“စီးပွားရေးမကောင်းရင်တော့ ဘာမဆိုလုပ်ရကိုင်ရတာ နောက်ကျနေမှာပဲ။ ဒီပါတီအနေနဲ့ ခြုံငုံပြောရမယ်ဆိုရင် နံပါတ် (၁) က စီးပွားရေးကို အဓိကထားပြီးတော့ လုပ်ကိုင်မယ့် အနေထားရှိပါတယ်”

ပြည်သူ့ရှေ့ဆောင်ပါတီတည်ထောင်သူတစ်ဦးဖြစ်သူ တေးသံရှင်ခိုင်ဝါ (ခ) ဒေါ်သီတာထွန်းနှင့် တွေ့ဆုံခြင်း

ယခုနှစ်ပိုင်းအတွင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား ပေါ်ပေါက်လာသော ပါတီများအနက် ပြည်သူ့ရှေ့ဆောင်ပါတီ (People Pioneer Party-PPP) လည်း အပါအဝင် ဖြစ်သည်။ ယင်းပါတီကို NLD မှ နုတ်ထွက်ခဲ့သည့် ဒေါက်တာသက်သက်ခိုင်က ဦးဆောင်သူတစ်ဦးအဖြစ် တည်ထောင်ခဲ့ပြီး ပါတီတည်ထောင်သူအဖြစ်  ပါဝင်သူများအနက် အခြားတစ်ဦးမှာ တေးသံရှင် ခိုင်ဝါ (ခ) ဒေါ်သီတာထွန်း ဖြစ်သည်။ လက်ရှိအခြေအနေအရ ပြည်သူ့ရှေ့ဆောင်ပါတီတွင် မြို့နေပညာတတ်များ၊ လုပ်ငန်းရှင်များလည်း ပါဝင်လျက်ရှိပြီး ပါတီ၏ ပထမအကြိမ် မီဒီယာမိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်တွင် Melia ဟိုတယ်၌ ပြုလုပ်ခဲ့သည်။  အဆိုပါ အခမ်းအနားတွင် ပါတီ၏ အနာဂတ်မျှော်မှန်းချက်၊ ပါတီ၏ဦးစားပေးမူဝါဒနှင့် လာမည့် ရွေးကောက်ပွဲအခင်းအကျင်းတို့ကို PPP ပါတီတည်ထောင်သူတစ်ဦးဖြစ်သည့် တေးသံရှင်ခိုင်ဝါနှင့် The Voice Journal က တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။ (တေးသံရှင် ခိုင်ဝါ (ခ) ဒေါ်သီတာထွန်းသည် မဟာဝိဇ္ဇာဘွဲ့ (ဂီတ)၊ ဘွဲ့လွန်အနုပညာဒီပလိုမာ(ဂီတ)၊ သိပ္ပံဘွဲ့ (သတ္တဗေဒ) ရရှိထားပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဂီတဌာန ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနတွင် ပါမောက္ခ (ဌာနမှူး) အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အငြိမ်းစားယူခဲ့သည်။ မြန်မာ့အသံ မဟာဂီတဘုတ်အဖွဲ့ဝင်၊ ဆိုကရေးတီး ဗဟိုဒိုင်လူကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ တေးဂီတလောကတွင် တေးရေးဆရာကြီး အလင်္ကာကျော်စွာ ရွှေပြည်အေးရေးစပ်ပေးခဲ့သည့် ‘မေမေ’၊ ‘ချစ်ပြုံးမဉ္ဇူ’ စသည့် တေးသီချင်းများအပါအဝင် မဟာဂီတသီချင်းကြီးနှင့် ကာလပေါ်တေးသီချင်း ပုဒ်ရေ ၅၀ ခန့် သီဆိုဓာတ်ပြားရခဲ့ပါသည်။ ခင်ပွန်းဖြစ်သူမှာ ဦးကျော်ဇေယျ (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဒဂုံ-၂) ဖြစ်ပြီး သားဖြစ်သူမှာ သရုပ်ဆောင်  မိုးယံဇွန် (ဝိဇ္ဇာဘွဲ့ ၊ ဥပဒေ) နှင့် သမီးမှာ မသိမ့်ဇေဝါချော ဖြစ်သည်။)

The Voice Journal – ဂီတပညာရှင်တစ်ဦးဖြစ် ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီရဲ့ တည်ထောင်သူအဖြစ် ပါဝင်ဖြစ်လာပုံကို နည်းနည်း ပြောပြပေးပါ။

DKW – PPP ပါတီကတော့ အဓိကတော့ အန်တီ့ အမျိုးသားပေါ့နော်။ ဦးကျော်ဇေယျနဲ့ ဒေါ်သက်သက်ခိုင် က NLD ပါတီမှာ ပြည်သူ့လွှတ်တော်ရော တိုင်းဒေသကြီးရော မဲဆန္ဒနယ် အမှတ် (၂) အနေနဲ့ တစ်မြို့ထဲမှာ အတူကျတယ်။ Campaign ကာလမှာလည်း အတူတူ။ မိသားစုဝင်လို ဖြစ်တာက တစ်ကြောင်း ရင်းနှီးကြတယ်ပေါ့နော်။ အန်တီခိုင်ဝါ ကျတော့လည်း မခိုင်လေး (ထွန်းအိန္ဒြာဗို) နဲ့ကျတော့  အနုပညာ ညီအစ်မတွေ ဖြစ်နေတယ်။ အနုပညာအနေအထားနဲ့ကျတော့ တအားတရင်းတနှီးရှိတော့  တိုင်းပြည်အတွက်  အကောင်းဆုံးအစီအစဉ်ကို လုပ်ချင်တယ်။ လုပ်ချင်တဲ့အခါကျတော့ ဒီပါတီကို တည်ထောင်တော့မယ်ဆိုတော့  အန်တီခိုင်ဝါကို ပါစေချင်တယ်ပေါ့နော်။ အန်တီတို့ဆီမှာကျတော့လည်း ဦးဦး (ဦးကျော်ဇေယျ) နဲ့က ဒီမိုကရေစီပေါ့။ သူလည်း လွတ်လပ်ခွင့် သူ့စိတ်ကြိုက် အန်တီလည်း အားပေးတယ်။ အန်တီရဲ့ လွတ်လပ်ခွင့် အန်တီ့စိတ်ကြိုက်ကိုလည်း သူလည်း အားပေးတယ်။ ဒါ့ကြောင့် PPP မှာ ပါဝင်လာခြင်း ဖြစ်ပါတယ်။

The Voice Journal – PPP ပါတီအနေနဲ့က လာမယ့်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး ဝင်ရောက် ယှဉ်ပြိုင်မှာလား။ ပါတီသက်တမ်းကလည်း နုသေးတော့ ဘယ်လိုအခြေအနေရှိလဲ။

DKW – အတတ်နိုင်ဆုံးတော့ တစ်နိုင်ငံလုံးမှာ ယှဉ်ပြိုင်ချင်ပါတယ်။ ပါတီစတင်ဖွဲ့တဲ့နှစ်ကလည်း  တစ်နှစ်သားလေးပေါ့နော်။ အဲဒီအနေထားဆိုတော့  အခုကော်မရှင် (ရွေးကောက်ပွဲကော်မရှင်) မှာက ပါတီစည်းကမ်းနဲ့ သတ်မှတ်ထားတယ်ဆိုရင်တော့ အဖွဲ့ဝင်က တစ်ထောင်ကျော်ရမယ်။ အဲဒီတော့ အခု အနေထားက တစ်ထောင်နီးပါးပဲ ရှိသေးတယ်။ အဲဒီတော့ တိုင်းရင်းသား စုပေါင်းတဲ့ပါတီ ဖြစ်တဲ့အတွက်  တိုင်းရင်းသားတွေနဲ့လည်း အကုန်လုံးပေါင်းစည်းမယ့် အနေထားလည်း ရှိတဲ့အတွက် မြို့နယ်တွေမှာ၊ ပြည်နယ်တွေမှာတော့ ညှိကြမယ်။ သူတို့ယှဉ်ပြိုင်တဲ့ နေရာကို အကျပ်တွေ့အောင် မလုပ်ဘူး။ တကယ်လို့  အဲဒီ ပြည်နယ်မှာ လိုပ်ရင်  ပြိုင်မယ်။ တိုင်းဒေသတွေလည်း ရွေးချယ်ထားပါတယ်။ ကိုယ့်ရဲ့ လူအနေထားကို ကြည့်ပြီးတော့ ဆက်လုပ်မယ့် အနေထားရှိတယ်။

The Voice Journal – PPP ပါတီကို မြို့ပေါ်ကပဲ အဓိက သိကြသေးတယ်။ ကျေးလက်က သိပ်မသိကြသေးဘူး။ ဒါ့ကြောင့် ကျေးလက်ဒေသက လူတွေရဲ့ မဲကို ရနိုင်ပါ့မလား။

DKW – ကျေးလက်မဲဆိုတာက ကျေးလက်က လူတွေလည်း ကမ်းလှမ်းလာတယ်။ ဥပမာ – အန်တီ  Page မှာ တွေ့လိုက်တာ မကွေးကပေါ့။ မကွေးကလည်း စိတ်ဝင်စားပါတယ်။ ။ ပြည်နယ်၊ ကျေးလက်တွေက တောင်းဆိုကြတာရှိတယ်။  ဖြစ်နိုင်မယ်ဆိုရင် သူတို့လည်းဝင်မယ်။ သူတို့ကျေးလက်မှာ ဝင်ရောက် ယှဉ်ပြိုင်ပေးဖို့ ကမ်းလှမ်းလာတာ အခုတွေ့ရတယ်။ ကျေးလက်ကို အဓိကထားတယ်။ ပါတီက လူတန်းစားမရွေး အခြေခံမယ်။ အားလုံးကို ကွင်းဆင်းမယ်။ ဖြစ်နိုင် မယ်ဆိုရင် အရမ်းလုပ်ချင်တယ်။ နုနယ်သေးတဲ့အတွက်  ပြည်သူတွေရဲ့ စိတ်ဝင်စားမှု ပြည်သူတွေရဲ့ လက်ခံမှု ယူရဦးမယ်။                            

The Voice Journal – PPP ပါတီက မြို့ပေါ်ကလူတွေ ထောက်ခံမှုကိုပဲ အဓိက Target ထားမယ်လို့ ကြားနေရတာတွေ ရှိပါတယ်။ ဟုတ် မဟုတ်လေး သိချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပါတီမှာ မြို့ပေါ်က သူတွေ လုပ်ငန်းရှင်တွေ၊ ပညာတတ်အသိုင်းအဝိုင်းက လူတွေဖြစ်တော့ ကျေးလက်လူတွေက မသိရှိတာမျိုး ဖြစ်နိုင်တော့။

DKW – ကျေးလက်လည်း ပြိုင်မှာပါ။ ကျေးလက်ကို ဝင်ဖို့ရှိတယ်။ ဒီပါတီက အလုပ်သမား၊ လယ်သမား  အဓိကလယ်သမားပေါ့။ ဒီနိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် လယ်သမား၊ အလုပ်သမား လူတန်းစား။ ကျား၊ မ တန်းတူကိစ္စတင်မဟုတ်ဘူး။ အလုပ်သမား၊ လယ်သမားလည်း တန်းတူခံစားပိုင်ခွင့်အနေနဲ့ရော  ပြည်နယ်တွေရဲ့ အနေနဲ့ရော ရရှိဖို့အတွက် ယှဉ်ပြိုင်ဖို့လည်း ရှိပါတယ်။ အဲဒီအတွက် နံပါတ် (၁) ထားထားတဲ့ ယန္တရားကြီးထဲမှာ ပါပါတယ်။

The Voice Journal – ၂၀၂၀ ရွေးကောက်ပွဲ အတွက် ပါတီရဲ့ ရည်မှန်းချက်ကဘာလဲ။

DKW – ၂၀၂၀ ကတော့ ပြည်သူ့ရှေ့ဆောင်ပါတီ အနေနဲ့ ၂၀၂၀ ကနေစပြီးတော့ နိုင်ငံအကျိုး ပြည်သူ့ အကျိုးကို စတင်လုပ်ဖို့ အပြင်းအထန်လုပ်လာပါပြီ။  ဒါပေမဲ့ ယှဉ်ပြိုင်မယ့်နေရာမှာ မြို့ပေါ်အနေထားမှာ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ပြည်သူကို အကျိုးပြုတဲ့ ပါတီကတော့ ရှေ့ဆက်ပြီးတော့၂၀၂၅၊ ၂၀၃၀  အထိကို ပြည်သူ့အကျိုးအတွက်ကို ခိုင်ခိုင်မာမာကြီး လုပ်သွားမယ်လို့ အဖွဲ့အစည်းက ပြောတာကို အန်တီတို့ သိရပါတယ်။

The Voice Journal – ပါတီ စတင်တည်ထောင်သူထဲလည်းပါတော့ လက်ရှိနိုင်ငံရဲ့ အခင်းအကျင်းကို အားမရလို့ ပါတီထောင်တာလား။ အထူးသဖြင့် စီးပွားရေးပေါ့။

DKW – နိုင်ငံအခြေအနေကလည်း သိတဲ့အတိုင်းပဲ။ ယခု လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရကလည်း အရပ်သား အစိုးရ ဖြစ်တယ်။ နိုင်ငံကိုလည်း ကောင်းအောင် လုပ်နေတာပဲ။ အန်တီက အဲဒီလိုမြင်ပါတယ်။ နိုင်ငံကို အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်။ လုပ်နေတဲ့ နေရာမှာ အားနည်းချက်တွေ အားနည်းမှုတွေရှိတယ်။  အခုပါတီကလည်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာတတ် အသိပညာရှင်၊ အတတ်ပညာရှင်တွေ စုပေါင်းပြီးတော့ အားနည်းတဲ့ဘာသာရပ်တွေကို ကြည့်ပြီးတော့၊ အားရှိတဲ့ဘာသာရပ်တွေကို ပိုကောင်းအောင် လုပ်မယ်ဆိုပြီးတော့ တက်ကြွတဲ့လူငယ်တွေ စိတ်ဓာတ်တွေနဲ့  အခုလို ပါတီတစ်ရပ် ဖြစ်ပေါ်လာတယ်ပေါ့။ နိုင်ငံအနေထားနဲ့ ယိုယွင်းလို့ ဆုတ်ယုတ်လာလို့ ဒါကြီးကို ထောင်ရခြင်းဖြစ်တယ်ဆိုတဲ့ အနေထားမျိုး မရှိပါဘူး။      

The Voice Journal – မြန်မာနိုင်ငံမှာ ပါတီတွေကလည်း တစ်ရာကျော်ရှိတယ်ဆိုတော့ PPP ပါတီက အခြားပါတီတွေထက် ဘာများထူးခြားလဲရှင့်။

DKW- ထူးထူးခြားခြားကတော့ စီးပွားရေးပေါ့။ စီးပွားရေးအောင်မြင်မှလည်း အန်တီတို့ရဲ့ အနုပညာတွေ၊ လူငယ်တွေရဲ့ ရိုးရာဓလေ့တွေ၊ ယဉ်ကျေးမှုတွေ အားလုံးထိန်းသိမ်းနိုင်မယ်။ ကာကွယ်နိုင်မယ်။ အကောင်းဆုံးတွေကို ချပြနိုင်မယ်။ စီးပွားရေး မကောင်းရင်တော့ ဘာမဆိုလုပ်ရကိုင်ရတာ နောက်ကျနေမှာပဲ။  အဲဒီတော့ ဒီပါတီအနေနဲ့ ခြုံငုံမယ်ဆိုရင် နံပါတ် (၁) က စီးပွားရေးကို အဓိကထားပြီးတော့ လုပ်ကိုင်မယ့်  အနေထား ရှိပါတယ်။

The Voice Journal – နောက်ငါးနှစ်မှာ ပါတီရဲ့ Target က ဘာဖြစ်မလဲရှင်။

DKW – ဒါကလည်း ပြည်သူတွေရဲ့ ချစ်ခင်မှု ပြည်သူတွေရဲ့ အားပေးမှုကို စောင့်ကြည့်ရဦးမှာပါ။  ကိုယ်က ပြင်ဆင်ထားပေါ့။ အန်တီထက် Senior ကျတဲ့ အစ်ကိုကြီးတွေ၊ အစ်မကြီးတွေ၊ အရမ်းတက်ကြွတဲ့ သမီးငယ်တွေ ဇောင်းပေးပြီး ပြောသွားပါလိမ့်မယ်။  အလားတူပါပဲ အန်တီ့အမြင်ကို ပြောပြရမယ်ဆိုရင် ၂၀၂၀ မှာ အကောင်းဆုံးဖြစ်အောင် စီးပွားရေးကို အဓိကထားမယ်။ ဒီကနေ့ ပြည်သူတွေက စားဝတ်နေရေးပါပဲ။ စားဝတ်နေရေးက အရမ်းကို အခက်အခဲ ဖြစ်နေပါတယ်။ အဲဒီအနေအထား စားဝတ်နေရေးကို (ပြေလည်အောင်) အရင်ဦးဆုံး လုပ်ဆောင်မယ့် ပါတီဖြစ်တဲ့အတွက် ပြည်သူတွေ သဘောကျလာမယ်။  ယုံကြည်လာမယ်လို့ အန်တီတို့ ယူဆရမှာပေါ့။ 

The Voice Journal – ပါတီက လက်ရှိတွေ့ရသလောက် ပညာတတ်တွေ၊ လုပ်ငန်းရှင်တွေ အများစုနဲ့ ဖွဲ့စည်းထားတယ်ပေါ့။ Elite အလွှာအတွက်ပဲ လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြားရတယ်။ အဲဒါလေး ဟုတ် မဟုတ် ရှင်းပြပေးပါ။

DKW – စစချင်းကတော့ လုပ်ငန်းရှင်တွေ၊ ပညာတတ်တွေ အရမ်းပါနေတယ်။ အပေါ်လွှာကိုပဲ  ကိုယ်စားပြုမယ်ဆိုပြီးတော့ Feel က အရမ်းဝင်နေတယ်ပေါ့။ No ပါ။ မဟုတ်ပါဘူး။ အခြေခံလူတန်းစား။  လူတန်းစားအလွှာအသီးသီးကို တစ်နိုင်ငံလုံးမှာရှိတဲ့  ပြည်သူတွေကို ကိုယ်စားပြုမယ့် ပါတီဖြစ်တယ်ဆိုတာကို အန်တီတို့ ခိုင်ခိုင်မာမာ ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်။  လူနည်းစု လူတန်းစားအတွက် လုပ်ခြင်းမဟုတ်ပါဘူး။  ပညာတတ်တွေနဲ့ အသိပညာရှင်၊ အတတ်ပညာရှင် ဒီလုပ်ငန်းရှင်တွေ အောက်ခြေလူတန်းစားတွေနဲ့ အလွှာအသီးသီးပေါင်းပြီးတော့ ဖွဲ့စည်းတဲ့ပါတီဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ ကျေးလက်ပါမကျန်၊ တောရော  မြို့ပါမကျန် တကယ့်ကို ကောင်းအောင်လုပ်မယ့် ပါတီ ဖြစ်ပါတယ်။

The Voice Journal – ပြည်သူ့အကျိုးကို လက်ရှိပါတီတွေထက် ပိုကောင်းအောင် လုပ်နိုင်မယ် ထင်လား။

DKW – ထင်ပါတယ်။ အကောင်းဆုံးကို လုပ်မှာပါ။ အခု လက်ရှိအစိုးရကလည်း အကောင်းဆုံးကို လုပ်နေပါတယ်။ အကောင်းဆုံးထဲက အကောင်းဆုံးကို ဖြစ်အောင် အကောင်းဆုံးပါတီကို ဝင်လာရခြင်း ဖြစ်ပါတယ်။

The Voice Journal – ဘာကြောင့် အခြား ပါတီတွေထက် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ထင်ရတာလဲ။

DKW – ဒါတော့ တခြားပါတီတွေ အန်ကယ် ဦးရွှေမန်းတို့၊ ဦးကိုကိုကြီးတို့ ပါတီတွေလည်း အရမ်းကောင်းတဲ့ ပါတီတွေပါ။ အန်တီ အဲဒီလိုမြင်ပါတယ်။  ပြည်သူ့အတွက် ကောင်းအောင်လုပ်မယ့် ပါတီများ ဖြစ်ကြပါတယ်။ ၂၀၂၀ က အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ ပွဲပေါ့နော်။ ပါတီတွေ ပေါ်ပေါက်လာတယ်။  ပြည်သူတွေ အားလုံးစိတ်ဝင်စားလာတယ်။ ဒီကနေ့ သွားရေးလာရေး ခက်ခဲနေတယ်။ စားဝတ်နေရေး ပြေလည်စေချင်တယ်။ အုပ်ချုပ်မှုတစ်ဦးထဲကနေပြီးတော့ မဟုတ်ဘဲ စုပေါင်းပြီးတော့ အားလုံးအမြင်နဲ့ လုပ်ရမယ်။ ဒါက ဒီပါတီရဲ့ ထူးခြားချက်လေးပါပဲ။ ငါမှ ငါဆိုတဲ့ တစ်ဦးစိတ် မရှိပါဘူး။ အားလုံးကို ချပြမယ်။ ကျေနပ်ပါသလား။ လက်ခံပါသလား အဲဒီလို အစည်းအဝေးလုပ် စုပေါင်းပြီးမှပဲ အဖြေတစ်ခုကို ထုတ်ပါမယ်။

The Voice Journal – လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေကို ဘယ်လိုမြင်လဲရှင်။

DKW – မြန်မာ့စီးပွားရေး အခြေအနေကတော့  အခုဆို နိုင်ငံတကာကို အမေစုကိုယ်တိုင်သွားပြီးတော့ ICJ ကိစ္စ ဖြေရှင်းရမယ်။ ပြည်ပအရေးတွေ ဝင်လာတယ်ဆိုတော့ နိုင်ငံတကာကို သွားဖြေရှင်းရတဲ့သဘော ရှိပါတယ်။ အန်တီဆိုတဲ့ သီချင်းရှိပါတယ်။ ပြည်တွင်းအင်အား ပြည်တွင်းမှာပဲ။ အခု ပြည်တွင်းနဲ့တင် မပြီးတော့ဘူး။ ပြည်ပက ဝင်လာတာကိုး။ ပြည်ပက နိုင်ငံရေးဝင်လာပြီဆိုရင် နိုင်ငံရေးနဲ့တွဲလျက် စီးပွားရေးကလည်း တန်းဝင်လာတာ။ အန်တီတို့ရဲ့ နိုင်ငံရေးအနေထားက စီးပွားရေးဆိုလည်း ပြည်ပရဲ့ စွက်ဖက်မှုတွေ၊  ပြည်ပရဲ့ နိုင်ငံရေးအနေနဲ့ ကိုယ့်နိုင်ငံကို အခုလို အတင်းအကျပ်ဆိုက်အောင် ဆုံးဖြတ်တဲ့အတွက် အဘက်ဘက်မှာ၊ အရာရာမှာ ညှိုးနွမ်းနေတယ်။ သိက္ခာအနေနဲ့ ကျတဲ့အနေအထားတွေရှိလာရင် စီးပွားရေး၊ လူမှုရေးလည်း တစ်ဖက်တစ်လမ်းကနေ ပြီးတော့ အကုန်လုံးနိမ့်ပါးလာမှာ၊ ဆင်းရဲလာမှာ။ အဲဒီ ဆင်းရဲမှုကို မခံရအောင် ယခုအစိုးရလည်း စီးပွားရေးကို တောင့်တင်းအောင်လုပ်သလို ၂၀၂၀ မှာ ယှဉ်ပြိုင်ကြမယ့် ပါတီ တစ်ရာကျော်ကလည်း ကိုယ့်နိုင်ငံရဲ့ ယိမ်းယိုင်မှုကို တောင့်ခံထားတဲ့ စီးပွားရေးကို အားတက်လာအောင် လုပ်မယ်လို့ အန်တီ အကောင်းဘက်ကပဲ မြင်ပါတယ်။

The Voice Journal –  တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ ရှိလား။

DKW – အဲဒါတွေ ရှိပါတယ်။ မဟာမိတ်တွေ အနေနဲ့လည်း ညီညီညွတ်ညွတ်နဲ့ ပေါင်းစည်းဖို့ ရှိပါတယ်။ တိုင်းရင်းသားနဲ့လည်း ရှိပါတယ်။ ပါတီအစုံနဲ့လည်း ရှိပါတယ်။

The Voice Journal – PPP ပါတီဝင်ဖြစ်ဖို့ ကန့်သတ်ထားတဲ့အချက်တွေ၊ အရည်အချင်းတွေ ရှိပါသလား။

DKW – ဒါကတော့လည်း ပညာအရည်အချင်း ဘယ်လောက်ရှိမှ အဲဒီလိုမကန့်သတ်ပါဘူး။ ပြည်သူ့အကျိုးကို ရှေ့ဆောင်ရှေ့ရွက်လုပ်တဲ့ ဘယ်သူမဆို လာရောက်နိုင်ပါတယ်။ ဝင်တဲ့အခါမှာလည်းပဲ တစ်ဦးနဲ့တစ်ဦးက တန်းတူညီမျှမှုမရှိ နှိမ်တာတို့၊  ခွဲခြားဆက်ဆံတာမျိုးမရှိပါဘူး။ အချိန်မရွေး ဝင်နိုင်ပါတယ်။ အချိန်မရွေး လက်ခံပါတယ်။ ဒါ အားလုံးအကျိုးကို စုပေါင်းပြီးလုပ်မယ့် အဖွဲ့အစည်းဖြစ်တဲ့အတွက် အားလုံးကို အယုတ်အလတ် အမြတ်မရွေး လူတန်းစားမျိုးစုံကို ဖိတ်ခေါ်ပါတယ်။ ပညာတတ်မှ၊ ပညာမတတ်ရင် ဒီလိုမျိုး လုံးဝမရှိပါဘူး။

The Voice Journal – ပါတီရဲ့ ဘဏ္ဍာရေး နဲ့ပတ်သက်ပြီး ဘယ်လိုများစီစဉ်ဆောင်ရွက်ထားလဲ။  ပါတီဥက္ကဋ္ဌကိုကော ရွေးချယ်ထားပြီးပြီလားရှင့်။

DKW – ဒီအဖွဲ့ကိုတည်ထောင်တဲ့ ဒေါ်သက်သက်ခိုင်တို့ အဖွဲ့အစည်းကတော့ အခုချိန်မှာတော့ သူတို့လည်း ငွေကြေးထည့်ခြင်း လုံးဝမရှိပါဘူး။  အန်တီတို့ရဲ့ပါတီကို  သဘောကျပြီး မိတ်ဆွေတွေကနေပြီး အလှူငွေ ကမ်းလှမ်းလာတယ်။ အဲဒီကငွေနဲ့ စလုပ်မယ်ဆိုတဲ့ အနေထားပါ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါတီမှာလဲ ဒီလိုငွေနဲ့ လုပ်ဖို့ဆိုပြီး စည်းမျဉ်းရှိတယ်။ ကော်မရှင် (ရွေးကောက်ပွဲကော်မရှင်) မှာလည်း စည်းမျဉ်းစည်းကမ်းတွေရှိတဲ့အတွက် မူဘောင်ကျော်ပြီးလုပ်လို့မရဘူး။ ဒါပေမဲ့ Head (ခေါင်းဆောင်) ကတော့ ရှိမှာပါ။ အန်တီတို့ အခုချိန်မှာတော့ ကျွန်မ ဆရာ မဟုတ်ပါဘူး။ အားလုံးမောင်နှမတွေ စုပေါင်းပြီး လူငယ်တွေနဲ့ ထဲထဲဝင်ဝင်ပဲ ဆွေးနွေးလုပ်ကိုင်ပါတယ်။  မိမိရဲ့ စည်းမျဉ်း မိမိရဲ့အတွေးအခေါ်ဆိုတာကြီးနဲ့ ဝင်ထောက်ပြပြီး လုပ်တာ ဒီနေ့အထိ မရှိပါဘူး။

The Voice Journal – နိုင်ငံရေးပါတီတွေထဲမှာ အမျိုးသမီးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပါတီက NLDနဲ့ လားဟူ စတဲ့ ပါတီနှစ်ခုလောက်ပဲရှိတယ်ဆိုတော့ PPP က အမျိုးသမီးခေါင်းဆောင်တဲ့ ပါတီအဖြစ် မြင်တွေ့ရဖို့ ရှိမလား။

DKW – အမျိုးသမီးတွေကများနေတော့ အကောင်းဆုံးထဲက အကောင်းဆုံးတွေကို ရွေးပြီး အမျိုးသမီးထဲကပဲ ဖြစ်လာမှာပါ။ ဒါပေမဲ့ ပညာရှင်တွေ ထဲ အမျိုးသားတွေလည်းပါနေတော့ အန်တီခိုင်ဝါ အနေနဲ့ သူပဲလို့ မပြောဝံ့ဘူးပေါ့။ မှားသွားမှာလည်း ဆိုးတယ်။

The Voice Journal – တခြားဖြည့်စွက်ပြောချင်တာလေးများ ရှိပါသလားရှင်။

DKW – အန်တီတို့လည်း ဝန်ထမ်းအကျိုးကို လုပ်ခဲ့ဖူးပါပြီ။ ပြည်သူ့အကျိုးကို လုပ်တဲ့အခါမှာ အန်တီရဲ့ စွမ်းဆောင်နိုင်တဲ့ ပညာရပ်တွေနဲ့ လုပ်ပေးချင်တယ်။ မိမိရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ ပတ်သက်တဲ့ အနုပအညာဘာသာရပ်တွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်တွေက  တိုင်းရင်းသားလူငယ်တွေ၊ မြန်မာလူငယ်တွေ အားလုံး ကနေပြီးတော့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ကို  အန်တီတို့ အကောင်းဆုံး ဆောင်ရွက်ပေးရမယ်။ ထိန်းသိမ်းနိုင်ရမယ်။ ကာကွယ်စောင့်ရှောက်နိုင်အောင်  အန်တီတို့က အစွမ်းကုန်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *