ရုက္ခစိုး မကယ်နိုင်သေးသည့် ရေအိမ်ပြဿနာ

‘အရှင်ရုက္ခစိုးနတ်မင်းကြီး ကျွန်တော့်သားလေးကို ဗွေမယူပါနဲ့’ ဟု အစချီထားသည့် ရေအိမ်အသုံးပြုမှု ပညာပေးဗီဒီယိုသည်လည်း မြန်မာပြည်သူတိုင်းအတွက် စိမ်းမည်မထင်။

ထိုသို့ အသိပညာပေးဗီဒီယိုများစွာပင်ရှိသော်လည်း ယနေ့အထိပင် ရေအိမ်ပြဿနာကြောင့် ကလေးငယ်များ ရာထောင်ချီ၍ သေဆုံးနေရဆဲပင်။

ကျန်းမာရေးနှင့် မညီသော ရေအိမ်စနစ်ကြောင့် တစ်နှစ်လျှင် ငါးနှစ်အောက်ကလေး ၃၀၀၀ (သုံးထောင်) ခန့် မြန်မာနိုင်ငံတွင် သေဆုံးနေကြောင်း နိုဝင်ဘာလ ၁၉ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ကမ္ဘာ့ရေအိမ်များနေ့ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့သည်။ ဝန်ကြီးသည် WaterAid အဖွဲ့၏ ၂၀၁၈ခုနှစ်က ထုတ်ပြန်ထားသည့် အချက်အလက်ကို ကိုးကား၍ ပြောဆိုခြင်း ဖြစ်သည်။

ဖွံဖြိုးဆဲနိုင်ငံတစ်ခုအနေနှင့် ထိုအခြေအနေများကို ရင်ဆိုင်ရမည်သာဖြစ်သော်လည်း ထိုအခြေအနေများကို မည်သို့မည်ပုံ လျှော့ချနိုင်မည်နည်း။ သန့်ရှင်းသော ရေအိမ်အသုံးပြုနိုင်သည့် အခြေအနေရောက်ရှိနိုင်မည်လော။

မြန်မာနိုင်ငံမှာ ရေအိမ်ရရှိမှု အခွင့်အလမ်းနည်းပါးသည့် ၁၀ နိုင်ငံတွင် ပါဝင်နေကြောင်း WaterAid က ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်သော World Toilet Day 2018 အစီရင်ခံစာတွင် ဖော်ပြသည်။ ရေမသန့်ရှင်းမှုနှင့် ရေဆိုးစွန့်ပစ်စနစ် အားနည်းမှုကြောင့် တစ်နှစ်လျှင် ငါးနှစ် အောက်ကလေး သေဆုံးမှုမှာ ၇၅၀ ရှိနေသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

WaterAid သည် ရေဆာလောင်မှု တတိယအကြိမ်မြောက်ညီလာခံ (The Thirsty Third World Conference) တွင် ဗြိတိန်ရေလုပ်ငန်းက အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ကာ လူထောင်ပေါင်းများစွာအတွက် သန့်ရှင်းသောရေရရှိမှု၊ သင့်တင့်သော ရေအိမ်ရရှိမှုနှင့် ကောင်းမွန်သော ကျန်းမာရေးရရှိရန် ၁၉၈၁ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် ရုံးစိုက်ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံတွင် လုပ်ငန်းများဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ရေနှင့်သန့်ရှင်းမှု၊ လူထုဗဟိုပြု ကျန်းမာရေးစီမံကိန်း၊ သန့်ရှင်းသပ်ရပ်သော ကျန်းမာရေးအဆောက်အဦးများဖြစ်ရေးနှင့် စာသင်ကျောင်းများတွင် ရေအိမ်သန့်ရှင်းရေးကိစ္စများ၊ အာဟာရပြည့်ဝရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ရေအိမ်အသုံးပြုနိုင်မှုမှာ ကျေးလက်နှင့် မြို့ပြကွာခြားနေဆဲ ဖြစ်သည်။

Myanmar Living Condition Survey 2017 အရ တနိုင်ငံလုံးအတိုင်းအတာ ရေအိမ်လွှမ်းခြုံနိုင်မှုနှုန်းမှာ ၈၉ ရာခိုင်နှုန်းရှိပြီး၊ မြို့ပြတွင် ၉၆ ဒသမ ၄ ရာခိုင်နှုန်း၊ ကျေးလက်တွင် ၈၆ဒသမ၁ ရာခိုင်နှုန်းရှိနေသည်။ ဆိုရလျှင် ကျေးလက်ရှိ နေအိမ်တစ်ရာတွင် ၁၅ အိမ်ခန့်မှာ အိမ်သာ အသုံးမပြုသည့် သဘောဖြစ်သည်။

သုံးစွဲမှုကွာဟနေခြင်းမှာ အဘယ်ကြောင့်နည်း။

“အလေ့အကျင့်မရှိတာရယ်၊ ရေအိမ်ကို သုံးစွဲနိုင်ဖို့ အခြေအနေမပေးတာတွေ တွေ့ရတယ်” ဟု သန့်စင်မေတ္တာအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဦးကြည်မင်းက ပြောကြားသည်။

သန့်စင်မေတ္တာအဖွဲ့သည် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၇ခုနှစ်တွင် စတင်ဖွဲ့စည်းကာ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကို ပိုမိုကောင်းမွန်တိုးတက်လာစေရန် ဦးတည်လုပ်ဆောင်နေသည်။

အများပြည်သူနှင့်ဆိုင်သည့် နေရာအချို့ ဥပမာ စာသင်ကျောင်းများတွင် ရေအိမ်များကို သော့ခတ်ထားတတ်သလို ကျေးလက်ဒေသက ပြည်သူအများစုကလည်း ရေအိမ်ကို အသုံးပြုရန်မလိုဟုဆိုကာ ဆောက်လုပ်အသုံးပြုသူနည်းပါးခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဆေးရုံများ၊ ကျောင်းများ၊ ရုံးများ၊ ဈေးများကဲ့သို့ အများပြည်သူအသုံးပြုသည့် နေရာများတွင်လည်း ရေအိမ်သန့်ရှင်းမှုက အားနည်းလှရာ အများပြည်သူ သုံးစွဲရန်အတွက် စိတ်မသက်သာဖြစ်ကြရသည်။

“ရေအိမ်တွေ မသန့်လို့ မသုံးတာက ပိုများပါတယ်” ဟု ဦးကြည်မင်းကဆိုသည်။

သန့်စင်မေတ္တာအဖွဲ့သည် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ အစိုးရကျောင်းများတွင် ရေအိမ်နှင့် ပတ်သက်သည့် အပြုအမူပြောင်းလဲရေးအတွက် ပညာပေးအစီအစဉ်များ လုပ်ဆောင်ခြင်း၊ ရေအိမ်များ ပြုပြင်တည်ဆောက်ပေးခြင်းနှင့် ကျောင်းသင်ရိုးညွှန်းတမ်းတွင် ရေအိမ်နှင့် ပတ်သက်သည့် သင်ခန်းစာကို ထည့်သွင်းရန် ဆောင်ရွက်နေသည်။

ဖွံဖြိုးမှုအလိုက်လည်း ရေအိမ်သုံးစွဲမှု ကွာဟသည်။

၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် ကောက်ယူထားသော သန်းခေါင်စာရင်းအချက်အလက်များအရ သန့်ရှင်းသော ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲသည့် အိမ်ထောင်စုအချိုးမှာ ရန်ကုန်တိုင်းဒေသကြီးက ၉၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် အမြင့်ဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၃၁ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အိမ်ထောင်စုအချိုးအနည်းဆုံး ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် အဖွံဖြိုးအတိုးတက်ဆုံးနေရာဖြစ်ပြီး ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်တစ်ခု ဖြစ်သည်။

သို့သော် မြို့ပြနှင့် ကျေးလက် ရေအိမ်အသုံးပြုမှု ကွာခြားချက်ကပင် ယနေ့အထိရှိနေသလို ကျန်းမာရေးနှင့် မညီညွတ်သော ရေအိမ်များ အသုံးပြုနေခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောနှင့် ကူးစက်ရောဂါများဖြစ်ပွား၍ သေဆုံးရသည့် ငါးနှစ်အောက်ကလေးများပင် ရာချီရှိနေသေးသည်။

တစ်ကိုယ်ရေ သန့်ရှင်းမှုတွင် အရေးကြီးဆုံး အခြေခံအချက်တစ်ခုဖြစ်သည့် ရေအိမ်ကို သန့်ရှင်းစွာအသုံးပြုတတ်သည့် အသိပညာများ လိုအပ်နေဆဲ ဖြစ်သည်။

“တချို့ တောထိုင်တဲ့ဓလေ့က အခုထိရှိတယ်။ ရေအိမ်ရှိရှိ၊ မရှိရှိ သိပ်မထူးခြားဘူးပေါ့။ အဲဒီလိုမျိုး ကျေးရွာတွေ အခုထိရှိနေတုန်းပဲ။ ခရီးသွားတွေများတဲ့ စားသောက်ဆိုင်တို့ဘာတို့ဆိုလည်း သန့်ရှင်းရေးလုပ်ဖို့ မနိုင်တော့ဘူးပေါ့” ဟု ညောင်ဦးမြို့နယ်မှ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ကိုနိုင်နိုင်က ပြောကြားသည်။

မြန်မာတို့သည် ဘုရားခန်း၊ ဧည့်ခန်းနှင့် အိပ်ခန်းကိုသာ အဓိကထား၍ ဂရုစိုက်မွမ်းမံခြယ်သကြလေ့ရှိသော်လည်း မီးဖိုချောင်နှင့် ရေအိမ်အတွက်မှာမူ အထူးတလည် ဂရုပြုမှုအားနည်းသည်။

“ရွာမှာတော့ ဒီလိုပဲ ဝါးခြမ်းပြားနဲ့ ဖြေရှင်းကြတာပဲ။ ရေအိမ်လို့ပြောရအောင်လည်း မယ်မယ်ရရမဟုတ်ပါဘူး။ ဝါးလုံး သုံးလေးလုံးနဲ့ ဆောက်လိုက်တာပဲ။ အထွေအထူးတွေလုပ်နေစရာ မလိုပါဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ပတက်ကံစုကျေးရွာမှ ဒေသခံ ဦးသန်းက ပြောဆိုသည်။

 

ရေအိမ်အသုံးပြုပြီးလျှင် ရေဖြင့် စနစ်တကျဆေးကြောသန့်ရှင်းခြင်း၊ နောက်ထပ်တစ်ယောက် အသုံးပြုနိုင်ရန်အတွက် မိမိကိစ္စကို အခြားသူမမြင်ရန် ရှင်းလင်းခြင်း၊ ရေအိမ်မှအထွက် လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောခြင်း စသဖြင့် အခြေခံကျန်းမာရေးအချက်ကိုပင် မလိုက်နာသူများကလည်း များစွာပင်။

ပြည်သူ့လွှတ်တော်တွင်ပင် လွှတ်တော်အမတ်များကို ရေအိမ်စနစ်တကျအသုံးပြုရန် လွှတ်တော်ဥက္ကဋ္ဌက သတိပေးခဲ့ဖူးသလို မြန်မာနိုင်ငံ၏ အထင်ကရ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးထဲရှိ အချို့သောကျောင်းဆောင်များတွင်ပင် ရေအိမ်သန့်ရှင်းမှု အားနည်းခြင်းများ ရှိနေလေသည်။

ရေအိမ်သန့်ရှင်းမှု မရှိခြင်းကြောင့် ယင်ကောင်မှတစ်ဆင့် ကူးစက်သည့် ကာလဝမ်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ အူရောင်ငန်းဖျား(တိုက်ဖွိုက်ရောဂါ)၊ သူငယ်နာ အကြောသေရောဂါနှင့် တုတ်၊ သန်ကောင်ရောဂါတို့ကို ဖြစ်စေနိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပညာပေးထားသည်။

ထိုရောဂါများကို ကုသရသည့် ငွေကြေးကုန်ကျမှု၊ အစိုးရမှ စိုက်ထုတ်ကျခံရသည့် ကျန်းမာရေးအသုံးစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုများ စသဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ခါးစည်းခံကြရသည်။

“ရေအိမ်ပြဿနာက အရေးမကြီးသလို နေရင်းနဲ့ မသိမသာ ဆုံးရှုံးရတာ” ဟု ကိုနိုင်နိုင်က ပြောကြားသည်။

သို့သော် လူတိုင်းမဖြစ်မနေ လိုက်နာသင့်သည့် ထိုအခြေခံကျန်းမာရေးဆိုင်ရာ အသိပညာများကို သင်ကြားပေးရသည့် ကျောင်းများတွင်ပင် ယနေ့အထိ ရေအိမ် လုံလောက်စွာ အသုံးမပြုနိုင်သေးပေ။

မြန်မာနိုင်ငံရှိ စာသင်ကျောင်းများတွင် ရေအိမ်လိုအပ်ချက်ရှိနေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခု ရှိနေကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။

ကျောင်းသား ၅၀ ဦးလျှင် ရေအိမ် တစ်လုံးနှုန်းဖြင့် တွက်ချက်ထားချက်အရ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်နှင့် ပဲခူးတိုင်းအရှေ့ခြမ်းတို့ရှိ ကျောင်းများမှာ ရေအိမ်လိုအပ်ချက်ရှိနေသောကျောင်းများဖြစ်သည်။

သန့်ရှင်းသောရေအိမ်များ ဖြစ်လာစေရန် သောက်ရေ၊ သုံးရေ လိုအပ်နေသော ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ ကယားပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်တို့ဖြစ်သည်။

ပဲခူးအရှေ့ခြမ်းတွင် ဖွင့်လှစ်ထား သော အ.မ.က ကျွန်းသုံးပင်ကျောင်းလေးသည်လည်း ရေအိမ်လိုအပ်ချက်ရှိနေသည့် အခြေခံပညာကျောင်းလေးတစ်ခု ဖြစ်သည်။

“ကျွန်တော်တို့ကျောင်းမှာ ကျောင်းသားဦးရေက ၇၅ယောက်ကျော် ရှိပေမယ့် ကျား၊ မ တွဲရက် ရေအိမ်က တစ်လုံးပဲရှိတယ်။ ကျောင်းသားရော၊ ဆရာရော ဒီတစ်လုံးပဲ သုံးရတယ်။ ဒါတောင် ၇၅ ယောက်ကျော်တဲ့အတွက် တစ်လုံးချပေးတာ” ဟု ပဲခူးမြို့နယ် အ.မ.က ကျွန်းသုံးပင်၏ ကျောင်းအုပ် ဦးလှိုင်မျိုးဝင်း က ပြောကြားသည်။

ထိုသို့ ရေအိမ်တစ်လုံးသာရှိသည့်အတွက် အားလပ်ချိန်ရောက်၍ ရေအိမ်အသုံးပြုလိုလျှင် တန်းစီ၍ စောင့်ဆိုင်းရလေသည်။ ကျောင်းသားဦးရေ ၇၅ ယောက်ကျော်မှသာ ရေအိမ်ရရှိပြီး ကျောင်းအုပ်များက တင်ပြကြောင်း၊ ယခင်က နှစ်ခန်းတွဲတစ်လုံးကို ငွေကျပ် ရှစ်သိန်းချပေးပြီး ယခု ဆယ်သိန်းကျော် ချပေးလေ့ရှိကြောင်း ဦးလှိုင်မျိုးဝင်းက ပြောကြားသည်။

ထို့ကြောင့် ဦးလှိုင်မျိုးဝင်းက မြို့ရွာ၊ ကျေးလက်များတွင် ငွေကြေးတတ်နိုင်သူများက အမှန်တကယ် လိုအပ်နေသည့် ကျောင်းများအတွက် လှူဒါန်းပေးခြင်းဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းစေလိုသည့် ဆန္ဒရှိသည်။

ပြီးခဲ့သည့် World Toilet Day တွင် ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လက်ရှိတွင် အခြေခံပညာကျောင်းများ၌ ရေအိမ်တစ်လုံးကို ကျောင်းသား ၅၀ ဦး အချိုးဖြင့် အသုံးပြုနေရသော်လည်း ကျောင်းသား ၃၀ ဦးကို ရေအိမ်တစ်လုံးနှုန်းသုံးစွဲနိုင်ရန် ကြိုးစား ဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းချက်ကြောင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်နေကြောင်း ပြည်သူ့ကျန်း မာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးက ပြောကြားသည်။

အခြေခံနှင့် အလယ်တန်းအဆင့် သင်ရိုးတွင် ပါဝင်သော ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြင်ပပညာရှင်များ ပူးပေါင်းရေးဆွဲထားသည့် ဘ၀တွက်တာကျွမ်းကျင်စရာဘာသာရပ်တွင် ရေအိမ်ကို စနစ်တကျအသုံးပြုတတ်ရန် အသိပညာပေးသင်ကြားလျက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် နည်းပညာပံ့ပိုးပေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ ကျောင်းတွေမှာ အိမ်သာဆောက်ဖို့၊ လက်ဆေးတဲ့နေရာလုပ်ဖို့၊ ရေကောင်းရေသန့်ရဖို့ ညှိနှိုင်းဆောင်ရွက်နေတာရှိပါတယ်။ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာတွေကို ဒီအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက် နေတာတွေရှိပါတယ်” ဟု ဒေါက်တာ ဖြူဖြူအေးက ပြောဆိုသည်။

မည်သို့ပင်ဆိုစေကာမူ တစ်ကမ္ဘာလုံးတွင် အဆက်ဆက်ရှိခဲ့သည့် ရေအိမ်အသုံးမပြုနိုင်သည့် အခြေအနေများမှာ ဆက်ရှိနေမည်ဖြစ်သလို ကမ္ဘာ့ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ မလွတ်မြောက်သေးသည့် မြန်မာနိုင်ငံမှာ အညစ်အကြေးစွန့်သည့် ရေအိမ်ကိစ္စသည်လည်း တန်ဖိုးရှိ သော ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်သည်အထိ ကြီးမားနေဆဲဖြစ်သည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော အိန္ဒိယနိုင်ငံတွင်မူ ဟိန္ဒူဘာသာဝင်များအတွက် သဘာဝကိစ္စကို ဖြေရှင်းရန်မှာ ဘာသာရေးနှင့် ထုံးတမ်းစဉ်လာဖြင့် ဆက်နွှယ်နေသော အယူအဆ ရှိနေသည်။

ညီညာပြန့်ပြူး၍ လူသူဝေးသော နေရာအရပ်တွင် အလေးအပေါ့စွန့်ရပြီး ကိစ္စကိုပြုနေစဉ် နေ၊ လ၊ ကြယ်တာရာ၊ မီး၊ ဗြဟ္မဏမျိုးနွယ်၊ သို့မဟုတ် အထွတ်အမြတ်ထားသော ရုပ်ပုံကို မကြည့်ရဆိုသည့် ဓလေ့များရှိကြောင်း ဆရာမြသန်းတင့် ဘာသာပြန်ဆိုသည့် သုခမြို့တော်တွင် စာရေးသူက ရေးသားထားသည်။

အိန္ဒိယနိုင်ငံတွင် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကြာသည့်တိုင်အောင် မြို့ပြလူဦးရေ၏ ၄၃ ရာခိုင်နှုန်းမှာ မိလ္လာစနစ်မရှိသေးဘဲ လူနေထူထပ်လာချိန်တွင် မီးရထားလမ်းများနှင့် လူသွားစင်္ကြံများက အလေးအပေါ့စွန့်ရာ ဖြစ်လာသည်။

ဘာသာရေးနှင့် ဓလေ့ထုံးတမ်းများကို အလေးထားသည့် အိန္ဒိယနိုင်ငံတွင်ပင် ၂၀၁၄ ခုနှစ်က စတင်ကာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်မိုဒီက အိန္ဒိယသန့်ရှင်းရေး မစ်ရှင်စီမံကိန်း ဆောင်ရွက်ခဲ့သည်။ အိမ်တိုင်းတွင် သန့်စင်ခန်း ဆောက်လုပ်အသုံးပြုခြင်းဖြင့် ပြင်ပတွင် အလေးအပေါ့ စွန့်သည့်အလေ့အထကို ၂၀၁၉ ခုနှစ်တွင် အပြီးတိုင်ဖယ်ရှားရန် ကြိုးစားနေသည်။

မြန်မာနိုင်ငံတွင်ရော ထိုပြဿနာများကို ဖြေရှင်းနိုင်သည့် အချိန်နီးပါပြီလော။

မူလတန်းကျောင်းအုပ် ဦးလှိုင်မျိုးဝင်း က “ဝန်ကြီး (ဒေါက်တာမျိုးသိမ်းကြီး) ကိုယ်တိုင်ပြောတဲ့ စကားတစ်ခုရှိတယ်။ ဒီနိုင်ငံမှာ ရေအိမ်ကို ခဏထားပေါ့။ ကျောင်းဆောင် အဆောက်အအုံ လိုအပ်တာတောင် လေးသောင်းကျော် ရှိတယ်။ အဲဒီထဲမှာ လေးထောင်ကျော်လောက်ပဲ ချပေးနိုင်သေးတယ်ဆိုတော့ ဆယ်နှစ်လောက်နေမှ ပြည့်စုံမယ်လို့ သူကိုယ်တိုင်ပြောသွားတဲ့ စကားရှိတယ်” ဟု ပြောဆိုသည်။ 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *