အော်တစ်ဇင် (Autism)

အော်တစ်ဇင်ဆိုသည်မှာ လူတစ်ဦး စွမ်းဆောင်ရည်အချို့နှင့်ဆိုင်သော ဖွံ့ဖြိုးမှုများမညီမျှခြင်း သို့မဟုတ် ပုံမှန်မဟုတ်ခြင်းတို့ကြောင့် လူအချင်းချင်းပေါင်းသင်းဆက်ဆံရေး၊ ပြောဆိုဆက်သွယ်ရေးနှင့် တွေးခေါ်မြော်မြင်ဖန်တီးနိုင်သော စွမ်းရည်များ ချို့ယွင်းနိမ့်ကျခြင်းတို့ဖြင့် ဘ၀တစ်လျှောက်လုံး အသက်ရှင်နေထိုင်ရသော အခြေအနေတစ်မျိုးဖြစ်သည်။ အော်တစ်ဇင်သည် စိတ်ရောဂါတစ်မျိုး မဟုတ်သကဲ့သို့ ကူးစက်ရောဂါတစ်မျိုးလည်း မဟုတ်ပါ။ မျိုးရိုးလည်း မလိုက်တတ်ပါ။

အော်တစ်ဇင်သည် လူမျိုးဘာသာမရွေး၊ နေရာဒေသမရွေး၊ ကျားမမရွေး ဖြစ်နိုင်ပြီး ယောက်ျားလေးများက မိန်းကလေးများထက် လေးဆပို၍ အဖြစ်များသည်။ အော်တစ်ဇင် ဘာကြောင့်ဖြစ်ရခြင်းကို ဆေးပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ သုတေသီများက သုတေသနအမျိုးမျိုး ပြုလုပ်ခဲ့သော်လည်း ယနေ့ထိ တိကျခိုင်လုံသော အဖြေမရသေးပါ။

အော်တစ်ဇင်ဖြစ်သူ တစ်ဦးနှင့် တစ်ဦး လက္ခဏာအပြင်း၊ အပျော့မတူပါ။ သက်တန့်ရောင်ကဲ့သို့ ကျယ်ပြောလှသည်။ အချို့သာမန်လူနီးပါး ရပ်တည်နိုင်ပြီး အချို့မှာ အခြားသူတစ်ဦးအပေါ် လုံးဝ မှီခိုရပ်တည်နေရသည်။

(၁) အပြင်းစားအော်တစ်ဇင် – တစ်ကိုယ်ရေသန့်ရှင်းရေးကိစ္စမှအစ အခြားသူတစ်ဦးအပေါ် လုံဝမှီခိုရပ်တည် နေထိုင်နေရသူ၊
(၂) အသင့်တင့်အော်တစ်ဇင် – အချို့ကိစ္စများတွင် အခြားသူတစ်ဦးဦးပေါ် မှီခိုရပ်တည်နေထိုင်ရသူ၊
(၃) အပျော့စားအော်တစ်ဇင် – ကိစ္စအနည်းငယ်တွင်သာ အခြားသူတစ်ဦးအပေါ် မှီခိုရပ်တည်နေထိုင်ရသူတို့ ဖြစ်သည်။

သိသာထင်ရှားသော အော်တစ်ဇင်လက္ခဏာများကို ကလေးအသက် နှစ်နှစ်ကျော်၊ သုံးနှစ်အရွယ်မှာ တွေ့မြင်နိုင်သည်။ ကလေးအသက်ငယ်စဉ်၊ လသားအရွယ်တွင် သတိထားကြည့်ပါက စောစီးစွာ သိရှိနိုင်သော ဖြစ်နိုင်ခြေများရှိပါသည်။ စောစီးစွာ သိရှိနိုင်သော အော်တစ်ဇင်ဖြစ်နိုင်ခြေလက္ခဏာများမှာ ကလေးသုံးလအရွယ်တွင် အသံထွက်၍ မရယ်ခြင်း၊ လှုပ်ရှားနေသော အရာဝတ္ထုများ လိုက်မကြည့်ခြင်း၊ ကလေးအသက် ခုနစ်လ ရှစ်လအရွယ်တွင် အသံထွက်၍ မရယ် သေးခြင်း၊ ‘ဘူး’ မမှုတ်သေးခြင်း၊ ကလေးအသက် တစ်ဆယ့်နှစ်လအရွယ်တွင် စကားနှစ်လုံးပါဝါကျ (ဖေဖေ၊ မေမေ) ကို မပြောနိုင်သေးခြင်း။ မည်သည့်အသက်အရွယ်တွင်မဆို တတ်ကျွမ်းပြီးသား၊ ကျွမ်းကျင်မှုများ လျော့နည်းသွားလျှင် သို့မဟုတ် ပျောက်ဆုံးသွားလျှင် အထက်ဖော်ပြပါအချက်များအနက် တစ်ခုခုတွေ့ပါက ကလေးအထူးကုဆရာဝန် သို့မဟုတ် အော်တစ်ဇင်ကုထုံးပညာရှင်တစ်ဦးဦးနှင့် ပြသသင့်ပါသည်။

သိသာထင်ရှားသော အော်တစ်ဇင်လက္ခဏာများမှာ (က) မျက်လုံးခြင်းဆုံကြည့်လေ့မရှိခြင်း၊ ပတ်ဝန်းကျင်ရှိသူများ၊ အရာဝတ္ထုများကို လိုက်မကြည့်ခြင်း၊ မိခင်မျက်နှာကိုပင် မကြည့်ခြင်း၊ (ခ) အခြားသူများ၊ အခြားကလေးများနှင့် ရောနှောကစားခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းမရှိဘဲ သီးခြားအထီးကျန်ဖြစ်နေတတ်ခြင်း၊ (ဂ) အန္တရာယ်ဖြစ်နိုင်သည်ကို မသိခြင်း၊ အသက်အရွယ်အလိုက် သိသင့်သိထိုက်သော မိမိကို အန္တရာယ်ဖြစ်နိုင်သည့် အခြေအနေများ မသိခြင်း၊ ဥပမာ – အမြင့်မှ ပြုတ်ကျပါက အန္တရာယ်ရှိနိုင်မှန်း၊ ကားလမ်းဖြတ်ကူးပါက ကားတိုက်ခံရမည်မှန်း မသိကြပါ။ (ဃ) အသံများကို တုံ့ပြန်မှုလွန်ကဲခြင် သို့မဟုတ် လျော့နည်းခြင်း။ အချို့ အော်တစ်ဇင်ကလေးများသည် တိုးညှင်းသော လေချွန်သံကဲ့သို့ အသံများကို အလွန်အမင်း ကြောက်လန့်တုန်လှုပ်တတ်သော်လည်း အချို့အော်တစ်ဇင်ကလေးများမှာ မိုးခြိမ်းသံ၊ ပေါက်ကွဲသံများ ကြားရသော်လည်း မကြားရသကဲ့သို့ မည်သည့်တုံ့ပြန်မှုမှ မပြပါ။ (င) အထိအတွေ့များကို တုံ့ပြန်မှု လွန်ကဲခြင်း သို့မဟုတ် လျော့နည်းခြင်း။ အချို့တော်တစ်ဇင်ကလေးများသည် ညင်သာသော အထိအတွေ့ ဥပမာ – ချော့မြူပွတ်သပ်ခြင်းကို အလွန်အမင်းကြောက်လန့်တုန်လှုပ်တတ်သော်လည်း အချို့အော်တစ်ဇင်ကလေးများမှာ ထိခိုက်ဒဏ်ရာရသော်လည်း မည်သည့်နာကျင်ခံစားမှုမှမပြဘဲ နေတတ်သည်။ (စ) လည်ပတ်နေသော အရာဝတ္ထုများကို အလွန်အမင်းသဘောကျခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် အမြဲလှည့်ပတ်နေတတ်ခြင်း သို့မဟုတ် အရာဝတ္ထုများကို လှည့်နေတတ်ခြင်း၊ အချို့အော်တစ်ဇင်ကလေးများသည် ပန်ကာစသော လည်ပတ်နေသော အရာဝတ္ထုများကို ထမင်းမေ့၊ ဟင်းမေ့ နာရီပေါင်းများစွာ နေ့စဉ်ရက်ဆက် ကြည့်နေတတ်သည်။ အချို့မှာမူ မိမိကိုယ်၊ ခန္ဓာကိုယ်၊ လက်၊ ခေါင်း စသည်တို့ကို အမြဲလှည့်ပတ်နေ၊ လှုပ်နေတတ်သည်။ အချို့ မှာမူ ခဲတံ၊ တုတ်ချောင်း စသည်တို့ကို လှည့်နေတတ်ပါသည်။ (ဆ) တပ်မက်စရာမကောင်းသော အရာဝတ္ထုများကို အလွန်အမင်း တပ်မက်နေတတ်သည်။ စက္ကူအပိုင်းအစ သို့မဟုတ် ကြယ်သီးလေးတစ်လုံး စသည့်ပုံမှန်အားဖြင့် တပ်မက်စရာမကောင်းသည့် အရာဝတ္ထုများကို အလွန်အမင်း တပ်မက်နေတတ်ပြီး ပျောက်ဆုံးပျက်စီးသွားပါက အကြီးအကျယ် ပေါက်ကွဲဒေါသထွက်ပြီး စိတ်ဆိုးတတ်သည်။ (ဇ) လုံလောက်သောအကြောင်းပြချက်မရှိဘဲ ငိုခြင်း၊ ရယ်ခြင်းရှိတတ်သည်။ (ဈ) အဓိပ္ပာယ်မဲ့အသံများ ပြုနေတတ်သည်။ (ည) ပုံမှန်မဟုတ်သော ကစားနည်းများဖြင့် ကစားနေတတ်သည်။ အော်တစ်ဇင်အရာဖြစ်ကြောင်းကို ဓာတ်မှန်ရိုက်၍ လည်းကောင်း၊ ဓာတ်ခွဲစမ်းသပ်၍လည်းကောင်း မသိနိုင်ပါ။ အော်တစ်ဇင်ဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သောအဖွဲ့ (ကလေးအထူးကုဆရာဝန်)၊ အော်တစ်ဇင်ကုထုံးပညာရှင် စိတ်ပညာရှင်၊ ကာယကုထုံးပညာရှင်၊ အပြောပညာရှင်၊ (Speech Therapist) တို့မှသာ သိနိုင်သည်။ အသက်ကြီးလျှင် သိရလွယ်သည်။

အော်တစ်ဇင်ကလေးကို လုံးဝ ပျောက်ကင်းအောင် ကုသပေးနိုင်သည့် ဆေးဝါး၊ ကုထုံး မရှိသေးပါ။ စောစီးစွာသိရှိပြီး စနစ်တကျ လေ့ကျင့်ပေးပါက သိသာစွာတိုးတက်ကောင်းမွန်လာမည်။ အော်တစ်ဇင်ကလေး ဆယ်ကျော်သက်အရွယ်မှ အော်တစ်ဇင်လူကြီးအဖြစ် ဆက်လက်ရပ်တည်နေထိုင်သွားရပါမည်။

ကလေးအော်တစ်ဇင်ရှိပြီဟု သံသယဖြစ်ပါက ကလေးအထူးကုဆရာဝန်၊ အော်တစ်ဇင်ကုထုံးပညာရှင်တစ်ဦးဦးနှင့် ပြသင့်သည်။ ရန်ကုန်မြို့တွင် အော်တစ်ဇင်ကလေးနှင့် ဆယ်ကျော်သက်များ လက်ခံလေ့ကျင့်ပေးနေသော လူမှုဝန်ထမ်းဦးစီးဌာန သက်ငယ်လေ့ကျင့်ရေးကျောင်းနှင့် ပုဂ္ဂလိကသင်တန်းကျောင်း ရှစ်ကျောင်းရှိသော်လည်း လုံလောက်မှုမရှိသေးပါ။ နယ်တွင်နေထိုင်သူများကိုပါ ထည့်သွင်းစဉ်းစားရန် လိုသည်။ ဥရောပနိုင်ငံများ၊ ဒေသအတွင်းနိုင်ငံတို့နှင့် နှိုင်းယှဉ်လျှင် ပံ့ပိုးကူညီမှု နောက်ကျကျန်နေခဲ့သည်။

မြန်မာနိုင်ငံတွင် အော်တစ်ဇင်ဆိုသည့် စကားလုံးမှာ အကျွမ်းမဝင်သေးဘဲ ဖြစ်နေသည်။ သာမန်ပြည်သူတစ်ဦး၊ သာမန်ဆရာဝန်တစ်ဦးပင် သေသေချာချာ သိသည့်အရေအတွက် နည်းပါးသေးသည်။ ဖြစ်ပွားနှုန်းက အမေရိကန်နိုင်ငံတွင် ကလေး ၈၈ ယောက်မွေးတိုင်း အော်တစ်ဇင်တစ်ဦး မွေးဖွားသည်ဟု အော်တစ်ဇင်အပြောအဖွဲ့အစည်းက ဆိုသည်။ ကမ္ဘာပေါ်ရှိ ကလေးအယောက် ၁၁၀ မွေးတိုင်း အော်တစ်ဇင်တစ်ဦးပါဝင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ အရေအတွက်ခန့် ရှိသည်။ အော်တစ်ဇင်ကို ‘သိုက်ကလာတယ်၊ စကားမပြောတတ်ဘူး’ လို့ပင် တလွဲယူဆနေပြီး အတွေးအခေါ်မှားများ ခံယူထားကြသည်။ အော်တစ်ဇင်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်သင်ပေးရန် စိတ်ဝင်စားမှု အားနည်းနေသည်။ ၂၀၂၁ ကမ္ဘာ့အော်တစ်ဇင်နေ့မှာ ဧပြီလ ၂၀ ရက်နေ့ ဖြစ်သည်။ ၂၀၁၁-၂၀၂၁ ကို အော်တစ်ဇင် ၁၀ စုနှစ် သတ်မှတ်ထားပြီး ပိုမိုပူးပေါင်းဆောင်ရွက်ရန် ကုလသမဂ္ဂနှင့် WHO တို့က စီစဉ်ထားရှိသည်။ 

 

ဒေါက်တာလွင်သန့်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *