ပိုက်လိုင်းပေါ်က ရုပ်ရှင်ပွဲ

ရုပ်ရှင်စမည်ဟု ကြေညာလိုက်ပြီး အလံကို အလေးပြုကြရန် မိုက်ကိုင်ထားသူက နှိုးဆော်လိုက်သောအခါ “ငါတို့ အလံ မဟုတ်ရင် အလေးမပြုနိုင်ဘူး” ဟု အမျိုးသမီးကြီးတစ်ဦး၏ အသံက ထွက်ပေါ်လာသည်။ ပိတ်ကားပေါ်တွင် မြန်မာနိုင်ငံအလံပေါ်လာသည့်အခါတွင်မှ မတ်တတ်ရပ်၍ အလေးပြုလေတော့သည်။

ယင်းသည် အောက်တိုဘာလ ၂၅ ရက်နေ့က ကျောက်ဆည်ဆင်ပြိုင်ကွင်းအတွင်း တရုတ်ရုပ်ရှင်ပွဲတော်၏ မြင်ကွင်း ဖြစ်သည်။

ကွင်းပြင်ထဲတွင် မိတ်ဆွေ၊ သူငယ်ချင်းများ စုပေါင်း၍ ပိတ်ကားထောင်ရုပ်ရှင်ကြည့်ရခြင်းကို နှစ်သက်လျှင် တရုတ်တို့၏ ရုပ်ရှင်ပွဲတော်က သင့်အကြိုက်ဖြစ်လိမ့်မည်။

Open Air ဟု အမည်ပေးထားသည့် တရုတ်တို့၏ ရုပ်ရှင်ပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာ့မြို့ကြီးအချို့တွင် အောက်တိုဘာလအတွင်းက လိုက်လံပြသခဲ့သည်။

အထူးသဖြင့် မြန်မာ – တရုတ်ရေနံနှင့်သဘာဝပိုက်လိုင်းတစ်လျှောက်ရှိ မြို့များတွင် အဓိကပြသခဲ့ခြင်း ဖြစ်သည်။ ပိုက်လိုင်းဖြတ်သန်းသည့် ရေနံချောင်း၊ တောင်သာ၊ ကျောက်ဆည်နှင့် သီပေါမြို့တို့တွင် ပြသခဲ့ပြီး ဖြစ်သည်။

Open Air ရုပ်ရှင်ပွဲတော်ပြသမည့် အထိမ်းအမှတ်ဖွင့်ပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းလည်း တက်ရောက်ကာ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာ – တရုတ်ရေနံနှင့် သဘာဝပိုက်လိုင်းတစ်လျှောက်ရှိ ဒေသခံများ တရုတ်ယဉ်ကျေးမှုကို ပိုမိုသိရှိနားလည်စေရန်အတွက် ပိုက်လိုင်းကို ဆောင်ရွက်နေသည့် တရုတ် CNPC ကုမ္ပဏီက စီစဉ်ပြသခြင်း ဖြစ်သည်။

မင်္ဂလာပါဘီလျံနာ၊ မှော်ပဉ္စလက်၊ လေပွေအမျိုးသမီးဘောလုံးအသင်းစသည့် ရုပ်ရှင်ဇာတ်ကားများကို မြို့တစ်မြို့တွင် တစ်ရက်လျှင် တစ်ကားနှုန်းဖြင့် သုံးရက်ကြာပြသခဲ့သည်။

“ပြန်ကြားရေးဝန်ကြီးဌာနက ခွင့်ပြုပေးတဲ့ ဇာတ်ကားတွေကို ပြသခဲ့တာဖြစ်ပါတယ်”ဟု CNPC ကုမ္ပဏီ၏ လူထုဆက်သွယ်ရေးတာဝန်ခံ ကိုမိုးတိမ်က ရှင်းပြသည်။

‘မင်္ဂလာပါဘီလျံနာ’ ဇာတ်ကားသည် ဟာသဇာတ်လမ်းဖြစ်သည်။ ပြိုင်ပွဲတွင် ရှုံးသွားသည့် ဂိုးသမားတစ်ယောက် အလုပ်ဖြုတ်ခံရပြီးနောက် ရုတ်တရက်တရုတ်ယွမ်တစ်ဘီလီယံ ရရှိခဲ့သည်။

ယင်းငွေများကို တစ်လအတွင်း ကုန်အောင်သုံးရမည်ဆိုသည့် တောင်းဆိုချက်အပေါ် မည်သို့သုံးစွဲခဲ့သည်ဆိုသည့် အဖြစ်အပျက်များကို ရယ်မောဖွယ်ဇာတ်လမ်းဆင်ထားခြင်း ဖြစ်သည်။

“မှော်ပဉ္စလက်”ဇာတ်ကားသည် ကမ္ဘာပေါ်သို့ ရောက်ရှိလာသည့် မကောင်းဆိုးဝါးဂြိုဟ်သားများကို မှော်ပဉ္စလက်အစွမ်းဖြင့် တိုက်ခိုက်ကြပုံကို တင်ပြထားသည့် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်သည်။

‘လေပွေအမျိုးသမီးဘောလုံးအသင်း’ ဇာတ်ကားသည် ဘောလုံးကို မတွေ့ဖူးသည့် တရုတ်ပြည်ရှိ လူနည်းစုတိုင်းရင်းသားအမျိုးသမီးဘောလုံးအဖွဲ့၏ အခက်အခဲ၊ အောင်မြင်မှုစသည်တို့ကို ပုံဖော်ထားသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဟု အဆိုပါရုပ်ရှင်ပွဲတော်က ဆိုသည်။

ရုပ်ရှင်ပွဲတော်ကို စီစဉ်သည့် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) ကုမ္ပဏီသည် တရုတ်နိုင်ငံတွင်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ဖြန့်ဖြူးရေးကို ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်ပြီး မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ အဓိကရင်းနှီးမြှုပ်နှံထားသူဖြစ်သည်။

ရေနံပိုက်လိုင်းသည် မြန်မာနှင့် တရုတ်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာ-တရုတ်-ကိုရီးယား-အိန္ဒိယလေးနိုင်ငံမှ ကုမ္ပဏီခြောက်ခု ပူးပေါင်းဆောင်ရွက်နေသည်။

ရေနံပိုက်လိုင်းသည် ရခိုင်ပြည်နယ် မဒေးကျွန်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရမ်းဗြဲကျွန်းမှ စတင်ပြီး နှစ်ခုအပြိုင်တည်ဆောက်ထားသည်။ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်း ပြည်နယ်တို့ကို ဖြတ်သွားပြီး တရုတ်နိုင်ငံတွင်းသို့ ရွှေလီမြို့မှတစ်ဆင့် ဝင်ရောက်သွယ်တန်းထားသည်။

“ပိုက်လိုင်းတစ်လျှောက်က ဒေသခံတွေက တရုတ်ရဲ့ယဉ်ကျေးမှုကို သိရှိနားလည်ရင် ပိုပြီးရင်းနှီးလာမယ်”ဟု  Open Air ရုပ်ရှင်ပွဲတော်ပြသရာ မြို့များသို့ လိုက်ပါနေသူလည်းဖြစ်သည့် ကိုမိုးတိမ်က ဆိုသည်။

ရုပ်ရှင်ဇာတ်ကားများပြသရာတွင် မြို့ပေါ်ထက်ကျေးလက်တောရွာများကို ပို၍ ဦးစားပေးခဲ့ပြီး ကြည့်ရှုသူများပြားခဲ့သည်ဟု ၎င်းက ပြောသည်။

ရေနံချောင်း၊ တောင်သာစသည့် မြို့များတွင် ပရိသတ် ၂၅၀ မှ ၄၀၀ ဝန်းကျင်အထိ လာရောက်အားပေးကြသည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

Open Air ရုပ်ရှင်ပွဲတော်ကို ၂၀၁၇ ခုနှစ်အတွင်း တရုတ်သံရုံးက ဦးဆောင်၍ လုပ်ဆောင်ခဲ့ဖူးပြီး ပိုက်လိုင်းကုမ္ပဏီအနေနှင့်မူ ပထမဆုံးလုပ်ဆောင်ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဧပြီလအတွင်း ရခိုင်ပြည်နယ် မဒေးကျွန်းတွင် စတင်ပြုလုပ်ခဲ့ပြီး အောက်တိုဘာလအတွင်း မြို့လေးမြို့တွင် ထပ်မံပြသခြင်းဖြစ်သည်။

“တရုတ်-မြန်မာချစ်ကြည်ရေးအပိုင်းလည်း ပါတယ်။ နောက်တစ်ခုက ဖျော်ဖြေဖို့အတွက်လည်း ဖြစ်ပါတယ်”ဟု ကိုမိုးတိမ်က ပြောဆိုသည်။

ကျောက်ဆည်မြို့တွင် ပြသခဲ့သည့် ကာလအတွင်း လာရောက်ကြည့်ရှုသူ ရာဂဏန်းရှိခဲ့သော်လည်း ယင်းပွဲတော်ကို အများစုက မသိရှိခဲ့ပေ။ ရုပ်ရှင်ပြသမည့်အကြောင်း မြို့ပေါ်တွင် လှည့်လည်ကြေညာခဲ့ခြင်း မရှိသည့်အပြင် ဌာနဆိုင်ရာတာဝန်ရှိသူအချို့ပင် မသိခဲ့ကြ။

“မသိရဘူးဗျ၊ ကျွန်တော်တောင် ခင်ဗျားပြောမှ သိရတာ”ဟု မြို့နယ်အဆင့် တာဝန်ထမ်းဆောင်နေသူတစ်ဦးက ဆိုသည်။

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ကီလိုမီတာ ၁၄၂၀ ဝန်းကျင်ရှည်လျားပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် သဘာဝဓာတ်ငွေ့ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရေနံစိမ်းကိုလည်းကောင်း တင်ပို့ခဲ့သည်။

တရုတ်နိုင်ငံသို့ တစ်ရက်လျှင်ဓာတ်ငွေ့ပျမ်းမျှ ကုဗပေသန်း ၄၀၀ ခန့် နှင့် ရေနံစိမ်းပျမ်းမျှတန်ချိန် ၁၆,၀၀၀ ခန့်နေ့စဉ်ပို့လွှတ်ပေးနေပြီး ပိုက်လိုင်း စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ ရေနံစိမ်းတန်ချိန် ၁၉ သန်းနှင့် သဘာဝဓာတ်ငွေ့တန်ချိန် ၁၃ ဒသမ ၄၄ သန်းတင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စာရင်းကို ကိုးကား၍ ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

၂၀၁၉ ခုနှစ်၏ ပထမခြောက်လအတွင်း အဆိုပါပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ရေနံစိမ်းတန်ချိန်ငါးသန်းနှင့် သဘာဝဓာတ်ငွေ့တန်ချိန် ၁ ဒသမ ၆၈ သန်းတင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူထက် ရေနံစိမ်းတင်ပို့မှု ပိုမိုမြင့်တက်ခဲ့သည်ဟု တရုတ်ဆင်ဟွာသတင်းဌာနကလည်း ဖော်ပြထားသည်။

အခြားသောမြို့များတွင် မပြုလုပ်ဘဲ ပိုက်လိုင်းတစ်လျှောက် ဒေသများတွင် တရုတ်ရုပ်ရှင်ပွဲတော်များ ပြုလုပ်ခြင်းသည် ဝါဒဖြန့်ချိသည့် အသွင်ဆောင်နိုင်ကြောင်း ဝေဖန်ပြောဆိုမှုများကိုမူ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုမိုးတိမ်က ငြင်းဆိုသည်။

“ဝါဒဖြန့်တာ မထင်ပါဘူးဗျ။ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ပြသတဲ့ ဇာတ်ကားတွေက ရိုးရိုးပဲ။ ဝါဒဖြန့်တာ မရှိဘူး”ဟု ၎င်းက ရှင်းပြသည်။

ရုပ်ရှင်ဇာတ်ကားများ ကြည့်ရှုပြီးလျှင် တရုတ်နိုင်ငံ၏ယဉ်ကျေးမှုကို နားလည်လာမည်ဖြစ်ကာ များများနားလည်လျှင် များများရင်းနှီးလာမည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ကျောက်ဆည်မြို့တွင် ပြုလုပ်ခဲ့သည့် တရုတ်ရုပ်ရှင်ပွဲတော်သို့ လာရောက်ကြည့်ရှုခဲ့သူတစ်ဦးဖြစ်သည့် ဒေသခံဦးမောင်စိန်ကမူ လာရောက်ပြသခြင်းကို ကြိုဆိုပြီး တရုတ်ဇာတ်လမ်းများကို ကြိုက်နှစ်သက်သည်ဟု ဆိုသည်။

သို့သော် ပိုက်လိုင်းအတွက် ရည်ရွယ်ချက်ရှိသည်ဆိုလျှင်တော့ လက်မခံနိုင်ဟု ၎င်းက ပြောသည်။

“အမြင်ကျယ်အောင် ပြတယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ အမြင်ကျယ်အောင် မဟုတ်ဘဲနဲ့ အဖျက်သက်သက်ပြမယ်ဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ။ နည်းနည်းလေးပေးပြီး အများကြီးယူသွားတယ်ဆိုရင်တော့ မကောင်းဘူးပေါ့”ဟု ဦးမောင်စိန်က ဆိုလေသည်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *