သီရိလင်္ကာရွေးကောက်ပွဲနှင့် ပထဝီနိုင်ငံရေးအကျိုးဆက်

သီရိလင်္ကာရွေးကောက်ပွဲမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ကျင်းပပြီးစီးသွားခဲ့ပေပြီ။ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဟောင်း ဂိုတာဘာယရာဇပဿ  အနိုင်ရခဲ့ကြောင်း ကြေညာနိုင်ခဲ့သည်။  သီရိလင်္ကာနိုင်ငံမှာ အမျိုးသားလုံခြုံရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် နိုင်ငံဖြစ်သလို ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဖြစ်ကြသည့် အမေရိကနှင့် တရုတ်တို့၏ ပထဝီနိုင်ငံရေးအားပြိုင်မှုတွင် ဆုံချက်ကျသော နိုင်ငံလည်းဖြစ်သည်။ သီရိလင်္ကာသမ္မတရွေးကောက်ပွဲနှင့် ပတ်သက်၍ သီရိလင်္ကာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၅  ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အမေရိကန်-သီရိလင်္ကာ နှစ်နိုင်ငံဆက်ဆံရေးတွင် ဆယ်စုနှစ်ပေါင်းများစွာ ပါဝင်ပတ်သက်ခဲ့သူလည်းဖြစ်သော တီရီစစ်တာရှက်ဖာ၏ အမြင်များကို ဖော်ပြအပ်ပါသည်။

မေး    –       သီရိလင်္ကာနိုင်ငံသားတွေ သမ္မတအဖြစ် ရွေးချယ်မဲပေးခဲ့ကြတာ ဘယ်သူတွေပါလဲ။

ဖြေ    –       လက်ရှိ သမ္မတမာသရီ ပါလာဆီရီဆန်နာက ရွေးကောက်ပွဲ မဝင်ပါဘူး။ နောက်ပြီး သူ့ရှေ့က သီရိလင်္ကာပြည်တွင်းစစ်အပြီး သမ္မတလုပ်ခဲ့တဲ့ မဟိန္ဒြာရာဇပဿကလည်း သမ္မတတာဝန်ထမ်းဆောင်ခွင့်ရှိတဲ့ သက်တမ်းက ပြည့်သွားပါပြီ။ သူတို့နှစ်ယောက်စလုံးဟာ မူလက လက်ဝဲယိမ်းသီရိလင်္ကာပြည်သူ့တပ်ဦး SLPF ( Sri Lanka People’s Front) ကပါ။ ဒါပေမဲ့ သမ္မတဆီရီဆန်နာကတော့ အစဉ်အလာအရ ဗဟိုလက်ယာပါတီဖြစ်တဲ့ ညီညွတ်သောအမျိုးသားတပ်ဦး UNF  (United National Front) ပါတီနဲ့ အပြောင်းအလဲအမျိုးမျိုး ဖြစ်ခဲ့တဲ့ မဟာမိတ်ဖွဲ့မှုအောက်မှာ သမ္မတအဖြစ် အုပ်ချုပ်ခဲ့ရတာဖြစ်ပါတယ်။

အခုရွေးကောက်ပွဲကတော့ အရင် သီရိလင်္ကာဓလေ့စရိုက်နဲ့ မတူဘဲနဲ့ သမ္မတလောင်းရွေးကောက်ပွဲဝင်သူ ၃၅ ဦးထိရှိခဲ့ပါတယ်။ ထင်ရှားတဲ့ သူနှစ်ဦးကတော့ အထက်မှာ ပြောခဲ့တဲ့ ပါတီကြီးနှစ်ခုကပါ။ တစ်ဦးက လက်ဝဲယိမ်းသီရိလင်္ကာပြည်သူ့တပ်ဦး SLPF (Sri Lanka People’s Front) ပါတီ။ အခုအခေါ်ကတော့ သီရိလင်္ကာပြည်သူ့ပါတီ SLPP (Sri Lanka People’s Party) ကဖြစ်ပြီး၊ နောက်တစ်ဦးက ညီညွတ်သော အမျိုးသားတပ်ဦး UNF ( United National Front) ပါတီက ဖြစ်ပါတယ်။ SLPP ပါတီရဲ့ သမ္မတလောင်းက ယခင်သီရိလင်္ကာသမ္မတဟောင်း မဟိန္ဒြာရာဇပဿရဲ့ ညီအစ်ကိုတော်သူဖြစ်ပြီး သူ့လက်ထက်မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တဲ့ ဂိုတာဘာယရာဇပဿ ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ NUF ပါတီရဲ့အရေးပါတဲ့ခေါင်းဆောင် ဖြစ်ပြီး အခုရွေးကောက်ပွဲဝင် မပြိုင်တဲ့ သမ္မတဆီဆီရန်ဒါလက်ထက်မှာ အိုးအိမ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တဲ့ ဆာဂျစ်သ်ပရီမာဒါဆာ ဖြစ်ပါတယ်။ သူဟာ သူ့ဖခင်သိရိလင်္ကာသမ္မတဟောင်း ရာနက်ဆင်းပရီမာဒါဆာ ၁၉၉၃ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခံရတုန်းက ကျောင်းသားငယ်တစ်ယောက်အရွယ်ပဲ ရှိပါသေးတယ်။

မေး    –       အရေးအကြီးဆုံး ရွေးကောက်ပွဲ မဲဆွယ်တဲ့ ရေးရာကိစ္စတွေက ဘာတွေပါလဲ။

ဖြေ    –        သီရိလင်္ကာနိုင်ငံအတွက် အရေးအကြီးဆုံးရေးရာကိစ္စတွေကတော့ လုံခြုံရေး၊ တိုင်းရင်းသားအချင်းချင်းကြား ငြိမ်းချမ်းရေးနဲ့ စီးပွားရေးကိစ္စတွေပါပဲ။ ကာလရှည်ကြာလှတဲ့ သီရိလင်္ကာ ပြည်တွင်းစစ်အဆုံးသတ်သွားတဲ့အခါမှာ သီရိလင်္ကာစစ်တပ်အတွက် အောင်ပွဲဖြစ်ခဲ့ ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလူမျိုး အချင်းချင်းကြား ရင်ကြားစေ့ဖို့အတွက်က တိုးတက်မှုများများစားစား မရှိခဲ့ပါဘူး။ အခုနှစ်မေလက ဖြစ်ခဲ့တဲ့ သီရိလင်္ကာနိုင်ငံကို တုန်လှုပ်သွားစေခဲ့တဲ့ ‘အီစတာ ဗုံးခွဲတိုက်ခိုက်မှု’ဟာ တိုင်းရင်းသားမျိုးစုံနဲ့ ရက်လုပ်ထားတဲ့ ကိုယ်ထည်ကြီးကို ဒဏ်ရာသစ် ရစေခဲ့ပါတယ်။

SLPP ပါတီရဲ့သမ္မတလောင်း ဂိုတာဘာယရာဇပဿကတော့ သူ့ရဲ့ကာကွယ်ရေးဝန်ကြီး အတွေ့အကြုံတွေကို ဇောင်းပေးပြီးတော့ လုံခြုံရေးကိစ္စတွေနဲ့ မဲဆွယ်ပါတယ်။ သူနဲ့ သူမိသားစုဟာဆိုရင် ပါးရည်နပ်ရည်ရှိတဲ့ နိုင်ငံရေးသမားတွေ ဖြစ်ကြပြီးတော့ အထူးသဖြင့် သီရိလင်္ကာတောင်ပိုင်း ကမ်းရိုးတန်းတစ်လျှောက်ဟာ သူတို့ရဲ့ အမာခံနယ်မြေတွေ ဖြစ်ပါတယ်။ သူ့ရဲ့အဓိကပြိုင်ဘက် NUF ပါတီက သမ္မတလောင်း ဆီဆီရန်ဒါကတော့ အခြေခံကျတဲ့ ထမင်းစားစားပွဲနဲ့ ဆိုင်တဲ့ ရေးရာကိစ္စတွေကို အဓိကထား မဲဆွယ်ခဲ့ပါတယ်။ လက်ဆုပ်လက်ကိုင်ပြနိုင်မယ့် အကျိုးကျေးဇူးတွေကို ကတိပေးမဲဆွယ်ခဲ့ပါတယ်။ သူ နိုင်ငံရေးနယ်ပယ်ထဲဝင်လာတာ ဆယ်စုနှစ် နှစ်စုလောက် ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲဝင်တာကတော့ သူ့အတွက် ပထမဆုံးအဆင့်မြင့်ရွေးကောက်ပွဲတစ်ခုပါ။

မေး    –       သီရိလင်္ကာမှာ အမေရိကရဲ့ အကျိုးစီးပွားတွေက ဘာတွေပါလဲ။

ဖြေ    –       အိန္ဒိယ သမုဒ္ဒရာလုံခြုံရေးမှာ သီရိလင်္ကာဟာ အရေးပါတဲ့နေရာမှာ တည်ရှိပါတယ်။ သီရိလင်္ကာမှာ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပြန်ခေါင်းထောင်လာမှာကို ကာကွယ်ရေးဟာ အမေရိကအတွက် အားကောင်းတဲ့ အကျိုးစီးပွားလည်း ဖြစ်ပါတယ်။ အထူးသဖြင့် တမီလ်ကျားသူပုန်အဖွဲ့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို ကာကွယ်ရေး ပါ။ သီရိလင်္ကာဟာ ဈေးကွက်သေးတယ် ဆိုပေမယ့် အမေရိကရဲ့ကောင်းမွန်တဲ့ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ ဖြစ်ပါတယ်။

မေး    –       အမေရိကရဲ့ ‘လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်မဟာဗျူဟာ’ နဲ့ သီရိလင်္ကာတို့ ဘယ်လိုမျိုးအံဝင်ခွင်ကျ ဖြစ်ပါလိမ့်မလဲ။

ဖြေ    –        အားကောင်းလာတဲ့ အမေရိက-သီရိလင်္ကာလုံခြုံရေးဆိုင်ရာ ဆက်ဆံမှုနဲ့ သီရိလင်္ကာနိုင်ငံရဲ့ အတော်အတန်အောင်မြင်တဲ့ စီးပွားရေးအောင်မြင်မှုတွေကြောင့် သီရိလင်္ကာဟာ အမေရိကအတွက် အင်ဒို – ပစိဖိတ်ဒေသမှာ သဘာဝအရကို မိတ်ဖက်ဖြစ်နေတာပါ။ သီရိလင်္ကာ နိုင်ငံဟာ လူတိုင်းစာတတ်မြောက်ရေး၊ ပညာတတ်လုပ်သားအင်းအားစုကို ဖန်တီးမြှင့်တင်နိုင်ခဲ့သလို၊ သီရိလင်္ကာဆိပ်ကမ်းတွေကိုလည်း တောင်အာရှဒေသ အိမ်နီးချင်းနိုင်ငံတွေကို ဝင်ရောက်နိုင်တဲ့ ဂိတ်လမ်းမဖြစ်လာအောင် ကြိုးပမ်းနေတာ တွေ့ရပါတယ်။

အမေရိကရဲ့ အင်ဒို-ပစိဖိတ်မဟာဗျူဟာနဲ့ ပတ်သက်ရင် သီရိလင်္ကာနိုင်ငံရေးသမားတွေကြားမှာ ကွဲနေကြပါတယ်။ သမ္မတဟောင်းရာဇပဿလက်ထက် ၂၀၀၅ ကနေ ၂၀၁၅ ထိကာလမှာ အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ရာဇပဿရဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကြောင့် အကန့်အသတ်နဲ့ပဲ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာလည်း ဗဟိုလက်ဝဲပါတီတွေက အမေရိကနဲ့ လုံခြုံရေးဆိုင်ရာပူးပေါင်းမှုအပေါ် သံသယရှိကြောင်း ပြောတာတွေ့ရပါတယ်။ အမေရိကနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ ဗဟိုလက်ဝဲပါတီတွေရဲ့ အစဉ်အလာဘက်မလိုက်အယူအဆကို အားနည်းယုတ်လျော့စေတယ်လို့ ရှုမြင်တာကြောင့် ဖြစ်ပါတယ်။ လက်ရှိသမ္မတဖြစ်လာတဲ့ ဂိုတာဘာယရာဇပဿက ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်ပြောတာမတွေ့ရပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ လေးနှစ်ညွှန့်ပေါင်းအစိုးရကာလအတွင်းမှာ သီရိလင်္ကာဟာ အမေရိကနဲ့ အိန္ဒိယတို့နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် အမေရိကရဲ့အင်ဒို- ပစိဖိတ်မဟာဗျူဟာအပေါ် အထိန်းအထေ လုပ်နိုင်တာ တွေ့ရပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ဒေသတွင်းမှာ အရေးပါတဲ့ ဆက်ဆံရေးနှစ်ခု ရှိပါတယ်။ တရုတ်နဲ့ အိန္ဒိယပါ။ နှစ်နိုင်ငံစလုံးက သီရိလင်္ကာနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်မှုရှိပါတယ်။ သီရိလင်္ကာလူဦးရေရဲ့ ၂၁ ရာခိုင်နှုန်းရှိတဲ့ တမီလ်လူမျိုးတွေနဲ့ အိန္ဒိယအီလစ်တွေအကြားမှာ ဆက်စပ်မှုလည်း ရှိသလို၊ အရှုပ်အထွေးတွေလည်း ရှိပါတယ်။ အချို့ အိန္ဒိယတမီလ်နိုင်ငံရေးသမားတွေက သီရိလင်္ကာပြည်တွင်းစစ်ကို လောင်စာထိုးပေးခဲ့တဲ့ တမီလ်ခွဲထွက်ရေးကို ထောက်ခံကြပါတယ်။ အခြားတစ်ဖက်မှာလည်း လက်ရှိ အိန္ဒိယအစိုးရနဲ့ အရင်အစိုးရအတော်များများက သီရိလင်္ကာနဲ့ မဟာဗျူဟာ ဆက်ဆံရေးရရှိအောင် အပြင်းအထန် ကြိုးပမ်းတည်ဆောက်ခဲ့ကြပါတယ်။

သီရိလင်္ကာနဲ့ တရုတ်တို့အကြား ဆက်ဆံရေးကတော့ ၁၉၅၀ ခုနှစ် အစောပိုင်းကာလတွေက စခဲ့တာပါ။ ဆန်နဲ့ ရော်ဘာလဲလှယ်ရေး သဘောတူညီချက်ကြောင့် နှစ်နိုင်ငံစလုံးရဲ့စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကာလတုန်းက သီရိလင်္ကာက တရားမဝင်ရေးဆွဲထားတဲ့ တရုတ်ဆန့်ကျင်ရေးဥပဒေတစ်ခု အမေရိကမှာ အသက်ဝင်ခဲ့တဲ့ အချိန်ကာလပါ။ သီရိလင်္ကာနဲ့ တရုတ်တို့ရဲ့ ဆက်ဆံရေးဟာ ဆက်လက်ပြီးအရေးပါနေဦးမှာပါ။

မေး    –       အမေရိကန် သတင်းမီဒီယာတွေမှာ သီရိလင်္ကာအကြောင်း အများဆုံးဖော်ပြကြတာက တရုတ်ရဲ့ BRI စီမံကိန်းကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးသွားတာနဲ့ ပတ်သက်ပြီး သီရိလင်္ကာကို အဓိက ဥပမာပေးအဖြစ် ဖော်ပြကြပါတယ်။ ဒီဖော်ပြချက်တွေက သီရိလင်္ကာ-တရုတ်ဆက်ဆံရေးကို ဘယ်လိုနိမိတ်မျိုးများ ဖြစ်စေ ပါမလဲ။

ဖြေ    –        တရုတ်က ၂၀၀၉ ခုနှစ် သီရိလင်္ကာပြည်တွင်းစစ်ပြီးသွားတဲ့ အချိန်ကစလို့ သီရိလင်္ကာမှာ အခြေခံအဆောက်အဦနဲ့ ပတ်သက်ပြီး အကြီးအကျယ်ရင်းနှီး မြှုပ်နှံခဲ့တာပါ။ လမ်းတွေ ဖောက်တယ်။ လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံတွေ ဆောက်တယ်။ အထင်ရှားဆုံးကတော့ သမ္မတရွေးကောက်ပွဲ ဝင်သူတွေအတွက် အရေးပါတဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ သီရိလင်္ကာရဲ့အနောက်တောင်ဘက်ပိုင်းက မြို့တစ်မြို့ဖြစ်တဲ့ ဟန်ဘိုတာမြို့က ဆိပ်ကမ်းသစ်ဆောက်တဲ့ကိစ္စပါ။ ဒီထောက်ပံ့မှုတွေက လူအများကြား ပေါ်ပြူလာဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့တည်ဆောက်မှုမှာ အရည်အသွေးပိုင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိသလို၊ သီရိလင်္ကာနိုင်ငံအပေါ် တင်သွားတဲ့ အကြွေးတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်းရှိတဲ့ အထောက်အပံ့တွေ ဖြစ်ပါတယ်။ တရုတ်က သီရိလင်္ကာကို အဆင့်အတော်အတန်မြင့်တဲ့ စစ်လက်နက် ပစ္စည်းတွေလည်း အမြဲထောက်ပံ့ပေးပါတယ်။ မကြာသေးခင် နှစ်ကာလပိုင်းကဆိုရင် တရုတ်ရဲ့စစ်လက်နက်အထောက်အပံ့ဟာ ရေတပ်နဲ့ ဆိုင်တဲ့ ပစ္စည်းထောက်ပံ့မှုကို ရွှေ့လာတာ တွေ့ရပါတယ်။

စာညွှန်း။       ။ The Geopolitical Consequences of the Sri Lankan Election

ဉာဏကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *