တိုက်စစ်မှူး၏ ကျန်းမာရေး

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယဥက္ကဋ္ဌ – ၂  အဖြစ် တာဝန်ယူထားသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ကျန်းမာရေးအခြေအနေကို ပြည်သူများက စိတ်ဝင်စားနေကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ဥက္ကဋ္ဌတာဝန်ကိုလည်းကောင်း၊ နိုင်ငံတော် သမ္မတဦးဝင်းမြင့်သည် ပါတီ၏ဒုတိယဥက္ကဋ္ဌ – ၁ တာဝန်ကိုလည်းကောင်း ရယူထားသော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရပါတီလုပ်ငန်းများကို ဆောင်ရွက်ရမည် မဟုတ်သည့်အတွက် လက်ရှိ NLD ပါတီ၏ အကြီးဆုံးတာဝန်ရှိသူမှာ ဒုတိယဥက္ကဋ္ဌ – ၂ ဒေါက်တာ ဇော်မြင့်မောင် ဖြစ်သည်။

ထိုသို့ဆိုလျှင် ဘောလုံးအသင်းနှင့် နှိုင်းယှဉ်ပြောရမည်ဆိုပါက ဒေါက်တာဇော်မြင့်မောင်သည် တိုက်စစ်မှုးတစ်ဦး ဖြစ်လေသည်။

ပါတီထိပ်ပိုင်းခေါင်းဆောင်အဖြစ် လည်းကောင်း၊ တိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် လည်းကောင်း တာဝန်ယူထားရသည့် အသက် ၆၈ နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်သည် ရုံးဖွင့်ရက်များတွင် အစိုးရအလုပ်များကို လုပ်ကိုင်ပြီး ရုံးပိတ်ရက်များတွင် ပါတီအလုပ်များကို လုပ်ကိုင်တတ်သည်ဟု နီးစပ်သူများက ဆိုကြသည်။

“ဒါကြောင့် မင်းတို့ ငါတို့ထက် ဆယ်ဆမက ပိုပင်ပန်းတယ်” ဟု မန္တလေးတိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဆိုသည်။

ထိုသို့အလုပ်များသည့်ကြားမှ မန္တလေးမြို့ရှိ စက်ဘီးစီးပြိုင်ပွဲအချို့တွင် လည်းကောင်း၊ နံနက် သို့မဟုတ် ညနေ ဘက်ကျုံးနံဘေးတွင် လမ်းလျှောက်နေသည်ကို လည်းကောင်း တွေ့ရလေ့ရှိသည့် ဒေါက်တာဇော်မြင့်မောင်သည် ကျန်းမာရေးလိုက်စားသူတစ်ဦးဟု ယူဆနိုင်သည်။

သို့သော် အောက်တိုဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစိုးရ၊ လွှတ်တော်၊ ပါတီသတ္တမအကြိမ် စုံညီတွေ့ဆုံပွဲအပြီးတွင်မူ ထိုင်းနိုင်ငံသို့ ဆေးကုသရန် လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့လေသည်။

ယင်းနောက် တစ်လခန့်ကြသည်အထိ မည်သည့်ရောဂါဖြစ်နေသည်ကို မသိရှိကြရပေ။

မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် မန္တလေးတိုင်း NLD ပါတီတာဝန်ရှိသူများက ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံတွင် ဆေးဝါးကုသနေသည်ဟုသာ ပြောဆိုပြီး မည်သည့်ရောဂါဖြစ်ပွားသည်စသည်ဖြင့် အသေးစိတ်ကို မပြောလိုကြပေ။

ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးကောင်းမွန်စေရန်အတွက် ကျောက်ပန်းတောင်း  မြို့ဒေသခံတစ်ရာခန့်က နိုဝင်ဘာလ ၁ ရက်နေ့တွင် ဆုတောင်းပွဲပြုလုပ်ခဲ့သေးသည်။

ကျောက်ပန်းတောင်းမြို့သည် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဒေါက်တာ ဇော်မြင့်မောင်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်မြေ ဖြစ်ခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၁၉၉၀ ရွေးကောက်ပွဲတွင် အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အမရပူရမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် လည်းကောင်း ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်  NLD ပါတီက အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲအပ်ခဲ့ခြင်း မရှိသည့်အပြင် နိုင်ငံရေးတွင်ပါဝင်သူများကို ဖမ်းဆီးအရေးယူခဲ့ရာ ဒေါက်တာဇော်မြင့်မောင်လည်း ပါဝင်ခဲ့သည်။

၁၉၉၀ မှ ၂၀၀၉ ခုနှစ်အထိ ၁၉ နှစ်ကြာအောင် ထောင်အုတ်နံရံများကြား၌ နေထိုင်ခဲ့ရသည်။

ထောင်အတွင်းနှိပ်စက်ခံရမှုမှုများကြောင့် ကျန်းမာရေးချို့ယွင်းမှုများရှိခဲ့ပြီး ယခု ဆေးဝါးကုသမှု မခံယူခင်ကတည်းကပင် သွေးသွင်းကုသမှုများပြုလုပ်နေရသည်ဟု သတင်းရင်းမြစ်အချို့က ဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်မည်ဟု မန္တလေးတိုင်းအစိုးရဝန်ကြီးတစ်ဦးက ပြောဆိုခဲ့သော်လည်း ယင်းနေ့တွင် ဇနီးဖြစ်သူသာ ပြန်လည်ရောက်ရှိခဲ့သည်။ ဒေါက်တာ ဇော်မြင့်မောင်ကမူ ဆေးဝါးကုသမှုဆက်လက်ခံယူရန်အတွက် ထိုင်းနိုင်ငံတွင် ကျန်ရစ်ခဲ့သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့နံနက်ပိုင်းတွင်မူ ဆေးကုသမှုခံယူနေရသည့် ဒေါက်တာဇော်မြင့်မောင်၏ ဓာတ်ပုံတစ်ပုံ  ကလူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ ဒေါက်တာဇော်မြင့်မောင်၊ ဇနီး၊ သမီးဖြစ်သူတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွဲလျက် ထိုင်းနိုင်ငံတွင် ရိုက်ကူးထားသည်ဟု ယူဆရသည့် ဓာတ်ပုံဖြစ်ပြီး မိသားစုဝင်တစ်ဦးက တင်ခဲ့ခြင်းဖြစ်သည်။

ယင်းနေ့ နေ့လယ်ပိုင်းတွင်မူ ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါခံစားနေရသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အတည်ပြုခဲ့သည်။

“အသက်ကြီးမှ ပေါ်လာတာဖြစ်တဲ့အတွက် ရောဂါပြင်းထန်ခြင်း မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ဒေါက်တာဇော်မြင့်မောင်သည် အနားယူရင်းဆေးကုသနေပြီး ခေတ်သစ်ဆေးပညာအရ သွေးကင်ဆာသည်ကုသ၍ ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်းဝန်ကြီးချုပ်တာဝန်ကို လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ခေတ္တတာဝန်ထမ်းဆောင်နေပြီး ဒေါက်တာဇော်မြင့်မောင်အနေနှင့် အနားယူရမည့် အခြေအနေမရှိသေးဟု ပါတီက ဆိုသည်။

“လတော်တော်များများအတွင်းမှာ ကုသမှုပြီးသွားနိုင်ပါတယ်။ နောက်ဆုံးပေါ်ကုသနည်းတချို့က အံ့ဩစရာကောင်းလောက်တဲ့ ရလဒ်တွေရနေပါတယ်။ အဲဒီနည်းနဲ့ ကျွန်တော်တို့ သုံးပါမယ်”ဟု ဒေါက်တာမျိုးညွန့်က မီဒီယာများသို့ ရှင်းပြသည်။

ပါတီနှင့် အစိုးရအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဆေးဝါးကုသမှုခံယူနေရသဖြင့် အစိုးရနှင့် ပါတီ၏ လုပ်ငန်းဆောင်တာများအတွက်မူ အခက်အခဲမရှိဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့က အဆင့်ဆင့်တာဝန်ခံမှုနဲ့ လုပ်နေတာပါ။ ပုဂ္ဂိုလ်အားပြုတဲ့ အုပ်ချုပ်ရေးမျိုး မဟုတ်ပါဘူး”ဟု ၎င်းက ပြောဆိုသည်။

ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေကို သေချာစွာမသိရှိရသော်လည်း ၎င်းခံစားနေရသည့် သွေးကင်ဆာသည်ကုသ၍ ပျောက်ကင်းသည်ဟု ဆရာဝန်များကပြောဆိုကြကြောင်း အမရပူရမြို့နယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် အမှတ်(၁) မဲဆန္ဒနယ်ကိုယ်စားလှယ်ဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရချိန်မှစ၍ မဲဆန္ဒနယ်နှစ်ခုလုံးအတွက် ဦးမြင့်ဆွေက ဆောင်ရွက်ပေးနေရသည်။

“ဆရာဇော်အပေါ် ယုံကြည်အားကိုးကြတယ်။ ဒါကြောင့် သူ့ကို အမြန်ဆုံးကျန်းမာစေချင်ကြတယ်”ဟု ဦးမြင့်ဆွေက ပြောသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်မှစ၍ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ပေးနေသည်ကို တွေ့ရပြီး အထူးသဖြင့် မန္တလေးမြို့သည် ယခင်အစိုးရလက်ထက်များနှင့်မတူ ပြောင်းလဲလာခဲ့ကြောင်း မန္တလေးမြို့လမ်း ၃၀ ပေါ်တွင် ဆေးအရောင်းဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက မှတ်ချက်ပြုသည်။

“အရင်လူတွေထက်တော့ တိုင်းပြည်ကို စေတနာရှိတဲ့သူလို့ ပြောရမှာပေါ့။ ကျန်းမာရေးမကောင်းဘူးလို့ ကြားရပြီး ဘာရောဂါခံစားနေရတယ်ဆိုတာမသိရတော့ တစ်ခုခုလွဲနေတယ်လို့ ထင်မိတယ်။ အခုလည်း သွေးကင်ဆာလို့ ပြောမှသာ သိရတယ်။ ရောဂါအခြေအနေမှန်ကို မသိရဘူး”ဟု ၎င်းက ဆိုသည်။

“အရေးကြီးပုဂ္ဂိုလ်တစ်ဦးရဲ့ကျန်းမာရေးအခြေအနေကောင်းတယ် ဆိုးတယ်ဆိုတာ ပြည်သူတွေက သိသင့်တယ်”ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ဒေါက်တာဇော်မြင့်မောင်အနေနှင့်မူ မြန်မာနိုင်ငံသို့ ပြန်လာ၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်လိုစိတ် ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက ပြောသည်။

“သူက ဒီကိုပြန်လာမယ်။ ရုံးတက် မယ်၊ ဆေးသွင်းမယ့်အချိန်ကျရင် ဟိုကို ပြန်သွားမယ်ဆိုပြီး လုပ်ချင်တာ”ဟု ၎င်းက ပြောဆိုသည်။

သို့သော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က နားနားနေနေနေထိုင်ရင်း ဆေးဝါးကုသရန် မှာကြားထားသဖြင့် ထိုင်းနိုင်ငံတွင်ပင် နေထိုင်ကာဆေးကုသမှုခံယူနေရသည်ဟု ၎င်းက ရှင်းပြသည်။

ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်း မွန်မှုရှိသည်ဟုဆိုသော်လည်း လိုအပ်၍ အနားယူရမည်ဆိုလျှင် ရာထူး၊ တာဝန်များလွှဲပြောင်းပေးရန်အတွက်ပင် ပါတီအနေနှင့် ပြင်ဆင်ထားသည်ဟု ဒေါက်တာမျိုးညွန့်က အသိပေးသည်။

သို့သော် အသေးစိတ်ကို ထုတ်ပြောခြင်း မရှိသေးပေ။

ဆရာဇော်ဟု ချစ်စနိုးခေါ်ဝေါ်ခြင်းခံရသည့် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးတိုင်းဝန်ကြီးချုပ်၊ NLD ပါတီပြောရေးဆိုခွင့်ရှိသူ၊ ဒုတိယဥက္ကဋ္ဌ -၂ စသည့် တာဝန်များအပြင် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်အားကိုးခံရသူဟုပါ ဆိုရမည်ဖြစ်သည်။

မန္တလေးတိုင်းအစိုးရအဖွဲ့အနေနှင့် မူ Team Work ဖြင့် လုပ်ကိုင်သောကြောင့် အစိုးရအဖွဲ့၏ ယန္တရားလည်ပတ်မှုတွင် အခက်အခဲတစ်စုံတစ်ရာမရှိဟု တိုင်းဒေသကြီးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

အစိုးရအဖွဲ့၏ ပုံမှန်အစည်းအဝေးများ၊ အခြားသော အစည်းအဝေးများနှင့် လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်းပင် လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

ဆေးကုသမှုခံယူအပြီး မည်သည့် နေ့ရက်တွင် ပြန်ရောက်လာနိုင်မည်နည်းဟုသည့် မေးခွန်းကိုမူ ၎င်းက အောက်ပါအတိုင်းဖြေဆိုသည်။

“ကျွန်တော်တို့ရော မျှော်နေတာပေါ့။ ခင်ဗျားတို့လိုပါပဲ”

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *