စာကြည့်တိုက်ပြတင်းတံခါးမှ ကမ္ဘာဆီသို့

ဖုန်းမျက်နှာပြင်ပေါ်မှနေ၍ ကမ္ဘာကို မျှော်ကြည့်ခြင်းထက် ပို၍အဆင်ပြေသည့် နေရာတစ်ခုရှိသည်။

သို့သော် ကမ္ဘာမျှော်ကြည့်သူများကို ထိုနေရာက ဆွဲခေါ်ထားနိုင်မှု နည်းပါးဆဲဖြစ်သလို မျှော်ကြည့်သူများကလည်း လာရောက်ရန် မေ့လျော့နေတတ်ကြသည်။

ထိုနေရာကား ကမ္ဘာဆီ တစ်နည်းတစ်ဖုံ လှမ်းကြည့်နိုင်မည့် စာကြည့်တိုက်များပင်ဖြစ်သည်။

အရာရာ အားနည်းချို့ယွင်းချက်များရှိခဲ့သော စာကြည့်တိုက်များနှင့် စာကြည့်တိုက်ကို အသုံးပြုသည့် အလေ့အကျင့်မရှိသူများအကြား စာကြည့်တိုက်ယဉ်ကျေးမှုက မှေးမှိန်ခဲ့သည်။

စာကြည့်တိုက်များဆီ ကမ္ဘာသို့ မျှော်ကြည့်သူများ အဘယ်ကြောင့် ရောက်မလာခဲ့ရသနည်း။

“ရပ်ကွက်စာကြည့်တိုက်မှာ စာတွေအစုံမရှိဘူး။ တခြားသိချင်တဲ့စာတွေ မရှိဘူး။ စာကြည့်တိုက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ သွားကြတယ်” ဟု ကိုဇင်မောင် က ပြောကြားသည်။

ကိုဇင်မောင်မှာ ကုမ္ပဏီဝန်ထမ်းဖြစ်သလို အင်္ဂလိပ်စာလေ့လာနေသူလည်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဖွင့်လှစ်ထားသည့် British Council ၏ စာကြည့်တိုက်ကို အသုံးပြုနေသူတစ်ဦး ဖြစ်သည်။

ကိုဇင်မောင်အနေနှင့် ယခင်က ရပ်ကွက်အတွင်းရှိ စာကြည့်တိုက်သို့ သွားရောက်သော်လည်း ကိုယ်လေ့လာလိုသည့် စာအုပ်စာပေ သေသေချာချာရှိမနေဘဲ ဖျော်ဖြေရေးစာပေက ပိုများနေသည့်အတွက် အသုံးမပြုဖြစ်ခဲ့ဟု ၎င်းက ဆိုသည်။

“အများစု ခြုံပြောရင်တော့ နည်းသေးတယ်လို့ ပြောလို့ရတယ်” ဟု Save The Library အဖွဲ့၏ ကွန်ရက်ချိတ်ဆက်တာဝန်ခံ ဦးမောင်မောင်စိုးက ပြောကြားသည်။

ဦးမောင်မောင်စိုးမှာ စာပေဝါသနာပါသူများစုပေါင်း၍ တာမွေ မေတ္တာညွန့် ရပ်ကွက်တွင် စာကြည့်တိုက်တစ်ခု တည်ထောင်ထားသလို Save The Library Application တစ်ခုကိုလည်း ပြုလုပ်ထားပြီး လူငယ်များ စာဖတ်လာစေရန်နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံတွင် စာကြည့်တိုက်ပေါင်း ခုနစ်ထောင်ကျော်ရှိသည်။ ထိုအထဲတွင် ၄၀၀ ကျော်မှာ အစိုးရ၏ ချုပ်ကိုင်မှုဖြင့် လည်ပတ်နေသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်အောက်ရှိ စာကြည့်တိုက်များဖြစ်သည်။

စစ်အစိုးရလက်ထက်တွင် စာကြည့်တိုက်များမှာ တစ်ခန်းရပ်ခဲ့ပြီး ပြည်သူ့စာကြည့်တိုက်များမှာလည်း ရေရှည်မရပ်တည်နိုင်ခဲ့ဘဲ ပြန်လည်ပိတ်သိမ်းလိုက်ကြရသည်။

“ရေရှည်ရပ်တည်ဖို့အတွက်က ငွေကြေးလိုအပ်မှု ရှိလာတယ်။ စထောင်တုန်းကလည်း ကိုယ့်ပတ်ဝန်းကျင်နဲ့ တစ်နိုင်တစ်ပိုင်လေးလုပ်ခဲ့တာ။ ကြာတော့ မရပ်တည်နိုင်ဘူးပေါ့။ ပြန်ပိတ်ခဲ့ရတာပဲ” ဟု ညောင်ဦးမြို့နယ်တွင် တစ်ပိုင်တစ်နိုင်စာကြည့်တိုက် တည်ထောင်ခဲ့ဖူးသူ ကိုနိုင်နိုင်က ပြောကြားသည်။

ဦးသိန်းစိန် အစိုးရလက်ထက်ကစ၍ စာကြည့်တိုက်များနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်အောက်ရှိ စာကြည့်တိုက်များကို အဆင့်မြှင့်တင်ကာ အင်တာနက်ရရှိစေရန် ဆောင်ရွက်ပေးခဲ့သည်။

သို့သော် ဌာနဆိုင်ရာချုပ်ကိုင်မှုဖြင့် လုပ်ဆောင်ရသော စာကြည့်တိုက်များဖြစ်၍ လွပ်လပ်စွာစီမံခန့်ခွဲခွင့် မရှိခဲ့ပေ။

“လူထုပါဝင်တဲ့ ပြန်ကြားရေးပုံစံ ဖြစ်လာရင်တော့ ပိုကောင်းတယ်။ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးရင်တော့ ပိုအားကောင်းလာမယ်။ အစိုးရပုံစံအတိုင်းသွားနေရင်တော့ နည်းနည်းလေး ဝင်ကူဖို့ ခက်တယ်ပေါ့” ဟု ဦးမောင်မောင်စိုး က ပြောကြားသည်။

ထို့ကြောင့် ကျေးလက်နေလူနည်းစုသာ ထိုစာကြည့်တိုက်သို့ ရောက်ကြသည်။

“စာပေဝါသနာပါလွန်းလို့သာ သွားတာ။ သွားတိုင်း အဲဒီမှာ (ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်အောက်ရှိ စာကြည့်တိုက်) လူကို မရှိဘူး” ဟု ကိုနိုင်နိုင်က ပြောကြားသည်။

အစိုးရဝန်ထမ်းများက ဦးစီးရသည့် စာကြည့်တိုက်ဖြစ်၍ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း တစ်ခုတည်းကိုသာ အာရုံစိုက်ရန် ခက်ခဲသလို စာအုပ်ပျောက်ရှမှုမရှိရန် အာရုံစိုက်ရခြင်း၊ စာပေနှင့် ပတ်သက်၍ သိရှိခြင်းတွင်လည်း အားနည်းချက်များ ရှိနေသည်ဟု ဦးမောင်မောင်စိုး က ဆိုသည်။

ထို့ကြောင့် လူလတ်ပိုင်း၊ လူငယ်ပိုင်းများနှင့် လူထုပါဝင်လာပါက အစိုးရစာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် ပို၍ အဆင်ပြေနိုင်မည်ဟုလည်း ၎င်းက အကြံပြုသည်။

တစ်ပိုင်တစ်နိုင် ရပ်ရွာအခြေပြုစာကြည့်တိုက်များအတွက် အစိုးရ၏ ရန်ပုံငွေကဲ့သို့ ငွေကြေးထောက်ပံ့မှုမျိုးရှိလာပါက ရပ်ရွာစာကြည့်တိုက်များလည်း အထိုက်အလျောက် ဖွံ့ဖြိုးလာနိုင်မည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ယခုလက ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့သော ရန်ကုန်တိုင်းစာကြည့်တိုက်ဥပဒေတွင်မူ ရပ်ရွာအခြေပြုစာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် ပါဝင်ကြောင်း ဦးမောင်မောင်စိုးက ဆိုသည်။

NLD အစိုးရတက်လာချိန်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးရေးကဏ္ဍမှာ ဦးစားပေးအဆင့်သို့ ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စာကြည့်တိုက်ယဉ်ကျေးမှု ပြန်လည်ထွန်းကားစေလိုသည့်ဆန္ဒအရ စာကြည့်တိုက်ယဉ်ကျေးမှု ဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက် ပြန်လည်လုပ်ဆောင်လာကြသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ စာဖတ်ကြစို့အစီအစဉ်ဖြင့် ကျောင်းစာကြည့်တိုက်များ ပြန်လည်ရှင်သန်လာရေးကို ဖော်ဆောင်နေသလို ရွေ့လျားစာကြည့်တိုက်များလည်း ပြုလုပ်လာသည်။

“ကျောင်းပညာရေးစနစ်မှာ ဒီစာကြည့်တိုက်ကို အသုံးပြုတဲ့ဟာကို ပိုလုပ်နိုင်တယ်ဆိုရင်တော့ (စာကြည့်တိုက် အသုံးပြုသူ) ပိုများလာမယ်။ ရပ်ကွက် စာကြည့်တိုက်တွေက ကောင်းကောင်းမွန်မွန် ရှိလာတယ်။ တကယ်လည်း လုပ်နိုင်တဲ့သူတွေက အားကောင်းလာတယ်ဆိုရင် တော့ ဒီထက်ပိုကောင်းနိုင်တယ်” ဟု ဦးမောင်မောင်စိုးက အကြံပြုသည်။

ထို့ကြောင့် စာကြည့်တိုက်အသုံးပြုချိန်ကို ကျောင်းချိန်တွင် ထည့်သွင်းခြင်းဖြင့် စာကြည့်တိုက်အသုံးပြုသည့် အလေ့အထ ရှင်သန်လာစေမည်ဖြစ်သည်။

သို့သော် ထိုအစီအစဉ်တွင်ပင် ကျောင်းအားလုံး မပါဝင်နိုင်သေးပေ။

“ကျောင်းပေါင်း လေးသောင်းခုနစ်ထောင်မှာ နှစ်သောင်းလောက်ကိုပဲ အသက်ဝင်အောင် လုပ်နိုင်သေးတယ်။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေကို သင်တန်းပေးတာတွေ၊ မိဘဆရာအသင်းက ပူးပေါင်းဖို့တွေ လုပ်နေတဲ့အတွက် အရှိန်တော့ရလာပါပြီ” ဟု ဒေါက်တာ သန့်သော်ကောင်း က ပြောကြားသည်။

ဒေါက်တာသန့်သော်ကောင်းသည် MBAPF-Myanmar Book Aid and Preservation Foundation မြန်မာစာအုပ်စာပေ ပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့မှ အလုပ်အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။

ထို့ပြင် ယနေ့ခေတ်မှာ စာအုပ်ကိုင်၍ ဖတ်ရှုခြင်းထက် ဖုန်းမျက်နှာပြင်ပေါ်မှတစ်ဆင့် ဖတ်ရှုခြင်းကလည်း ပို၍ များပြားလာသည် မဟုတ်ပါလော။

ဖုန်းမျက်နှာပြင်များပေါ်တွင်သာ အာရုံစိုက်နေသူများကို စာကြည့်တိုက်များဆီသို့ မည်သို့ဆွဲခေါ်မည်နည်း။

“စာကြည့်တိုက်တွေဟာ လူဝင်ချင်စိတ်ရှိအောင် ပြင်ဆင်ထားရမယ်။ စာအုပ်စာပေတွေက Fresh ဖြစ်ရမယ်” ဟု ဒေါက်တာသန့်သော်ကောင်းက အကြံပေးသည်။

မှန်ပါသည်။ ကမ္ဘာ့စာကြည့်တိုက်များသည်လည်း ယခင်ကဲ့သို့ တိတ်ဆိတ်ခြင်းဖြင့် စာအုပ်ဖတ်ရန် သီးသန့်သာ မဟုတ်တော့ပေ။

ဝိုင်ဖိုင်၊ အင်တာနက်အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးခြင်း၊ စာပေနှင့်ပတ်သက်သည့်လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ လုပ်ဆောင်လာကြပြီဖြစ်သည်။ ယင်းကြောင့် စာကြည့်တိုက်များမှပေးသော ဝန်ဆောင်မှုများတွင် စာဖတ်ခြင်းတစ်ခုတည်းသာ မဟုတ်ဘဲ ဒစ်ဂျစ်တယ်နည်းပညာနှင့် တွဲဖက်၍ ဝန်ဆောင်မှုများစွာပြုလုပ်နိုင်သည့် စင်တာများဖြစ်လာရန်လိုအပ်သည်။

ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ပြများတွင်တော့ ရပ်ရွာအခြေပြုစာကြည့်တိုက်များအပြင် American Center, British Council ကဲ့သို့သော အင်္ဂလိပ်စာသီးသန့်လေ့လာလိုသူများအတွက် သီးသန့်စာကြည့်တိုက်များလည်း ရှိနေသည်။

ထိုစာကြည့်တိုက်များသည် ကမ္ဘာတွင် ပြောင်းလဲလာသော စာကြည့်တိုက်စနစ်ကဲ့သို့ ဝန်ဆောင်မှုများကိုပေးလျက်ရှိသည်။ ထို့ကြောင့် သွားရောက်အသုံးပြုသူလည်း များပြားလှသည်။

“စာကြည့်တိုက်မှာ တင်းကျပ်တဲ့စည်းမျဉ်းတွေ ရှိတာပေါ့။ စကားမပြောရဘူး။ ကလေးတွေ မဆော့ရဘူး။ အခု အဲဒီလိုမျိုး မဟုတ်တော့ဘူး။ Relax ဖြစ်အောင် စာကြည့်တိုက်ကိုက လူဝင်ချင်စိတ်ရှိရမယ်။ အဲဒီလိုလမ်းကြောင်းတွေနဲ့ ပြောင်းလာပြီ။ ကမ္ဘာမှာလည်း ပြောင်းလဲ လာပြီ” ဟု ဒေါက်တာ သန့်သော်ကောင်း က ပြောကြားသည်။

MBAPF အဖွဲ့အစည်းသည်လည်း ကမ္ဘာပေါ်ရှိ စာကြည့်တိုက်များကဲ့သို့ Community Library မှ Activity များစွာပါဝင်သည့် Community Center အဖြစ်သို့ ရောက်ရှိရန် ဆောင်ရွက်နေရာ လက်ရှိတွင် စာကြည့်တိုက်ပေါင်း ၂၀၀ အထိ ပြောင်းလဲလာနိုင်ပြီဖြစ်သည်။

MBAPF ကဆောင်ရွက်သည့် စီမံကိန်းတွင် စာကြည့်တိုက်များကို အင်တာနက်တပ်ဆင်ပေးခြင်း၊ ဒစ်ဂျစ်တယ်ပစ္စည်းများ ပံ့ပိုးပေးခြင်း၊ သင်တန်းများပေးခြင်းတို့ကို စာကြည့်တိုက်လုပ်ငန်းများနှင့် အတူတွဲ၍ လုပ်ဆောင်ပေးခြင်း ဖြစ်သည်။

“စာကြည့်တိုက်မှူးကလည်း နဂိုကလို စာကြည့်တိုက်မှာ ထိုင်နေရုံတင်မကတော့ဘဲ Community က ဘာလိုအပ်သလဲ။ ဥပမာ – စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လိုတယ်ဆို သူရှာပေးနိုင်ရမယ်။ ဒါမှမဟုတ်လည်း မြို့ပေါ်မှာရှိတဲ့ ပြောနိုင်တဲ့ သူတွေနဲ့ ချိတ်ဆက်ပေးတာတို့ ဒါမျိုးတွေ လုပ်နိုင်ရမယ်” ဟု ဒေါက်တာ သန့်သော်ကောင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် စာကြည့်တိုက် အမျိုးအစားပေါင်းများစွာ ရှိသည်။ ပြည်သူ့စာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက်၊ တက္ကသိုလ်စာကြည့်တိုက်နှင့် အမျိုးသားစာကြည့်တိုက်ဟူ၍ ဖြစ်သည်။

နိုင်ငံ၏ ပြယုဂ်အဖြစ် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) နှင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ဟူ၍ နိုင်ငံတော်အစိုးရက ဖွင့်လှစ်ထားသည်။

သက်ဆိုင်ရာ ဘာသာရပ်အလိုက် အသုံးပြုနေသူများလည်း ရှိသော်လည်း အနာဂတ်ကို ဦးဆောင်မည့် လူငယ်များအကြား ပို၍အသုံးပြုရန်၊ အသုံးပြုနိုင်ရန် အသုံးပြုတတ်ရန် လိုအပ်သည် မဟုတ်လော။

လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို ယခုဖွင့်လှစ်ထားသည့် လူအများ လက်လှမ်းမီအသုံးပြုရန်မလွယ်ကူသည့် နေရာဖြစ်သော ရန်ကင်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ သီရိမင်္ဂလာရိပ်သာလမ်း အမှတ် ၈၅ (က) မှ ရန်ကုန်မြို့၏ အချက် အချာဖြစ်သော ကုန်သည်လမ်းပေါ်သို့ ပြောင်းရွှေ့ဖွင့်လှစ်တော့မည် ဖြစ်သည်။

အဘယ်ကြောင့် ပြောင်းရွှေ့ခဲ့ရသနည်း။

ရန်ကင်းမြို့နယ်တွင် ဖွင့်လှစ်စဉ်က ထိုနေရာမှာ ချောင်ကျသည့်နေရာဖြစ်သောကြောင့် စာဖတ်သူမလာသလို စာကြည့်တိုက်ပြယုဂ်နှင့်မညီ၍ မြို့လယ်ကောင်ရှိ သင့်လျော်သော အဆောက်အအုံသို့ ပြောင်းရွှေ့ခွင့်ပေးရန် ရန်ကုန်တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူးဟောင်း ဒေါက်တာ သော်ကောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဦးသန်းအောင်နှင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးတို့က ဦးဆောင်ကာ သမ္မတဟောင်း ဦးထင်ကျော်ထံ စာရေးသားပေးပို့ခဲ့သည်။

ထို့ကြောင့် ယခုဖွင့်လှစ်ရန် ပြင်ဆင်နေသည့် ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၆၀၄/၆၀၈)၊ ကုန်သည်လမ်းရှိ ယခင် စွမ်းအင်ဝန်ကြီးဌာနပိုင် BOC အဆောက်အအုံသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ယခု ဖွင့်လှစ်မည့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) မှာ လေးထပ်အဆောက်အအုံဖြစ်ပြီး ဧရိယာစတုရန်းပေ နှစ်သောင်းကျော်ရှိကာ ကလေးစာကြည့်တိုက်၊ သတင်းအချက်အလက်အခန်း၊ အထွေထွေနှင့် ရည်ညွှန်းစာကြည့်ခန်း၊ မသန်စွမ်းသူများအတွက် စာကြည့်ခန်း၊ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်နိုင်မည့် စင်တာ၊ ပွဲကျင်းပနိုင်သည့် ဟောလ်ခန်းမ စသည့်အခန်းများ ပါဝင်မည်ဖြစ်သည်။

ရှေးဟောင်းစာပေ၊ ပေ၊ ပုရပိုက်၊ ဆေးကျမ်း၊ စာနယ်ဇင်း အစရှိသည့် စာအုပ်စာပေစုစုပေါင်း ခြောက်သိန်းကျော် ထားရှိမည်ဖြစ်သည်။ e-Library ကိုပါ ထည့်သွင်းထားသလို အမျိုးသားစာကြည့်တိုက်၏ Website ကိုလည်း ဖွင့်လှစ်မည်ဖြစ်ပြီး ထို Website မှလည်း ဝင်ရောက် ဖတ်ရှုနိုင်မည်ဖြစ်သည်။

“အမျိုးသားစာကြည့်တိုက်ဆိုတာ တစ်မျိုးသားလုံးရဲ့ စာပေနဲ့ပတ်သက်တဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ စာပေပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့နေရာက ဒီတစ်ခုတည်းပဲရှိတယ်။ လူတွေ မသုံးဘူးဆိုတာ ဟိုးချောင်ထဲမှာ ရောက်နေလို့ မသုံးဖြစ်တာ” ဟု မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဒေါ်အဝင်းက ပြောကြားသည်။

စာအုပ်၊ စာပေ သိမ်းဆည်းသည့်စနစ်ကိုလည်း နည်းပညာသုံး၍ အဆင့်မြှင့်တင်ထားပြီး Wifi အခမဲ့ရရှိနိုင်ရန် ဆောင်ရွက်ထားသလို Member ဝင်၍ စာအုပ်ငှားရမ်းသည့်စနစ်ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

“သွားရေးလာရေး ပိုအဆင်ပြေတဲ့နေရာကိုရောက်လို့ User တွေက ပိုလာမှာပဲ။ လာတဲ့အခါကျရင်လည်း ရိုးရိုးတင်မဟုတ်တော့ဘူး e-Library တွေရှိမယ်။ အင်တာနက်တွေ သုံးလို့ရမယ်ဆိုရင် စာကြည့်တိုက်က ပိုလာလိမ့်မယ်။ ပိုလာမယ်လို့ အစ်မတို့ ယုံကြည်တယ်” ဟု အမျိုးသားစာကြည့်တိုက် (ရန်ကုန်) မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက ပြောကြားသည်။

ထိုသို့ ဝန်ဆောင်မှုများစွာ ထည့်သွင်းထားသော အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို စာဖတ်သူများ ပိုလာနိုင်မည်လော။

“တကယ်သုံးလာအောင် Activity တွေ လုပ်ပေးရမှာပေါ့” ဟု ဒေါက်တာ သန့်သော်ကောင်းက အကြံပြုသည်။ 

 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *