လက်နက်ကိုင်များ လက်ထဲရောက် ဝေဟင်ပစ်ဒုံး

မြန်မာ့တပ်မတော်က လက်နက်များဖမ်းမိရာတွင် လေယာဉ်ပစ် ပခုံးထမ်းဒုံးလက်နက်ပင် ပါဝင်လာသည်ကို တွေ့ရသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ပိုင်ဆိုင်သည့် လက်နက်များ ဝှက်ထားရာနေရာများကို တပ်မတော်က ရှာဖွေဖော်ထုတ်မှုတွင် ခြေမှုန်းရေးရိုင်ဖယ်၊ ပခုံးထမ်းလောင်ချာများနှင့်အတူ လေယာဉ်ပစ်ပခုံးထမ်းဒုံးလက်နက်ဖြစ်သည့် FN-6 လက်နက်များပါ တွေ့လာရခြင်းလည်း ဖြစ်သည်။

ထိုသို့ လက်နက်များဖမ်းမိခြင်းနှင့်အတူ စဉ်းစားဝေဖန်သုံးသပ်ရမည့် အကြောင်းအရာများ ရှိလာသည်။

တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့တွင် တစ်ဖွဲ့အပါအဝင် ဖြစ်သော TNLA ထံတွင် FN-6 ကဲ့သို့ လက်နက်များတွေ့လာရသည်ဖြစ်ရာ ယင်းလက်နက်များ မည်သည့်နေရာမှတစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင်များထံ ရောက်လာသနည်း။

တပ်မတော်က ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဆင်ရေးများကို လေကြောင်းတိုက်ခိုက်မှု အကူအညီဖြင့် ဆောင်ရွက်နေသည်ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကို အန်တုနိုင်သည့် လေကြောင်းရန်ကာကွယ်ရေးစနစ်များရှိလာပြီလောဟုလည်း တွေးစရာရှိလာသည်။

တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကမူ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့တို့သည် စစ်ဖြစ်နေသည့် ကာလဖြစ်သဖြင့် နှစ်ဖက်စလုံးသည် ၎င်းတို့၏ လက်နက်များကို အဆင့်မြှင့်တင်နေသည်ကို တွေ့ရကြောင်း ပြောဆိုသည်။

“လက်နက်အဆင့်မြှင့်တာက အစိုးရဘက်ကလည်း အဆင့်မြှင့်လာသလို တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း အဆင့်မြှင့်လာပါတယ်” ဟု ၎င်းက ဆိုသည်။

လက်နက်များ သိမ်းမိခြင်း

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့တပ်မတော်က ရှမ်းပြည်နယ် မြောက်ပိုင်းနမ့်ဆန်မြို့နယ်ရှိ TNLA စစ်ဦးစီးချုပ်ဖြစ်သူ တာဟိုပလာန်၏ ဇာတိမြေဖြစ်သော ဟိုမိန်းကျေးရွာနှင့် အနီးတစ်ဝိုက်တွင် ရှာဖွေခဲ့ရာ TNLA က လက်နက်များကို ဝှက်ထားသည့် နေရာ သုံးနေရာကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဖမ်းဆီးရမိထားသော လက်နက်များကို သတင်းထောက်များသို့ နိုဝင်ဘာလ ၂၃ ရက်တွင် တပ်မတော်က လိုက်ပြခဲ့သေးသည်။

တပ်မတော်က ဖမ်းမိသည်ဟုဆိုကာ ပြသသည့် လက်နက်များမှာ M22 ရိုင်ဖယ် ၃၉ လက်၊ စက်လတ် ၂၉ လက်၊ M 21 ရိုင်ဖယ် ၆၉ လက်၊ M 16 ရိုင်ဖယ်ကိုးလက်၊ ပခုံးထမ်းလောင်ချာ RPG အကြီး ၁၆လက်၊ RPG အသေးငါးလက်၊ ၁၂ ဗို့ ဆလိုက်သေနတ်နှစ်လက်၊ FN-6 ပခုံးထမ်းလေယာဉ်ပစ်ဒုံးတစ်လက်တို့ဖြစ်ကြောင်း မြန်မာ့တပ်မတော်က သတင်းထုတ်ပြန်သည်။

စုစုပေါင်းလက်နက် ၁၇၀ ကို ဖမ်းမိခြင်းဖြစ်ပြီး အဆိုပါဒေသတွင် ယင်းကဲ့သို့ လက်နက်အမြောက်အမြားဖမ်းမိမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောဆိုထားသည်။

ခဲယမ်းများမှာ ၇ ဒသမ ၆၃ ကျည် ၄၃၁၆၀ တောင့်၊ M 22 ကျည် ၁၀၅ တောင့်၊ M 22 ကျည်အိမ် ၁၄၀၀ ခု၊ လက်ဗစ်ဗုံးအလုံး ၈၈၀၊ ၆၀ မမ ဗုံးသီး ၉၈ လုံး၊ ၆၀ မမ ဗုံးသီးထိပ်ဖူး ၉၀ ခု၊ ၄၀ မမ ဗုံးသီး ၁၄၈ လုံး၊ ယမ်းပျော့သံပုံး ၂၀ ပုံး၊ အားမြှင့်ယမ်းဘူး ၈၈၅ ဘူးရရှိသည်ဟု တပ်မတော်က ထုတ်ပြန်သည်။

ထို့အပြင် TNLA စစ်ယူနီဖောင်းပြောက်ကျားဝတ်စုံများ၊ အခြားစစ်အသုံးအဆောင်ပစ္စည်းများနှင့် TNLA ၏ အလံများထည့်ထားသည့် ဆာလာအိတ် ၇၇ လုံးကိုလည်း သိမ်းဆည်းမိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဟိုမိန်းကျေးရွာတစ်ဝိုက်မှ TNLA တပ်ဖွဲ့ဝင်များထွက်လာတတ်သဖြင့် တပ်မတော်က သတင်းများ စုံစမ်းစုဆောင်းကာ ရှာဖွေဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ် ထွန်းထွန်းညီက နိုဝင်ဘာလ ၂၄ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

“အသစ်လား၊ အဟောင်းလား စိစစ်နေပါတယ်။ တရုတ်နိုင်ငံလုပ် လက်နက်တော်တော်များများ ပါနေတာ တွေ့ရှိရပါတယ်။ဥပမာ – FN-6 ပေါ့။ FN-6 က မြေပြင်ဝေဟင်ပစ်လက်နက် ဖြစ်ပါတယ်”

လက်နက်များဖမ်းမိသည့် နေရာသည် ဒေသဖွံဖြိုးရေးများစွာလုပ်ဆောင်ထားသည့် နေရာဖြစ်သဖြင့် တပ်မတော်က နယ်မြေကျွမ်းကျင်ကြောင်း ၎င်းက ဆိုသည်။

TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်ကမူ လက်နက်များဖမ်းမိခြင်းမှာ မှန်ကန်သော်လည်း ထိုသို့ ပမာဏမများကြောင်း သတင်းမီဒီယာများသို့ ဖြေကြားထားသည်။

လက်နက်များသည် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပြီးနောက် မရွှေ့ပြောင်းနိုင်သဖြင့် ကျန်ခဲ့သော လက်နက်များသာဖြစ်ပြီး အရေအတွက် ၅၀ ခန့်သာရှိကြောင်း ၎င်းက ဆိုထားသည်။

TNLA ထံမှ သိမ်းဆည်းမိသည့် လက်နက်များထဲတွင် ထူးထူးခြားခြားလေယာဉ်ပစ်ပခုံးထမ်းဒုံးလက်နက် FN -6 တစ်လက်လည်း ပါဝင်နေသည်။ အဆိုပါ FN-6 လက်နက်မှာ ၎င်းတို့အဖွဲ့၏ လက်နက်ဖြစ်သည်ဟုလည်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောဆိုထားသည်။

FN-6 လက်နက်မှာ အမေရိကန်ဒေါ်လာခုနစ်သောင်းမှ ကိုးသောင်းဝန်ကျင် (မြန်မာကျပ်ငွေ သိန်းတစ်ထောင်ကျော်) တန်ဖိုးရှိပြီး ဖမ်းဆီးရမိသည့် လက်နက်များအနက် တန်ဖိုးအကြီးဆုံးလက်နက်လည်း ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

လေယာဉ်ပစ်လက်နက်

TNLA ထံမှ သိမ်းဆည်းရမိသည့် FN- 6 လက်နက်သည် တရုတ်နိုင်ငံထုတ် FN-6 MANPAD (Man Portable Air Defense) ဖြစ်ကြောင်း တပ်မတော်ဘက်က ကြေညာထားသည်။

FN-6 MANPAD သည် လူဖြင့် အလွယ်တကူသယ်ဆောင်နိုင်သော မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေး ဒုံးလက်နက်တစ်မျိုး ဖြစ်သည်။

FN-6 ဒုံးလက်နက်သည် အနိမ့်ပျံတိုက်ခိုက်ရေးလေယာဉ်နှင့် ရဟတ်ယာဉ်များကို ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း စစ်ရေးလေ့လာသုံးသပ်သည့် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက RFA သတင်းဌာနသို့ ပြောကြားထားသည်။

FN-၆ ၏ ပျံသန်းနှုန်းသည် တစ်စက္ကန့်လျှင် ပေ ၂၀၀၀ ဝန်းကျင်နှုန်းဖြင့် အမြင့်ပေ ၁၂,၀၀၀ ကျော်အထိ ပစ်ခတ် နိုင်ကြောင်း စစ်ဘက်ဆိုင်ရာသတင်းများ ဖော်ပြသည့် army recognition ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

လက်ရှိတွင် တရုတ်တပ်မတော်၌လည်း ယင်းလက်နက်ကို Hong Ying အမည်ဖြင့် အသုံးပြုနေပြီး မောင်းသူမဲ့ဒရုန်းများကိုပင် စမ်းသပ်ပစ်ခတ်ခဲ့သည်များလည်း ရှိသည်။

ထို့ကြောင့် ရဟတ်ယာဉ်နှင့် အနိမ့်ပျံလေယာဉ်များကို ခြိမ်းခြောက်နိုင်စွမ်းရှိသည့် လက်နက်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ဖမ်းမိသည့် FN-6 လက်နက်သည် ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ ထွက်ရှိသည့် Third Generation အမျိုးအစားဖြစ်ပြီး ပို့ကုန်အတွက် ရည်ရွယ်ကာပေးထားသည့်အမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ် ထွန်းထွန်းညီက ပြောကြားသည်။

“ဒီလိုဗားရှင်းအတူတူကို တရုတ်တပ်မတော်မှာ သုံးနေတဲ့နာမည်က Hong Ying နာမည်နဲ့ သုံးပါတယ်။ ဒီဟာကတော့ အခြားနိုင်ငံတွေကို Export လိုမျိုး တွေ့ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျန်တဲ့ လက်နက်တွေကလည်း ထုတ်တဲ့ ခုနှစ်တွေမှာ ဗားရှင်းအမျိုးမျိုး ရှိတာပေါ့။ လက်နက်စနစ်မျိုးဆိုတာက ပြန်ပြီးပြုပြင်ပြီးသုံးလို့ရတဲ့ စနစ်တွေ ရှိတယ်။ အဟောင်းတွေကို အသစ်ပြန်လုပ်တာ ရှိတယ်။ အသစ်စက်စက်လက်နက်တွေ မဟုတ်လောက်ဘူးလို့ ကျွန်တော်တို့ ယူဆရတာပေါ့” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆက်လက်ပြောဆိုသည်။

FN-6 ကို တရုတ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပီရူး၊ ဆူဒန်နှင့် ဆီးရီးယားနိုင်ငံရှိ တပ်မတော်များတွင် အသုံးပြုနေကြောင်း army recognition ဝက်ဘ်ဆိုက်တွင် ရေးသားချက်အရသိရသည်။

မြန်မာနိုင်ငံတွင်မူ FN-6 လက်နက်ကို ၂၀၁၉ ခုနှစ် ဧပြီလတွင် ၀လက်နက်ကိုင် အဖွဲ့ UWSA က ၎င်းတို့ နယ်မြေတွင် ပြုလုပ်ခဲ့သည့်  ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ငြိမ်းချမ်းရေးနှစ်သုံးဆယ်ပြည့် အခမ်းအနားစစ်ရေးပြပွဲတွင် ထုတ်ဖော်ပြသခဲ့သည်ကို တွေ့ရသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမြန်မာအင်စတီကျု (MIPS) ၏ အမှုဆောင် ဒါရိုက်တာဒေါက်တာ မင်းဇော်ဦးကမူ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အများစုတွင် လေယာဉ်ပစ်ဒုံးလက်နက်များရှိနေပြီး အများစုမှာ နယ်စပ်လက်နက်မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် ဝယ်ယူရရှိထားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“တိုင်းရင်းသားလက်နက်ကိုင်တွေ တော်တော်များများမှာ လေယာဉ်ပစ် ဒုံးရှိတယ်။ ဒါပေမဲ့ တော်တော်များများက ပစ်လို့ မရဘူး။ တကယ်ပစ်ချနိုင်တဲ့ ဒုံးရှိတဲ့ အဖွဲ့က လက်ချိုးရေလို့ ရတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် အမှန်တကယ်ပစ်ခတ်နိုင်သည့် ဒုံးလက်နက်များရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အမည်ကိုမူ ဒေါက်တာမင်းဇော်ဦးက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ကျောင်းသားတပ်မတော်ဖြစ်သည့် ABSDF အဖွဲ့၏ တပ်ရင်း ၂၀၃ တွင်ပင် ၁၉၉၃ ခုနှစ်ကတည်းက လေယာဉ်ပစ်ပခုံးထမ်းလက်နက်တစ်လက်ရှိခဲ့သော်လည်း ပစ်ခတ်မရခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပစ်မရဘူးဆိုတာက မှောင်ခို ဈေးကွက်က ဝယ်တော့ ဂျင်း (အတု) မိပြီး ပစ်မရတဲ့ဟာ ဖြစ်နေတာ။ အခု TNLA က ရတယ်ဆိုတဲ့ FN-6 ကလည်း ပုံထဲ ကြည့်ရသလောက်တော့ ဂျင်းပဲ။ ပစ်မရလောက်ဘူး။ တပ်မတော်က မိတဲ့ FN-6 မှာဂ က်စ်အိုး မပါဘူး” ဟု ၎င်းက ဆိုသည်။

FN-6 လက်နက်မှာ ဒုံးကျည်ပစ်ခတ်ရာတွင် ဂက်စ်စွမ်းအင်ဖြင့် ရှော့တိုက်ပစ်ခတ်ရခြင်းဖြစ်သည်။

သို့သော် လေယာဉ်ပစ်လက်နက်သည် မှောင်ခိုဈေးကွက်က ရခြင်းမဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံ၏ ထောက်ပံ့ပေးမှုကြောင့် ရရှိထားပါက လေယာဉ်များကို အမှန်တကယ်ပစ်ချနိုင်ကြောင်း ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။

တပ်မတော်က သိမ်းဆည်းမိသည့် FN-6 အပါအဝင် TNLA ၏ လက်နက်များသည် လက်နက်မှောင်ခိုဈေးကွက်မှ ရရှိထားခြင်းဖြစ်နိုင်သော်လည်း မည်သည့်အချိန်ကတည်းက ဝယ်ယူထားသည့် လက်နက်များဖြစ်ကြောင်းကို မသိကြောင်း ၎င်းက ပြောဆိုသည်။

တရုတ်က ထောက်ပံ့ထားလား

FN-6 ကဲ့သို့သော တရုတ်ထုတ် လက်နက်များ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များထံ ရောက်ရှိနေကြောင်း အထင်အရှားတွေ့နေရသည်ဖြစ်ရာ တရုတ်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်များကို လက်နက်များ သွယ်ဝိုက်ထောက်ပံ့နေသလောဟု စဉ်းစားဖွယ်ရာရှိသည်။

တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကမူ တရုတ်နယ်စပ်တွင် ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များသည် တရုတ်လက်နက်များ ကိုင်ဆောင်ကြသည်များပြီး ထိုင်းနယ်စပ်တွင် ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များသည် အမေရိကန်နှင့် ထိုင်းနိုင်ငံထုတ် လက်နက်များ ကိုင်ဆောင်ကြကြောင်း ပြောကြားသည်။

“ဒါတွေက မထူးဆန်းပါဘူး။ အဲဒါက မှောင်ခိုဈေးကွက်က ရှိနေတဲ့အတွက် မှောင်ခိုဈေးကွက်က လာတယ်လို့ပဲ ယူဆပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်များကို လက်နက်ထောက်ပံ့ပေးမှုရှိ မရှိမှာ သက်သေပြရန်ခဲယဉ်းသဖြင့် ၎င်းအနေနှင့် မှတ်ချက်မပေးလိုကြောင်း ဦးမောင်မောင်စိုးက ပြောဆိုသည်။

မည်သို့ပင်ဖြစ်စေ သေချာသည်က တရုတ်နိုင်ငံထုတ် FN-6 ကဲ့သို့ လက်နက်ကား မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ထံ ရောက်နေခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာ့ငြိမ်းချမ်းရေးရရှိရန် တရုတ်နိုင်ငံ၏ ကူညီပေးမှုများလည်း ရှိနေသည်။

ယခုလဆန်းပိုင်းမှာပင် ငြိမ်းချမ်းရေးအတွက်ဟုဆိုကာ တရုတ်အထူးသံတမန် မစ္စတာဆွန်ကော့ရှန်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC သို့ အမေရိကန်ဒေါ်လာတစ်သန်း လှူဒါန်းခဲ့ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်အားကိုးနိုင်သော မိတ်ဆွေပင်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။

MIPS ၏ အမှုဆောင်ဒါရိုက်တာဒေါက်တာ မင်းဇော်ဦးကမူ တရုတ်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များကို ထောက်ပံ့မှုမရှိဟု ပြောဆိုလေ့ရှိကြောင်း BBC သတင်းဌာနတွင် ဖြေကြားထားသည်။

သို့ဖြစ်ရာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးတွင် ရိုးသားသော ကြားပွဲစားဖြစ်ပါ၏လောဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်လာသည်။

တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သော TNLA ထံတွင် FN-6 ကဲ့သို့ တရုတ်ထုတ်အဆင့်မြင့်လက်နက်တွေ့သည့်အပေါ်တပ်မတော်အနေနှင့် စိတ်မသက်မသာ ဖြစ်ပုံရကြောင်း တပ်မတော်နှင့် နီးစပ်သည့်သတင်းရင်းမြစ်များမှ သိရသည်။

ထို့ကြောင့်ပင် တပ်မတော်သည် မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုကို ပိုမိုဂရုစိုက်လာဖွယ်ရှိကြောင်း ဦးမောင်မောင်စိုးက ယခုကဲ့သို့ဆိုသည်။

“တပ်မတော်ကတော့ တရုတ်နဲ့ ပတ်သက်ရင် သတိထားဆက်ဆံတဲ့ သဘောထားရှိမယ် ထင်ပါတယ်”

ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *