လူငယ်များအတွက် တစ်နေရာ

မြန်မာနိုင်ငံကို အသက် ၇၄ နှစ် ကျော်စပြုနေပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေသည်။ မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်၏ အသက်သည် ယခုအခါ ၆၈ နှစ်ရှိပြီဖြစ်သည်။

မြန်မာ့လက်နက်ကိုင်အင်အားစုတို့၏ အကြီးအကဲဖြစ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖွင့်ဆိုခြင်းခံရသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အသက် ၆၃ နှစ်ဖြစ်သည်။

ထို့အတူ အာဏာရှင်စနစ်ကို အံတုခဲ့သော တစ်ချိန်က အတိုက်အခံပါတီ၊ ယနေ့ အာဏာရပါတီ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ပျမ်းမျှအသက်သည် ၆၆ နှစ်ဖြစ်သည်။ ထိုပါတီ၏ အသက်အငယ်ဆုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အသက်သည် ၅၀ နှစ်ဖြစ်သည်။

ဤနိုင်ငံသည် လူငယ်များကို နေရာပေးသည်ဟု အမြဲတမ်းကြွေးကြော်ခဲ့သော နိုင်ငံဖြစ်သကဲ့သို့ လူငယ်များသည် နိုင်ငံ၏အနာဂတ်ဟု အမြဲတမ်းထုတ်ဖော်ပြောကြားခဲ့သည့် နိုင်ငံလည်းဖြစ်သည်။ သို့သော်လည်း အရေးကြီးသည့် ဆုံးဖြတ် ချက်များကို ချမှတ်ရမည့်နေရာများတွင် အသက် ၅၀ အထက် လူကြီးများကသာ ကြီးစိုးထားခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် Myanmar Entrepreneurship Summit ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတော်ကြီး ရေရှည်ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက် နောင်အနာဂတ်ခေါင်းဆောင်များဖြစ်လာမယ့် လူငယ်မျိုးဆက်သစ်တွေဟာ တစ်ခေတ်ထက်တစ်ခေတ် ပိုမိုထူးချွန်ထက်မြက်စွာနဲ့ တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ အရေးကြီးလှပါတယ်” ဟု ၎င်းကဆိုခဲ့သည်။

မြန်မာနိုင်ငံသည် လူငယ်များကို နေရာပေးရန် သို့တည်းမဟုတ် နိုင်ငံ့အနာဂတ်အတွက် လူငယ်များကို ယုံကြည်မှုပေးရန် အသင့်ဖြစ်ပါ၏လော။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင် လူငယ်များက မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ခေါင်းဆောင်ကာ တိုက်ပွဲဝင်ခဲ့သည်။ လူကြီး လူငယ် ယုံကြည်မှုကိုရရှိခဲ့သော ဗိုလ်ချုပ် တို့သည် လွတ်လပ်ရေးကို ပြည်သူထံ အရောက်အပ်နှင်းနိုင်ခဲ့သည်။

ယနေ့မြန်မာနိုင်ငံတွင် လူငယ်များသည် အခြားသူများက နေရာပေး၍ နေရာရခြင်းထက် မိမိကိုယ်တိုင် ကြိုးစားအားထုတ်ပြီး နေရာရလာမှုသာ ပိုမိုတွေ့ရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောကြားသည်။

“ကျွန်တော်တို့ဆီမှာ ထူးချွန်တဲ့လူငယ်တွေရှိတယ်။ ကြက်တောင်ရိုက်တဲ့ ကောင်မလေးတွေတို့၊ နောက်တစ်ခါ ကယားပြည်နယ်ဘက်က လက်ဝှေ့ထိုးတဲ့ အမျိုးသမီးတွေ ရှိတယ်။ သူတို့ကို ကြည့်လိုက်ရင် ကိုယ့်အားကိုယ်ကိုးပြီး တက်လာရတာဗျ။ အစိုးရဘက်က ပံ့ပိုးမှုနဲ့ တက်လာတယ်ဆိုတာက သိပ်မတွေ့ရသလောက်ပဲ” ဟု ၎င်းကဆိုသည်။

နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးနယ်ပယ်တွင် မြန်မာ့လူငယ်များက တိုးမပေါက်နိုင်။ လူငယ်ထု၏ အသံသည်လည်းကောင်း၊ ဆုံးဖြတ်ချက်ချနိုင်သော နေရာများတွင်လည်းကောင်း လူငယ်များမှာ နေရာမရကြချေ။

သို့သော်လည်း စီးပွားရေးနှင့် ခေတ်သစ်နည်းပညာနယ်ဖြစ်သည့် သတင်းအချက်အလက်နည်းပညာ (IT) ကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်ကဏ္ဍများတွင် လူငယ်များက လူကြီးများထက် ပိုမိုစွမ်းဆောင်နိုင်ကြောင်း တွေ့နေရပြီဖြစ်သည်။

နိုင်ငံရေးထဲက လူငယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဦးဆောင်သည့် အစိုးရကမူ အသက် ၄၀ အရွယ်ကို လူငယ်ဟု သဘောထားပုံရသည်။

NLD အစိုးရအုပ်ချုပ်ရေးအာဏာ စတင်ရယူချိန်တွင် အသက် ၄၀ ဝန်းကျင်အရွယ် လူလတ်ပိုင်းများကို တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်အဆင့်အထိ နေရာပေးခဲ့သော်လည်း ပြည်ထောင်စုဝန်ကြီးအဆင့်တွင် ပျမ်းမျှအသက် ၆၀ အထက် လူကြီးများကို နေရာပေးထားသည်။

အသက်အငယ်ဆုံး ပြည်ထောင်စုဒုတိယဝန်ကြီး၏ အသက်မှာ အသက် ၄၁ နှစ်အရွယ်ရှိ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းဖြစ်ပြီး အခြားသော ပြည်ထောင်စုဝန်ကြီးများမှာ အသက် ၆၀ အထက်သာများသည်။

ထို့ကြောင့်ပင် NLD အစိုးရတက်ကာစတွင် Facebook လူမှုကွန်ရက်၌ လူအချို့က ဆံဖြူအစိုးရဟု လှောင်ပြောင်သရော်ခဲ့ကြသေးသည်။

သို့သော် ၂၀၁၉ ခုနှစ်တွင် NLD အစိုးရက အသက် ၄၁ နှစ်အရွယ်ရှိ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးပညာရှင် ဒေါက်တာ မင်းရဲပိုင်ဟိန်းကို စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်ဖြစ်ရာ ဆံဖြူအစိုးရထဲတွင် လူလတ်ပိုင်းတစ်ဦး ခေါင်းဆောင်မှုနေရာရလာသည့်သဘောပင်ဖြစ်သည်။

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်အောင်ကမူ NLD အစိုးရလက်ထက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၌ အသက် ၃၅ နှင့် ၄၀ ကြား လူငယ်များသည် အသက် ၆၀ ဝန်းကျင် လူကြီး များထက် ပိုမိုနေရာရသည်ကို တွေ့ရကြောင်း ပြောဆိုသည်။

“ပြောရရင်တော့ တို့ပြည်သူ့လွှတ်တော်မှာက လူငယ်ရယ်၊ လူလတ်ရယ်၊ လူကြီးရယ်လို့ ခွဲရမလို ဖြစ်နေတယ်ကွ။ လူကြီးပိုင်းက ၅၀ ရာခိုင်နှုန်းတော့ မကျော်ပါဘူး။ တော်တော်များများက လူလတ်ပိုင်းတွေများပါတယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသားလွှတ်တော်တွင်မူ ပြည်သူ့လွှတ်တော်နှင့်မတူ ကွဲပြားမှုအနည်းငယ်ရှိသည်။

အမျိုးသားလွှတ်တော်တွင် အသက် ၅၀ နှင့် ၆၀ ဝန်းကျင် လူကြီးပိုင်းလွှတ်တော်ကိုယ်စားလှယ်များ ပိုမိုများပြားကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်က ဆိုသည်။

လက်ရှိအာဏာရ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ NLD ပါတီအနေနှင့် လူငယ်များ၏ အရည်အချင်းကိုကြည့်ကာ သင့်လျော်သည့်တာဝန်နှင့် နေရာများပေးထားကြောင်း ပြောဆိုသည်။

“၂၀၁၅ ရွေးကောက်ပွဲမှာဆိုရင် ကျွန်တော်တို့ လူငယ်အဖွဲ့ထဲက တော်တော်များများဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားကြပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆိုလည်း ကျွန်တော်တို့ထဲမှာ လူငယ်ထဲ ဝင်တာပါပဲ” ဟု ၎င်းကဆိုသည်။

လက်ရှိအစိုးရ အုပ်ချုပ်ရေးပိုင်းတွင် အသက် ၆၀ အထက်လူကြီးအများစု နေရာယူထားသည်မှာ ခေတ်အခြေအနေအရ နိုင်ငံရေးအတွေ့အကြုံရှိသော လူကြီးများ လိုအပ်နေသောကြောင့် ယာယီဦးဆောင်နေခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်တွင် ပြုလုပ်ခဲ့သော ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင်လည်း အသက် ၂၀ ကျော် လူငယ်အချို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လူကြီးများသာ မဲအများစုရသဖြင့် အနိုင်ရခဲ့ပြီး လူငယ်များ နေရာမရခဲ့သည့် ဖြစ်ရပ်လည်းရှိသည်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း Facebook လူမှုကွန်ရက်တွင် လူကြီးများက လူငယ်များကို နေရာမပေးခဲ့သဖြင့် လူငယ်များ အနိုင်မရခြင်းဟု ဝေဖန်ပြောဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သေးသည်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကမူ စည်ပင်ရွေးကောက်ပွဲတွင် လူငယ်များကို လူကြီးများက နေရာမပေးဟု ဝေဖန်မှုများ ထွက်ပေါ်နေသည့်အပေါ် စိတ်မကောင်းကြောင်း ပြီးခဲ့သည့် ဧပြီလ ၇ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ၌ ပြုလုပ်သည့် ပြည်သူ့နီတိစကားဝိုင်းတွင် ပြောဆိုခဲ့သေးသည်။

“ဒီခေတ်မှာ ဘယ်သူ့မှ နေရာမပေးကြဘူး။ နေရာရထားရင် ဖင်မြဲအောင်ထိုင်တာ သဘာဝပဲ။ ဆိုတော့ အဲဒီနေရာကို ရအောင်ယူဖို့ဆိုရင် ကိုယ်က သူ့ထက်သာအောင် ကြိုးစားရင် အော်တိုမစ်တစ် ဒီနေရာက ရကို ရတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လူကြီးများကို နေရာဖယ်ပေးရန် ပြောဆိုနေမည့်အစား လူငယ်များအနေနှင့် ဝမ်းစာ (အရည်အချင်း) ပြည့်ရန် ကြိုးစားသင့်ကြောင်း ဦးမောင်မောင်စိုးက ဆက်လက်ပြောဆိုခဲ့သည်။

လူငယ်များ နိုင်ငံခေါင်းဆောင်နေရာရရန် အခြားတစ်ဖက်တွင်လည်း အခြေခံဥပဒေပြဋ္ဌာန်းချက်များက ကန့်သတ်လျက်ရှိပြန်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ် ရှိရမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရသူသည် အနည်းဆုံး အသက် ၄၀ ရှိရမည်ဟု ဖော်ပြထားသည်။

ယင်းမှာ လူငယ်များ နိုင်ငံ့ခေါင်းဆောင်ဖြစ်ရန် ကန့်သတ်ခံထားရသည့် အခြေခံဥပဒေပြဋ္ဌာန်းချက်အချို့လည်း ဖြစ်သည်။

သို့သော်လည်း အခြေခံဥပဒေပုဒ်မ ၁၂၀ အရ ပြည်သူ့လွှတ်တော်တွင် အသက် ၂၅ နှစ်ပြည့်ပါက လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ပြီး အခြေခံဥပဒေပုဒ်မ ၁၅၂ အရ အမျိုးသားလွှတ်တော်တွင် အသက် ၃၀ နှစ်ပြည့်မှသာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်သည်။

သို့ဖြစ်ရာ ဥပဒေပြုရေးကဏ္ဍတွင် လူငယ်များပါဝင်နိုင်ရေးအတွက် ဥပဒေအရ အတိုင်းအတာတစ်ခုအထိ လမ်းဖွင့်ပေးထားသည်ဟု ဆိုနိုင်သည်။

နိုင်ငံရေးပါတီနှင့် ပြည်တွင်း ငြိမ်းချမ်းရေး

မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများက လူငယ်များကို ၎င်းတို့ပါတီသို့ဝင်ရန် စည်းရုံးမှုများရှိနေသော်လည်း လူငယ်အများစုမှာ ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်နေရာများတွင် ပါဝင်ခွင့်ရသည်တော့ မတွေ့ရပေ။

မြို့နယ်အဆင့် ပါတီအလုပ်အမှုဆောင်အဖွဲ့နေရာတွင်မူ လူငယ်ခေါင်းဆောင်များကို အထိုက်အလျောက် နေရာပေးထားသည်ကို တွေ့ရသည်။

အာဏာရ NLD ပါတီနှင့် ကြံ့ခိုင်ရေးပါတီ USDP အပါအဝင် နိုင်ငံရေးပါတီအများစု၏ ထိပ်ပိုင်းခေါင်းဆောင်များကို ကြည့်မည်ဆိုပါက လူလတ်ပိုင်းနှင့် လူကြီးပိုင်းများသာ များပြားလျက်ရှိသည်။

ဥပမာအားဖြင့် NLD ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်က ၇၄ နှစ်၊ အတိုက်အခံပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေးအသက်က ၆၅ နှစ်ဖြစ်သည်။

USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကမူ လူငယ်များအရည်အချင်းပြည့်ဝပါက ထိုက်သင့်သည့် ရာထူးတာဝန်များ ပေးအပ်သွားရန် ၎င်းတို့ပါတီအနေနှင့် အဆင့်သင့်ရှိကြောင်း ပြောသည်။

“တို့ပါတီဥက္ကဋ္ဌကြီးကလည်း လူငယ်တွေကို အမြဲတမ်းမှာတယ်။ အရည်အချင်း၊ အရည်အသွေး စိတ်ဓာတ်ကို အမြဲတမ်းမြှင့်တင်ပေးပါ။ အဲဒီအရည်အချင်း၊ အရည်အသွေး စိတ်ဓာတ်တွေ မြင့်တက်လာရင် လူငယ်တွေအတွက် နေရာတွေက အဆင်သင့်ဖြစ်တယ်။ အမြဲတမ်းစောင့်ကြည့်ပြီး နေရာပေးမယ်” ဟု ၎င်းကဆိုသည်။

အသစ်ပေါ်ထွန်းလာသော ပြည်မအခြေစိုက်ပါတီများဖြစ်သော ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီနှင့် ပြည်သူ့ ရှေ့ဆောင်ပါတီတို့တွင် လူငယ်နှင့် လူလတ်ပိုင်း စီးပွားရေးသမားများ၊ ပညာတတ်များပါဝင်မှု အထိုက်အလျောက်ရှိသော်လည်း လူငယ်များကို နေရာပေးထားမှု မည်မျှရှိသည်ကို ယင်းပါတီများထံမှ အတိအကျ မသိရသေးပေ။

တိုင်းရင်းသား နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကမူ လက်ရှိတွင် လူငယ်များကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရည်ရွယ်ကာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားမှုမရှိသော်လည်း လူငယ်များကို ၎င်းတို့ ပါတီရေးရာ၊ လွှတ်တော်ရေးရာနှင့် ပတ်သက်၍ သင်တန်းပေးမှုများရှိနေကြောင်း ယင်းပါတီထံမှ သိရသည်။

“သင်တန်းလိုမျိုး လုပ်နေတာတော့ ရှိတယ်။ အဲဒီထဲကနေမှ တကယ် ထက်ထက်မြက်မြက်ရှိတဲ့ လူငယ်တွေ အမျိုးသမီးတွေ အဲဒီအပေါ်မှာ လူချက်ချင်း ရွေးတာမဟုတ်ဘဲ တစ်ဆင့်ပြီးတစ်ဆင့်သွားမယ့် သဘောမျိုးပေါ့ဗျာ” ဟု SNLD ပါတီအထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

သို့ဖြစ်ရာ ယေဘုယျအားဖြင့် ဆိုရလျှင် နိုင်ငံရေးပါတီများ၌ လူငယ်များကို ပါတီ၏ အင်အားစုအဖြစ် စည်းရုံးမှုများရှိနေသော်လည်း ပါတီ၏ခေါင်းဆောင်အဆင့် ဆုံးဖြတ်ချက်ချနိုင်သည့် နေရာများ၌ လူငယ်များနေရာရမှုမှာ နည်းပါးနေဆဲ ပင်ရှိသည့် သဘောဖြစ်သည်။

ထို့အတူ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်ထိပ်ပိုင်းခေါင်းများ၊ အစိုးရအဖွဲ့ဝင်များ၏ ဆွေးနွေးပွဲများတွင် လူငယ်များမှာ ပါဝင်ဆွေးနွေးနိုင်သည့်အနေအထားထက် အခမ်းအနားဖြစ်မြောက်ရန် ဝိုင်းဝန်းကူညီရသည့် အခန်းကဏ္ဍတွင်သာ ပါနေကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

သို့သော် စစ်ပွဲများရပ်ရန် ဆန္ဒပြမှုများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုများတွင်မူ လူငယ်များ ဦးဆောင်မှုရှိနေသည်ဖြစ်ရာ အရပ်ဘက်အဖွဲ့အစည်းများ၌ လူငယ်များနေရာရသည်ဟု ဆိုနိုင်သည်။ နိုင်ငံရေးနယ်ပယ်ထက်စာလျှင် စီးပွားရေးနယ်ပယ်တွင် လူငယ်များ၏ နေရာရရှိမှုက ပိုများနေသည့်သဘောလည်းရှိသည်။

စီးပွားရေးနယ်ပယ်

စီးပွားရေးနယ်ပယ်ရှိ သတင်းအချက်အလက်နည်းပညာ (Information Technology – IT) ကဲ့သို့သော နည်းပညာဆိုင်ရာကဏ္ဍတို့တွင် လူငယ်များ၏ ဦးဆောင်မှုမှာ ပိုမိုများပြားနေကြောင်း လူငယ်နှင့် လူလတ်ပိုင်းစီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

အိုင်တီနည်းပညာကဏ္ဍတွင် လူငယ်များ၏ ဦးဆောင်လုပ်ကိုင်နေမှုမှာ ၈၀ ရာခိုင်နှုန်းခန့်ရှိပြီး လူကြီးများ၏ ဦးဆောင်မှုမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်း မြန်မာပြည်တွင်းအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Zeddite ကုမ္ပဏီ၏ နည်းပညာအရာရှိချုပ် အသက် ၂၅ နှစ်အရွယ်ရှိ ကိုလင်းထက်ဝင်းက ပြောကြားသည်။

“လူငယ်တွေ ဦးဆောင်တာက အိုင်တီကတော့ အထင်ရှားဆုံးပေါ့။ အိုင်တီက လူကြီးတွေ သိပ်မသိတဲ့ကိစ္စဖြစ်နေတော့လေ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အသက် ၄၅ နှစ်အောက် လူငယ်များဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းကဲ့သို့သော အသင်းများလည်း ယနေ့ခေတ်တွင် ပေါ်ထွန်းနေပြီဖြစ်သည်။

သို့သော် စီးပွားရေးနယ်ပယ်ရှိ ဆန်စပါးလုပ်ငန်း၊ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းစသည့် နယ်ပယ်အလိုက် ဦးဆောင်သောအသင်းအဖွဲ့များတွင် လူငယ်များ၏ ပါဝင်မှုမှာ နည်းပါးပြီး အသက် ၄၀ ဝန်းကျင်နှင့် အသက် ၄၀ အထက် လူကြီးပိုင်းများသာ များပြားလျက်ရှိသည်။

မန္တလေးကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော်ကမူ စီးပွားရေးနယ်ပယ်တွင် အသက် ၃၅ နှစ် အောက် လူငယ်များထက် အသက် ၄၀ ဝန်းကျင် လူလတ်ပိုင်းအရွယ်များက ပိုမိုအောင်မြင်သည်ကို တွေ့ရကြောင်း ပြောဆိုသည်။

“အသင်းအဖွဲ့တွေမှာလည်း ၃၅ အောက်က နည်းတယ်ပေါ့။ ဦးဆောင်နိုင်တဲ့နေရာကျတော့ ၄၀ ဝန်းကျင်နဲ့ ၄၀ အထက်ပိုင်းပေါ့။ တာဝန်ယူလာတဲ့ အပိုင်းတွေမှာ ပါလာတယ်” ဟု ၎င်းကဆိုသည်။

စီးပွားရေးနယ်ပယ်ရှိ တစ်ဦးချင်း စီးပွားရေးလုပ်ငန်း ဦးဆောင်လုပ်ကိုင်နိုင်မှုတွင် မည်သည့်အသက်အရွယ်ရောက်မှသာ စီးပွားရေးလုပ်နိုင်သည်ဟူသော အသက်ကန့်သတ်ချက်မရှိချေ။ အရင်းအနှီးနှင့် စီမံခန့်ခွဲနိုင်သည့် အရည်အချင်းရှိပြီး စီးပွားရေးလုပ်လိုသည့် ဆန္ဒသာရှိပါက မည်သည့်လုပ်ငန်းမဆို စတင်နိုင်သည်။

ထို့ကြောင့်ပင် စီးပွားရေးလုပ်ငန်းတွင် လူငယ်များ ပိုမိုလှုပ်ရှားလာနိုင်ခြင်းဖြစ်ကြောင်း လူငယ်နှင့် လူကြီးပိုင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

လူငယ်များအတွက် တစ်နေရာ

လူငယ်များနေရာမရခြင်းမှာ အတွေ့အကြုံ၊ အရည်အချင်းမပြည့်ဝသောကြောင့်ဟု လူကြီးများက အကြောင်းပြသည်။ လူငယ်များကမူ လူကြီးများသည် ၎င်းတို့တက်လမ်းကို ပိတ်ဆို့ထားပြီး နေရာမပေးခြင်း၊ ယုံကြည်မှုမပေးခြင်းကြောင့် အစွမ်းပြခွင့်မရခြင်းဟု ပြန်လည်ချေပကြသည်။

လူကြီးလူငယ်ပြဿနာသည် မြန်မာတို့အတွက် အဆန်းမဟုတ်။ ကျောင်းသင်ရိုးတွင်ပင် ထည့်သွင်းသင်ကြားရသည့် ပြဿနာလည်း ဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် မန္တလေးနည်းပညာကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာဇော်နိုင်ကမူ လူငယ်များနေရာမရခြင်းမှာ လူကြီးနှင့် လူငယ်မျိုးဆက်များအကြား ကွာဟလာမှုနှင့် မြန်မာ့လူ့အဖွဲ့အစည်း၏ တန်ဖိုး ထားမှုစံနှုန်းများကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

လက်ရှိ လူကြီးများဖြစ်နေသည့် ၁၉၆၅ ခုနှစ် မှ ၁၉၇၆ ခုနှစ်အတွင်း မွေးဖွားလာသူများသည် မိမိနေအိမ်တွင် ရုပ်မြင်သံကြားကြည့်နိုင်ရန် မလွယ်သည့်ခေတ်တွင် မွေးဖွားလာသူများဖြစ်သောကြောင့် စာဖတ်သည့် ယဉ်ကျေးမှုနှင့် ပိုမိုယဉ်ပါးကြသည်။

၁၉၇၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း မွေးဖွားသူများကမူ ထိုသို့မဟုတ်။ နေအိမ်တိုင်းတွင် ရုပ်မြင်သံကြားကြည့်နိုင်သည့် အနေထားမှသည် အင်တာနက်ဖြင့် ကမ္ဘာပတ်နိုင်သကဲ့သို့ လိုတရ Google ကဲ့သို့ နည်းပညာများဖြင့် ယဉ်ပါးခဲ့ကြခြင်းဖြစ်သည်ဟု ဒေါက်တာဇော်နိုင်က ပြောသည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားလာသည့် မျိုးဆက်အတွက်မူ Facebook စသည့် ဆိုရှယ်မီဒီယာများနှင့် Game ကစားသည့် ယဉ်ကျေးမှု ခေတ်စားသည့်ခေတ်တွင် မွေးဖွားလာသည်ဖြစ်ရာ စာဖတ်ခြင်းအလေ့၊ ရပ်ကွက်အတွင်း ပြေးလွှားကစားခြင်းများ နည်းပါးသွားကြောင်း ၎င်းကဆိုသည်။

“လူကြီးတွေထင်တာက လူငယ်တွေက ဉာဏ်ရည်၊ ဉာဏ်သွေး မမြင့်မားကြဘူးပေါ့။ စာလည်းမဖတ်ကြဘူးပေါ့ အဲဒီလိုထင်တယ်။ ဒါပေမဲ့ သူတို့ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်က သူတို့အတွက်ကို သတင်းအချက်အလက်တွေ၊ သူတို့ ဦးနှောက်ကို ထိန်းကျောင်းသင်ကြားပေးတဲ့စနစ်တွေက တို့တွေတုန်းက စနစ်တွေနဲ့ မတူတော့ဘူး” ဟု ဒေါက်တာ ဇော်နိုင်က ပြောသည်။

လက်ရှိ အသက် ၄၀ ဝန်းကျင်ရှိသော လူကြီးများသည် ၎င်းတို့၏ လူငယ်ဘ၀တွင် အလုပ်တစ်ခုသာ စွဲစွဲမြဲမြဲ လုပ်ကိုင်ခဲ့ကြသော်လည်း ယနေ့ခေတ်လူငယ်များသည် အလုပ်နှစ်ခု သို့မဟုတ် နှစ်ခုမကကိုပင် တစ်ပြိုင်နက်တည်း လုပ်ကိုင်လျက်ရှိသည်အထိ ပြောင်းလဲနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံမှာက လူကြီးပြောစကားကို နားထောင်ရမယ်။ ဆရာပြောစကားကို နားထောင်ရမယ်။ မိဘပြောစကားကို နားထောင်ရမယ်ဆိုတဲ့ ပုံစံခွက်ကနေ မထွက်နိုင်သေးတဲ့အတွက်ကြောင့် လူငယ်တွေကို နေရာပေးတာမျိုး အားနည်း တာ တွေ့ရတယ်” ဟု ဒေါက်တာဇော်နိုင်က ပြောကြားသည်။

ပြည်သူ့အင်အားဦးစီးဌာနက ပြုစုထားသော ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၄ သန်းရှိသည့်အနက် လူငယ်အရေအတွက်မှာ လူဦးရေ၏ ၇ ဒသမ ၇၅ ရာခိုင်နှုန်း ရှိနေသည်။

လူငယ်များသည် နောင်တစ်ချိန်တွင် နယ်ပယ်အသီးသီး၌ ခေါင်းဆောင်ရမည့်သူများဖြစ်ကြောင်း လူကြီးများက ပြောကြသကဲ့သို့ လူငယ်များကလည်း လက်ခံထားသည်။

သို့သော် လူငယ်များကို နေရာမပေးပါက လူငယ်များသည် သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံမရှိဘဲ လူကြီးများအလွန် ခေါင်းဆောင်နေရာများကို မဖြစ်မနေတာဝန်ယူရပါက သက်ဆိုင်ရာနယ်ပယ်အလိုက် အောင်မြင်မှုများထက် အခက်အခဲနှင့် နှောင့်နှေးမှုများ ကြုံရနိုင်သည်။

ထို့ကြောင့် လူငယ်များကို အထိုက်အလျောက်နေရာပေးကာ လူကြီးများနှင့် လက်တွဲ၍ ပညာသင်စေခြင်း၊ အတွေ့အကြုံယူစေခြင်းများ ဆောင်ရွက်သင့်ပြီး လူငယ်များ၏ တီထွင်ဉာဏ်၊ စွန့်စားလိုစိတ်တို့ကိုလည်း လူကြီးများက အသိအမှတ်ပြုသင့်ကြောင်း ပြည်သူ့ရေးရာမူဝါဒကျွမ်းကျင်သူများက ဆိုကြသည်။

“လူငယ်ခေါင်းဆောင်တွေ သူတို့ကို သေချာပျိုးထောင်ပေးမယ့် အစီအစဉ်တွေ လိုတယ်ဗျ။ ဆိုပါစို့ အခု တရုတ်ပြည်မှာဆိုရင် သူက Generation by Generation တက်တယ်လေ။ အခုလက်ရှိ ရှီကျင့်ဖျင်တို့ သမ္မတဖြစ်တဲ့အချိန်မှာ နောက်လာမယ့်မျိုးဆက်ကို သေချာမွေးထားတာပေါ့” ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောကြားသည်။

အမေရိကန်နိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးစသည့် သက်ဆိုင်ရာနယ်ပယ်အသီးသီးလိုက် လူငယ်မျိုးဆက်များကို ပျိုးထောင်သည့် အစီအစဉ်မရှိသော်လည်း သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပါက လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ နေရာပေး မှုများရှိကြောင်း ၎င်းကဆိုသည်။

“အမေရိကန်မှာတော့ လူတော်က များတယ်။ နောက်တစ်ခုကတော့ သူတို့နိုင်ငံရဲ့စနစ်ကလည်း Individualistic ပေါ့။ တစ်ဦးချင်းကို ဦးစားပေးတဲ့စနစ်ပေါ့။ အဲဒီမှာကျတော့ ခုနကပြောတဲ့ အရည်အချင်းလိုက်ကို ပိုပြီးဦးစားပေးတဲ့ အစီအစဉ်တွေရှိတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင်လည်း ထူးချွန်သည့် လူငယ်များထွက်လာရန် အစိုးရအနေနှင့် လူငယ်များကို အားပေးရန် လိုအပ်ပြီး နောင်တစ်ချိန်ခေါင်းဆောင်နိုင်မှုအတွက် ရည်ရွယ်ကာ စနစ်တကျ ပံ့ပိုးမှုများ လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လူငယ်များကိုပံ့ပိုးရန် ရည်ရွယ်ကာ လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်ထားသည်။

သို့သော်လည်း မူဝါဒရေးဆွဲပြီး ၂ နှစ်ခန့်ကြာသည်အထိ မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်မှုများ ထင်ထင်ရှားရှား မတွေ့ရပေ။

လူငယ်ရေးရာမူဝါဒတွင် အဓိကကဏ္ဍ ၁၆ ခုကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ရမည့် အချက်ခွဲ ၁၂၇ ချက်ဖြင့် ထည့်သွင်းရေးဆွဲထားသည်။

မူဝါဒတွင် ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်များ၊ အားကစားနှင့် အပန်းဖြေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ကျား၊ မ ညီမျှမှု စသည့်အကြောင်း အရာများက အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်သည်။

စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍လည်း လူငယ်ရေးရာမူဝါဒတွင် ယခုကဲ့သို့ ဆိုထားသည်။ စွန့်ဦးတီထွင်နိုင်ပြီး အလားအလာရှိသည့် လူငယ်များကို စနစ်တကျပြုစုပျိုးထောင်ရန်နှင့် အတိုးမဲ့၊ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေများ ထုတ်ချေးရန်အပြင် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်လုပ်သားမွေးထုတ်မှု ဖော်ဆောင်ပေးရန် မူဝါဒတွင် ဖော်ပြထားသည်။

နိုင်ငံရေးကဏ္ဍအတွက် ပြည်ထောင်စုအဆင့် ပါဝင်ဆောင်ရွက်နိုင်သော လွတ်လပ်သည့် လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်လာရေး အစိုးရက ဆောင်ရွက်ပေးရန် လူငယ်ရေးရာမူဝါဒတွင် ကတိပြုထားသည်။

ထို့အပြင် အစိုးရက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များကို ပါဝင်ဆွေးနွေးဆောင်ရွက်ခွင့်ပြုရန်နှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍတို့တွင် လူငယ်များ၏အရည်အသွေး မြင့်မားရေးအတွက် လိုအပ်သောထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် လူငယ်ရေးရာမူဝါဒတွင် ပြဋ္ဌာန်းထားသည်။

တက်ကြွလှုပ်ရှားသည့် လူငယ်အချို့ကမူ လူငယ်များ အရည်အချင်းရှိမှ နေရာရနိုင်မည်ကို လက်ခံသော်လည်း လူငယ်များအရည်အချင်းရှိလာရန် အစိုးရအနေဖြင့်လည်း လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော်ခြင်းဖြင့် ပံ့ပိုးရန်လိုအပ်ကြောင်း ဆိုကြသည်။

လူငယ်ရေးရာမူဝါဒကို ကျန်သည့်အစိုးရသက်တမ်းတစ်နှစ်အတွင်း ဆက်လက်အကောင်အထည်ဖော်မည်၊ မဖော်မည်ကိုမူ ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။

လူကြီးနှင့် လူငယ်အပြန်အလှန် ယုံကြည်မှုရှိပြီး ပူးပေါင်းလုပ်ဆောင်မှသာ တိုင်းပြည်တိုးတက်ရေးအတွက် အပြောင်းအလဲလုပ်ရာတွင် မြန်ဆန်စွာအောင်မြင်နိုင်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်က ပြောကြားသည်။

ယနေ့ကမ္ဘာတွင်လည်း နယ်ပယ်အသီးသီး၌ စိန်ခေါ်မှုအခက်အခဲများမှာ ပြဿနာအသစ်များဖြစ်လာသဖြင့် လူကြီးများ ကျင့်သုံးခဲ့သည့် ဖြေရှင်းနည်းများမှာ အံမဝင်တော့သည်များလည်း ရှိလာသည်။

ထို့ကြောင့်ပင် ကမ္ဘာ့နယ်ပယ်အသီးသီးတွင် လူငယ်များကို ပိုမိုနေရာပေးလာကြပြီး မြန်မာနိုင်ငံနှင့် အလှမ်းမဝေးသော မလေးရှားနိုင်ငံတွင်ပင် အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးကို အားကစားဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။

မြန်မာနိုင်ငံတွင်လည်း ထိုသို့ လူငယ်များကို ဆုံးဖြတ်ချက်ချနိုင်သည့် အရေးကြီးသော နေရာများတွင် ပါဝင်ခွင့်ပေးသင့်ကြောင်း လူငယ်အချို့က ဆိုကြသည်။ ထို့အတူ လူငယ်များအနေနှင့်လည်း ဆုံးဖြတ်ချက်ချနိုင်သည့် ခေါင်းဆောင်နေရာတွင် တာဝန်ယူနိုင်ရန် မိမိ၏အရည်အချင်းကို မြှင့်တင်ထားသင့်ပေသည်။

လူငယ်တစ်ဦးဖြစ်ပြီး Zeddite နည်းပညာကုမ္ပဏီ၏ နည်းပညာအရာရှိချုပ်ဖြစ်သူ ကိုလင်းထက်ဝင်းကမူ လူကြီးများ နေရာပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ လူငယ်များအနေနှင့် မိမိတစ်ချိန် လူကြီးဖြစ်လာပြီး တာဝန်ယူရပါက မည်ကဲ့သို့ လုပ်ဆောင်မည်ကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ယခုကဲ့သို့ဆိုသည်။

“လူငယ်တွေအနေနဲ့က အခုချိန်မှာ စပြီးလေ့လာထားရမယ်။ အဆင့်သင့်ပြင်ထားရမယ်ပေါ့။ လူငယ်အများစုမှာ ကြုံနေရတဲ့ ပြဿနာကလည်း ငါတို့နေရာရချင်တယ်။ ငါတို့အလုပ်တွေ စလုပ်ချင်တယ်။ အဲဒီလိုမျိုး ပြောနေတာထက်စာရင် သူတို့ရဲ့ စိတ်ထဲမှာကိုက ငါတို့အပေါ် ရုတ်တရက်တာဝန်ရောက်လာရင် ငါတို့ ဘယ်လိုဦးဆောင်ပြီး အလုပ်လုပ်မလဲဆိုတာ ပြင်ဆင်ထားဖို့လိုတယ်” 

ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *