအနေတွင် ရှိသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဝက်ဘ်ဆိုက်ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ် မေလမှ ၂၀၁၉ မေလအထိ ၂ နှစ်အတွင်း ပျောက်ဆုံးနေသူာရင်းမှာ ၄၀ ခန့်သာရှိကြောင်း သိရသည်။

သို့သော် လက်ရှိလူမှုကွန်ရက်တွင် ကြော်ငြာထားသူများသည် အဆိုပါပျောက်ဆုံးနေသူများစာရင်းတွင် ပါဝင်ခြင်း မရှိသေးပေ။

ယင်းအပြင် လူမှုကွန်ရက်ပေါ်တွင် လူပျောက်ကြော်ငြာများ တက်လာတိုင်း ချင့်ချိန်ယုံကြည်သင့်ပြီး ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပါဝင်ပါက ဆယ်သွယ်၍ သတင်း မှန်၊ မမှန် စုံစမ်းမေးမြန်းသင့်ပေသည်။  ယင်းအပြင် သတင်းမီဒီယာတွင် ဖော်ပြထားသော သတင်းများမဟုတ်ဘဲ လူများစိုးရိမ်သောကရောက်စေရန် ရည်ရွယ်ချက်ဖြင့် သတင်းတုများဖြန့်နေ ခြင်း ဟုတ် မဟုတ်၊ လူပျောက်သတင်းဖော်ပြထားသော ဝက်ဘ်ဆိုက်များ၏ လိပ်စာ၊ လူမှုကွန်ရက်ပေါ်မှ စာမျက်နှာတု ဟုတ်၊ မဟုတ်ကိုလည်း စိစစ်စစ်ဆေးပြီးမှသာ ယုံကြည်ရန် များစွာလိုအပ်လှပေသည်။

မည်သို့ပင်ဆိုစေကာမူ မည်ကဲ့သို့သော အကြောင်းကြောင့် လူများပျောက်ဆုံးနေရပါ၏လော။

မြန်မာနိုင်ငံတွင်တရားဥပဒေစိုးမိုးရေး အားနည်းနေသည်ဆိုသော ဝေဖန်သံများသည် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေလျက်ရှိပြီး ယခုကဲ့သို့ လူပျောက်သည့်ကိစ္စများက တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသလောဆိုသည်ကိုလည်း မေးစရာဖြစ်လာသည်။

“ဒါက တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်တာမဟုတ်ဘူး။ ခြိမ်းခြောက်တဲ့ အဆင့်ကို ရောက်နေပြီ” ဟု ဦးခင်မောင်မြင့်က ပြောဆိုသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် လူပျောက်နေမှုများနှင့် ပတ်သက်ပြီး မချယ်ရီအောင်၏ ဖခင်ဦးတင်မြင့်ဇော်က ယခုကဲ့သို့ ပြောဆိုသည်။

“မိဘတွေကိုယ်တိုင် ကိုယ့်သားသမီးတွေကို စောင့်ရှောက်ဖို့လိုတယ်။ ဒီလိုလူ (ကလေးသူခိုး၊ လူကုန်ကူးသူ) တွေများများရှိလာလေ ကျွန်တော်တို့ ရိုးသားတဲ့ ပြည်သူတွေက ဓားစာခံပဲ။ ဒီကိစ္စတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ မပြောချင်ဘူး။ အကုန်လုံးမှာ  တာဝန်ရှိတယ်။”

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *