နိုင်ငံတစ်ခု ကြီးပွားခြင်း ၄.၀ မြန်မာနှင့် ပြည်ပအကူအညီ

ဖွံ့ဖြိုးရေးပါရဂူ – အခုမှ နိုင်ငံခြားအကူအညီက ကောင်းကောင်းပြန်ရတာ။ ၂၀၁၁ နောက်ပိုင်းပေါ့။ ကျန်တဲ့အချိန်တွေက သိပ်မယ်မယ်ရရ ရတယ်မရှိပါဘူး။ ၈၈ အုံကြွမှုကြီးဖြစ်အပြီးမှာ နိုင်ငံခြားအကူအညီက ရပ်သွားသလောက်တောင် ဖြစ်ခဲ့သေးတယ်။ တပ်မတော်အစိုးရလက်ထက် နောက်ပိုင်းမှာ အကူအညီက တဖြည်းဖြည်းပြန်ဝင်လာပေမယ့် လူသားချင်းစာနာထောက်ထားရေးအကူအညီ၊ အရေးပေါ်အကူအညီ ဒီသဘောလောက်ပဲ အနိုင်နိုင်ရှိခဲ့တာ။ နိုင်ငံခြားအကူအညီတွေ တကယ်ဝင်လာတာက ၂၀၁၁ နောက်ပိုင်း ပြုပြင်ပြောင်းလဲမှုတွေ စပြီးတဲ့နောက်မှာ ဝင်လာတာ။ ၂၀၁၃၊ ၂၀၁၄ လောက်မှာ မြန်မာက အကူအညီအများဆုံးရတဲ့နိုင်ငံတွေ စာရင်းဝင်နေပြီ။

ကိုမျိုးချစ် – တယ်ဟုတ်ပါလား။ နှစ်နှစ်၊ သုံးနှစ်လောက်အတွင်း နေ့ချင်းညချင်း ပြောင်းသွားတာပဲ။

ဖွံ့ဖြိုးရေး ပါရဂူ – အမှန်ပဲ။ ၂၀၁၀ နဲ့ ၂၀၁၄၊ ၂၀၁၅ လောက်ကြားမှာ အဆပေါင်းများစွာ တက်သွားတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက ဆင်းရဲမွဲတေမှုကလည်း မြင့်တယ်လေ။ ဒါ့ကြောင့် အကူအညီတွေ ရတာလည်းများမှ တန်ကာကျမှာ။

ကိုမျိုးချစ် – ဘာ့ကြောင့် အဲဒီလို အပြောင်းအလဲမြန်သွားတာလဲ။

ဖွံ့ဖြိုးရေးပါရဂူ – နိုင်ငံရေးပေါ့ဗျာ။ နိုင်ငံပွင့်သွားပြီ၊ ဒီမိုကရေစီလမ်းကြောင်းသွားနေပြီဆိုတော့ ပေးချင်ကမ်းချင် ထောက်ပံ့ချင်သူတွေ ပေါ်လာတာပေါ့။ ဟန်ဆောင်ပန်ဆောင်လုပ်နေတာလားလို့ အစကတော့ ထင်ကြသေးတယ်။ တကယ်ပြောင်းနေပြီမှန်း သဘောပေါက်လာတဲ့အခါ သူတို့မူဝါဒတွေ ပြောင်းလာတာ။

ကိုမျိုးချစ် – ဘယ်နိုင်ငံက စပြောင်းတာလဲ။

ဖွံ့ဖြိုးရေးပါရဂူ – ဘယ်သူရှိရမလဲ။

ကိုမျိုးချစ် – အမေရိကန်လား။

ဖွံ့ဖြိုးရေးပါရဂူ – ဂျပန်ဗျ။ တကယ်တော့ စပြောင်းတယ်လို့ ပြောရမှာတောင် ခက်တယ်။ ဂျပန်က တခြားဒီမိုကရေစီနိုင်ငံတွေက အထောက်အပံ့တွေ အကုန်ဖြတ်တာတောင် သူက အကုန်ဖြတ်မပစ်ဘဲ နည်းနည်းတော့ ချန်ထားတာကိုး။ မိတ်ဆွေနိုင်ငံတွေက မြန်မာကို ထောက်ပံ့ရမလားလို့ အပြစ်တင်မခံရအောင် ခေါင်းစဉ်တွေ ရှာကြံပြီးပေးတာမျိုး ရှိတယ်။ ထားပါတော့။ ဂျပန်က အကူအညီ အရင်ပေးတာ မဟုတ်ဘူး။

ကိုမျိုးချစ် – ဘယ်လို။ ခုနကပြောတော့ မြန်မာကို နိုင်ငံတကာကအကူအညီပြန်ပေးဖို့ ဂျပန်က မူ စပြောင်းတာဆို။

ဖွံ့ဖြိုးရေးပါရဂူ – ဟုတ်တယ်။ သူက အကူအညီတွေ ‘ရော့၊ အင့်’ ဆိုပြီး လက်ထဲပေးလို့မရသေးဘူး။ ကြွေးလျှော်ပေးတာ။ ကြွေးတင်နေတာများလာရင် ပြောထားတဲ့အတိုင်း ပြန်ဆပ်မှ ထပ်ချေးလို့ရတယ်မဟုတ်လား။ အရပ်ထဲမှာတောင် ဒီလိုပဲလေ။ မြန်မာက ငွေချေးချင်တယ်၊ နိုင်ငံတကာကလည်း မြန်မာကို ချေးချင်လာပေမယ့် မြန်မာတင်ထားတဲ့ အကြွေးတွေက ရှိနေတယ်။ အရင် ချေးလို့မရဘူး။ ဒီတော့ မြန်မာကပေးရမယ့် အကြွေးဒေါ်လာ ငါးဘီလီယံခွဲလောက်ကို ၂၀၁၂၊ ၂၀၁၃ လောက်မှာ ဂျပန်က လျှော်ပေးလိုက်တယ်။ ဒါတင်မကသေးဘူး။ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ကို တင်နေတဲ့ အကြွေး ဒေါ်လာသန်း ၉၀၀ လောက်ကို ဂျပန်က စိုက်ဆပ်ပေးတယ်။ အဲဒီလိုဆပ်လိုက်တော့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ဆီက မြန်မာက ငွေချေးလို့ ရသွားတာပေါ့။

ကိုမျိုးချစ် – ဂျပန်က စေတနာကောင်းလှချည်လား။ မိတ်ဆွေကောင်းပေါ့။

ဖွံ့ဖြိုးရေးပါရဂူ – လိုတဲ့အချိန်မှာ ကူညီတာ မိတ်ဆွေကောင်းပေါ့ဗျာ။ ‘A friend in need is a friend indeed.’ စကားတောင် ရှိသေးတယ်။ ဒါပေမဲ့…။

ကိုမျိုးချစ် – ဒါပေမဲ့ ဘာဖြစ်လဲ။

ဖွံ့ဖြိုးရေးပါရဂူ – အကူအညီမှန်သမျှကတော့ ပေးသူမှာ ရည်ရွယ်ချက်တွေ ရှိတယ်။ ရည်ရွယ်ချက်ဘာမှမရှိဘဲ လျှောက်ပေးပစ်နေသူဆိုရင်လည်း အလှူရှင်နိုင်ငံဖြစ်လောက်တဲ့အထိ ဘယ်ချမ်းသာလာနိုင်မလဲ။ ကိုယ့်နိုင်ငံက ငွေတွေကို တခြားမှာ သွားပေးနေတာမဟုတ်လား။ ကိုယ့်နိုင်ငံရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်အောင်တော့ လှူရပေမပေါ့။ တခြားမကြည့်နဲ့။ ဂျပန်က မြန်မာကို ၁၉၅၄၊ ၅၅လောက်မှာ စစ်လျော်ကြေး သန်း၂၅၀ ပေးတာပဲကြည့်။

ကိုမျိုးချစ် – အဲဒီတုန်းက ဒေါ်လာသန်း၂၅၀ နည်းတာမဟုတ်။

ဖွံ့ဖြိုးရေးပါရဂူ – အဲဒီသန်း၂၅၀ မှာ သန်း ၂၀၀ လောက်က နိုင်ငံပြန်လည်တည်ဆောက်ရေးမှာ သုံးရမယ်၊ သုံးမယ့်ပစ္စည်းတွေကို ဂျပန်ပစ္စည်းတွေ ဝယ်ရမယ်၊ လုပ်စရာရှိ ဆောက်စရာရှိရင် ဂျပန်ကုမ္ပဏီတွေ ခေါ်ရမယ်။ ကျန်တဲ့သန်း ၅၀ လောက်က နည်းပညာအကူအညီအတွက် သုံးဖို့နဲ့ မြန်မာ-ဂျပန် ဖက်စပ်တွေအတွက်။

ကိုမျိုးချစ် – သူ့နိုင်ငံအတွက်တော့ သူချန်ထားတာပေါ့။

ဖွံ့ဖြိုးရေးပါရဂူ – တခြားနိုင်ငံတွေလည်း ဒီလိုပဲလေ။ ဂျာမန်အထောက်အပံ့နဲ့လုပ်တဲ့စီမံကိန်းမှာ ပြည်ပပညာရှင်ခေါ်ရင် ဂျာမန်ဦးစားပေးဖြစ်မှာပေါ့။ သူတို့လှူထားတဲ့ပိုက်ဆံကိုး။ သူတို့နိုင်ငံသားတွေရဲ့ အခွန်ငွေတွေနဲ့ လှူတာ၊ ပြန်ရရင် သူတို့နိုင်ငံသားအိတ်ကပ်ထဲ အရင်ပြန်ရောက်မှ ဖြစ်မှာပေါ့။

ကိုမျိုးချစ် – ဒါဆို စေတနာက နှောင်ကြိုးတွေနဲ့ပေါ့။

ဖွံ့ဖြိုးရေးပါရဂူ – ကြိုးအနည်းနဲ့အများ ကွာပါတယ်။ အကူအညီယူရင် ဘာအရင်လုပ်ပေးမှ၊ ဘယ်လိုစီစဉ်ရမယ်ဆိုတာမျိုးကို ကြည့်ပေါ့။ သိပ်ကြိုးများလွန်းရင် မယူနဲ့။ ကိုယ်ကြိုက်မှ ကိုယ်ယူပေါ့။ အရေးပေါ် အကူအညီတွေကတော့ သနားလို့ပေးတာများပါတယ်။ တံတားဆောက်ဖို့၊ လမ်းမကြီးတွေဖောက်ဖို့ စတဲ့ ဖွံ့ဖြိုးရေးအကူအညီတွေမှာကျတော့ ကြိုးတွေပါတယ်။ ဒါကလည်း အကြောင်းရှိတယ်လို့ ပြောရင်ရတယ်။ ပေးလိုက်တဲ့ အကူအညီတွေကို သက်ဆိုင်ရာလူကြီးတွေက အိတ်ထဲထည့်လိုက်ရင် အလဟဿဖြစ်ကုန်မယ်။ ပြည်ပက ချေးထားတဲ့ငွေတွေဆိုရင် နိုင်ငံက ပြန်ဆပ်ရမှာ။ ကြွေးရှင်နိုင်ငံက သူ့ကြွေးဆုံးမှာကြောက်တော့ သူ့ပိုက်ဆံပြန်ရအောင် အရင်စီစဉ်တာပေါ့။ ကြွေးယူချင်ရင် အဲဒီနိုင်ငံအစိုးရက အရင်ပြုပြင်ပြောင်းလဲရမယ်ဆိုပြီး တောင်းဆိုခဲ့တာတွေတောင် ရှိတယ်။

ကိုမျိုးချစ် – ပြည်ပအကူအညီနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့တောင် မလွယ်ပါလား။

ဖွံ့ဖြိုးရေးပါရဂူ – ပြည်ပအကူအညီတွေ ပြန်ရလာတာတောင် ဆုလာဘ် ကြီးပဲလေ။ ပြည်ပအကူအညီရတော့ ကိုယ့်ချည်းဆို မနိုင်တာတွေလုပ်လို့ရတာပေါ့ဗျာ။ မြန်မာနိုင်ငံသမိုင်းမှာ ဒီလောက်များများရတာ ဒါပထမဆုံးပဲ။ ပြည်ပအကူအညီတွေ ပြန်ရတဲ့အတွက် နိုင်ငံပုံရိပ်လည်း တက်တယ်။

ကိုမျိုးချစ် – သူများထောက်ပံ့ခံရတာ၊ သူများဆီက ငွေချေးရတာတောင် နိုင်ငံပုံရိပ်တက်သေးတာလား ဆရာရယ်။

ဖွံ့ဖြိုးရေးပါရဂူ – ငွေထုတ်ချေးတယ်ဆိုတာ ပြန်ရနိုင်တဲ့သူကိုမှ ထုတ်ချေးကြတာ။ မေတ္တာနဲ့ပေးတယ်ဆိုတာ (Grant) ကလည်း မေတ္တာရှိတဲ့သူကိုမှ ပေးတာ။ ခု မြန်မာကို နိုင်ငံတကာက ချေးလာကြတာ ပြန်ရနိုင်ချေရှိတယ်ထင်လို့။ မေတ္တာနဲ့ပေးကြတာ ပေးသင့်တယ်ထင်လို့။

ကိုမျိုးချစ် – တောင်ကိုရီးယားဆီက မြန်မာ စက်တင်ဘာလကရလိုက်တဲ့ ချေးငွေ ဒေါ်လာတစ်ဘီလီယံကရော ပြန်ရနိုင်တယ်ထင်လို့ ချေးလိုက်တာပေါ့။

ဖွံ့ဖြိုးရေးပါရဂူ – အဲဒါက နောက်ထပ်ခေါင်းစဉ်ဖြစ်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည် အခုရောက်နေတဲ့ ကိုရီးယားခရီးစဉ်ကိုပါ ထည့်ပြောရတော့မယ်။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *