ဘာလို့ နိုင်ငံအတော်များများမှာ ဆန္ဒတွေပြနေကြသလဲ

ကမ္ဘာတစ်ဝန်းက ဆန္ဒပြပွဲတွေလိုက်ကြည့်နေမယ်ဆိုရင် ကြည့်လို့ကို မဆုံးနိုင်ဘူး။ တချို့က ငြိမ်းငြိမ်းချမ်းချမ်း၊ တချို့က အကြမ်းဖက်၊ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်တွေမှာ ကမ္ဘာတစ်ဝန်း တွေ့နေကြရတယ်။ ဘယ်လ်ဂျီးရီးယား၊ ဘိုလီးဗီးယား၊ ဗြိတိန်၊ ကာတာလိုနီးရား၊ ချီလီ၊ အီကွေဒေါ၊ ပြင်သစ်၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ ဟောင်ကောင်၊ အီရတ်၊ ကာဇက်စတန်၊ လက်ဘနွန်နဲ့ ကျန်တဲ့နိုင်ငံတွေပေါ့။ နိုဝင်ဘာလ ၁ ရက်နေ့တုန်းကပဲ ပါကစ္စတန်ဝန်ကြီးချုပ် နှစ်ရက်အတွင်း နုတ်ထွက်ပေးဖို့ မြို့တော်အစ္စလာမ်ဘာ့ဒ်မှာ လူထောင်သောင်းချီပြီး ဆန္ဒပြခဲ့ကြပါသေးတယ်။

၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အာရှနဲ့ အရှေ့ ဥရောပနိုင်ငံတစ်ဝန်း ‘ပြည်သူ့အာဏာ’ လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့တယ်။ လမ်းပေါ်ကို လူတွေ လှိမ့်ထွက်တာမျိုး အရင်က မကြုံဖူးဘူး။ ၁၉၆၀ ပြည့်နှစ်တွေတုန်းကလည်း နိုင်ငံအတော်များများနဲ့ လူအတော်မျာများ ကမ္ဘာတစ်ဝန်းမှာ ဆန္ဒပြမှုတွေဖြစ်ခဲ့တယ်။

အဲဒီလှိုင်းလုံး နှစ်ခုတုန်းကတော့ လောလောဆယ် အဆက်အစပ်မရှိ၊ အလိုအလျောက် လှုပ်ရှားမှုတွေနဲ့စာရင် ပိုပြီးအချိတ်အဆက်ရှိကြတယ်။ နိုင်ငံအတော်များများက ဆန္ဒပြတဲ့လူတွေမှာ မကျေနပ်တာတွေ၊ ရည်ရွယ်ချက်တွေ တူညီခဲ့ကြတယ်။ အခုဖြစ်နေတာတွေကျတော့ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ မရှောင်လွှဲသာတဲ့အကြောင်းအရာတွေ ပေါ်ပေါက်လာနေတာကို တွေ့ရတယ်။ ပါကစ္စတန်မှာ အကြောင်းတရားသုံးခုကို တွေ့ရတယ်။ ငွေဖောင်းပွမှုဖြစ်တာနဲ့ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အစီအစဉ်အရ၊ ချွေတာရေးကျင့်သုံးရတာဆိုတဲ့ စီးပွားရေးအကြောင်းတရားတွေ၊ အကျင့်ပျက်ခြစားမှုတွေ ရှိနေတယ်ဆိုတဲ့အမြင်၊ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါင်းမိသွားတာပါ။

ဒါကလည်း တမင်သက်သက်လုပ်တာမဟုတ်ဘဲ မတော်တဆ ပေါင်းမိသွားတဲ့သဘော ရှိပါတယ်။ လက်ဘနွန်မှာကျတော့ WhatsApp လို ဝန်ဆောင်မှုတွေကနေ ဖုန်းခေါ်တာကို အခွန်ကောက်လို့ ဆန္ဒပြကြတာပါ။ ဟောင်ကောင်က တရုတ်ကို တရားခံလွှဲပြောင်းရေးနဲ့ ပတ်သက်ပါတယ်။ ကာတာလိုနီးယားမှာကျတော့ လွတ်လပ်ရေးလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်လို့ပါ။

ဗြိတိန်မှာတော့ အီးယူက ခွဲထွက်ဖို့အရေးမှာ ဒုတိယအကြိမ်ဆန္ဒခံယူပွဲလုပ်ဖို့ပါ။ ကမ္ဘာတစ်ဝန်းဖြစ်ရတဲ့ လှုပ်ရှားမှုတွေမှာ တောင်းဆိုတာတွေ မတူကြပေမယ့် ကြွေးကြော်တာတွေ တူကြတယ်။ ၁၉၅၃ ခုနှစ်က မာလွန်ဘရန်ဒို ပါဝင်သရုပ်ဆောင်တဲ့ ‘The Wild One’ ကားထဲမှာ ဘာကို ဆန့်ကျင်နေတာလဲလို့မေးတော့ ‘မင်းမှာ ဘာရှိလို့လဲ’ လို့ ပြန်ဖြေသလိုပေါ့။

ဆန္ဒပြတာတွေ တစ်ခုနဲ့တစ်ခု မတူကြပေမယ့် ပညာရှင်တွေက ဘုံအကြောင်းတရားတွေ လိုက်ရှာကြည့်တဲ့အခါ စီးပွားရေး၊ လူဦးရေနဲ့ ပူးပေါင်းကြံစည်ကြတာတွေကြောင့် ဖြစ်ပါသတဲ့။

ချီလီလို ဆူကြုံနိမ့်မြင့်ကွာဟမှု ကြီးမားနေတဲ့နိုင်ငံမှာ ရုန်းကန်လှုပ်ရှားနေရတဲ့ လူတွေရဲ့ နောက်ဆုံးကောက်ရိုးတစ်မျှင်လိုဖြစ်နေတဲ့ ရထားခ လေးရာခိုင်နှုန်း တက်လိုက်တာဟာ လူနေမှုအဆင့်အတန်းကို နည်းနည်းလေးပဲ ထိခိုက်တယ်လို့ ထင်ရတာပါ။ လက်ဝဲဝါဒီတွေကတော့ ဒါဟာ သေပန်းပွင့်၊ ဖရိုဖရဲနိုင်လှတဲ့ အရင်းရှင်စနစ်ရဲ့ နောက်ဆုံးထွက်သက်လို့ မြင်တယ်။ ဩစတြေးလျဆိုရှယ်လစ်ဂျာနယ်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်အတွင်း လစ်ဘရယ်လက်သစ် (Neo Liberals) မူဝါဒတွေကြောင့် တစ်နိုင်ငံပြီးတစ်နိုင်ငံ အလုပ်သမားတွေ အများကြီး ဒုက္ခရောက်၊ လုပ်ခတွေကျပြီး စနစ်ထဲမှာ အကျပ်အတည်းတွေ တိုးပွားနေတယ်လို့ သုံးသပ်တယ်။

လွတ်လပ်တဲ့ဈေးကွက်ကို ကြိုက်တဲ့သူတွေတောင်မှ ဆူကြုံနိမ့်မြင့်ကွာဟမှု ကြီးမားလာတာကြောင့် မကျေနပ်ချက်တွေများလာတာကို မြင်တွေ့နေရတယ်။ ချီလီဆိုရင် လက်တင်အမေရိကမှာ တည်ငြိမ်တဲ့နိုင်ငံတစ်ခုလို့ မြင်ခဲ့ကြရာက အခုတော့ မတည်မငြိမ်ဖြစ်လာလို့ လက်ခံကျင်းပဖို့ စီစဉ်ထားတဲ့ နိုင်ငံတကာထိပ်သီးအစည်းအဝေးနှစ်ခုကို ပယ်ဖျက်ခဲ့ရတယ်။ ချမ်းသာတဲ့နိုင်ငံတွေထဲမှာ ဆူကြုံနိမ့်မြင့်ကွာဟမှု အကြီးဆုံးနိုင်ငံ ဖြစ်နေပါပြီ။

လူဦးရေရှုထောင့်ဘက်ကကြည့်ရင် ဆန္ဒပြတာအများစုက လူငယ်တွေ လုပ်ကြတာပါ။ ကမ္ဘာ့လူဦးရေရဲ့ အလယ်အလတ်အသက် ၃၀ လောက်ပဲရှိပြီး သုံးပုံတစ်ပုံက အသက် ၂၀ အောက်မှာပါ။

ဆယ်ကျော်သက်နဲ့ နှစ်ဆယ်စွန်းစွန်းအရွယ်တွေဟာ ဆန္ဒပြလို့အကောင်းဆုံးဖြစ်နေတာ ၂၀၀၇-၂၀၀၈ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပြီးချိန်ကတည်းကပဲ။ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းရဲ့ရလဒ်လို့ ပြောမယ်ဆိုရင်လည်း ဆိုနိုင်တယ်။ သမိုင်းပါရဂူတစ်ယောက်ကတော့ ၁၉၆၀ ပြည့်လွန်နှစ်တွေနဲ့ နှိုင်းယှဉ်ပြီး တက္ကသိုလ်ပညာစန်းပွင့်လို့ အလုပ်အကိုင်ထက် ဘွဲ့ရတွေက များနေတာကြောင့် ဖြစ်ရတယ်၊ ‘ပညာ တတ်လူငယ်တွေ အလွန်အကျွံများနေလို့’ ဖြစ်မယ်လို့ သုံးသပ်တာတွေ့ရတယ်။

ပူးပေါင်းကြံစည်ကြတယ်ဆိုတာကတော့ အစိုးရတွေအနေနဲ့ ဆန္ဒပြတာတွေဟာ ပြည်ပက ကြိုးကိုင်လှုပ်ရှားကြလို့လို့ စွပ်စွဲကြလေ့ ရှိပါတယ်။ ဟောင်ကောင်ကိစ္စဆိုရင် အမေရိကန်ရဲ့လက်ရာ မကင်းဘူးပေါ့။ လက်တင်အမေရိကမှာဆိုရင် ကျူးဘားနဲ့ ဗင်နီဇွဲလားက ဆိုရှယ်လစ် အစိုးရတွေဟာ သူတို့နိုင်ငံဒုက္ခရောက်နေတာကို အာရုံလွှဲဖို့ တခြားနိုင်ငံတွေပါ မတည်ငြိမ်အောင် လိုက်လုပ်နေတယ်လို့ စွပ်စွဲခံရပါတယ်။

တချို့ဆန္ဒပြပွဲတွေက စောစောကပြောတဲ့ စီးပွားရေးအကြောင်းတရား၊ လူဦးရေအကြောင်းတရားရယ်၊ ပူးပေါင်းလုပ်ကြံတာတွေရယ်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အားလုံးကို ခြုံပြောလို့တော့မရဘူး။ ကမ္ဘာ့စီးပွားရေးအဆောက်အဦ ဒုက္ခရောက်နေတာ မှန်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က စီးပွားရေးပျက်ကပ်ဖြစ်လို့ အလုပ်လက်မဲ့တွေဖြစ်လုလုအခြေအနေမျိုးလောက် မနက်ရှိုင်းဘဲ လမ်းပေါ်ထွက်တာက လူနည်းနည်းပဲရှိပါတယ်။ ဆန္ဒပြပွဲတွေကို လူငယ်တွေ လွှမ်းမိုးတာလည်း မှန်ပါတယ်။ ဒါပေမဲ့ လန်ဒန်နဲ့ ဟောင်ကောင်က ဆန္ဒပြပွဲတွေကိုကြည့်ရင် လူလတ်တန်းစားတွေရော၊ လူကြီးတွေပါ ပါဝင်နေတာ တွေ့ရတယ်။ နိုင်ငံရပ်ခြားက ပူးပေါင်းကြံစည်တယ်လို့ ပြောတဲ့အခါမှာ အင်တာနက်ရဲ့ ဂယက်မကင်းပေမယ့် ကမ္ဘာတစ်ဝန်းကို ဆရာကြီးတစ်ယောက်က ကြိုးဆွဲနေတယ်လို့ပြောရင် ဘယ်သူမျှ မယုံကြဘူး။

ဒါကြောင့် စောစောက အကြောင်းတရားသုံးပါးကို လက်မခံနိုင်ကြဘူး။ စောစောပိုင်းကလှိုင်းတွေကိုကြည့်ရင်လည်း တစ်စုတစ်စည်း၊ တညီတညွတ်တည်းလုပ်ကြတာ မတွေ့ရဘူး။ ထင်တာထက်ပိုပြီး အကွဲကွဲအပြားပြားဖြစ်နေတာ တွေ့ရတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက တရုတ်မှာ တပ်နီရဲ့လှုပ်ရှားမှုဟာ မော်စီတုံးကို ပုဂ္ဂိုလ်ရေး ကိုးကွယ်ကြတာနဲ့ ပါတီတွင်းအာဏာလုပွဲမှာ အနိုင်ရစေချင်တာတွေကြောင့်ဖြစ်တယ်။ အနောက်တိုင်းက လူငယ်တွေကျတော့ ဆံပင်ရှည်ထားချင်တာ မူးယစ်ဆေးဝါးနဲ့ လိင်ကိစ္စတွေကြောင့် ဖြစ်တယ်လို့တွေ့ရတယ်။ ဗီယက်နမ်စစ်ပွဲဆန့်ကျင်တာ၊ အရှေ့ဥရောပကို ဆိုဗီယက်တွေ လွှမ်းမိုးတာ၊ တက္ကသိုလ်တွေရဲ့ ကျောင်းတက်ချိန်တွေနဲ့ပတ်သက်ပြီး ဆန္ဒပြတာတွေလည်း ရှိတယ်။ နောင်အနှစ်နှစ်ဆယ်အကြာမှာ ပေါ်ပေါက်လာတဲ့ ‘ပြည်သူ့အာဏာ’ လှုပ်ရှားမှုတွေကို ကြည့်ရင်လည်း တူတာထက် မတူတာတွေက ပိုများနေတယ်။ ဖိလစ်ပိုင်က ဖါဒီနန်မားကို့စ်တို့၊ တောင်ကိုးရီးယားက ချန်ဒူးဝမ်တို့လို လက်ယာအာဏာရှင်တွေနဲ့ အရှေ့ ဥရောပက နီကိုလပ်ချောင်ဆယ်ဆဂူတို့၊ ဂျရူဇယ်စကီးတို့နဲ့လည်း မတူပါဘူး။

အစကိုပြန်ကောက်ရရင် လူတွေဟာ သူတို့မကျေနပ်တာတွေကို ဘာလို့လမ်းပေါ်ယူလာကြသလဲ။ အကြောင်းတရားနှစ်ခုကြောင့် ဖြစ်နိုင်တယ်။ ဒါပေမဲ့ သိပ်ပြောလေ့မရှိဘူး။ တရားဥပဒေကြောင့် အန္တရာယ်နဲ့ ရုပ်ပိုင်းဆိုင်ရာအန္တရာယ်တွေကြောင့်ပါ။ နေ့စဉ်ရုန်းကန်လှုပ်ရှားနေရ တာတွေနဲ့စာရင် ဆန္ဒပြရတာက ပိုစိတ်လှုပ်ရှားရင်ခုန်စရာကောင်းတယ်။ ပျော်စရာကောင်းတယ်။ ပြီးတော့ လူတကာလုပ်နေကြတော့ သူတို့နဲ့ ပေါင်းစည်းညီညွတ်ပြဖို့ဟာ ဖက်ရှင်တစ်ခုလို ဖြစ်နေတယ်။

ဆန္ဒပြပွဲတွေမှာ တူတာတွေလည်းရှိတယ်။ စမတ်ဖုန်းတွေကြောင့် ဆန္ဒပြဖို့လူစုလို့၊ လူသိများအောင်လုပ်လို့ ရက်ရှည်ပြလို့ လွယ်စေတယ်။ အာဏာပိုင်တွေမသိဘဲ အချင်းချင်းသတင်းစကားတွေ ဖြန့်ဝေလို့ရတယ်။ နည်းလမ်းအသစ်တွေလည်း တောမီးလိုပျံ့နှံ့နေတယ်။ ဟောင်ကောင်ဆန္ဒပြတဲ့သူတွေအတွက် ကြွေးကြော်သံသီချင်းအသစ်တစ်ပုဒ်လည်း အင်တာနက်ပေါ်တက်လာရော လူအုပ်စုလိုက် ဝိုင်းဝန်းသရုပ်ဖော်ကြတော့ ဈေးဝယ်စင်တာတွေ ပိတ်ကုန်ရရော။

တတိယအကြောင်းတရားက ပိုပြီးစိတ်ဝင်စားစရာကောင်းတယ်။ သမားရိုးကျ နိုင်ငံရေးလမ်းကြောင်းတွေ အလုပ်မဖြစ်တော့လို့တဲ့။ ၁၉၈၀ ပြည့်လွန်နှစ် နှောင်းပိုင်းတွေတုန်းက ဆန္ဒပြခဲ့ကြတာဟာ အတုအယောင်ရွေးကောက်ပွဲတွေလုပ်တဲ့ အာဏာရှင်အစိုးရတွေကို ဦးတည် တာပါ။ မဲပေးခွင့်မရှိတဲ့အခါ ‘ပြည်သူ့အာဏာ’ ကို ပြသဖို့ လမ်းပေါ်တက်တဲ့နည်းတစ်နည်းပဲ ရှိတယ်။ ဒီနှစ် အယ်လ်ဂျီးရီးယားနဲ့ ဆူဒန်မှာဆန္ဒပြတာတွေဟာ သဘောချင်းအတူတူပဲ။ ဒါပေမဲ့ အဆင်ပြေနေတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာလည်း ဖြစ်တတ်တာပဲ။

ဒီခေတ်မှာ အကြောင်းတရားအမျိုးမျိုးကြောင့် လူတွေဟာ အာဏာမရှိဘူး၊ အင်အားမရှိဘူး၊ မဲပေးထားတာတွေလည်း အရေးမပါဘူးလို့ ထူးထူးခြားခြားခံစားနေကြရတယ်။ အကြောင်းတရားတစ်ခုက ပတ်ဝန်းကျင်ကိစ္စတွေ၊ အထူးသဖြင့် ရာသီဥတုအပြောင်းအလဲတွေကို လူတွေက ပိုပြီးဂရုစိုက်လာကြတယ်။ တချို့နိုင်ငံတွေမှာတော့ လောင်စာသုံးတာလျော့အောင် အခွန်တိုးကောက်တာမျိုးတွေရှိတယ်။ အခွန်တိုးကောက်လို့ ဆန္ဒပြတဲ့ဘက်ကလည်းပြကြတယ်။ မီးခိုးတွေ ကမ္ဘာကြီးထဲများနေတဲ့ကိစ္စက မဲတစ်မဲမပြောနဲ့၊ အစိုးရတစ်ဖွဲ့ထဲတောင် ဘာမှ မလုပ်နိုင်တဲ့ နိုင်ငံတကာကိစ္စဖြစ်တယ်။

ဒုတိယအကြောင်းတရားကတော့ လူမှုမီဒီယာ၊ လူမှုကွန်ရက်ပါ။ သူ့ရဲ့သဘောက ကိုယ်နဲ့သဘောချင်းတိုက်ဆိုင်တာတွေကို ချဲ့၊ ကိုယ်မကြိုက်တာတွေကို နှုတ်ပိတ်ပစ်တတ်တဲ့သဘောရှိတယ်။ ဒါကြောင့် ကိုယ်ပြောချင်တာတွေ ပြောလို့မရဘူးလို့ အားကိုးရာမဲ့ဖြစ်နေတဲ့စိတ်ကို ပိုပြီးဆိုးဝါးစေတယ်။ ကိုယ့်စကားကို ဘယ်သူမျှ နားမထောင်ကြဘူးပေါ့။

တတိယအကြောင်းတရားကတော့ သည်းမခံနိုင်တာတွေ များလာကြတာပါ။ အနောက်တိုင်းဒီမိုကရေစီမှာ စေ့စပ်ညှိနှိုင်းတဲ့နည်း အဆင်မပြေတော့ နောက်ရွေးကောက်ပွဲအထိ အနိုင်ရတဲ့သူလုပ်သမျှ ခံကြရတဲ့သဘောရှိတယ်။ ရှုံးနိမ့်သွားတဲ့သူတွေဆိုတာကလည်း လူနည်းစု မဟုတ်ဘူး။

အခုပြောတဲ့အချက်တွေကို ခြုံပြီးကောက်ချက်ဆွဲလို့တော့ မရဘူး။ ဒီလမ်းကြောင်းတွေ လျော့ပါးသွားမယ့် အလားအလာကိုတော့ မတွေ့ရသေးဘူး။ ဒီတတိယဆန္ဒပြလှိုင်းလုံးတွေဟာ တတိယအကြိမ် ကမ္ဘာ့တော်လှန်ရေးဖြစ်ဖို့ ရှေ့ပြေးအတိတ်နမိတ်တွေ မဟုတ်လောက်ပေမယ့် အရှိန်မပျက်နေချင်တဲ့ အခြေအနေသစ်တစ်ခုလောက်ပဲ ဖြစ်ကောင်းရဲ့လို့ The Economist က သုံးသပ်ထားပါတယ်။ 

(The Economist Nov 4th, 2019)

ခင်မောင်ညို(ဘောဂဗေဒ)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *