ပြည်သူအထိနာနေသည့် ပြည်နယ်

မြောက်ဦးမြို့ပေါ်တွင် ဒီဇင်ဘာလ ၂ ရက်နေ့က လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ အုတ်ဂူ

ရခိုင်ပြည်နယ်တွင် တစ်နှစ်ခန့်ကြာ ပြင်းထန်နေဆဲတိုက်ပွဲများကြောင့် အရပ်သားပြည်သူများစွာ အသက်ပေးလိုက်ရပြီဖြစ်သည်။ နေ့စဉ်နှင့်အမျှ အရပ်သားများ သေဆုံး၊ ထိခိုက်ဒဏ်ရာရနေကြဆဲဖြစ်သည်။

၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) တို့အကြား ပြင်းထန်လာသည့် တိုက်ပွဲမှာ လျော့ကျသွားခြင်းမရှိဘဲ စစ်ရှိန် မြင့်သထက်မြင့်နေဆဲဖြစ်သည်။ ယင်းသို့တိုက်ပွဲများ ပြင်းထန်နေသည့် ကာလတွင် အရပ်သားပြည်သူများ မြေဇာပင်ဖြစ်ကြရခြင်းဖြစ်သည်။

တိုက်ပွဲများမှာ အရပ်သားပြည်သူ နေထိုင်သည့် မြို့၊ရွာ အနီးဝန်းကျင်တွင် ဖြစ်ပွားမှု စိပ်လာပြီး တိုက်ပွဲများ ပြင်းထန် ခြင်းနှင့်အတူ အရပ်သားများ ထိခိုက် သေဆုံးမှုနှုန်းမှာ လိုက်ပါမြင့်တက်လာ သည်။ ယင်းအနက် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ သေဆုံးမှုမှာလည်း မကြာခဏ ဖြစ်ပွားနေသည်။ စစ်ဘေးရှောင်ဒုက္ခသည်မှာလည်း တစ်သိန်းကျော်သွားပြီဖြစ်သည်။

သို့သော် လက်နက်ကိုင်နှစ်ဖွဲ့ကမူ အရပ်သားထိခိုက်သေဆုံးရသည့် ဖြစ်ရပ်များတွင် အပြန်အလှန်အပြစ်ဖို့ နေကြဆဲဖြစ်သည်။

“ပြည်သူတွေ နေ့စဉ်ရက်ဆက်ပဲ သေနေကြရတယ်” ဟု ပြောဆိုသူက ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ဖြစ်သည်။ ၎င်းသည် ရခိုင်အမျိုးသားပါတီ (ANP) ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်လည်းဖြစ်သည်။

“စစ်ပွဲမဖြစ်ရင်တော့ အကောင်းဆုံးပဲ။ သို့သော်လည်း စစ်ပွဲရပ်ဖို့ကလည်း ငြိမ်းချမ်းရေးရမှဖြစ်မယ်။ အဲဒါကြောင့် နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်းနဲ့ အရပ်သားသေဆုံးမှု မဖြစ်အောင် လုပ်ဖို့လိုတယ်” ဟု ၎င်းက တိုက်တွန်းသည်။

စစ်ပွဲကြာရှည်လာခြင်း

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) သည် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ဌာနချုပ်ဖြစ်သည့် လိုင်ဇာတွင် စစ်သင်တန်းတက်ရောက်ကာ ၂၀၀၉ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်တွင် ခြေကုပ်ယူရန် ကြိုးပမ်းရာမှ တပ်မတော်နှင့်ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားလာသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် များသို့ ခြေကုပ်ယူလာပြီး ယင်းကာလ မှစတင်ကာ တိုက်ပွဲများ နှစ်စဉ် ဖြစ်ပွားနေရာမှ ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ တိုက်ပွဲများ ပိုစိပ်လာပြီး ဒီဇင်ဘာလတွင် ပိုမိုပြင်း ထန်လာခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ နံနက် ၆နာရီခွဲတွင်မူ ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်း လေးခုကို AA က ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့သည်။ ယင်းဖြစ်စဉ်နောက်ပိုင်းတွင် တိုက်ပွဲများမှာ ယနေ့အချိန်အထိ မရပ်တန့်တော့ဘဲ ပြင်းထန်သည်ထက်သာ ပြင်းထန်လာသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာတိုက်ပွဲများ အရှိန်မြင့်တက်လာပြီး တစ်နှစ်အတွင်း တိုက်ပွဲအရှိန်လုံးဝ လျော့ကျခြင်းမရှိခဲ့ ကြောင်း၊ ယင်းသို့မြင့်တက်သည့်အပေါ်မူတည်ကာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်း မြင့်တက်လာကြောင်း ရခိုင်ပြည်နယ် အရေးလေ့လာသုံးသပ်သူလည်းဖြစ်၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခအရေး လေ့လာသုံးသပ်သူလည်းဖြစ်သူ ဦးမောင်မောင်စိုးက ပြောဆို သည်။

ယင်းအပြင် ယခုနှစ် မေလဝန်းကျင်က စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ငါးသောင်းခန့်သာရှိရာမှ လက်ရှိတွင် တစ်သိန်းကျော်အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

 “တိုက်ပွဲကြောင့် ထိခိုက်သေဆုံးတဲ့ အရပ်သားဦးရေကလည်း တစ်ရာကျော်လောက်ရှိတယ်။ အဖမ်းခံရတဲ့ သူကလည်း ရာနဲ့ချီရှိနေပြီ။ အဲဒီတော့ စစ်ပွဲပြင်းပြင်းထန်ထန်ဖြစ်လာရင် အရပ်သားထိခိုက်မှုကတော့ ပိုပြီးတော့ မြင့်လာတာတော့ ရှောင်လွှဲလို့မရဘူး” ဟု ၎င်းက မှတ်ချက်ပေး သည်။

အရပ်သားများ ထိခိုက်ခြင်း

တိုက်ပွဲပြင်းထန်သည့် ကာလအတွင်း ရခိုင်ပြည်နယ်တွင် အရပ်သားထိခိုက် ဒဏ်ရာမှုများလည်း အမျိုးမျိုး ရှိခဲ့သည်။ တိုက်ပွဲအတွင်းနှင့် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ ပုံစံတစ်မျိုးမျိုးဖြင့် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း စသည်တို့ ရှိနေသည်။

အချို့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှု၊ မိုင်းပေါက်ကွဲတို့ဖြင့် အသက် ဆုံးရှုံးကြရသည်။ အချို့မှာ AA ဟု သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသည့် စစ်ကြောရေးကာလတွင်အသက် ဆုံးခဲ့ရသည်။ အချို့မှ လက်သည်မပေါ်ဘဲ လုပ်ကြံသတ်ဖြတ်ခံရမှုများရှိခဲ့သည်။ စစ်ကြောရေးကာလတွင် သေဆုံးသူ ၁၅ ဦးထက် မနည်းရှိပြီး လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးသူလည်း ဆယ်နှင့်ချီရှိသည်။

ရခိုင်ပြည်နယ်အမှတ် (၁၁) မဲဆန္ဒ နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တိုက်ပွဲများ စတင်ပြင်းထန်လာသည့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှစတင်ကာ ယခုနှစ် အောက်တိုဘာလအထိ အရပ်သား ၈၀ ကျော်သေဆုံးကြောင်း ပြောဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA က ဖမ်းဆီးမှုနှင့်ပတ်သက်သည့် အရေးကြီးအဆိုကို နိုဝင်ဘာလ ၁၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးစဉ် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကာလအတွင်း ထိခိုက်ဒဏ်ရာ ရရှိသူ တစ်ရာကျော်ရှိကာ ဒေသအာဏာပိုင်များ ဖမ်းဆီးစစ်ဆေးပြီးနောက် သေဆုံးသွားသူများလည်းရှိကြောင်း၊ ယင်းအပြင် ပုံမှန်သွားလာနေကျ လမ်းခရီးတွင် စစ်ဆေးခံခြင်း မရှိဟုဆိုသည့် အကြောင်းပြချက်ဖြင့်လည်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရမှု များရှိကြောင်း ဒေါ်ထုမေက ပြောဆိုခဲ့သည်။

အပြစ်မဲ့ပြည်သူများကို ထိခိုက်အောင် လုပ်ဆောင်သူများကို အပြင်းအထန် ရှုတ်ချပြီး ထိခိုက်သေဆုံးရာတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန် ဆောင်မိခင်များပါ ပါဝင်နေသဖြင့် လုံးဝမလုပ်သင့်သည့် လုပ်ရပ်ဖြစ်ကြောင်း၎င်းက The Voice Journal သို့ပြောဆိုသည်။

“အပြစ်မဲ့ပြည်သူတွေ ထိခိုက်ခြင်းကို ဘယ်သူက ဆောင်ရွက်သည်ဖြစ်စေ ကျွန်မတို့ကတော့ အပြင်းအထန် ရှုတ်ချပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်သူများနေထိုင်သည့် ကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှု၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှုတို့ကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ မကြာခဏ ကြားသိနေရသည်။ ယခု နောက်ပိုင်းတွင် ကျေးရွာများအပြင်မြို့ပေါ် ရပ်ကွက်များတွင်ပါ ဖြစ်ပွားလာသည်။

ဒေါ်ထုမေကမူ မြို့၊ ရွာများအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းတို့ကို နှစ်ဖက်စလုံးက ရှောင်းရှားသင့်ကြောင်း ပြောဆိုသည်။

“အရပ်သားတွေနေကြတဲ့နေရာဆိုတာက ကလေးလည်းရှိမယ်။ သက်ကြီး ရွယ်အိုလည်း ရှိမယ်။ ကိုယ်ဝန်ဆောင်လည်း ရှိမယ်။ ပညာသင်တဲ့ ကလေးတွေလည်းရှိမယ်။ ဒါကြောင့်မိုလို့ ပြည်သူတွေနေတဲ့ မြို့နဲ့ရွာတွေကိုတော့ မထိခိုက်အောင် ဆောင်ရွက်ကြရမှာ တာဝန်ကိုယ်စီရှိတယ်ရှင့်” ဟု ၎င်းက ဆိုသည်။

လောလောလတ်လတ် ဒီဇင်ဘာလ ၆ ရက်နေ့က ကျောက်တော်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သည်။ ကျောင်းတက်ရန် သွားသည့် အသက် ၉ နှစ်အရွယ် တတိယတန်းကျောင်းသားတစ်ဦး ကျည်ဆန်ထိမှန် သေဆုံးခြင်းဖြစ်သည်။ ကျောက်တော်မြို့ပေါ်၌ ယင်းနေ့ နံနက်ပိုင်းက ပေါက်ကွဲသံများ ကြားရပြီးနောက်တွင် ပစ်ခတ်မှုဖြစ်ပွားရာ အဆိုပါကလေးငယ်ကို သေနတ်ကျည်ဆန်ထိမှန်ခြင်းဖြစ်ကြောင်း ကလေးငယ်၏ မိသားစုဝင်များထံမှ သိရသည်။

ယင်းကလေးငယ်သည် ပိုက်သည်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး နံနက် ၉ နာရီကျော်တွင် ကျောင်းတက်ရန် ကျောင်းသို့သွားစဉ် ပစ်ခတ်သံကြားရသဖြင့် နေအိမ်သို့ ပြန်ပြေးလာစဉ် နေအိမ်အနီးသို့အရောက်တွင် ကျည်ထိမှန်ကြောင်း ကလေးငယ်၏အဖွားဖြစ်သူက ပြောကြားသည်။

“မသိနားမလည်တဲ့ ကလေး သေသွားတာတော့ အရမ်းခံစားရတယ်။ နောက်နောင်လည်း ဒီလိုမျိုး မဖြစ် စေချင်တော့ဘူး။ မသိနားမလည်တဲ့ ကလေးတွေဆီမှာ၊ ပြည်သူတွေဆီမှာ မဖြစ်စေချင်တော့ဘူး” ဟု ကလေး၏အဖွားဖြစ်သူက ပြောဆိုသည်။

ကလေးငယ်မှာ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘနှစ်ဦးမှာ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေကြသဖြင့် လက်ရှိတွင် အဒေါ်ဖြစ်သူနှင့် အတူနေထိုင်နေသူဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကလေးကို ရှင်ပြုချင်ကြတယ်။ ပညာရေးကလည်း တစ်နှစ်ထက်တစ်နှစ် အတန်းကြီးလာပြီဆိုတော့ ငွေလို တယ်။ မိဘတွေကတော့ အသက်ငယ်တုန်း ငွေရှာမယ်ဆိုပြီး ဒီနှစ်ထဲမှာပဲ အလုပ်သွားလုပ်တာ” ဟု အဖွားဖြစ်သူ ဆက်လက်ပြောကြားသည်။

ယင်းအပြင် ဒီဇင်ဘာလ ၂ရက်နေ့ကလည်း မြောက်ဦးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သေးသည်။ အလယ်ဈေး ရပ်ကွက်၊ ချင်းပျံတောရွာတွင် ပေါက်ကွဲမှုဖြစ်သဖြင့် ကလေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးကာ လူလေးဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်ရပ်မှာ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု AA က စွပ်စွဲပြီး တပ်မတော်ကမူ ၎င်းတို့ လုပ်ရပ်မဟုတ်ကြောင်း ငြင်းဆိုထားသည်။ အဆိုပါနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်အပြင် ယင်းဖြစ်ရပ်မှာလည်း လက်နက်ကြီးကျည် ကျရောက်ခြင်းမဟုတ်ဘဲ ဗုံးသီးအဟောင်းကို အမျိုးသမီးတစ်ဦးက ထုခွဲရာမှ ပေါက်ကွဲခြင်းဖြစ်ကြောင်းတပ်မတော်က တုံ့ပြန်ထားသည်။

သို့သော်လည်း ကျေးရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်မှု၊ သေနတ်ဖြင့် ပစ်ခတ်မှုတို့ကြောင့် အရပ်သား များ ထိခိုက်သေဆုံးမှုများမှာလည်း ရှိနေသည်။ အနီးစပ်ဆုံးဆိုရလျှင် ယခုဒီဇင်ဘာလနှင့် ပြီးခဲ့သည့် နိုဝင်ဘာလ တို့တွင်လည်း အရပ်သားထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများ ရှိခဲ့သည်။ ယင်းအနက် ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပါဝင်ခဲ့သည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင်မြောက်ဦး မြို့နယ် ရန်အောင်ပြင်ကျေးရွာအုပ်စု၊ နလိတ်ကျေးရွာ (မြိုရွာ) သို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲသဖြင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် လူငယ်သုံးဦး ဒဏ်ရာရခဲ့သည်။ ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ရွာရှည်ပြင် ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ကလေးငယ် သုံးဦးအပါအဝင် လူငယ်ငါးဦး ဒဏ်ရာရရှိသည်။

နိုဝင်ဘာလအတွင်းကလည်း ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး မြို့နယ်တို့ရှိ ကျေးရွာအချို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးအပါအဝင် ခုနစ်ဦး ဒဏ်ရာရရှိပြီးအမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ယင်းအပြင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် မြောက်ဦး၊ မြေပုံ၊ ရသေ့တောင် မြို့နယ်တို့တွင် အသက် ၁၃ နှစ် အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၇၀ကျော် အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသည်။

သေဆုံးသည့် အမျိုးသမီးမှာ မြေပုံမြို့နယ်မှဖြစ်ပြီး စက်တပ်လောင်း လှေဖြင့် သွားလာနေစဉ် ပစ်ခတ်ခံရ၍ သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တပ်မတော်က စစ်ဆေးရန် ခေါ်ယူသည်ကို မလာဟုဆိုကာ ပစ်ခတ်ရာမှ လှေပေါ်လိုက်ပါလာသူ လေးဦးအနက် အဆိုအမျိုးသမီးကို ကျည်ထိမှန်ခြင်းဖြစ်သည်။ အသက် ၃၂ နှစ်အရွယ် အဆိုပါ အမျိုးသမီးမှာ ကိုယ်ဝန်ဆောင်လည်း ဖြစ်သည်။

မြို့ရွာနှင့်နီးလာသည့် တိုက်ပွဲ

ရခိုင်ပြည်နယ်တွင် ယခုနောက်ပိုင်း ထိတွေ့တိုက်ခိုက်မှုများမှာ တော၊ တောင်ထဲတွင် မဟုတ်တော့ဘဲ မြို့၊ ရွာများ၏ အနီးတွင် ဖြစ်ပွားလာခြင်းကြောင့်လည်း အရပ်သားများကို ပိုမိုထိခိုက်လာခြင်း ဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။

AA က တပ်မတော်စစ်ကြောင်းများကို မိုင်းခွဲတိုက်ခိုက်ရာတွင် ကျေးရွာများအနီးတွင် လုပ်ဆောင်လေ့ရှိပြီး တပ်မတော်၏ စခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ မြို့ပေါ်ရှိ တပ်ရင်းများကိုပါ ဝင်ရောက်တိုက်ခိုက်ခြင်း စသည်တို့ကြောင့် တပ်မတော်က တုံ့ပြန်ပစ်ခတ်ရာတွင် အရပ်သားများကို ထိခိုက်သည်ဟု ထောက်ပြချက်များလည်းရှိသည်။

AA သည် ပြည်သူများကို အကာကွယ်ရယူကာ တိုက်ခိုက်ပြီး အရပ်သားအသွင်ယူကာ ကျေးရွာများ အတွင်းမှလည်း တိုက်ခိုက်ကြောင်း တပ်မတော်က စွပ်စွဲထားသည်။ အခြားတစ်ဖက်တွင်လည်း AA ကမူ တပ်မတော်သည် တိုက်ပွဲများ ဖန်တီးကာပစ်ခတ်ခြင်း၊ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသဖြင့် အရပ်သားများ ထိခိုက်ဒဏ်ရာရသည်ဟု စွပ်စွဲထားပြန်သည်။

“ဒီအနေအထားမျိုးမှာတော့ အပြန် အလှန် စွပ်စွဲပြောဆိုတာမျိုး၊ အပြန်အလှန်ခုခံကာကွယ်တာမျိုးကတော့ ရှိမှာပဲ။ စစ်ပွဲရှိနေရင် ဒါတွေက ရှိနေမှာပဲ” ဟု ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောဆိုသည်။

ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမူ တိုက်ပွဲကာလတွင် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရမှုကြောင့် အရပ်သားများ သေဆုံးမှုရှိပြီး တပ်မတော်က တိုက်ပွဲ မရှိဘဲ ကျေးရွာများကို ပစ်ခတ်မှု၊ ယင်းအပြင်တိုက်ပွဲများနှင့်နီးကပ်သည့်ကျေးရွာများကို ဖိအားပေးသည့်အနေနှင့် ပစ်ခတ်မှု များကြောင့်လည်း အရပ်သားများ ထိခိုက်သေဆုံးရသည်ဟု ဒေသခံများထံမှ သိရကြောင်း ပြောဆိုသည်။

“ရွာထဲကနေ AA တွေက ပစ်ခတ် တယ်ဆိုပြီး စစ်တပ်က ပစ်ခတ်တာလည်း ရှိတယ်။ နောက်တစ်ခါ ည မထွက်ရအမိန့် ကို ချိုးဖောက်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပစ်ခတ် တာလည်းရှိတယ်။ ရမ်းသမ်းယူဆပြီး ပစ်တာလည်း ရှိတယ်။ ဒါတွေ အားလုံးက စစ်ပွဲနဲ့ တစ်ဆက်တစ်စပ်တည်း ဖြစ်လာတဲ့ ဆိုးကျိုးတွေ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

တိုက်ပွဲများမှာ တော၊ တောင်ထဲတွင် မရှိတော့ဘဲ AA သည် မြို့၊ရွာများနှင့် နီးကပ်သည်နေရာများတွင် တိုက်ပွဲဖော်ဆောင်လာကြောင်း၊ ယင်းသို့ ဖော်ဆောင်လာခြင်း မှာ AA အင်အားကြီးလာခြင်းကို ပြသနေပြီး အင်အားကြီးလာသည်နှင့်အမျှ နေရာတိုးယူလာခြင်း ဖြစ်သည်ဟု ဦးဖေသန်းက ကောက်ချက်ချသည်။

“သို့သော်လည်း အဲဒီလိုနေရာမှာ AA ကို ထောက်ခံတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပစ်တယ်၊ ခတ်တယ်။ AA ဘက်ကလည်း ရပ်ရွာတွေအနီးမှာ ဗုံးထောင်တာတွေ မျိုးစုံကြားရတယ်။ ဘာပဲပြောပြော ဒါတွေကိုတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖြစ်စေချင်တယ်” ဟု ၎င်းက ဆိုသည်။

တပ်မတော်နှင့် AA နှစ်ဖက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက် အပြစ်လွှဲချနေသည့် ပုံစံဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

တိုက်ပွဲကာလအတွင်း အရပ်သား ပြည်သူများထိခိုက်သေဆုံးမှုနှင့် ပတ်သက် ၍ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့ကို ဒီဇင်ဘာလ ၅ ရက်နေ့က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ကြပေ။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ ရခိုင်ပြည်နယ် မြောက်ပိုင်းက တိုင်းရင်းသားလက်နက် ကိုင်အရေးမှာ ဖြစ်ပွားမှု အရှိန်မြင့်မားကြောင်း ပြောဆိုသည်။

“အရှိန်နှုန်းမြင့်မားပါတယ်။ နောက် အရပ်သားနေတဲ့ဒေသတွေမှာ လူနေထူထပ်တဲ့ဒေသတွေမှာလည်း ဖြစ်တဲ့အတွက် အခုလို အရပ်သားထိခိုက်မှုတွေ များနေ တာဖြစ်ပါတယ်။ အရပ်သားတွေကို ရှောင်ပြီးတော့ နှစ်ဖက်လုံးက ဆောင်ရွက်ကြဖို့ပဲ ရှိပါတယ်” ဟု မှတ်ချက်ပေးသည်။

ပြည်သူ မနာမည့်အချိန်

အရပ်သားများထိခိုက်သေဆုံးမှု၊ စစ်ဘေးကြောင့် အတိဒုက္ခရောက်မှုများ ချုပ်ငြိမ်းရေးအတွက် စားပွဲဝိုင်းတွင်သာ အဖြေရှာကြရန် တိုက်တွန်းချက်များလည်း ရှိသည်။

“ထိခိုက်မှုနည်းအောင်ကတော့ စေ့စပ်ညှိနှိုင်းပြီးဖြေရှင်းမှ ရမှာပဲ” ဟု ဦးမောင်မောင်စိုးက ပြောဆိုသည်။

သို့သော်လည်း တပ်မတော်နှင့် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တို့သည် စက်တင်ဘာလ ၁၁ ရက်နေ့ နောက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်း မရှိတော့ဘဲ ဒီဇင်ဘာလတွင်လည်း တွေ့ဆုံရန် မသေချာသေးကြောင်း ၎င်းက ဆိုသည်။

“အဲဒီအနေအထားကို ပြောင်းပြီးတော့ တွေ့ဆုံဆွေးနွေးဖြေရှင်းမယ်ဆိုတဲ့ အမြင် ကို နှစ်ဖက်စလုံးက ကိုင်စွဲလာမှပဲ အဆင် ပြေလိမ့်မယ်လို့ ထင်တယ်။ အဓိက စစ်ပွဲ ကို ချုပ်ငြိမ်းအောင်၊ အဆုံးသတ်အောင် ဘယ်လို လုပ်မလဲဆိုတာတစ်ခုကပဲ ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းဖြစ် တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမူ လက်ရှိအခြေအနေအတိုင်း သာ ဆက်သွားနေလျှင် အတိ ဒုက္ခရောက် မည့်ကိန်းဟု ပြောဆိုသည်။ တိုက်ပွဲများ ကြောင့် လယ်ယာအပါအဝင် စီးပွားရေး လုပ်ငန်းများ မလုပ်နိုင်ကြသဖြင့် စီးပွား ရေးလည်ပတ်မှု အားနည်းသွားပြီဖြစ်ပြီး စားဝတ်နေရေး ကျပ်တည်းလာကြောင်း၊ စစ်ဘေးရှောင်ဒုက္ခသည်လည်း ပိုတိုးလာပြီး ၎င်းတို့ကို ကူညီထောက်ပံ့ရမည့် တာဝန်လည်း ပိုကြီးလာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဆွေးနွေးပွဲတွေကလည်း အလုပ် မဖြစ်ဘူးဆိုရင်၊ ပွင့်လင်းရာသီဖြစ်လာ တဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲတွေ ပိုများလာမယ်။ များလာသည်နဲ့အမျှ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေက ထပ်ပြီးတော့ ပေါ်လာမယ်။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေး ရစေချင်တယ်လို့အမြဲတမ်း တိုက်တွန်းတယ်။ သို့သော်လည်း နှစ်ဖက် အခြေအနေက ငြိမ်းချမ်းရေးရယူဖို့က တစ်စထက်တစ်စ ပိုလို့ပိုလို့ ဝေးလာတယ် လို့ မြင်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် ပြဿနာကိုသာမကတိုင်းရင်းသား များ၏အရေးကို ဆောင်ရွက်ရာတွင်အင်အား ကြီးသည့်၊ လုပ်ပိုင်ခွင့်အာဏာရှိသည့်၊ အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များသည် တိုင်းရင်းသား၏ လိုလားချက်ကို နားလည်၊ အသိအမှတ်ပြုကာ ဆောင်ရွက်ရန်လိုအပ် ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါ်ထုမေက ပြောဆိုသည်။

“တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို လေးစားရမယ်။ စားပွဲဝိုင်းမှာ ငြိမ်းချမ်းရေးအရ အဖြေရှာနိုင်မယ့် နည်းလမ်းကလွဲရင် ဘာမှမရှိပါဘူး။ ဒါကို အမြဲတိုက်တွန်းတယ်။ တကယ်တမ်းဖြစ်မလာတော့ ဖက်ဒရယ်ကို တကယ်သွားချင်တာလားဆိုတာကို တိုင်းရင်းသားကြားထဲမှာ အများကြီးကို စဉ်းစားစရာဖြစ်လာပါတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်က တိုက်ပွဲမှာ တစ်နှစ်အတွင်း ရပ်ဆိုင်းသွားခြင်းမရှိဘဲ ပို၍သာ ဆိုးလာခဲ့သည်။ ပွင့်လင်းရာသီသည် ပုံမှန်အားဖြင့် တိုက်ပွားများ ပိုမိုဖြစ်ပွားလေ့ရှိသဖြင့် ရခိုင်ပြည်နယ်အခြေအနေမှာလည်း ပိုမိုစိုးရိမ်ဖွယ်ရာဖြစ်လာသည်။ ရခိုင်ပြည်နယ်တွင် ကြုံနေရသည့် လက်နက်ကိုင်ပဋိပက္ခအရေးနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမူ အောက်ပါအတိုင်း တိုက်တွန်းသည်။

“နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ကြဖို့၊ ပြည်သူတွေ မနစ်နာအောင်၊ အပြစ်မဲ့ပြည်သူတွေ ကြားက မညှပ်ပါအောင် တတ်နိုင်သမျှ ရှောင်ရှားကြဖို့ပဲ ပြောချင်တယ်”

 

အေအမ်တီ    

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *