ရန်ဖြစ်သည့်ကျောင်းသား ကျောင်းထုတ်ခံရမှု စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂကန့်ကွက်

ရန်ကုန်၊ ဒီဇင်ဘာ ၃

ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားတစ်ဦး ကျောင်းထုတ်ခံရခြင်းကို ပြင်းထန်စွာကန့်ကွက်ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီဇင်ဘာလ ၃ ရက်တွင် ကြေညာလိုက်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ယင်းတက္ကသိုလ်တွင် ဒုတိယနှစ်တက်နေသော ကျောင်းသားက တတိယနှစ်ကျောင်းသားကို ထိုးကြိတ်မှုဖြစ်ပွားခဲ့ပြီး ယင်းထိုးကြိတ်မှုကို တက္ကသိုလ်အာဏာပိုင်အဖွဲ့က ခုံရုံးဖွဲ့စစ်ဆေးခဲ့ကြောင်း၊ ထိုသို့စစ်ဆေး နေစဉ်တွင် ထိုးကြိတ်သည့် ကျောင်းသားကို ကျောင်းခေတ္တရပ်နားရမည်ဖြစ်ပြီး လာမည့်နှစ်တွင် ကျောင်းပြန်တက်နိုင်မည်ဟု ကျောင်းအာဏာပိုင်အဖွဲ့က ပြောဆိုခဲ့ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုခန့်သူအောင်က ပြောကြားသည်။

“အထုတ်ခံရတဲ့ ကျောင်းသားက သူက အမြဲတမ်းထုတ်ခံရတာမဟုတ်ဘူး။ တစ်နှစ်ပဲ အထုတ်ခံရတာဆိုပြီးတော့ သူက ရန်ကုန်မှာပဲနေပြီး သင်တန်းတွေ ဘာတွေတက်နေတယ်။ အခုကျတော့ ကျောင်းတက်ရတဲ့အချိန်ကျမှ ကျောင်း တက်လို့ မရတော့ဘူး” ဟု ၎င်းကဆိုသည်။

ယခင်က ကျောင်းတွင်းရန်ဖြစ်ပါက မော်ကွန်းထိန်းထံတွင်သာ နောင်တွင် မကျူးလွန်ရန် ခံဝန်ထိုးရသော်လည်း ယခုနှစ်တွင် ကျောင်းထုတ်သည်အထိ အရေးယူနေကြောင်း၊ ကျူးလွန်သူသည် ယခင်က ရန်ဖြစ်ခဲ့ခြင်းမရှိသူဖြစ်သဖြင့် ကျောင်းထုတ်သည်အထိ အရေးယူသည့်ပြစ်ဒဏ်မှာ ပြစ်မှုနှင့် မျှတမှုမရှိကြောင်း ကိုခန့်သူအောင်က ဆိုသည်။

“တစ်ဖက်က အထိုးခံရတဲ့သူက ရဲအရာရှိရဲ့သားလို့ သိရတယ်။ အဲဒီရဲအရာရှိကနေ ကျောင်းအုပ်ချုပ်ရေးကို ခင်ဗျားတို့ အရေးယူချင်ယူ။ ခင်ဗျားတို့မလုပ်ရင် ကျွန်တော်တို့ ရဲဘက်ကနေလုပ်မယ်ဆိုပြီး ဖိအားပေးတော့ ကျောင်းကထုတ်လိုက်ရတာလို့ သိရတယ်။ ဒါကြောင့် ကျွန်တော်တို့က ထုတ်ပြန်ရတာပါ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းကမူ ပြစ်မှုကျူးလွန်သူသည် အထွေအထူးအကြောင်းမရှိဘဲ ၎င်းကို မိုက်ကြည့်ကြည့်သည်ဟုဆိုကာ ကြည့်သည့်ကျောင်းသားကို ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းထုတ်ခြင်းကို ပါမောက္ခချုပ်က ဆောင်ရွက် ခြင်းမဟုတ်ဘဲအမှုကို စစ်ဆေးသည့်စုံစမ်းစစ်ဆေးရေး ကော်မတီက အရေးယူခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့၏ ဖိအားကြောင့် အရေးယူခဲ့ခြင်းမဟုတ်ကြောင်း ပြောကြားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *